လိုင်ဇာကို စစ်ကောင်စီ ဘာကြောင့် ဖိအားပေးသလဲ

လုံခြုံရေးယူနေတဲ့ ကေအိုင်အေ စစ်သားများ

ဓာတ်ပုံ ရင်းမြစ်, AFP

ကချင်လွတ်လပ်ရေးတပ်မတော် KIA ဌာချုပ် လိုင်ဇာအနီးမှာ ဇူလိုင် ပထမအပတ်ကတည်းက မြန်မာစစ်တပ် နဲ့ KIA တို့အကြား တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

လိုင်ဇာကို ဦးတည်ပြီး မြစ်ကြီးနားဘက်ကရော ဗန်းမော်ဘက်ကပါ တက်လာတဲ့ စစ်ကြောင်းတွေ နဲ့ KIA တို့အကြား နှစ်ပတ်ကျော်အတွင်း တိုက်ပွဲ ဒါဇင်နဲ့ချီ ဖြစ်ခဲ့ပြီးပြီလို့ ဘီဘီစီက စုံစမ်းသိရှိရပါတယ်။

စစ်ကောင်စီဘက်ကတော့ စစ်ကိုင်းမှာ PDF တွေကို KIA က ထောက်ပံ့နေလို့ လိုင်ဇာကို စစ်ရေးအရ ဖိအားပေးတာ လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဇွန်လအစောပိုင်းကတည်းက အင်အားဖြည့်နေတာဖြစ်ပြီး လိုင်ဇာနဲ့အနီးဆုံးဖြစ်တဲ့ နန်ဆန်ယန်နဲ့ နမ်လုံ ကြားမှာ တပ်တွေ ထပ်ဖြည့်နေတယ် လို့ သိရပါတယ်။

လိုင်ဇာမြို့

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, လိုင်ဇာမြို့

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူ က ‘’လိုင်ဇာနားမှာဖြစ်တာထက် လိုင်ဇာဘက်ကို ချီလာတဲ့ သူတို့တပ်တွေကို ကြားဖြတ်တိုက်ခိုက်တာကပိုများပါတယ်’’လို့ ဇူလိုင် ၁၉ ရက် ညနေမှာ ဘီဘီစီကို ပြောပါတယ်။

စစ်ကောင်စီတပ်တွေ လိုင်ဇာကိုမရောက်နိုင်အောင် ကေအိုင်အေဘက်က ခုခံတိုက်ခိုက်တာတွေကြောင့် ဇူလိုင် ၁၆ ရက် ညပိုင်းမှာတော့ ဘရာဘွမ်၊ ယော်ရန်ဖွန်စတဲ့နေရာတွေမှာ တိုက်ပွဲတွေဆက်တိုက်ဖြစ်နေတယ်လို့ ကချင် အခြေစိုက် မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။

မြစ်ကြီးနား ဗန်းမော်လမ်းမကြီးအနီး တရုတ်မြန်မာနယ်စပ်မှာ ရှိတဲ့ လိုင်ဇာကို ဦးတည်ပြီး စစ်ကောင်စီတပ်တွေရွှေ့လာပြီးနောက်မှာတော့ လိုင်ဇာမှာရှိတဲ့ ဒေသခံတွေကိုလည်း လုံခြုံရေးအရ သတိပေး ပြောင်းရွှေ့နေခိုင်းတာတွေ ရှိလာပါတယ်။

စစ်ရေး တင်းမာနေတဲ့အနေအထားကြောင့် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ဗုံးခိုကျင်းတွေတူးဖို့၊ ‌လုံခြုံတဲ့နေ ရာတွေကို ရွှေ့ပြောင်းနေထိုင်ကြဖို့ အတွက်ကိုလည်း ကေအိုင်အေ ဘက်က သတိပေးတာတွေ ဆက်တိုက် လုပ်နေတယ် လို့ ဒေသတွင်းမီဒီယာတွေက ဖော်ပြကြပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဒါ့အပြင် မြစ်ကြီးနားကနေ နမ်ဆန်ယန် ဘက်ကိုသွားတဲ့ လမ်းကြောဘက်က ရွာတချို့ကတော့ လက်နက်ကြီးတွေနဲ့ပစ်လာရင် လွတ်နိုင်မယ့်နေရာတွေကို ရွှေ့ပြောင်းနေထိုင်တာတွေရှိတဲ့အကြောင်း ဒေသခံတွေထံက သိရပါတယ်။

‘’လက်နက်ကြီးတွေနဲ့ထုမယ် အသံကြားတော့ ပစ်ကွင်းနဲ့မလွတ်တဲ့ ရပ်ကွက်(၁)ဘက်က လူတွေတော့ ကျွန်တော်တို့ ရှိတဲ့ရွာမဘက်မှာ အကုန်ခေါ်စုထားလိုက်တယ်’’လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဗိုလ်မှူးကြီးနော်ဘူကလည်း လက်နက်ကြီးနဲ့ နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှုတွေ ရှိနေတယ် လို့ ဘီဘီစီကိုအတည်ပြုပါတယ်။

‘’ဒရုန်းတွေပါ ပါတယ်’’ လို့ သူက ပြောပါတယ်။

လက်ရှိတိုက်ပွဲတွေနဲ့ စစ်ရေးတင်းမာနေတဲ့ နေရာတွေက လွန်ခဲ့တဲ့ ၄ နှစ်အတွင်းကမှ မူလနေရပ်တွေကို ပြန်လည် အခြေချ နေထိုင်နေကြသူတွေရဲ့ နေရာတွေလည်း ဖြစ်ပါတယ်။

အဲဒီဒေသခံတွေဟာ မြန်မာစစ်တပ် နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ တို့အကြား ၂၀၁၁ ခုနှစ်က ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ခဲ့ကြရတာဖြစ်ပါတယ်။

ကေအိုင်အို ထိန်းချုပ်ထားတဲ့ မြစ်ကြီးနား နဲ့ ဝိုင်းမော် မြို့နယ်ထဲက စစ်ရှောင်စခန်းတွေမှာ ခိုလှုံနေခဲ့ရာကနေ ဒီနှစ်ဆန်းပိုင်းက မှ နေရပ်ပြန်ခဲ့ကြတာဖြစ်ပါတယ်။

မြစ်ကြီးနား-နမ်ဆန်ယန် လမ်းကြောမှာနေထိုင်ကြတဲ့ ရွာတစ်ချို့က ဒေသခံတွေကတော့ စစ်ရှောင် စခန်းတွေကနေ မူလနေရပ်ကို ပြန်လာတာ မကြာသေးတဲ့အတွက် လက်နက်ကြီး မကျမချင်း တိမ်းရှောင်မယ့် အစီအစဉ်မရှိဘူးလို့ ဆိုကြသူတွေလည်း ရှိပါတယ်။

ကေအိုင်အေ တပ်ဖွဲ့ဝင်တစ်ဦး

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ကေအိုင်အေ တပ်ဖွဲ့ဝင်တစ်ဦး

မြန်မာစစ်တပ်ဟာ ၂၀၂၁ အာဏာသိမ်းမှုမတိုင်မီအထိ တိုင်းရင်းသားလက်နက်ကိုင်ဌာနချုပ်တွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့ အစဉ်အလာမရှိခဲ့တာကို စစ်ရေးအကဲခတ်တွေက ထောက်ပြကြပါတယ်။

‘’လိုင်ဇာကို မသိမ်းပါဘူး။ စစ်ရေးအရ ဖိအားပေးထားမယ့် သဘောလောက်ပါပဲ’’ လို့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးအဖွဲ့နဲ့ နီးစပ်သူတစ်ဦးက သုံးသပ်ပါတယ်။

ဒါပေမဲ့ တိုင်းရင်းသားနိုင်ငံရေးသမားတချို့ကတော့ လူအစုလိုက်အပြုံလိုက် သေဆုံးခဲ့ရတဲ့ ဖားကန့်က အနန့်ပါ လေကြောင်းတိုက်ခိုက်ခံရမှုကို မေ့မထားဖို့ ထောက်ပြကြပါတယ်။

လိုင်ဇာကို ထိုးစစ်ဆင်မှာလား ဆိုတာနဲ့ ပတ်သက်လို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယတိပြတ်မပြောဘဲ လိုအပ်တဲ့လုံခြုံရေးဆိုင်ရာစီမံမှုတွေကို လုပ်သွားမယ်လို့ ပြောပါတယ်။

ကေအိုင်အေ က PDF ကို ကူညီထောက်ပံ့ပေးနေတယ်လို့ သူက ပြောပါတယ်။

‘’စစ်ကိုင်းတိုင်းမြောက်ပိုင်းက PDF တွေကို ကေအိုင်အေက လက်နက်ထောက်ပံ့တယ်။စစ်သင်တန်းတွေပေးနေတယ်။’’ လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပြီး မန္တလေးအထိ ကေအိုင်အေက ပျံ့နှံ့ဝင်ရောက်နေတယ် လို့ ဆိုပါတယ်။

ဒီစွပ်စွဲချက်တွေကို ဗိုလ်မှူးကြီးနော်ဘူက လက်မခံဘဲ PDF ဟာ ကေအိုင်အေကြောင့် ပေါ်လာတာ မဟုတ်ဘဲ စစ်ကောင်စီကြောင့်သာ ပေါ်လာရတာလို့ တုံ့ပြန်ပါတယ်။

‘’ကျွန်တော်တို့ မကူညီလည်း PDF က သူတို့ဘာသူတို့ ရပ်တည်နိုင်တယ်’’ လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

စစ်အစိုးရနဲ့ ကေအိုင်အေ ဟာ ၁၉၉၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်မှာ အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုခဲ့ပါတယ်။

ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၁ ခုနှစ်မှာမှ တကျော့ပြန်တိုက်ပွဲတွေပြန်ဖြစ်လို့ ၁၇ နှစ်ကြာအထိ အပစ်ရပ်ခဲ့မှုက ပျက်ပြယ်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ KIO ဟာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ရေးဆွဲရာမှာ အစအဆုံး ပါဝင်ခဲ့ပေမယ့် သူ့ရဲ့မဟာမိတ်တိုင်းရင်းသားတပ်တွေအပေါ် မြန်မာစစ်တပ်ရဲ့ သဘောထားကြောင့် NCA လက်မှတ်ထိုးတဲ့အခါမှာတော့ မပါဝင်လာခဲ့ပါဘူး။

အဲဒီအချိန်ကတည်းက စစ်တပ်နဲ့ ဆက်ဆံရေးအေးစက်ခဲ့တဲ့ KIO ဟာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုအပြီးမှာတော့ တော်လှန်ရေးအင်အားစုတွေဘက်က ရပ်တည်ခဲ့လို့ စစ်တပ်နဲ့ စစ်ရေးအတင်းမာဆုံး အခြေအနေကို ပြန်လည်ရောက်ရှိလာခဲ့တာလည်း ဖြစ်ပါတယ်။