လိုင်ဇာနားက တိုက်ပွဲတွေက ဘာတွေ ထပ်ထူးလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
လိုင်ဇာမြို့နားက နမ့်ဆန်ယန်ကျေးရွာတဝိုက်မှာ စစ်ကောင်စီတပ်နဲ့ ကချင် လွတ်လပ်ရေး တပ်မတော် (KIA) အကြား တိုက်ပွဲတွေ ဇူလိုင်လ ၃ ရက် ကတည်းက ဖြစ်လာခဲ့ရာမှာ ဒီနေ့ ဇူလိုင် ၆ ရက်အထိ တိုက်ပွဲတွေ မစဲသေးပါဘူး။
နန့်ဆန်ယန်ရွာမှာ ကျန်ရှိနေသေးတဲ့ ရွာသူရွာသားတွေ လုံခြုံရေးကြောင့် ဇူလိုင် ၆ ရက် ညနေ ၄ နာရီနောက်ဆုံးထားပြီး ရွှေ့ပြောင်းနေထိုင်ကြဖို့ KIAရဲ့ နိုင်ငံရေး ပါတီ ဖြစ်တဲ့ ကချင်လွတ်လပ်ရေး အဖွဲ့(KIO) အရာရှိတွေက ဒေသခံတွေကို ပန်ကြား သတိပေးထားပါတယ်။
KIA/ KIO ဌာနချုပ်တို့ရှိရာ လိုင်ဇာနဲ့ ၁၂ မိုင်အကွာက နန့်ဆန်ယန်မှာ တိုက်ပွဲတွေ ဖြစ်နေတာကြောင့် ဗန်းမော်မြို့၊ မြစ်ကြီးနားမြို့ စတဲ့ မြို့တွေကနေ လိုင်ဇာကို လာတဲ့ ကားလမ်းက ပိတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နမ့်ဆန်ယန် ဒေသခံတယောက်က “(KIO ဘက်က) ဒီနေ့ ၄ နာရီ အပြီးရှောင်ကြပါလို့ ပြောထားတယ်။ (စစ်ကောင်စီဘက်က) လေယာဉ်နဲ့ ကြမ်းမယ်ဆိုပြီး ပြောနေကြလို့ လူတွေလည်း အကုန်ရွှေ့နေကြတာပေါ့၊ ဘယ်သူမှ မသွားရဲ မလာရဲ ကြဘူး၊ မနေ့က ပစ်တာလည်း ရက်စက်တယ်၊ အိမ်အနောက်ဖက်မှာ (လက်နက်ကြီး ကျည်ကျလို့) လှိုဏ်ခေါင်းကြီး (တွင်းကြီး) တောင် ဖြစ်သွားတယ်။ လူတော့ ဘာမှ မဖြစ်လို့ တော်သေးတယ်” လို့ ပြောပါတယ်။
ဒီရွာက ဒေသခံတွေဟာ မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့နားက စစ်ရှောင် စခန်းတွေမှာ ၁၀ စုနှစ် တစုစာလောက် နေခဲ့ပြီးတဲ့နောက် ရွာဆီကို ပြန်လာနေကြတာ ၂ နှစ် မပြည့်ခင် မှာပဲ တိုက်ပွဲတွေနဲ့ ပြန်ကြုံလာရတာပါ။
စစ်ကောင်စီနဲ့ KIA အကြား ဒီ နမ့်ဆန်ယန်မှာ နှစ်ဖက်စလုံးက အထိုင်စခန်းတွေ မလုပ်ကြဖို့ သဘောတူတယ်။ ဒီကနေ ပြောင်းရွှေ့ထွက်ခွာသွားကြတဲ့ ဒေသခံတွေ ပြန်လာနေကြဖို့ လုပ်ကြမယ် စသဖြင့် သဘောတူခဲ့ကြပြီးတဲ့နောက် အဲဒီက ဒေသခံတွေ ပြန်လာခဲ့ကြတာလို့လည်း သိရပါတယ်။
လိုင်ဇာမှာ ဘယ်လိုလဲ

ဓာတ်ပုံ ရင်းမြစ်, Google
မြို့ရဲ့တချို့နေရာတွေကနေ နမ့်ဆန်ယန် တိုက်ပွဲက အသံ သဲ့သဲ့ တခါတလေ ကြားရ ပေမဲ့ မြို့ကတော့ “ပုံမှန် လှုပ်ရှားသွားလာနေတယ်” လို့ လိုင်ဇာ ဒေသခံတွေက ပြော ပါတယ်။
တောင်တန်းနဲ့ နယ်စပ်စည်းရိုးကြားက တောင်ကြားလွင်ပြင် တကြောမှာ တည်ထား တဲ့ လိုင်ဇာမြို့ကိုလည်း “(စစ်ကောင်စီက) လေယာဉ်နဲ့ လာ ဒုက္ခပေးနိုင်တာကြောင့် အဲဒီအတွက်တော့ (ပုန်းခိုစရာတွေ) စီစဉ်ထားကြတယ်”လို့ ဒေသခံ တယောက်က ပြောပါတယ်။
“လမ်းပိတ်သွားလို့ အစားအသောက်စျေးတော့ တက်လာနိုင်တာပေါ့။ လိုင်ဇာကို ရဖို့တော့ စစ်ကောင်စီဘက်က မလွယ်ပါဘူး” လို့ နောက် ဒေသခံ တယောက်က ပြောပါတယ်။
နမ့်ဆန်ယန်မှာ “စစ်ကောင်စီတပ်တွေ ရှုံးနေတာ” လို့လည်း ဒေသခံတွေက ပြောကြ ပါတယ်။
KIO လိုင်ဇာခရိုင် အုပ်ချုပ်ရေးဌာနကလည်း လိုင်ဇာအနီးက မြစ်ကြီးနား၊ ဗန်းမော် စတဲ့မြို့တွေကို ကို သွားတဲ့ ကားလမ်းမှာ အများပြည်သူတွေအနေနဲ့ ခရီးသွားလာရင် သတိနဲ့ သွားလာဖို့ နဲ့ စစ်ရေး သတင်းတွေကို နားစွင့်သွားလာကြဖို့ သတိပေး ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်နဲ့ နီးစပ်တဲ့ နေရာတွေမှာ သွားလာခြင်းမပြုဘဲ ရှောင်ရှားကြဖို့လည်း သူတို့က သတိပေး ထားပါတယ်။
လိုင်ဇာကို စစ်ကောင်စီက စစ်ဆင်ရေးလုပ်တာက အဆန်းတော့ မဟုတ်ပါဘူး။ မနှစ် ၂၀၂၂ ခုနှစ် အောက်တိုဘာလတုန်းကလည်း စစ်ကောင်စီဘက်က စစ်ဆင်ရေး လုပ်ခဲ့ ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
တိုက်ပွဲနဲ့ ပတ်သက်ပြီး ထုတ်ပြန်ပြောဆိုချက်တွေ
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
စစ်ကောင်စီဘက်က အခု နမ့်ဆန်ယန် တိုက်ပွဲနဲ့ ပတ်သက်လို့ တရားဝင်ထုတ်ပြန် တာမျိုးတွေ မတွေ့ရသေးပေမဲ့ စစ်ကောင်စီဘက်ကို ထောက်ခံတဲ့ တယ်လီဂရမ် ချန်နယ်တွေကနေ သူတို့က တိုက်ပွဲမှာ KIA တပ်စခန်း တချို့ သိမ်းနိုင်တယ်လို့ ဆိုသလို သိမ်းဆည်းရမိတဲ့ လက်နက်တွေလို့ ပုံတချို့နဲ့ တကွ ထုတ်ပြန်နေပါတယ်။
ဒီပုံတွေနဲ့ ပတ်သက်ပြီး ဘီဘီစီ အနေနဲ့ အတည်ပြုနိုင်မျိုးမလုပ်နိုင်ပါဘူး။
“အဲဒီ သတင်းတွေဟာ သတင်းလိမ်တွေ ဖြစ်ပြီး ပုံတွေက ပုံဟောင်းတွေ ကို ပြန်သုံးထားတာ” လို့ KIO ဘက်က ဆိုပါတယ်။ ဒါပေမဲ့ ဝိုင်းမော်မြို့နယ်ထဲက တခြားမြို့ တခုဖြစ်ပြီး လိုင်ဇာနဲ့ ဝေးကွာတဲ့ ဆဒုံး ဒေသတွင်းက “ ရှေ့တန်း ကာကုန်း စခန်း တခုတော့ စစ်ကောင်စီ ဘက်က ရသွားတယ်” လို့ KIO ဘက်က ပြောပါတယ်။
လက်ရှိ ဖြစ်နေတဲ့ လိုင်ဇာနားမှာ ဖြစ်နေတဲ့ စစ်ရေးအခြေအနေနဲ့ပတ်သက်ပြီး KIO ဗဟို သတင်း နဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက “အခုလောလောဆယ် ကတော့ နမ့်ဆန်ယန်မှာဘဲ စစ်ရေးအခြေအနေ တင်းမာနေတာ ဖြစ်ပါတယ်။ တင်းမာ တယ် ဆိုတာကတော့ သူတို့က ဇွန်လ အစောပိုင်းကတည်းကနေ စစ်အင်အားတွေ စုထား တာကို တွေ့ရှိရပါတယ်။ ဇူလိုင်လ ၃ရက်နေ့က တိုက်ပွဲစဖြစ်တာပေါ့။ အခု လည်း တိုက်ပွဲတွေ ဖြစ်နေပါတယ်။ သူတို့ဘက်က စစ်ကူတွေ ထပ်ဖြည့်နေတော့ တိုက်ပွဲတွေကတော့ ပိုဖြစ်လာလိမ့်မယ်။ လိုင်ဇာဘက်ကို ဘယ်လောက် အထိ တိုက်ခိုက်မယ် ဆိုတာတော့ သုံးသပ်လို့မရဘူး၊ ရန်သူရဲ့အခြေအနေကို ကြည့်ပြီး ကျွန်တော်တို့ သတိ အနေအထားနဲ့ နေပါတယ်” လို့ ပြောပါတယ်။








