ပိတောက်၊ သင်္ကြန်နဲ့ ရေသဘင်တိုင်းပြည်

burma

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, သင်္ကြန်ရက်မြတ်နဲ့ လှပျိုဖြူတစု
    • ရေးသားသူ, ဘိုဘို
    • ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း

မြန်မာပြည်ရဲ့ အမျိုးသားပွဲတော်အဖြစ် ရာစုနှစ်တွေနဲ့ချီ ကျင်းပခဲ့တဲ့ သင်္ကြန်ပွဲကို ရေသဘင်ပွဲတော်အဖြစ်လည်း လူသိများပါတယ်။ နိုင်ငံရဲ့ အပူပိုင်းလွင်ပြင်တွေနဲ့ တောင်ပေါ်ဒေသတချို့နေရာတွေအထိ အနည်းဆုံး လေးရက်ကနေ တလကြာအထိ ရေပက်ကစားကြတဲ့ ဒီပွဲတော်ဟာ မြန်မာပြည်သားတွေရဲ့ ပျော်ရွှင်မှု၊ စုပေါင်းနွှဲပျော်မှုနဲ့ ယဉ်ကျေးမှု၊ ဘာသာရေးထုံးတမ်းတွေကို တစုတစည်းတည်း တွေ့နိုင်တဲ့ ပွဲတော်ကြီးတခု ဖြစ်ပါတယ်။

၁၂လရာသီ ပွဲတော်များ

မြန်မာလ ၁၂ လ မှာ လစဉ်ပွဲတော်တွေ သတ်မှတ်ကျင်းပကြောင်း လက်ဝဲသုန္ဒရအမတ်ကြီးရဲ့ သာဓိနပျို့မှာ ပါတယ်လို့ လူထုဂျာနယ်ပါ ရတနာပုံဘိုးမှတ်စုရဲ့ မြန်မာ့ရိုးရာယဉ်ကျေးမှုပွဲတော်ကြီး ဆောင်းပါးမှာ ပါရှိပါတယ်။ တန်ခူးလ ရေပွဲနဲ့ သီတင်းကျွတ်လ မီးပွဲဆိုတာလို ဆန့်ကျင်ဘက် ပွဲတော်တွေ ဖြစ်နေပေမယ့် သူ့ရာသီနဲ့သူ အလှည့်ကျ ကိုက်ညီအောင် ကျင်းပတာ ဖြစ်ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရှေးက သင်္ကြန် အကျွေးအမွေး

တခြားဘက်မှာတော့ ကမ္ဘာ့အစဉ်အလာ ၁၂ လရာသီပွဲတော်ဆိုတာ လစဉ် လပြည့်ချိန်မှာ ယှဉ်တဲ့ နက္ခတ်တွေကို ပူဇော်တဲ့ပွဲတွေဖြစ်တယ်လို့ ရွှေပြည်ဦးဘတင်ရဲ့ စာပွဲသဘင်မှာ ပါရှိပါတယ်။ မြန်မာပြည်မှာ ဖြစ်တဲ့ပွဲတော်တွေက နောက်မှထွင်ထားတဲ့ပွဲတွေဖြစ်တယ်ဆိုပြီး ဘိုးတော်ဘုရားခေတ်က မောင်းထောင်သာသနာပိုင်ကို ကိုးကားပြီး ဦးဘတင်က ပြောပါတယ်။

ဒီ ၁၂ လ ပွဲတော်တွေထဲ အထင်ရှားဆုံးက သင်္ကြန်ပွဲဖြစ်ပြီး မီးထွန်းပွဲ၊ ကထိန်ပွဲ၊ ဝါဆိုပွဲ၊ ထမနဲပွဲနဲ့ ကဆုန်ညောင်ရေပွဲတွေက နောက်က လိုက်ပါတယ်။ မေလမှာ ကျင်းပတဲ့ မီးပန်းလွှတ်ပွဲ၊ ကောက်ရိတ်သိမ်းချိန်မှာ လုပ်တဲ့ ကောက်သစ်စားပွဲတွေလို ကနေ့ မြန်မာတွေ ဆက်မကျင်းပတော့တဲ့ ပွဲတွေလည်း ရှိတယ်ဆိုပြီး ဒေါက်တာသန်းထွန်းက အမိန့်တော်ထဲက သမိုင်းမှာ ရေးပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပုဂံခေတ်မှာ ဘယ်လိုသင်္ကြန်ကျခဲ့လဲ

သင်္ကြန်အစ

သင်္ကြန်ပွဲကို ဘယ်အချိန်က စပြီး မြန်မာပြည်မှာ ကျင်းပတယ်ဆိုတာ သေချာအထောက်အထားမရှိပေမယ့် အများအားဖြင့် နရသီဟပတေ့နဲ့ စောလုံဇာတ်လမ်းကို အကြောင်းပြုပြီး ပုဂံခေတ်ကတည်းက ရှိတယ်ဆိုပြီး ပြောစမှတ် ရှိကြပါတယ်။ မှန်နန်းရာဇဝင်ပါ စောလုံကို ရေပက်ရင်း အကျီစယ်လွန်မိတဲ့ နရသီဟပတေ့မင်းကို စောလုံက လုပ်ကြံဖို့ ကြိုးစားတာ ပေါ်သွားလို့ စောလုံအသတ်ခံရတယ် ဆိုတဲ့ ဇာတ်လမ်းရဲ့ တကယ့်ဖြစ်နိုင်ခြေကတော့ မှန်းဆလို့ မရနိုင်သေးပါဘူး။ အဲဒီခေတ် မြန်မာသက္ကရာဇ် ၆၅၃ ခုထိုး စောလှဝန်းဂူဘုရားထဲက သ္ခိင်ရာဇသူနဲ့ အမိဘွားစော ကျောက်စာမှာ မီဖုန်။ သင်ကြန်။ စာရိယ်။ ညောင်ရိယ်သွန်။ မပြတ် ဆိုပြီး ဘုရားကို ဝတ်ပြုပူဇော်တဲ့ ပွဲသဘင်တွေကို ဖော်ပြတာကို ထောက်ပြီး ဒါကို အစောဆုံး သင်္ကြန်အထောက်အထားအဖြစ် ပြောဆိုနေကြပါတယ်။

ဒါပေမဲ့ အဲဒီခေတ် သင်္ကြန်ပွဲဟာ ရေပက်ကစားတဲ့ပွဲလား၊ ခေါင်းဆေးသင်္ကြန်ခေါ်တဲ့ပွဲလား၊ တောင်အာရှက နှစ်သစ်ကူးပွဲတွေလို နတ်ပူဇော်ပွဲသဘောလားကတော့ မသိရပါဘူး။ သာသနာဝင်ကျမ်းများအရ ကပိလဝတ်ပြည်က သာကီဝင်မင်းတွေ ရေဖျန်းသဘင်ကစားတာဟာ သင်္ကြန်ပွဲရဲ့ ရှေးအကျဆုံးအထောက်အထားဆိုပြီး ရွှေကိုင်းသားက လူထုဂျာနယ်ပါ မဟာသင်္ကြန်ရေသဘင်ပွဲတော် ဆောင်းပါးမှာ ရေးခဲ့ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရာစုနှစ်တွေနဲ့ချီ မင်းနေပြည်ဖြစ်ခဲ့တဲ့ အင်းဝ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ရာဇဝင်ထဲက သင်္ကြန်

ဦးကုလား၊ မှန်နန်းနဲ့ ကုန်းဘောင်ဆက် စတဲ့ မြန်မာရာဇဝင်တွေမှာ သင်္ကြန်နှစ်ကူးပွဲနဲ့ သင်္ကြန်ခေါင်းဆေးပွဲတွေအကြောင်း ပါတတ်ပြီး မွန်နဲ့ ရခိုင်၊ ရှမ်းစတဲ့ လူမျိုးစုရာဇဝင်တွေမှာလည်း သင်္ကြန်အကြောင်း ပါမှာ ဖြစ်ပါတယ်။ နိုင်ငံခြားသားမှတ်တမ်းတခုမှာတော့ ၁၇ ရာစုက ပဲခူးမြို့မှာ သင်္ကြန်ကျင်းပပုံကို ရေးဆွဲဖော်ပြခဲ့ပါတယ်။

ဦးကုလားမဟာရာဇဝင်ကြီးမှာ ညောင်ရမ်းခေတ် မင်းတွေဖြစ်တဲ့ သာလွန်မင်း၊ မင်းရဲကျော်ထင်၊ စနေမင်း၊ မဟာဓမ္မရာဇာဓိပတိမင်းတွေလက်ထက် နန်းတော်သစ်ဆောက်ပြီးရင် ခေါင်းဆေးသင်္ကြန်ခေါ်ပြီးမှ နန်းသစ်တက်တဲ့အကြောင်း၊ ဘုရင်အသစ်တက်ရင် မင်္ဂလာသင်္ကြန်တော်ခေါ်ပြီး ဥကင်သဖွင့် နန်းတက်တဲ့အကြောင်းနဲ့ အရေးကြီးတဲ့အခါတွေမှာ နန်းတော်ကထွက်ပြီး ရွှေကြက်ယက်ဘုရားစတဲ့နေရာတွေမှာ သင်္ကြန်တော်ခေါ်တဲ့အကြောင်းတွေ ပါရှိပါတယ်။ နောက် အဲဒီထက် စောပြီး ဘုရင့်နောင်ခေတ် ညီတော် အင်းဝဘုရင်သတိုးမင်းစောနဲ့ သမီးတော်ကြီးတို့ လက်ထပ်ပွဲမှာ သမီးတော် ခေါင်းဆေးဖို့ ပုဏ္ဏားခုနစ်ယောက်နဲ့ မင်္ဂလာရေခပ်တာ ပါပြီး ခေါင်းဆေးပွဲကို တခမ်းတနားလုပ်တဲ့အတွက် သင်္ကြန်တော်ခေါ်တဲ့ ခေါင်းဆေးပွဲဟာ မြန်မာအစဉ်အလာကို ရောက်နေတာ ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

မြန်မာဘုရင်တွေ သင်္ကြန်တော်ကြီးခေါ် ခေါင်းဆေးဖို့အတွက် သံလွင်မြစ်ဝ မြစ်လေးခုဆုံရာက ပွန်ဇလိုင်ခေါ် သင်္ကြန်ကျွန်းခေါ် ခေါင်းဆေးကျွန်းက ရေကို အစဉ်အဆက်ယူလေ့ရှိတယ်လို့လည်း မြန်မာ့စွယ်စုံကျမ်းမှာ ပါရှိပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပြည်ပပန်းချီမှတ်တမ်းထဲက သင်္ကြန်

ကုန်းဘောင်ခေတ် နိုင်ငံခြားသားတွေရဲ့ မှတ်တမ်းတွေမှာတော့ ပဲခူးနဲ့ အမရပူရ၊ အင်းဝမြို့ကြီးတွေမှာ ကြုံရတဲ့ သင်္ကြန်ပွဲတွေအကြောင်း ပါရှိပါတယ်။ ရေပက်ကြမ်းတဲ့ မြန်မာအမျိုးသမီးတွေကို မနိုင်၊ အရှုံးပေးရတဲ့ အမျိုးသားတွေအကြောင်းလည်း ပါပါတယ်။ မိုက်ကယ်ဆိုင်းရဲ့ ၁၇၉၅ ခု အင်းဝနိုင်ငံသွား သံအဖွဲ့မှတ်တမ်းမှာ ပဲခူးမြို့ဝန်အိမ်မှာ ရေအိုးကြီးသုံးလုံးနဲ့ ရေဖလား၊ ရေမှုတ်တွေနဲ့ ရေပက်တဲ့အကြောင်း ဖော်ပြပါတယ်။ စန္ဒကူးနဲ့ ရောတဲ့ နှင်းရည်ကို ရွှေဖလားနဲ့ စပက်တဲ့ သင်္ကြန်ပွဲဟာ အမျိုးသမီး ၂ဝ က အမျိုးသားလေးယောက်ကို တရကြမ်းပက်တဲ့ပွဲအဖြစ် အဆုံးသတ်သွားခဲ့ပါတယ်။

အဲဒီခေတ်က သင်္ကြန်ပွဲတွေမှာ အမျိုးသမီးက စ,ပက်ရင် အမျိုးသားက ပြန်ပက်နိုင်ပေမယ့် ကိုယ်ထိလက်ရောက် အမျိုးသမီးကို ကိုင်တွယ်လို့မရဘူးလို့လည်း မိုက်ကယ်ဆိုင်းက ရေးပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, နန်းတွင်းက အမြောက်ပစ်ဖောက် သင်္ကြန်ကျ

သင်္ကြန်အမြောက်

ရတနာပုံခေတ် နန်းတွင်းသင်္ကြန်ပွဲတွေအကြောင်းကိုတော့ ဝန်ထောက် ဦးမောင်မောင်တင်ရဲ့ ကုန်းဘောင်ဆက် မဟာရာဇဝင်ကြီးမှာ အတော်စုံလင်အောင် ဖော်ပြတာကို တွေ့ရပါတယ်။ မြန်မာအစဉ်အလာအတိုင်း အခါတော်ကျချိန်မှာ နန်းမြို့ တံခါး ၁၂ ရပ်ကနေ အခါတော်ကြား အမြောက်သုံးချက်စီ ပေးပြီး သင်္ကြန်ကျကြောင်း နိုင်ငံကို အသိပေးရပြီး ဒီအစဉ်အလာကို ဗြိတိသျှခေတ်ထိ နန်းတွင်းက သင်္ကြန် အမြောက်နဲ့ အချက်ပေးကာ ထိန်းထားခဲ့တယ်လို့ လူထုဒေါ်အမာက အမေ့ရှေးစကားမှာ ရေးပါတယ်။ အဆံမပါတဲ့ သင်္ကြန်အမြောက် ဆိုတဲ့ စကားက ဒီကလာတယ်လို့လည်း ဆိုပါတယ်။

သင်္ကြန် သုံးရက်မှာ ရေကြည်ရေအေး အမွှေးအထုံရေတွေနဲ့ ဖျန်းပက်ရမယ်၊ ထုံးနနွင်း၊ အိုးမည်းသုတ်တာ၊ မသန့်တဲ့ရေနဲ့ ပက်တာတွေ မလုပ်ရဘူးဆိုပြီးလည်း မြို့တွင်းမြို့ပြင်မှာ သင်္ကြန်မကျခင် မောင်းကြေးနင်းခတ်စေရပါတယ်။ နောက်ဆုံး မြန်မာဘုရင် သီပေါမင်းလက်ထက် မြောက်ဥယျာဉ်တော်မှာ သင်္ကြန်တန်ဆောင်းတော်၊ ပရိတ်နာတန်ဆောင်းတော်တွေ ဆောက်ပြီး ဘုရင်နဲ့ မိဘုရား သီးခြား သင်္ကြန်ခေါ်တော်မူတယ်လို့လည်း ကုန်းဘောင်ဆက် ရာဇဝင်မှာ ပါရှိပါတယ်။ နန်းတွင်းနန်းပြင်က ဘုရားတွေ ရေသပ္ပာယ်တာနဲ့ ဆွမ်းတော်ကြီးကပ်တာတွေလည်း လုပ်ပါတယ်။ သင်္ကြန်နှစ်ကူးမှာ ဘုရင်နဲ့ မိဘုရားခေါင်ကြီးကို ကန်တော့ရတဲ့အစဉ်အလာကလည်း လူကြီးသူမကို သင်္ကြန် ရေကန်တော့အဖြစ် ကနေ့ထက်ထိ ကျန်ရစ်ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, နောက်ဆုံးနန်းတွင်းသင်္ကြန်ဆင်ယင်ခဲ့တဲ့ ဘုရင်နဲ့ မိဘုရား

သင်္ကြန်ပရိတ်

နန်းတွင်းမှာလည်း ဇာတ်ဆိုင်း အငြိမ့်တွေ နေ့ညမပြတ် ကခုန်တီးမှုတ်စေပြီး နန်းတွင်းသူ နန်းတွင်းသားတွေကို ဖျော်ဖြေသလို အပျိုတော်တွေနဲ့ လက်သုံးတော် လက်ဖက်ရည်တော်အမှုထမ်းတွေ တဦးနဲ့တဦး ပျော်ပါးစွာ ရေသွန်းလောင်း ကစားကြရပါတယ်။ ဘုရင့်အပါး ခစားတဲ့ မင်းပရိသတ်ကို သင်္ကြန်ထမင်းနဲ့ အချိုအဆိမ့်တွေ ကျွေးမွေးဧည့်ခံသလို ချိတ်ပိုးဖဲ ထဘီပုဆိုးတွေနဲ့ ပိတ်အုပ် ပဝါအုပ်တွေလည်း ပေးသနားပါတယ်။

အဲဒီခေတ် သင်္ကြန်ကျချိန်မှာ နန်းတော်၊ လွှတ်တော်၊ ဗဟိုစင်၊ ရှေ့ရုံးနောက်ရုံး တရားရုံးနဲ့ နန်းမြို့ တံခါးတွေ ထောင့်ပြကြီးတွေမှာ သံဃာတော်တွေ ပင့်ဖိတ်ပြီး ပရိတ်ရွတ်တဲ့ အစဉ်အလာကတော့ အခုထိ မြို့ရွာလမ်းထောင့်တွေမှာ အတာကူးထုံးစံအဖြစ် ကျန်ရစ်ခဲ့ပါတယ်။ မြို့စောင့် နန်းစောင့် ထီးစောင့် သက်တော်စောင့်နတ်တွေနဲ့ သိကြားမင်းစတဲ့ သမ္မာဒေဝနတ်တွေကို တင်သတဲ့ အစဉ်အလာကတော့ မရှိတော့ပါဘူး။

ဘိုးတော်ဘုရားလက်ထက် ၁၇၈၈ မှာ ကျင်းပတဲ့ သင်္ကြန်ပွဲကိုတော့ ဧပြီ ၉ ရက်နေ့ကစကာ လေးရက်ကြာကျင်းပပြီး မီးရှူးမီးပန်းပစ်ဖောက်တာတွေ ရှိကြောင်း ဒေါက်တာသန်းထွန်း စုစည်းတည်းဖြတ်ပြန်ဆိုတဲ့ မြန်မာမင်းအမိန့်တော်များ (၁၅၉၈- ၁၈၈၅ )စာအုပ်မှာ ပါရှိပါတယ်။ ပွဲတော်ချိန်မှာ လူတွေ မြစ်ထဲ ရေမနစ်အောင် အကြီးအမှူးတွေ စောင့်ကြည့်ရတယ်လို့လည်း ဆိုပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ခေတ်သစ်သင်္ကြန်

လူထုသင်္ကြန်

ပါတော်မူပြီးနောက်ပိုင်း လွတ်လပ်ရေးခေတ်ထိ နိုင်ငံတော်သင်္ကြန်မရှိတော့ဘဲ အရပ်သင်္ကြန်အဆင့် ကျဆင်းခဲ့ပေမယ့် ၁၉၃ဝ နောက်ပိုင်းမှာတော့ စစ်တွေ၊ မော်လမြိုင်၊ ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ရေပက်ခံကားနဲ့ လည်တာ၊ သင်္ကြန်အကနဲ့ မဏ္ဍပ်နဲ့ ဖျော်ဖြေတာ စတဲ့ မာဒီဂရပ်စ်ပွဲတော်ပုံစံ လှည့်လည်ကျင်းပတာတွေ ရှိလာပါတယ်။ ဒီလို ငွေကုန်ကြေးကျ များလာတဲ့အတွက် နိုင်ငံခြားကုမ္ပဏီတွေနဲ့ စီးပွားရေးသမားတွေ အမြတ်အစွန်းရတယ်ဆိုပြီး သိပ္ပံမောင်ဝ စတဲ့ မြန်မာစာရေးဆရာတွေက ထောက်ပြကြပါတယ်။

နန်းတော်ရှေ့ဆရာတင်၊ မြို့မငြိမ်း စတဲ့ တေးရေးအကျော်တွေရဲ့ သင်္ကြန်တေးတွေလည်း ပေါ်ထွက်လာပြီး ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၇ ကစလို့ မန္တလေးသင်္ကြန်ဟာ ဂီတအကသင်္ကြန်အဖြစ် တသွင်ပြောင်းလာပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, နာဆာ၊ ဦးနုနဲ့ နေရူးတို့ရဲ့ ဘက်မလိုက် သင်္ကြန်

ကိုလိုနီခေတ်တလျှောက်လုံး ခရစ္စမတ်နဲ့ အင်္ဂလိပ်နှစ်သစ်ကူးပွဲ၊ ဘုရင် ဘုရင်မ မွေးနေ့ပွဲတွေ နေရာရခဲ့ရာက လွတ်လပ်ပြီးခေတ်မှာ မြန်မာအစဉ်အလာတွေ ပြန်ဖော်လာတဲ့အတွက် ၁၉၅ဝ နောက်ပိုင်းမှာ ပြည်ထောင်စု သင်္ကြန်၊ ငြိမ်းချမ်းရေးသင်္ကြန်ဆိုတာတွေ မန္တလေးမြို့မှာ ကျင်းပခဲ့ပါတယ်။ ၁၉၅၅ သင်္ကြန်မှာတော့ အီဂျစ်၊ အိန္ဒိယ ခေါင်းဆောင်တွေ ရန်ကုန်မှာ လာဆင်နွှဲပြီး ဘန်ဒေါင်းညီလာခံကို ခရီးဆက်ကြတဲ့အတွက် နိုင်ငံတကာသင်္ကြန် ဖြစ်ခဲ့ပါတယ်။ ၁၉၆ဝ မှာတော့ တရုတ်ခေါင်းဆောင်တွေ ဆင်းလာပြီး ဂန္ဓာလရာဇ်သင်္ကြန်နှစ် ဖြစ်ခဲ့ပါတယ်။

၁၉၆၂ နောက်ပိုင်း ဆိုရှယ်လစ်စီးပွားရေးကြောင့် သင်္ကြန်ပွဲတွေ ဆုတ်ယုတ်လာသလို ဂီတနဲ့ ယဉ်ကျေးမှုအပြောင်းအရွေ့ကြောင့် သင်္ကြန်တေးနဲ့အကတွေလည်း သိသိသာသာပြောင်းခဲ့ပါတယ်။ ရှေးရိုးသမားတွေက မြန်မာနံ့ပျောက်တယ်လို့ ယူဆပေမယ့် သင်္ကြန်ကိုယ်နှိုက်က အိန္ဒိယယဉ်ကျေးမှုက ကူးပြောင်းလာတဲ့ပွဲဖြစ်ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, စတုမဟာရာဇ် နတ်မင်းကြီးများ

လိုနေတဲ့ သင်္ကြန်သမိုင်း

သင်္ကြန်ပွဲဆင်နွှဲလာတာ ရာစုနှစ်တွေ ကြာမြင့်ခဲ့ပြီ ဖြစ်ပေမယ့်လည်း ဒီပွဲရဲ့ ဇာစ်မြစ်မူလကို သေချာမှတ်တမ်းပြုတာ မရှိသေးပါဘူး။ သင်္ကြန်စာမှာ တနင်္ဂနွေဂြိုဟ်မင်းက ကျွဲ၊ မြွေ၊ ဘီလူး၊ မြင်း စတဲ့ သတ္တဝါတွေကိုစီးပြီး လှံမောင်း၊ မီးတုတ်၊ သပြေပန်းနဲ့ ညောင်ရေအိုး စတဲ့ ပစ္စည်းတွေ ထမ်းကာ သရုပ်ဖော်တာနဲ့ပတ်သက်ပြီး ဘိုးတော်ဘုရားက မောင်းထောင်သာသနာပိုင်ကို လျှောက်မေးရာမှာ သူလည်း မသိဘူး၊ ဗေဒင်ကျမ်းကြီး ၃၃ စောင်မှာလည်း မပါဘူးဆိုပြီး မိန့်ကြားခဲ့ပါတယ်။ သင်္ကြန်စာကို ပုံနှိပ်စက်နဲ့ သေချာရိုက်နှိပ်မဝေနိုင်ခင်ခေတ်က ပုဏ္ဏားတွေ ဆန်ခံထွက်ချိန်မှာ မိုင်းကိုင်စက္ကူနဲ့ ကူးရေးလာတဲ့ သင်္ကြန်စာကို ရပ်ကွက်ထဲက လူတွေ စောင့်ပြီးနားထောင်ရတယ်လို့ ရွှေပြည်ဦးဘတင်က ပြောပါတယ်။

နောက် မြန်မာ ပက္ခဒိန်ဟာ တွက်ချက်နည်းပေါ် မူတည်ပြီး ဝါထပ်ရက်ငင်အပြောင်းအလဲ ရှိတဲ့အတွက် ဘီစီသုံးထောင်က ဖေဖော်ဝါရီလ ၁၈ ရက်မှာ သင်္ကြန်တက်ခဲ့ပြီး ၁၉ ရာစုလယ်က ဧပြီလ ၁၃ ရက်မှာ သင်္ကြန်တက်တယ်လို့ ဦးအုန်းကြိုင်က မြန်မာ့စွယ်စုံကျမ်းမှာ ရေးပါတယ်။ ခရစ်နှစ် ၂ဝဝဝ ကျော်မှာ အနှစ် ၃ဝ လောက် ဧပြီလ ၁၆ ရက်မှာ သင်္ကြန်တက်မယ်လို့လည်း သူက ဆိုပါတယ်။ မြန်မာမှာ သင်္ကြန်တက်ချိန်မှ နှစ်သစ်ကူးပေမယ့် အိန္ဒိယမှာတော့ သင်္ကြန်ကျချိန်မှာ နှစ်ကူးကြောင်းလည်း ဦးအုန်းကြိုင်က ရေးပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, လတန်ခူးနဲ့ ပန်းပိတောက်မင်း

အတာဓလေ့

အခါတွင်းမှာ ကျွေးမွေးကြတဲ့ သင်္ကြန်ထမင်းဟာ ၂ဝ ရာစုနောက်ပိုင်း မော်လမြိုင်ဘက်မှာ ပိုအစားများလာကြပေမယ့် တချိန်က မန္တလေး နန်းတွင်းမှာ တွင်ကျယ်ခဲ့တဲ့ စားဓလေ့တခု ဖြစ်ပါတယ်။ အိန္ဒိယအရှေ့ပိုင်းက ဘင်္ဂလား နှစ်သစ်ကူးပွဲတွေမှာလည်း သင်္ကြန်ထမင်းနဲ့ ဆင်ဆင်တူတဲ့ ပန်တာဘတ်ခေါ် ရေစိမ်ထမင်းကို ငါးခြောက်ကြော်၊ ထန်းလျက်၊ ဒိန်ချဉ်တွေ စားလေ့ရှိတာကို တွေ့ရပါတယ်။

သင်္ကြန်ပန်းအဖြစ် ပိတောက်ကို ၂ဝ ရာစုခေတ်မှာ ပိုသုံးလာကြပေမယ့် ရှေးက စာကဗျာတွေမှာ တွေ့ရတဲ့ သင်္ကြန်ပန်းက ရင်ခတ်၊ ကံ့ကော် စတဲ့ပန်းတွေ ဖြစ်ပါတယ်။ ဒါကြောင့် ညောင်ရမ်းခေတ်က ဆည်သည်ရွာစား ဦးအောင်ကြီးကနှစ်ဦးပေါ်က ကံ့ကော်ရင်ခတ် ပင်တိုင်းညွတ်လျက် ဆိုပြီး ၁၂ ရာသီလူးတားမှာ စပ်ဆိုခဲ့ပါတယ်။ ကုန်းဘောင်ခေတ် ဖိုးသူတော်ဦးမင်းရဲ့ တန်ခူးလဖွဲ့မှာတော့မြတ်သင်္ကြန်ခေါ် စံပွဲတော်မို့ ကံ့ကော်မှုံနံ့ စုံအသန့်မှာ ထုံပျံ့ဝတ်ရွှေ ညွတ်ပစေလို့ သရေငယ်ဆောင်သည် ရွှေရောင်ပိတောက်ကယ်က မင်းမူလေ့ ဆိုပြီး ရေးဖွဲ့ပါတယ်။ အိန္ဒိယတောင်ပိုင်း ကယ်ရာလားပြည်နယ်က မာလာယမ်လူမျိုးတွေရဲ့ ဗိဿနိုးနှစ်သစ်ကူးပွဲရဲ့ ပန်းကတော့ ငုဝါဖြစ်ပါတယ်။

china

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တရုတ် စစ်ဆောင်ပန္နားက ရှမ်းသင်္ကြန်အက

မြန်မာနဲ့ ရခိုင်သင်္ကြန် ခင်းကျင်းကစားပုံ မူကွဲတွေ ရှိသလိုပဲ ရှမ်းပြည်ဘက်မှာ တလလုံး ဘုန်းကြီးကျောင်းတက်ကြ၊ တလလုံး ရေပက်ကြတဲ့ သင်္ကြန်မျိုးလည်း ရှိပါတယ်။ ခွန်လူမျိုးတွေရဲ့ သင်္ကြန်ချိန်မှာ မြန်မာဘုရင်ပေးခဲ့တဲ့ စည်တော်ရွမ်းပွဲကျင်းပပြီး ဆန်ရေစပါးပေါများဖို့ ဘေးကင်းဖို့ ဆုတောင်းပါတယ်။ တောင်ရိုးလူမျိုးတွေရဲ့ အတာတက်ပွဲဓလေ့မှာတော့ သင်္ကြန်အတက်နေ့ကနေ ကဆုန်လပြည့်နေ့ထိ ရွာစဉ်လိုက်ပြီး ဘုန်းကြီးကျောင်းတွေကို ကန်တော့ကြတယ် ဆိုပြီး လမ်းစဉ်ပါတီထုတ် တိုင်းရင်းသားတို့၏ တူညီသော ရိုးရာဓလေ့ထုံးစံများ စာအုပ်မှာ ဖော်ပြပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အပူပိုင်းရပ်ဝန်းရဲ့ နှစ်ကူးသဘင်