တရုတ်က ကုလသမဂ္ဂမှာ လူ့အခွင့်အရေးကိစ္စ ရုရှားလောက် ဘာလို့ဝေဖန်မခံရတာလဲ

တရုတ်နဲ့ ရုရှား

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီဟာ တရုတ်နဲ့ ရုရှားတို့ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု ရှိမရှိ အခြေအနေကို အာရုံစိုက် လုပ်ဆောင်ခဲ့

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီဟာ မကြုံစဖူး အနေနဲ့ လက်ရှိ အောက်တိုဘာလဆန်းပိုင်းမှာ ကုလလုံခြုံရေးကောင်စီရဲ့ အမြဲတမ်း အဖွဲ့ဝင် နှစ်နိုင်ငံဖြစ်ကြတဲ့ တရုတ်နဲ့ ရုရှားတို့ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု ရှိမရှိ အခြေအနေကို အာရုံစိုက် လုပ်ဆောင်ခဲ့တာကို တွေ့ကြရပါတယ်။

အခုလို တရုတ်နဲ့ ရုရှားပြည်တွင်းမှာ လူ့အခွင့်အရေး ချိုးဖောက်မှု ရှိမရှိ အခြေအနေကို ကုလ လူ့အခွင့်အရေး ကောင်စီအတွင်း ငြင်းခုံ ဆွေးနွေးမှု လုပ်မလုပ်အတွက် မဲခွဲခဲ့ရာမှာတော့ ရုရှားအခြေအနေကို ဆွေးနွေးကြဖို့ သဘောတူကြပေမယ့် တရုတ်အခြေအနေကို ပြောဆိုကြရေး သဘောတူညီမှု မရခဲ့တာကို တွေ့ခဲ့ရပါတယ်။

ဗီဒီယို ပုံစာ, တရုတ် ဝါဂွမ်းလုပ်ငန်းမှာ ဝိဂါတွေကို အတင်းအကြပ် ခိုင်းစေမှုတွေ ရှိသလား

ကုလမှာ တရုတ်ပြည်တွင်း လူ့အခွင့်အရေးဆိုင်ရာ ဆွေးနွေးမှု ဘယ်လိုဖြစ်သွားခဲ့သလဲ

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မီရှဲ ဘက်ချလက်ဟာ ပြီးခဲ့တဲ့ သြဂုတ်လ ရာထူးက အနားမယူခင်မှာ တရုတ်နိုင်ငံ ရှင်ကျန်းပြည်နယ်အတွင်းက ဝိဂါမွတ်စလင်တွေ လူ့အခွင့်အရေး ချိုးဖောက်ခံရတာနဲ့ ပတ်သက်တဲ့ သူ့ရဲ့ အစီအရင်ခံစာ တစောင်ကို ထုတ်ပြန်ခဲ့ပါတယ်။

လူ့အခွင့်အရေး လှုပ်ရှားသူ အများစု ခန့်မှန်းထားခဲ့တဲ့အတိုင်းပဲ အဲဒီ အစီအရင်ခံစာထဲမှာ တရားလက်လွတ် ဖမ်းဆီးခံရမှု၊ ကျယ်ကျယ်ပြန့်ပြန့် ညှဥ်းပန်းနှိပ်စက်မှုနဲ့ အဓမ္မခိုင်းစေမှုတွေနဲ့ ပတ်သက်တဲ့ သက်သေတွေလည်း ပါဝင်ခဲ့ပါတယ်။

အခုလို မတော်မတရားပြုမှုတွေဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုအထိ သက်ရောက်နိုင်ခြေ ရှိတယ်လို့လည်း မစ္စ ဘက်ချလက်က ပြောဆိုထားခဲ့ပါတယ်။

အခုလို အစီအရင်ခံစာ ထွက်လာပြီးရင် ဖြစ်လေ့ရှိတဲ့ လုပ်ငန်းစဉ် အဆင့်ဆင့်ကတော့ လူ့အခွင့်အရေးကောင်စီမှာ ဆွေးနွေးတာ၊ သက်ဆိုင်ရာနိုင်ငံအတွက် အထူးကျွမ်းကျင် ကိုယ်စားလှယ်ခန့်တာ အပြင် အပြည့်အစုံ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့တာအထိ ဖြစ်လေ့ရှိပါတယ်။

တရုတ်လူ့အခွင့်အရေး ကိစ္စနဲ့ ပတ်သက်ပြီး အနောက်နိုင်ငံ သံတမန်တွေက ကောင်စီတွင်း ဆွေးနွေးကြဖို့ မဲခွဲရာမှာတော့ မထောက်ခံတဲ့ နိုင်ငံတွေ များသွားလို့ ဆက်လက် မဆွေးနွေးဖြစ်ပဲ ဖြစ်သွားခဲ့ပါတယ်။

ဒီမဲခွဲမှုမှာ ကောင်စီအဖွဲ့ဝင် ၁၉ နိုင်ငံက တရုတ်အရေး ဆွေးနွေးမှုလုပ်တာကို ပယ်ချခဲ့ပြီး ၁၇ နိုင်ငံကသာ ဆွေးနွေးဖို့ ထောက်ခံခဲ့တဲ့အတွက် တရုတ်လူ့အခွင့်အရေး ဆွေးနွေးပွဲ ပျက်သွားခဲ့တာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ အာဖရိကတိုက်က နိုင်ငံတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ထားတာကို အသုံးချပြီး သူ့ဘက်က ရပ်တည်ပေးကြဖို့ ဆွဲဆောင်နိုင်ခဲ့တဲ့အတွက် တရုတ်လူ့အခွင့်အရေးဆိုင်ရာ ဆွေးနွေးဖို့ သဘောတူမဲပေးတဲ့ နိုင်ငံက ဆိုမားလီးယား တစ်နိုင်ငံသာ ရှိခဲ့တာကို တွေ့ရပါတယ်။ မဲမပေးပဲ နေခဲ့တဲ့ နိုင်ငံကတော့ ၁၁ နိုင်ငံ ရှိခဲ့ပါတယ်။

ဗီဒီယို ပုံစာ, ယူကရိန်းစစ်မြေပြင်ရောက် ဘီဘီစီသတင်းထောက် သတင်းပေးပို့ချက်

ကုလမှာ ရုရှားပြည်တွင်း လူ့အခွင့်အရေးဆိုင်ရာ ဆွေးနွေးမှု ဘယ်လိုဖြစ်သွားခဲ့သလဲ

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ရုရှားဟာ ယခင်က ကုလသမဂ္ဂရဲ့ အစည်းအဝေးတွေကို တစ်ခုပြီးတစ်ခု လိုက်တက်ပြီး တက်တက်ကြွကြွ ရှိခဲ့ပေမယ့် ယူကရိန်းကို ကျူးကျော်ပြီးနောက်ပိုင်းမှာ ကုလအသိုင်းအဝိုင်းအတွင်း ဝိုင်းကြဉ် ခံရသလို ပိုဖြစ်လာခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ မတ်လမှာဆိုရင် ရုရှားဟာ ကုလလူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင်အဖြစ်ကပါ ထုတ်ပယ်ခံခဲ့ရလို့ ဒီကောင်စီရဲ့ အစည်းအဝေးတွေမှာ လေ့လာသူအနေနဲ့သာ တက်ရောက်ခွင့်ရပါတော့တယ်။

ရုရှားဟာ လတ်တလောမှာ ပြည်တွင်းလူထုရဲ့ မကျေနပ်မှုတွေကို ပိုမို ပြင်းထန်တဲ့ ဖမ်းဆီးရိုက်နှက်မှုတွေနဲ့ လွတ်လပ်တဲ့ သတင်းမီဒီယာတွေကို နှိပ်ကွပ်တာတွေ လုပ်လာတယ်ဆိုပြီး စွပ်စွဲခံလာခဲ့ရ ရာမှာတော့ ကောင်စီအတွင်း ရုရှားအရေး ဆွေးနွေးဖို့ အနောက်နိုင်ငံတွေရဲ့ နှိုးဆော်မှုတွေ ပေါ်လာခဲ့ပါတယ်။

လက်ရှိ အောက်တိုဘာလဆန်းပိုင်းအတွင်းမှာ ရုရှားပြည်တွင်း လူ့အခွင့်အရေး အခြေအနေတွေအတွက် ကုလအထူးသံတမန် ထားရှိရေးကိစ္စကို တရုတ်ကိစ္စမှာလိုပဲ ကောင်စီတွင်း မဲခွဲ ဆုံးဖြတ်ရာမှာတော့ အဲဒီလို အထူးသံတမန် ထားရှိရေးဘက်က မဲနိုင်သွားခဲ့ပါတယ်။

အခုလို ရုရှားလူ့အခွင့်အရေး ဆိုင်ရာ ကုလအထူးသံတမန်ထားရှိရေးကိစ္စကို ထောက်ခံတဲ့ နိုင်ငံက ၁၇ နိုင်ငံ ရှိခဲ့ပြီး ဆန့်ကျင်တဲ့ နိုင်ငံကတော့ ၆ နိုင်ငံသာ ရှိခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ စိတ်ဝင်စားစရာ အခြေအနေကတော့ ဒီကိစ္စမှာ မဲမပေးပဲ နေတဲ့ နိုင်ငံက ၂၄ နိုင်ငံအထိ ရှိခဲ့တဲ့ အခြေအနေ ဖြစ်ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီဟာ ကမ္ဘာတလွှား လူ့အခွင့်အရေး မြှင့်တင်ရေးနဲ့ ချိုးဖောက်မှုများ ရှုတ်ချရေး လုပ်ဆောင်ရမယ့် တာဝန်ယူထားတဲ့ အဖွဲ့ ဖြစ်

ကုလ လူ့အခွင့်အရေးကောင်စီရဲ့ ထိရောက်မှုနဲ့ တစ်နိုင်ငံချင်းရဲ့ အကျိုးစီးပွားအခြေခံ စဉ်းစားမှု

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီဟာ ကမ္ဘာတလွှား လူ့အခွင့်အရေး မြှင့်တင်ရေးနဲ့ ချိုးဖောက်မှုများ ရှုတ်ချရေး လုပ်ဆောင်ရမယ့် တာဝန်ယူထားတဲ့ အဖွဲ့ ဖြစ်ပါတယ်။

ဒီကောင်စီဟာ ၂၀၁၁ ကတည်းက စခဲ့တဲ့ ဆီးရီးယားအရေးနဲ့ ပတ်သက်တဲ့ အသေးစိတ် အစီအရင်ခံစာတွေကို နှစ်စဉ် အောင်အောင်မြင်မြင် ထုတ်ပြန်နေနိုင်ခဲ့ပါတယ်။

ဒါ့အပြင် ဒီကောင်စီဟာ မြန်မာနိုင်ငံက ရိုဟင်ဂျာအသိုင်းအဝိုင်း ခံစားရတဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီးတော့လည်း အသေးစိတ် အစီအရင်ခံစာတွေ ထုတ်ပြန်ခြင်းအားဖြင့် လက်ရှိ မြန်မာစစ်အစိုးရမှာ အဓိကတာဝန်ရှိကြောင်းကိုလည်း ပေါ်လွင်စေခဲ့ပါတယ်။

ဒါပေမဲ့လည်း တရုတ်ပြည်တွင်း လူ့အခွင့်အရေးဆိုင်ရာမှာတော့ ကောင်စီရဲ့ တရုတ်သံတမန်က အနောက်နိုင်ငံတွေရဲ့ နိုင်ငံရေး ကြိုးကိုင် ချယ်လှယ်မှု ရှိတယ်ဆိုတဲ့ ပြောကြားမှုနဲ့အတူ တရုတ်ရဲ့ အာဖရိကနိုင်ငံတွေကို စည်းရုံးနိုင်မှုကြောင့် တရုတ်လူ့အခွင့်အရေးဆိုင်ရာကိစ္စတွေကို ကောင်စီတွင်းမှာ ကျယ်ကျယ်ပြန့်ပြန့် မငြင်းခုံနိုင်ပဲ ဖြစ်ခဲ့ရပါတယ်။

ဆက်လက်ဆွေးနွေးဖို့ မဲခွဲပြီး သဘောတူညီမှု ယူနိုင်တဲ့ ရုရှားကိစ္စမှာ ဆိုရင်တောင် မဲဝင်မပေးပဲ နေတဲ့ နိုင်ငံတွေကများနေတဲ့အတွက် ဒီကောင်စီအတွင်းက အင်အားကြီးနိုင်ငံတွေရဲ့ သြဇာကိုသာမက နိုင်ငံငယ်တွေက ဘယ်လို အခြေခံတွေနဲ့ ထောက်ခံတာ၊ ဆန့်ကျင်တာတွေ လုပ်လဲဆိုတာ စဉ်းစားစရာ ဖြစ်လာပါတယ်။

အခုလို တရုတ်နဲ့ ရုရှားအရေးတွေမှာ မဲမပေးပဲ နေလေ့ရှိတဲ့ အိန္ဒိယ၊ ပါကစ္စတန်၊ မက္ကဆီကို၊ အာမေးနီးယား၊ ဟွန်ဒူးရပ်စ် အစရှိတဲ့ နိုင်ငံတွေက ဆိုရင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ လက်ညှိုးထိုး စွပ်စွဲတာထက် တွေ့ဆုံဆွေးနွေးရေးဘက် လုပ်ဖို့ ပြောဆိုနေကြတာကို တွေ့ရပါတယ်။

ဒါ့အပြင် အချုပ်အချာအာဏာပိုင်တဲ့ နိုင်ငံတွေအနေနဲ့ ဒီလိုပြဿနာတွေကို အနောက်နိုင်ငံက လွှမ်းမိုးမှုတွေ မပါပဲ ဖြေရှင်းသင့်တယ်လို့လည်း ဒီနိုင်ငံတွေက ပြောဆိုခဲ့ကြပါတယ်။

အခုလို အခြေအနေတွေကို ကြည့်ခြင်းအားဖြင့် လက်တွေ့ ကမ္ဘာ့နိုင်ငံရေးမှာ လူသားအားလုံးနဲ့ သက်ဆိုင်တဲ့ အခွင့်အရေးတွေထက် နိုင်ငံတစ်နိုင်ငံချင်းနဲ့တကွ၊ ဒေသတွင်း အကျိုးစီးပွားတွေကို ပိုစဉ်းစားနေကြတာကို တွေ့မြင်နေရပါတယ်။

အင်အားကြီးနိုင်ငံတွေဘက်က သူတို့ရဲ့ အင်အားကို အသုံးပြုပြီး အဝေဖန်မခံရအောင် ရှောင်ကွင်းနေချိန်မှာ အင်အားနည်းတဲ့ နိုင်ငံတွေဘက်ကလည်း ပြင်ပဖိအား မလိုဘူးလို့ ပြောနေကြတဲ့အတွက် နောက်ဆုံး အရှုံးရင်ဆိုင်ရသူတွေက လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ သာမန်ပြည်သူတွေသာမကပဲ ကျန်တဲ့ ကမ္ဘာက သာမန်နိုင်ငံသားတွေပါ အပါအဝင် ဖြစ်လာတယ်လို့ လူ့အခွင့်အရေး လှုပ်ရှားတဲ့ အဖွဲ့တွေက ပြောဆိုနေကြပါတယ်။