ယူကရိန်း အရေးနဲ့ပတ်သက်ပြီး တရုတ်က စိုးရိမ်ပူပန်နေတာကို ပူတင် ထုတ်ဖော်ပြော
တက်စ်စာ ဝေါင်း နဲ့ ဆိုင်မွန် ဖရေစာ ဘီဘီစီ သတင်းဌာန

ဓာတ်ပုံ ရင်းမြစ်, Reuters
ရုရှားတို့ ယူကရိန်းကို ကျူးကျော်မှုပြီးနောက်ပိုင်း သမ္မတ ရှီကျင့်ဖျင်နဲ့ ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် ပြန်တွေ့ဆုံတဲ့ပွဲမှာ ဗလာဒီမီယာ ပူတင်က ယူကရိန်းအရေးနဲ့ ပတ်သက်လို့ တရုတ်ရဲ့ “စိုးရိမ်ပူပန်မှု”ကို အသိအမှတ်ပြုပါတယ်လို့ ပြောပါတယ်။
ဒါပေမယ့် မစ္စတာ ပူတင်က “မျှတတဲ့ ရပ်တည်မှု” အတွက် တရုတ်ခေါင်းဆောင်ကို ကျေးဇူးတင်ကြောင်း ပြောကာ၊ အမေရိကန်ရဲ့ “ကမ္ဘာကို တဦးတည်းကသာ လွှမ်းမိုး ချုပ်ကိုင် လိုတဲ့ (unipolar world) ကြိုးပမ်းမှု” ကျဆုံးလိမ့်မယ်လို့ ဥဇဘက်ကစ္စတန် နိုင်ငံမှာ သူတို့တွေ့ကြစဉ် ပြောလိုက်ပါတယ်။
မစ္စတာ ရှီက တရုတ်အနေနဲ့ ရုရှားကို “အဓိက နိုင်ငံတွေအဖြစ်” သဘောထားကာ အလုပ် အတူလုပ်သွားမယ်လို့ ဆိုပါတယ်။
ရုရှားရဲ့ ကျူးကျော်မှုကို တရုတ်က မထောက်ခံပါဘူး၊ ဒါပေမယ့် အဲဒီစစ်ပွဲ စပြီး နောက်ပိုင်း မော်စကိုနဲ့ ကုန်သွယ်ရေးတွေ၊ တခြားဆက်ဆံရေးတွေကို တိုးမြှင့် နေတာပါ။
ဆမ်မာကန်မှာ လုပ်တဲ့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Shanghai Cooperation Organisation - SCO) ထိပ်သီးညီလာခံက ကြားပေါက်ဆွေးနွေးပွဲမှာ ခေါင်းဆောင် နှစ်ယောက် စည်းဝေးတဲ့အခါ ရုရှားတို့ အရင် သိမ်းထားတဲ့ နေရာ တွေကနေ ဆုတ်နေရတဲ့ ယူကရိန်းစစ်ပွဲက အခရာ ကျခဲ့ပါတယ်။
“ယူကရိန်း အကျပ်အတည်းနဲ့ ပတ်သက်လို့ ကျွန်တော်တို့ အနေနဲ့ ကျွန်တော်တို့ တရုတ် မိတ်ဆွေတွေရဲ့ မျှတတဲ့ ရပ်တည်မှုကို တန်ဖိုး မြင့်မြင့်မားမား ထားပါတယ်”၊ ယူကရိန်းက အခြေအနေနဲ့ ပတ်သက်ပြီး တရုတ်ရဲ့ “မေးခွန်းတွေနဲ့ စိုးရိမ်မှု” ကို သူနားလည်ပါတယ်လို့ မစ္စတာ ပူတင်က သတင်းထောက်တွေကို ပြောသွားပါတယ်။
မစ္စတာ ပူတင် ပြောဆိုချက်နဲ့ မတူတဲ့ အစည်းအဝေးပြီး ထုတ်ပြန်ချက်မှာ တရုတ် အစိုးရက ယူကရိန်း စစ်ပွဲနဲ့ ပတ်သက်ပြီး ဘာမှ ပြောမသွားပါဘူး။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဒါပေမယ့် ရုရှားနဲ့ တရုတ်တို့အနေနဲ့ အဓိကအကျိုးစီးပွားတွေနဲ့ ပတ်သက် လို့ “အပြန်အလှန် ခိုင်မာတဲ့ ထောက်ခံမှု” ကို ဆက်ပြီး လုပ်ဆောင်သွားမယ် လို့ တရုတ်က ဆိုပါတယ်။ ဘေဂျင်းက သူတို့ရဲ့ မိတ်ဆွေဖြစ်မှုဟာ “တောင်တန်းလို တည်ငြိမ် တယ်” လို့လည်း ဆိုသွားပါတယ်။
ဒီကျူးကျော်စစ်ကြောင့် စစ်အေးကာလပြီးနောက်ပိုင်း ရုရှားအဖို့ အနောက်နဲ့ အဆိုးဆုံးသော အကျပ်အတည်းကို ရင်ဆိုင်တွေ့နေတာပါ။ ကမ္ဘာမှာ အစားအသောက်နဲ့ လောင်စာ စျေးတွေလည်း စစ်ပွဲကြောင့် ထိုးတက်ကုန်ပါတယ်။
လူ့အခွင့်အရေးအခြေအနေတွေ၊ ထိုင်ဝမ်ရဲ့ အနာဂတ်အရေး စတာတွေ အပါအဝင် ဒီနှစ်ပိုင်းတွေအတွင်း အနောက်နဲ့ ဆက်ဆံရေးကျဆင်းနေတဲ့ တရုတ်အဖို့လည်း ဒီစစ်ပွဲက စိန်ခေါ်မှုကို ပိုတိုးလာစေပါတယ်။
မစ္စတာ ပူတင်နဲ့ မစ္စတာ ရှီတို့ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ဒါဇင်နဲ့ ချီတဲ့ စည်းဝေးတာတွေ လုပ်ခဲ့ပေမယ့် သူတို့ရဲ့ ဒီနောက်ဆုံးတွေ့ခဲ့တဲ့ အဖြစ်အပေါ် လူအများက အာရုံပိုထားခဲ့ကြပါတယ်။
၁၉၉၁ ခုနှစ် ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲပြီးနောက်ပိုင်း သူတို့အဆို ကမ္ဘာမှာ အနောက်က လွှမ်းမိုးလာမှာကို အရံအတားလုပ်ဖို့ ရည်ရွယ်ပြီး သူတို့အကြား ဆက်ဆံရေး တိုးမြှင့်လာတာတွေက ကမ္ဘာ့နိုင်ငံရေးတည်ငြိမ်ဖို့ ထိန်းညှိတဲ့ စနစ်သစ် မှာ အဓိကအရွေ့တခု အဖြစ် ရှိနေတာပါ။
တရုတ်က စီးပွားရေးအရ ဆူပါ ပါဝါဖြစ်လာတဲ့အခါ မိတ်ဆွေနှစ်ယောက်ကြားမှာ သူက ပိုဦးဆောင်တဲ့ အခန်းကဏ္ဍမှာ ရှိလာပါတယ်။
“ရုရှားက နိုင်ငံတကာအလယ်မှာ အထီးကျန်လာတော့ ရှီရဲ့ အခြေအနေထက် သူက ပိုထိခိုက်နေပါတယ်” လို့ အောက်စဖို့ဒ် တက္ကသိုလ်က နိုင်ငံတကာ ဆက်ဆံရေး ဝါရင့် သုတေသီ ပါမောက္ခ အီမာရေးတပ်စ် ရို့စ်မေရီ ဖုက ဘီဘီစီကို ပြောပါတယ်။
“ဒီတော့ တရုတ်အဖို့ အားပေးထောက်ခံတဲ့ မိတ်ဆွေတယောက်လို နေပြရမယ် ဆိုတာက အရေးကြီးလာပါတယ်၊ ရိုးရိုးမဟာမိတ် မဟုတ်ဘဲ အားပေးတဲ့ သူလည်း ဖြစ်ရမယ်။ ရင်းနှီးတဲ့ ဆက်ဆံရေးရှိတာကို ပြရမယ်။”
တွေ့ဆုံပွဲမှာ မစ္စတာ ရှီက မစ္စတာ ပူတင်ကို “မိတ်ဆွေဟောင်း တယောက်”လို့ သုံးနှုန်းခဲ့တာကလည်း မှတ်မှတ်ထင်ထင် ဖြစ်စရာ တခုပါ။
သူက နောက်လမှာလုပ်မယ့် ကွန်မြူနစ် ပါတီ ကွန်ကရက်မှာ တတိယ အာဏာ သက်တမ်း အတွက် ပြန်အရွေးခံရဖို့ ရည်မှန်းထားပြီး ကိုဗစ် ကမ္ဘာ့ကပ်စကတည်းက ပထမဆုံးအကြိမ် ပြည်ပထွက်လာတဲ့ သူ့ခရီးစဉ်က ဗဟို အာရှ နိုင်ငံတွေကို ဦးတည် ထားတာပါ။
တရုတ်နဲ့ ရုရှားတို့ဟာ အနောက်က ဦးဆောင်တဲ့ နိုင်ငံစုံအဖွဲ့အစည်းတွေလို ဆိုဗီယက် ဟောင်း ဗဟိုအာရှနိုင်ငံ ၄ နိုင်ငံနဲ့ ၂၀၀၁ ခုနှစ်မှာ စတည်ထောင်ထားတဲ့ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) မှာ သြဇာလွှမ်းနိုင်ဖို့ ရေရှည် ကြိုးစားလာကြ တာပါ။ ဒီ SCO ထဲမှာ အိန္ဒိယ၊ ပါကစ္စတန်နဲ့ အီရန် တို့လည်း ပါဝင်ကြပါတယ်။
ဘေဂျင်း ဆောင်းရာသီအိုလံပစ်ပွဲတော်ကို မစ္စတာရှီရဲ့ ဖိတ်ခေါ်မှု အရ မစ္စတာ ပူတင် သွားစဥ် ဖေဖော်ဝါရီလက သူတို့ နှစ်ယောက် နောက်ဆုံးတွေ့ခဲ့ကြပြီး သူတို့ရဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးကို အမွှန်းတင်ဖို့ ကြိုးစားခဲ့ကြကာ “အတိုင်းအဆ မရှိတဲ့” ရင်းနှီးချစ်ကြည်မှုလို့ ကြေညာခဲ့ကြပါတယ်။
အဲဒီနောက် ရက်အတော်အကြာလေးမှာပဲ ရုရှားက ယူကရိန်းကို ဝင်ကျူးကျော်ခဲ့ကာ နိုင်ငံတကာရဲ့ ရှုတ်ချတာတွေ၊ အရေးယူပိတ်ဆို့တာတွေ ပေါ်လာခဲ့ပြီး အများက တရုတ် - ရုရှား ဆက်ဆံရေးကို အာရုံထားကြည့်ခဲ့ကြပါတယ်။
ပဋိပက္ခကို ရပ်ဖို့နဲ့ နိုင်ငံတခုရဲ့ အချုပ်အခြာအာဏာပိုင်မှုကို အလေးထားဖို့ ဘေဂျင်း က တိုက်တွန်းခဲ့ပါတယ်။ ဒါပေမယ့် ရုရှားက ဒီစစ်ပွဲကို “အထူးစစ်ဆင်ရေး” လို့ ခေါ်ဝေါ်နေချိန်မှာ ဒီစစ်ပွဲကို ကျူးကျော်စစ်အဖြစ် သတ်မှတ်ဖို့ ကိုတော့ တရုတ်တို့က ငြင်းပယ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းမှာ ရုရှားနဲ့ စစ်ရေးလေ့ကျင့်မှု အတူလုပ်ဖို့ သူ့ရဲ့ တပ်ဖွဲ့တွေကို တရုတ်က ပို့ခဲ့သလို၊ ရုရှား ထိပ်တန်းတပ်မှူးတွေနဲ့ တွေ့ဖို့ သူတို့ရဲ့ အဆင့်တူ တပ်မှူးတွေကို စေလွှတ်ခဲ့ပါတယ်။ အနောက်က ရုရှားအပေါ် အရေးယူ ပိတ်ဆို့တာတွေ လုပ်နေတဲ့ ဒီကာလမှာ တရုတ်က ရုရှားကို စီးပွားရေး အကူအညီ တွေလည်း ပေးပါတယ်။
ဒီဆက်ဆံရေးက နှစ်နိုင်ငံလုံးအတွက် အကျိုးဖြစ်ခဲ့ပါတယ်။ ဥရောပက ရုရှားရဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ကို အဝယ်လျှော့နေချိန်မှာ တရုတ်က ရုရှား ဆီကနေ အရင်ကထက် ပိုဝယ်ခဲ့ပါတယ်။ လျှော့စျေးနဲ့ ရတယ်လို့လည်း ကြားရပါတယ်။
ပြီးခဲ့တဲ့လအတွင်းက ရုရှားရဲ့ သဘာဝ ဓာတ်ငွေ့အတွက် ရုရှား ရူဘယ်ငွေ၊ တရုတ် ယွမ်ငွေတို့နဲ့ ပေးချေမယ်လို့ တရုတ်က သဘောတူခဲ့ပါတယ်။ ဒါဟာ ရုရှားအဖို့ လိုအပ်ချက်တခုလည်း ဖြစ်သလို နိုင်ငံတကာသုံးငွေတခုအဖြစ် ယွမ်ငွေကို သုံးကြဖို့ အားပေးနေတဲ့ တရုတ်အတွက်လည်း ကောင်းတဲ့ အချက်ပါ။

ဓာတ်ပုံ ရင်းမြစ်, Reuters
ဒါပေမယ့် တရုတ်က စည်းတခုသားထားပုံ ရပါတယ်။
မော်စကိုဟာ လက်နက်ခဲယမ်း အလွန်လိုအပ်နေပြီး အဲဒါတွေ ရနိုင်ဖို့ အီရန် ချဉ်းကပ် နေကာ မြောက်ကိုရီးယား ကိုတောင် ဆက်သွယ်နေတာလို့ အမေရိကန် ထောက်လှမ်းရေးဘက်က ပြောပါတယ်။ တရုတ်ကိုလည်း သူတို့ လက်နက်ကိစ္စ ပြောမယ်ဆိုတာ ယုံကြည် ရလောက်ပါတယ်။ ဒါပေမယ့် အခုအချိန်အထိ တရုတ်က အဲဒီကိစ္စနဲ့ ပတ်သက်လို့ သဘောတူပုံမရသေးပါဘူး။
ရဲဘော်ရဲဘက်စိတ်ဓာတ်ကို တောက်တောက်ပြောင်ပြောင် ပုံဖော်နေကြပေမယ့် အကြောင်းခံများစွာကြောင့် မစ္စတာ ရှီဟာ သူနဲ့ မစ္စတာ ပူတင်အကြား တချို့နေရာ တွေမှာ ခပ်ခွာခွာ နေလိုတယ်လို့ တချို့ လေ့လာသုံးသပ်သူတွေက ယုံကြည်ကြ ပါတယ်။
“ရုရှားတို့ ယူကရိန်းမှာ နည်းနာအရ ဆုတ်ခွာနေတာက အကြီးအမားဖြစ်နေတဲ့ အချိန်မှာ မော်စကိုဘက်ကို ယိမ်းလိုက်ရင် အခုသူတို့ ရှိနေတဲ့ အနေအထားထက် ပိုခက်သွားမှာမို့ တရုတ်က အဲသလို မယိမ်း ခဲ့တာပါ” လို့ Carnegie Endowment for International Peace က ဒုဥက္ကဋ္ဌ အီဗန် ဖိုင်ဂျန်ဗွန်က ဟိုတလောလေးက မှတ်ချက်ချထားပါတယ်။
နောက်တခုကလည်း SCO မှာ ပါဝင်တဲ့ အရင် ဆိုဗီယက်ပြည်ထောင်စု အဖွဲ့ဝင် နိုင်ငံဟောင်း ဗဟို အာရှနိုင်ငံ ၄ နိုင်ငံက ရုရှားရဲ့ ယူကရိန်း ကျူးကျော်စစ်ကို မထောက်ခံပါဘူး။ ဒီအချက်ကလည်း မစ္စတာ ရှီ အလေး ထားကြည့်ရမယ့် အချက်ပါ။
“ဘာတွေဖြစ်နေကြလဲလို့ ဗဟိုအာရှနိုင်ငံတွေ တုန်လှုပ်နေကြတာ၊ စိတ်မချမ်းမသာ ဖြစ်နေကြတာကို (မစ္စတာ ရှီ)က အလေးကို ထားရမယ်” လို့ ပါမောက္ခ ဖုက ဘီဘီစီကို ပြောပါတယ်။
(ဒီဆောင်းပါးကို BBC Monitoring ကလည်း ပူးပေါင်းရေးသားပါတယ်)








