ပြည်ပကို မွေးစားဖို့ အပို့ခံခဲ့ရတဲ့ သမီးနဲ့ ၄၄ နှစ်ကြာမှ ပြန်တွေ့ရတဲ့ တောင်ကိုရီးယား မိခင်

သမီးဖြစ်သူ ကျွန်ဟာ ရဲ့ ပုံတွေပါတဲ့ ဓာတ်ပုံကို ကိုင်ရင်း ကင်မရာရှေ့မှာ ဟန်တေဆွန်း ရပ်နေပုံ

ဓာတ်ပုံ ရင်းမြစ်, BBC Korean

ဓာတ်ပုံ ပုံစာ, သမီးဖြစ်သူ ကျွန်ဟာ ကို ဆယ်စုနှစ်ပေါင်းများစွာ လိုက်ရှာနေခဲ့တဲ့ အမေ ဟန်တေဆွန်း
    • ရေးသားသူ, ယူနာ မွန်းနှင့် တက်ဆာ ဝေါင်း
    • ရာထူးတာဝန်, ဘီဘီစီ သတင်းဌာန
    • ရေးသားပေးပို့သည့်နေရာ, Seoul and Singapore

သူ့သမီးနဲ့ ပတ်သက်လို့ ဟန်တေဆွန်း နောက်ဆုံး မှတ်မိတာက ၁၉၇၅ ခုနှစ် မေလတုန်းက သူတို့ရဲ့ ဆိုးလ်မြို့ နေအိမ်မှာ ကလေးဘဝ နေခဲ့စဉ်တုန်းက ဖြစ်ပါတယ်။

"ကျွန်မ စျေးသွားမလို့ လုပ်တော့ ကျွန်ဟာ့ကို သမီးရော လိုက်မလားလို့ မေးတယ်။ သမီးက သူ့သူငယ်ချင်းတွေနဲ့ ကစားမလို့၊ မလိုက်တော့ဘူး မေမေ ဆိုပြီး ပြန်ဖြေတယ်" လို့ ဟန်တေဆွန်း က ပြန်ပြောင်း ပြောပြပါတယ်။

"ကျွန်မလည်း စျေးကပြန်လာရော၊ သမီးလည်း မရှိတော့ဘူး။"

အဲဒီအချိန်ကစလို့ ဟန်တေဆွန်း သူ့သမီးကို ထပ်မတွေ့တော့တာ နှစ်ပေါင်း ၄၀ ကျော်သွားခဲ့ပါတယ်။ သူတို့ သားအမိ ပြန်တွေ့ဆုံတဲ့အချိန်မှာတော့ သမီးဖြစ်သူ ကျွန်ဟာ ဟာ လုံးဝ မမှတ်မိနိုင်လောက်အောင် လော်ရီ ဘန်ဒါ ဆိုတဲ့ လူလတ်ပိုင်း အမေရိကန် အမျိုးသမီးတစ်ဦးအဖြစ် ပြောင်းလဲသွားခဲ့ပါပြီ။

ကျွန်ဟာ့ ကို သူ့အိမ်အနားမှာ ပြန်ပေးဆွဲသွားပြီး မိဘမဲ့ဂေဟာကို အပို့ခံခဲ့ရတယ်၊ အဲဒီနောက်မှာ အမေရိကန်နိုင်ငံဆီ ခိုးထုတ်သွားခဲ့ပြီး တခြားမိသားစုတစ်စုက မွေးစားခဲ့တာလို့ ဟန်တေဆွန်းက စွပ်စွဲ ပြောဆိုနေပါတယ်။ သူ့သမီး ပြည်ပမှာ မွေးစားခံရတာကို မတားဆီးပေးနိုင်တဲ့အတွက် တောင်ကိုရီးယား အစိုးရကို ဟန်တေဆွန်းက အခုအခါ တရားစွဲထားပါတယ်။

ကလေးငယ်တွေကို ပြည်ပကိုပို့တဲ့အခြေအတင်အငြင်းပွားစရာ တောင်ကိုရီးယားအစိုးရ မွေးစားစီမံကိန်းမှာ လိမ်လည်မှုတွေ၊ တရားမဝင် မွေးစားမှုတွေ၊ ပြန်ပေးဆွဲမှုတွေ၊ လူကုန်ကူးမှုတွေ ရှိနေတယ်ဆိုပြီး လတ်တလောနှစ်ပိုင်းတွေအတွင်း စွပ်စွဲပြောဆိုလာကြတဲ့ လူရာပေါင်းများစွာထဲမှာ ဟန်တေဆွန်းလည်း အပါအဝင် ဖြစ်ပါတယ်။

ခုချိန်ထိ တောင်ကိုရီးယားနိုင်ငံလောက် ဘယ်နိုင်ငံကမှ ကလေး ဒီလောက်များများ ပြည်ပကို မွေးစားဖို့ပို့တာမျိုး မရှိသေးပါဘူး။ အစိုးရရဲ့ ပြည်ပ ကလေးမွေးစား စီမံကိန်းကို ၁၉၅၀ ပြည့်လွန်နှစ်တွေမှာ စတင်ခဲ့တာ ဖြစ်ပါတယ်။ ကလေးပေါင်း ၁၇၀,၀၀၀ ကနေ ၂၀၀,၀၀၀ အထိ ပြည်ပကို ပို့ခဲ့ပြီး အများစုဟာ အနောက်နိုင်ငံတွေ ဖြစ်ပါတယ်။

အကျိုးအမြတ်ရဖို့ ပုဂ္ဂလိကအေဂျင်စီတွေက ကုန်ထုတ်သလို အတိုင်းအတာမျိုးနဲ့ ကလေးတွေ အစုလိုက်အပြုံလိုက် ပြည်ပကို ပို့နေတာကို ကြီးကြပ်စစ်ဆေးဖို့ ပျက်ကွက်ခဲ့တဲ့အတွက် တောင်ကိုရီးယားအစိုးရ အဆက်ဆက်အနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်ခဲ့တယ်လို့ စုံစမ်းစစ်ဆေးမှုတစ်ခုက မတ်လတုန်းက သမိုင်းဝင် ဖော်ထုတ်တွေ့ရှိခဲ့ပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဒီတွေ့ရှိမှုဟာ အစိုးရအပေါ် နောက်ထပ် တရားစွဲဆိုမှုတွေ လုပ်နိုင်အောင် လမ်းဖွင့်ပေးလိုက်နိုင်ဖွယ်ရှိတယ်လို့ ဥပဒေကြောင်း ကျွမ်းကျင်သူတွေက ပြောပါတယ်။ ဟန်တေဆွန်းကလည်း လာမယ့်လမှာ တရားရုံးတက်ဖို့ စီစဉ်ထားပါတယ်။

ဒါဟာ သမိုင်းဝင်အမှုတွဲ နှစ်ခုထဲက တစ်ခု ဖြစ်ပါတယ်။ ဟန်တေဆွန်း ဟာ အစိုးရထံက လျော်ကြေးရလိုမှုနဲ့ တရားစွဲထားတဲ့ ပြည်ပအပို့ခံ မွေးစားကလေးတစ်ဦးရဲ့ ပထမဆုံး မိဘအရင်း ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာ မွေးစားခံခဲ့ရတဲ့နောက်အမျိုးသားတစ်ဦးကတော့ ၂၀၁၉ ခုနှစ်မှာ တောင်ကိုရီးယားအစိုးရကို တရားစွဲတဲ့ ပထမဆုံးမွေးစားကလေး ဖြစ်ပါတယ်။

"အချိန်ကာလအကြာကြီး ကိုယ့်သွေးသားတွေကို ရှာမတွေ့နိုင်ဘဲ ဖြစ်ခဲ့ကြရတဲ့သူ အယောက်တိုင်းနဲ့ သူတို့ရဲ့ မိသားစုတွေရဲ့နာကျင်မှုဝေဒနာတွေကို တောင်ကိုရီးယားအစိုးရအနေနဲ့ တကယ့်ကို စာနာသနားမိပါတယ်" လို့ တောင်ကိုရီးယား အစိုးရပြောခွင့်ရသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ဒါ့အပြင် ဟန်တေဆွန်းရဲ့ ဖြစ်ရပ်အပေါ် "အကြီးအကျယ် စိတ်မကောင်း ဖြစ်မိပါကြောင်း"နဲ့ တရားရုံး ကြားနာစစ်ဆေးမှုကနေ ထွက်ပေါ်လာတဲ့ ဆုံးဖြတ်ချက်ရလဒ်ပေါ် အခြေခံပြီး "လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုတွေ" လုပ်သွားမှာ ဖြစ်တယ်လို့လည်း ပြောသွားပါတယ်။

အသက် ၇၁ နှစ်အရွယ် ဟန်တေဆွန်းက ဒီကိစ္စအပေါ် အစိုးရကို တာဝန်ခံခိုင်းဖို့ သူ စိတ်ပိုင်းဖြတ်ထားတယ်လို့ ဘီဘီစီကို ပြောပါတယ်။

"၄၄ နှစ်ကြာ ကျွန်မရဲ့ သမီးကို လိုက်ရှာရင်း ကျွန်မမှာ ကိုယ်ရော စိတ်ပါ ထိခိုက်ခဲ့ရပါတယ်။ ဒါပေမဲ့ ဒီကာလတလျှောက်လုံးမှာ ဘယ်သူက လာပြီး ကျွန်မကို တောင်းပန်စကား ပြောခဲ့ဖူးသလဲ။ ဘယ်သူကမှ၊ တစ်ခါမှ မပြောခဲ့ကြပါဘူး။"

ဟန်တေဆွန်းနဲ့ ခင်ပွန်းသည်တို့ ရဲဌာနပေါင်းစုံ၊ မိဘမဲ့ဂေဟာ ပေါင်းစုံမှာ ဆယ်စုနှစ်နဲ့ချီ သမီးရှာပုံတော် ဖွင့်ခဲ့ကြပါတယ်။ လူပျောက်ရှာတဲ့ လက်ကမ်းကြော်ငြာတွေ နေရာအနှံ့ လိုက်ကပ်ခဲ့သလို သမီးကိုတွေ့ရင် အကြောင်းကြားကြဖို့ ရုပ်မြင်သံကြားပေါ်ကနေလည်း ပန်ကြားခဲ့ပါတယ်။ သူ့ရဲ့ ခြေသည်းတွေ ကွာကျကုန်တဲ့အထိ လမ်းမတွေပေါ်မှာ တစ်နေကုန် သမီးကို လိုက်ရှာခဲ့တယ်လို့ ဟန်တေဆွန်းက ပြန်ပြောပြပါတယ်။

အဲဒီနှစ်တွေအတွင်း သူ့သမီးနဲ့ တွေ့ရတော့မယ်လို့ ထင်ခဲ့မိပါတယ်။ ၁၉၉၀ ခုနှစ်မှာ ရုပ်မြင်သံကြားပေါ်ကနေ ပန်ကြားခဲ့အပြီးမှာ သူ့သမီး ကျွန်ဟာ ဖြစ်နိုင်တယ်လို့ ယူဆရတဲ့ အမျိုးသမီးတစ်ဦးနဲ့ ဟန်တေဆွန်း တွေ့ခဲ့ပါတယ်။ အဲဒီအမျိုးသမီးကို သူ့မိသားစုနဲ့ အတူလာနေဖို့တောင်မှ တော်တော်ကြာကြာ ခေါ်ထားခဲ့ပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာ အဲဒီအမျိုးသမီးက သူဟာ ဟန်တေဆွန်းရဲ့ သမီး မဟုတ်ဘူးဆိုတာကို ထုတ် ဝန်ခံခဲ့ပါတယ်။

၂၀၁၉ ခုနှစ်မှာမှ ပြည်ပက ကိုရီးယားလူမျိုး မွေးစားကလေးတွေကို DNA မျိုးဗီဇ တိုက်ကြည့်ပြီး မိဘအရင်းတွေနဲ့ ပြန်ဆက်သွယ်ပေးတဲ့ "325 Kamra" ဆိုတဲ့အဖွဲ့ထံ ဟန်တေဆွန်း မှတ်ပုံတင် စာရင်းပေးခဲ့ရာကနေ နောက်ဆုံးမှာ သတင်းကောင်း ရုတ်တရက် ကြားခဲ့ရပါတယ်။

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်က သူနာပြုဆရာမ လော်ရီ ဘန်ဒါ ဆိုတဲ့ အမျိုးသမီးလေးနဲ့ ဟန်တေဆွန်းတို့ DNA မျိုးဗီဇချင်း တူနေကြတယ်ဆိုတာကို သိလိုက်ရပါတယ်။

ဖုန်းနဲ့ အကြိမ်ပေါင်းများစွာ စကားပြောခဲ့အပြီး မိခင်ဖြစ်သူ ဟန်တေဆွန်းနဲ့တွေ့ဖို့ ဆိုးလ်မြို့ကို လော်ရီ ဘန်ဒါ လေယာဉ်နဲ့ ရောက်လာခဲ့ပါတယ်။ လေဆိပ်မှာ သားအမိနှစ်ဦး မျက်ရည်လည်ရွဲနဲ့ ပြန်လည် ဆုံတွေ့ခဲ့ကြပါတယ်။

၂၀၁၉ ခုနှစ်က ဆိုးလ် လေဆိပ်မှာ ဟန်တေဆွန်းနဲ့ သူ့သမီးတို့ ပြန်လည် ဆုံတွေ့ခဲ့ကြပါတယ်။ သမီးကို ဖက်ရင်း ဟန်တေဆွန်း ငိုယိုခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, News1

ဓာတ်ပုံ ပုံစာ, ၂၀၁၉ ခုနှစ်က ဆိုးလ် လေဆိပ်မှာ ဟန်တေဆွန်းနဲ့ သူ့သမီးတို့ ပြန်လည် ဆုံတွေ့ခဲ့ကြစဉ်
ပထမဆုံးအကြိမ် ပြန်လည်ဆုံတွေ့စဉ်မှာ ဟန်တေဆွန်းတို့ သားအမိ ငိုယိုရင်း တစ်ဦးနဲ့တစ်ဦး ဖက်ယမ်း နှုတ်ဆက်ခဲ့ကြ

ဓာတ်ပုံ ရင်းမြစ်, News1

ဓာတ်ပုံ ပုံစာ, ပထမဆုံးအကြိမ် ပြန်လည်ဆုံတွေ့စဉ်မှာ ဟန်တေဆွန်းတို့ သားအမိ ငိုယိုရင်း တစ်ဦးနဲ့တစ်ဦး ဖက်ယမ်း နှုတ်ဆက်ခဲ့ကြ

သူတို့နှစ်ဦး ဖက်ယမ်း နှုတ်ဆက်ကြချိန်မှာ ဟန်တေဆွန်းက ကျွန်ဟာရဲ့ ဆံပင်တွေကို ပွတ်သပ် ထိတွေ့ခဲ့ပါတယ်။ "ကျွန်မ ဆံပင်ညှပ်တဲ့အလုပ် လုပ်လာတာ နှစ် ၃၀ ရှိပါပြီ။ သမီးရဲ့ ဆံပင်ကို ထိလိုက်ရုံနဲ့ ကျွန်မ သမီးဆိုတာကို ချက်ချင်း ပြောနိုင်ပါတယ်။ အရင်က တခြားတစ်ယောက်ကို ကျွန်မသမီး ဆိုပြီး မှားထင်ခဲ့မိတယ်။ ဒီတစ်ခါမှာတော့ ကျွန်မသမီး အစစ် ဟုတ်မဟုတ်ဆိုတာကို တပ်အပ်ပြောနိုင်ဖို့ ဆံပင်ကို ကိုင်ကြည့်မှ ဖြစ်မယ်" လို့ သူက ပြောပါတယ်။

သူ့သမီးကို သူပထမဆုံး ပြောခဲ့တဲ့ စကားက "အမေ တောင်းပန်ပါတယ်" တဲ့။

"သမီး ကလေးအရွယ်တုန်းက လိုက်ရှာပြီး အိမ်ကို ပြန်ခေါ်မလာနိုင်တဲ့အတွက် ကျွန်မမှာ အပြစ်ရှိသလို ခံစားမိပါတယ်။ သူ့အမေကို သူဘယ်လောက်တောင် လိုက်ရှာနေလေမလဲလို့ ကျွန်မ တစ်ချိန်လုံး တွေးနေမိတယ်။ ဒီလောက် နှစ်တွေ ကြာအပြီး သမီးကို ပြန်တွေ့ရတဲ့အချိန်မှာ သမီးလေး သူ့အမေကို ဘယ်လောက်တောင် လွမ်းဆွတ် သတိရနေမလဲ ဆိုတာကို ကျွန်မ သိခဲ့ရတာမို့ ကျွန်မ ရင်ကွဲလုမတတ် ဖြစ်ခဲ့ရပါတယ်။"

"အမေ့ကို ပြန်တွေ့တဲ့အချိန်မှာ ကျွန်မရဲ့ နာကျင်မှု ဝေဒနာတွေအားလုံး ပျောက်ကင်းသွားသလို ခံစားမိပါတယ်" လို့ ကျွန်ဟာ က သူတို့ သားအမိ ပြန်လည်ဆုံစည်းမှုအကြောင်း AP သတင်းဌာနနဲ့ အစောပိုင်း အင်တာဗျူးတစ်ခုမှာ ပြောပြပါတယ်။ အဲဒီတုန်းက အင်တာဗျူးပေးဖို့ ဘီဘီစီရဲ့ ပန်ကြားချက်ကို ကျွန်ဟာ မတုံ့ပြန်ခဲ့ပါဘူး။

၁၉၇၅ ခုနှစ် မေလက အဲဒီနေ့မှာ ဘာဖြစ်ခဲ့သလဲဆိုတာကို သူတို့ သားအမိ ပြန်ပြောင်း အဖြေရှာခဲ့ကြပါတယ်။

အဲဒီအချိန်က ခြောက်နှစ်အရွယ် ကျွန်ဟာ ဟာ အိမ်နားမှာ ကစားနေတုန်း တစ်ခါမှ မတွေ့ဖူးတဲ့ အမျိုးသမီးကြီးတစ်ဦး အနားကပ်လာပြီး သူ့အမေနဲ့ သိတယ်ဆိုပြီး သူ့ကို ပြောခဲ့ပါတယ်။ ကျွန်ဟာ့ကို သူ့အမေက မလိုချင်တော့ဘူးလို့ အဲဒီအမျိုးသမီးကြီးက ပြောခဲ့ပြီး ဘူတာရုံတစ်ခုဆီ ခေါ်သွားခဲ့ပါတယ်။

အဲဒီအမျိုးသမီးကြီးနဲ့ ရထား အတူစီးသွားခဲ့အပြီးမှာ ဂိတ်ဆုံးဘူတာမှာ ကျွန်ဟာကို ပစ်ထားခဲ့ပါတယ်။ အဲဒီမှာ ရဲအရာရှိတွေနဲ့ တွေ့ပြီး သူ့ကို မိဘမဲ့ဂေဟာတစ်ခုကို ပို့လိုက်ပါတယ်။ အဲဒီနောက် ချက်ချင်းဆိုသလိုပဲ ဗာဂျီးနီးယားပြည်နယ်က ဇနီးမောင်နှံစုံတွဲ တစ်တွဲက မွေးစားဖို့ ခေါ်လိုက်လို့ အမေရိကန်နိုင်ငံကို လေယာဉ်နဲ့ ရောက်သွားခဲ့ပါတယ်။

ကျွန်ဟာ့ကို မိဘ ဘယ်သူဘယ်ဝါ မသိတဲ့ စွန့်ပစ်ခံ မိဘမဲ့ တစ်ဦးအဖြစ် စာရွက်စာတမ်းအတုတွေနဲ့ ဖော်ပြထားတာကို နှစ်ပေါင်းများစွာအကြာ ပြန်လည် စစ်ဆေးစဉ် ထုတ်ဖော် တွေ့ခဲ့ရပါတယ်။

"အတုအယောင်ဘဝမှာ အသက်ရှင်နေနေရတဲ့ ပုံမျိုးပါ။ ကိုယ်သိထားသမျှတွေအားလုံးက မဟုတ်မမှန်တာတွေချည်း ဖြစ်နေပါတယ်" လို့ ကျွန်ဟာ က ပြောပြပါတယ်။

ဒါက သူတစ်ယောက်တည်းပဲ ဖြစ်တဲ့ ဖြစ်ရပ်မျိုး မဟုတ်ပါဘူး။

အာရှက ကလေးတွေကို အနောက်နိုင်ငံတွေဆီ လူကုန်ကူးမှု

တောင်ကိုရီးယားနိုင်ငံရဲ့ ပြည်ပပို့ မွေးစားကလေး စီမံကိန်းကို ၁၉၅၀-၅၃ ခုနှစ် ကိုရီးယား စစ်ပွဲပြီးခါစမှာ စတင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်က တောင်ကိုရီးယားနိုင်ငံမှာ မိဘမဲ့၊ စစ်ရှောင် ကလေးငယ်ပေါင်း တစ်သိန်းလောက် ရှိနေပြီး အကြီးအကျယ် ဆင်းရဲမွဲတေနေခဲ့ပါတယ်။

အဲဒီအချိန်တုန်းက တောင်ကိုရီးယား မိသားစုအနည်းအပါးလောက်ကပဲ သွေးသားမတော်စပ်တဲ့ ကလေးတွေကို မွေးစားဖို့ စိတ်ဆန္ဒရှိခဲ့ကြပါတယ်။ ဒါ့ကြောင့် အစိုးရက လူသားချင်း စာနာတဲ့ လုပ်ဆောင်မှုအဖြစ် သတ်မှတ်ကြေညာပြီး ကလေးတွေကို ပြည်ပပို့ မွေးစားခိုင်းတဲ့ စီမံကိန်းကို စခဲ့ပါတယ်။

ဒီစီမံကိန်းကို ပုဂ္ဂလိက မွေးစားအေဂျင်စီတွေက အပြည့်အဝ ကိုင်တွယ် လုပ်ဆောင်ခဲ့ပါတယ်။ အစိုးရရဲ့ ကြီးကြပ်မှုအောက်မှာ ရှိပေမဲ့ အချိန်ကြာလာတာနဲ့အမျှ အဲဒီ ပုဂ္ဂလိက မွေးစားအေဂျင်စီတွေဟာ သူတို့ သဘောနဲ့ သူတို့ စိတ်ကြိုက် လုပ်ပိုင်ခွင့်တွေ သိသိသာသာ ရလာကြပါတယ်။

လုပ်ပိုင်ခွင့် သြဇာအာဏာတွေ ကြီးထွားလာခဲ့သလို ပြည်ပကို ပို့တဲ့ ကလေးအရေအတွက်ကလည်း ၁၉၇၀ ပြည့်လွန်နှစ်တွေမှာ တဟုန်ထိုး တိုးလာခဲ့ပြီး ၁၉၈၀ ပြည့်လွန်နှစ်တွေမှာတော့ အမြင့်ဆုံး ဖြစ်ခဲ့ပါတယ်။ ၁၉၈၅ ခုနှစ် တစ်နှစ်တည်းမှာတင် ကလေး ၈၈၀၀ ကျော်ကို ပြည်ပကို ပို့ခဲ့ပါတယ်။

အဲဒီအချိန်က ကလေးမွေးစားလိုသူတွေ အနောက်နိုင်ငံတွေမှာ အများကြီးရှိခဲ့ပါတယ်။ အနောက်နိုင်ငံတွေမှာက ကလေးမွေးဖွားမှုနှုန်း ကျဆင်းနေပြီး သူတို့နိုင်ငံတွင်းမှာလည်း မွေးစားဖို့ ကလေး အလုံအလောက် မရှိခဲ့တာကြောင့် ကလေးမွေးစားချင်သူတွေက တခြားနိုင်ငံတွေက ကလေးတွေကို လိုက်ရှာမွေးစားခဲ့ကြပါတယ်။

အဲဒီခေတ်ကာလက ဓာတ်ပုံတွေထဲမှာ အနောက်နိုင်ငံတွေဆီ ပျံသန်းလာတဲ့ လေယာဉ်တွေပေါ်က ထိုင်ခုံတွေမှာ ခါးပတ်တွေနဲ့ ပတ်ပြီး ထိုင်ခိုင်းထားတဲ့ ကိုရီးယားကလေးငယ်တွေ အပြည့်တင်ဆောင်လာပုံကို တွေ့ရပါတယ်။ "ကုန်ပစ္စည်းတွေ စုပြုံတင်သွားသလို ကလေးတွေကို အပြုံလိုက် ခေါ်ဆောင်သွားပုံ" ကို ဖြစ်ရပ်မှန် ဖော်ထုတ်ရေးနဲ့ ပြန်လည်ပေါင်းစည်းရေးကော်မရှင်အဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှု အစီရင်ခံစာမှာ ဖော်ညွှန်း တင်ပြထားပါတယ်။

နာရီပေါင်းများစွာ ကြာမြင့်တဲ့ အဲဒီလေယာဉ် ခရီးစဉ်တွေအတွင်း ကလေးတွေကို ပြုစုစောင့်ရှောက်တာမျိုး မရှိသလောက်ပဲလို့ အစီရင်ခံစာမှာ စွပ်စွဲထားပါတယ်။ ၁၉၇၅ ခုနှစ်က ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တစ်ခုမှာဆိုရင် နို့မှာပါတဲ့ လက်က်တို့စ်နဲ့ ဓာတ်မတည့်တဲ့ ကလေးတစ်ယောက်ကို လေယာဉ် ခရီးတစ်ထောက်နားစဉ်မှာ နို့တိုက်ခဲ့တဲ့အတွက် ဒိန်းမတ်နိုင်ငံအရောက်မှာ အဲဒီကလေး သေဆုံးသွားခဲ့တာမျိုး ရှိခဲ့ဖူးပါတယ်။

တောင်ကိုရီးယားမှာ စီးပွားရေး အလျင်အမြန် တိုးတက်လာနေချိန်မျိုးမှာ ပြည်ပကို ကလေးဒီလောက်များများ ပို့ဖို့ ဘာ့ကြောင့်လိုတာလဲလို့ ဒီစီမံကိန်းကို ဝေဖန်သူတွေက ဟိုးကတည်းက မေးခွန်းထုတ်နေကြတာ ဖြစ်ပါတယ်။

၁၉၇၆ ခုနှစ်က ထုတ်လွှင့်တဲ့ ဘီဘီစီရဲ့ Panorama မှတ်တမ်းအစီအစဉ်တစ်ခုထဲမှာ အနောက်နိုင်ငံတွေကို ကလေးတွေ မွေးစားဖို့ ပို့တဲ့ အာရှနိုင်ငံအများအပြားထဲက တစ်နိုင်ငံဖြစ်တဲ့ တောင်ကိုရီးယားနိုင်ငံအကြောင်းကိုလည်း ထည့်သွင်း ပြသခဲ့ပါတယ်။ အဲဒီမှတ်တမ်းထဲမှာ လေ့လာစောင့်ကြည့်သူတစ်ဦးက လုံးဝ ထိန်းမနိုင်သိမ်းမရ အခြေအနေ ဆိုက်ခဲ့ရပြီး ကလေးတွေကို အာရှကနေ ဥရောပနဲ့ မြောက်အမေရိကဒေသထဲ လေယာဉ်နဲ့ လူကုန်ကူးတဲ့ပုံစံမျိုးတောင် ဖြစ်ခဲ့တယ်လို့ ဖော်ညွှန်းပြောသွားခဲ့ပါတယ်။

ဖြစ်ရပ်မှန် ဖော်ထုတ်ရေးနဲ့ ပြန်လည် ပေါင်းစည်းရေး အစီရင်ခံစာအရ ပြည်ပ မွေးစားအေဂျင်စီတွေက ကလေးတွေ ရဖို့ အချိုးကျ အရေအတွက် သတ်မှတ်ခဲ့ကြပြီး ကိုရီးယား မွေးစားအေဂျင်စီတွေက လိုလိုလားလား ဖြည့်ဆည်းပေးခဲ့ကြပါတယ်။

ဒါက အမြတ်အစွန်းထွက်တဲ့ စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်ခဲ့ပါတယ်။ အစိုးရ ဥပဒေစည်းမျဉ်းတွေ မသတ်မှတ်ထားတာကြောင့် ကိုရီးယားအေဂျင်စီတွေအနေနဲ့ အလှူငွေအဖြစ် အမည်ခံ သတ်မှတ်ထားတဲ့ လျှို့ဝှက် အခကြေး ပမာဏ အများအပြား တောင်းခံခွင့်ရခဲ့ကြပါတယ်။

ကလေးငယ်တွေကို လေယာဉ်ထိုင်ခုံတွေပေါ်မှာ ခါးပတ်နဲ့ ပတ်ပြီး တင်ဆောင်လာပုံ အဖြူအမည်း ဓာတ်ပုံတစ်ပုံမှာ တွေ့ရ

ဓာတ်ပုံ ရင်းမြစ်, Truth and Reconciliation Commission

ဓာတ်ပုံ ပုံစာ, လေယာဉ် ထိုင်ခုံတွေမှာ ကိုရီးယား ကလေးတွေကို ခါးပတ်နဲ့ ပတ်ပြီး တင်ဆောင်လာပုံ ဓာတ်ပုံကို ဒိန်းမတ် မွေးစားဌာနရဲ့ ၁၉၈၄ ခုနှစ် အစီရင်ခံစာတစ်ခုကနေ ရလာခဲ့ပြီး ဖြစ်ရပ်မှန်ဖော်ထုတ်ရေးနဲ့ ပြန်လည် ပေါင်းစည်းရေး ကော်မရှင်ရဲ့ အစီရင်ခံစာမှာ ထည့်သွင်းဖော်ပြထား

ဒီကလေးတွေထဲက တချို့က ပြန်ပေးဆွဲခံခဲ့ရတာ ဖြစ်တယ်ဆိုပြီး ဟန်တေဆွန်းလို မိဘတွေက စွပ်စွဲပြောနေကြသလိုမျိုး မရိုးမသား ဖမ်းခေါ်လာခဲ့ကြပုံ ရပါတယ်။ ၁၉၇၀ ပြည့်လွန်နှစ်တွေနဲ့ ၁၉၈၀ ပြည့်လွန်နှစ်တွေမှာ တောင်ကိုရီးယားနိုင်ငံရဲ့ လမ်းတွေကို သန့်စင်ရှင်းလင်းဖို့ နိုင်ငံတဝန်း လုပ်ဆောင်တဲ့ စစ်ဆင်ရေးကြီးရဲ့ တစ်စိတ်တပိုင်းအဖြစ် အိမ်ခြေမဲ့ကလေးတွေ ဒါမှမဟုတ် လူကြီးမိဘနဲ့ အတူရှိမနေတဲ့ ကလေးငယ်တွေ ထောင်ပေါင်းများစွာကို လိုက်ဖမ်းခေါ်ပြီး မိဘမဲ့ဂေဟာ ဒါမှမဟုတ် လူမှုဖူလုံရေးစခန်းတွေကို ပို့ခဲ့ကြပါတယ်။

တချို့မိဘတွေကိုတော့ သူတို့ကလေးတွေ သက်ရှိထင်ရှားရှိနေတာကို နာမကျန်းဖြစ်ပြီး ကွယ်လွန်သွားပြီလို့ ပြောခဲ့ပြီး မွေးစား အေဂျင်စီတွေဆီ ပို့ခဲ့ကြပါတယ်။ ကလေးတွေကို မွေးစားဖို့ ခေါ်သွားတဲ့အခါ မွေးမိခင်ဆီက သဘောတူ လက်မှတ်ထိုးထားတဲ့ စာရွက်စာတမ်းကို အေဂျင်စီတွေက တောင်းယူတာမျိုးလည်း မရှိခဲ့ဘူးလို့ ဖြစ်ရပ်မှန်ပေါ်ပေါက်ရေးနဲ့ ပြန်လည်ပေါင်းစည်းရေး အစီရင်ခံစာအရ သိရပါတယ်။

ကလေး မွေးစားချင်သူတွေ များနေတာကို မြန်မြန် ဖြည့်ဆည်းပေးနိုင်ဖို့ အတွက် မွေးစား အေဂျင်စီတွေက မှတ်တမ်း အထောက်အထားစာရွက်စာတမ်းတွေမှာ အချက်အလက်အမှားတွေ တမင်ဖြည့်ခဲ့ကြတယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဘယ်သူဘယ်ဝါ ဆိုတဲ့ သက်သေခံ အထောက်အထားတွေ ပါမလာတဲ့ လေလွင့်ကလေးငယ်တွေကို စာရွက်စာတမ်းတွေထဲမှာ သူတို့ကို မိဘတွေက လာစွန့်ပစ်လို့ မွေးစားဖို့ ပို့ခဲ့သလိုမျိုး ရေးထားပါတယ်။

တကယ်လို့ မွေးစားဖို့ လုပ်ထားတဲ့ ကလေးတစ်ဦး သေသွားခဲ့ရင် ဒါမှမဟုတ် မွေးမိဘတွေက ပြန်တောင်းလာခဲ့ရင် အဲဒီ ကလေးနေရာမှာ တခြားကလေးတစ်ယောက်ယောက်ကို အစားထည့်ပြီး အရင်ကလေးရဲ့ သက်သေခံအထောက်အထားတွေကို ပြောင်းထည့်လိုက်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် အေဂျင်စီတွေအနေနဲ့ မွေးစားမိဘတွေဆီက ယူထားတဲ့ အခကြေးငွေကို ပြန်လျော်စရာ မလိုတော့ဘဲ လုပ်ထုံးလုပ်နည်း လုပ်ငန်းစဉ်တွေကို ရှေ့ဆက်လုပ်နိုင်မှာ ဖြစ်ပါတယ်။

ဒီလုပ်ရပ်တွေကြောင့် ဆယ်စုနှစ်ပေါင်း ကြာလာတဲ့အခါ နိုင်ငံရပ်ခြားက မွေးစားကလေးအတော်များများက သူတို့ရဲ့ မိဘအရင်း ခြေရာခံလိုက်ရှာကြတဲ့အခါ အခက်အခဲပေါင်းစုံ ကြုံတွေ့ကြရပါတော့တယ်။

တချို့ကလေးတွေရဲ့ မွေးစားမှတ်တမ်း အထောက်အထား စာရွက်စာတမ်းတွေထဲမှာ မှားယွင်း ဒါမှမဟုတ် မပြည့်စုံတဲ့ အချက်အလက်တွေ ထည့်သွင်းထားသလို တချို့ဆိုရင် သူတို့ဘယ်သူဘယ်ဝါဆိုတာ လုံးဝကြီး လွဲမှားနေတာကို ဖော်ထုတ် တွေ့ခဲ့ရပါတယ်။

ကျွန်တော်တို့ဟာ အစိုးရရဲ့ ဖိနှိပ်မှုကို ခံရတဲ့ ဓားစာခံတွေပါ။ ဒါပေမဲ့ တကယ်တန်းမှာ ဒီလိုလုပ်ခံရတယ်ဆိုတဲ့ သဲလွန်စကို ရှာမပြနိုင်ပါဘူး။ အခုဒီ အထောက်အထား စာရွက်စာတမ်း မပြည့်စုံမှုတွေကြောင့် ကျွန်တော်တို့ ဒုတိယအကြိမ် ဓားစာခံ ထပ်မဖြစ်သင့်တော့ပါဘူး"လို့ မွေးစာရင်း အချက်အလက် ပိုပြည့်ပြည့်စုံစုံ ရဖို့ တောင်းဆိုလှုပ်ရှားနေတဲ့ ပြည်ပရောက် မွေးစားကလေးများ အခွင့်အရေးအဖွဲ့ကို ပူးတွဲ တည်ထောင်သူ ဟန်ဘွန်းယန် က ပြောပါတယ်။

"ဒါက လူ့အခွင့်အရေးကိစ္စရပ် တစ်ခုပါ။ မတရားခေါ်ဆောင်မှုတွေ၊ စာရွက်စာတမ်းအတုလုပ်မှုတွေ ဒါတွေအားလုံးဟာ နိုင်ငံအချင်းချင်းကြား ကလေးမွေးစားမှု လုပ်ငန်းစဉ်အတွင်း ချိုးဖောက်ကျူးလွန်ခဲ့တဲ့ ဥပမာ သာဓကတွေ ဖြစ်ပါတယ်။"

"ဒီအတွေ့အကြုံတွေကို အသိအမှတ်ပြုရင်း၊ ဒီချိုးဖောက်မှုတွေကို ကျူးလွန်ခဲ့သူတွေကို အပြစ်ပေး အရေးယူဖို့ လုပ်ရင်း တချိန်တည်းမှာ မွေးစားကလေးတွေနဲ့ မိဘအရင်းတွေ ပြန်လည်ပေါင်းစည်းရေးကို ရှေ့တိုးဆောင်ရွက်ဖို့ တကယ့်ကို လိုအပ်နေပါတယ်။"

ဒါပေမဲ့ အဓိကအခန်းကဏ္ဍက ပါဝင်ခဲ့သူတချို့ကတော့ ဆက်နှုတ်ဆိတ်နေဆဲ ဒါမှမဟုတ် သူတို့ ဘာမှအမှား မလုပ်ခဲ့ဘူးဆိုပြီး ဆက်ငြင်းဆိုနေကြဆဲပါ။

တောင်ကိုရီးယားရဲ့ အကြီးဆုံး မွေးစား အကျိုးတော်ဆောင်အေဂျင်စီကြီး ဖြစ်တဲ့ Holt International အေဂျင်စီကြီးရဲ့ ဥက္ကဋ္ဌအဖြစ် ၁၉၇၀ ပြည့်လွန်နှစ်တွေတုန်းက တာဝန်ယူခဲ့တဲ့ ဘူချွန်းဟာ ကို ဘီဘီစီက ဆက်သွယ် မေးခဲ့ပါတယ်။

Holt အေဂျင်စီဟာ လိမ်လည်မှု၊ တရားမဝင် ကလေးမွေးစားမှု စတဲ့ စွပ်စွဲမှုပေါင်းများစွာရဲ့ အဓိကအချက်အချာ ဖြစ်ပြီး ဟန်တေဆွန်း အပါအဝင် တရားစွဲမှု နှစ်ခုနဲ့ လောလောဆယ် ရင်ဆိုင်နေရပါတယ်။

မစ္စတာ ဘူ က သူဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့စဉ်ကာလအတွင်း မိဘမဲ့ဆိုပြီး မဟုတ်မမှန် ဖော်ပြထားတဲ့ ကလေးတွေကို ပြည်ပကို မွေးစားဖို့ ပို့ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကို ခပ်တိုတို တုံ့ပြန်ခဲ့ပါတယ်။ "ကိုယ့်ကလေး မတရား ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရတယ်ဆိုပြီး စွပ်စွဲပြောနေသူ မိဘတွေဟာ သူတို့သားသမီးတွေကို ပျောက်ဆုံးခဲ့တာ မဟုတ်ဘဲ သူတို့ကိုယ်တိုင်က စွန့်ပစ်ခဲ့တာ ဖြစ်တယ်" လို့ သူက ပြောပါတယ်။

Holt International အေဂျင်စီကို လက်ရှိ ကြီးကြပ် တာဝန်ယူနေသူတွေကတော့ ဘီဘီစီကို ခုချိန်ထိ မတုံ့ပြန်သေးပါဘူး။

"အစိုးရက ပဲ့ကိုင်၊ အေဂျင်စီတွေက လှေထိုးသား"

ဒီကိစ္စဟာ ပုဂ္ဂလိက အေဂျင်စီတွေမှာတင်သာမက နိုင်ငံအစိုးရမှာပါ တာဝန်ရှိတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

"မွေးစားအေဂျင်စီတွေက ဒီမွေးစားစနစ်ကို အသုံးချခဲ့ကြတာအပေါ် အစိုးရက မမြင်ချင်ယောင်ဆောင်ခဲ့ကြတဲ့အတွက် ဥပဒေချိုးဖောက်တဲ့ လုပ်ရပ်တွေက အောက်ခြေအထိ အမြစ်တွယ်ခဲ့ပါတယ်" လို့ ဆိုးလ် တက္ကသိုလ်က နိုင်ငံတကာ ဥပဒေရေးရာ ပညာရှင်တစ်ဦးဖြစ်သူ ဒေါက်တာ အီ ကျွန်အွန်း က ပြောပါတယ်။

"အစိုးရက ပဲ့ကိုင် မာလိန်မှူး ဖြစ်ခဲ့ပြီး အေဂျင်စီတွေက လှေထိုးသားတွေ ဖြစ်ခဲ့ကြပါတယ်" လို့ ဆွတ်ကျီယွန်း တက္ကသိုလ်က နိုင်ငံအချင်းချင်းကြား ကလေးမွေးစားမှုစနစ်အကြောင်း လေ့လာသူ ရှင်း ဖီလ်ဆစ် က ပြောပါတယ်။ ဒီလို ဖွဲ့စည်းလုပ်ဆောင်ခဲ့မှုကြောင့် အစိုးရမှာရော အေဂျင်စီတွေမှာပါ တာဝန်ရှိကြောင်း ထင်ဟပ်ပြနေတယ်လို့လည်း ဆိုပါတယ်။

အစိုးရက ဘာမှမလုပ်ဘဲ ထိုင်ကြည့်နေတာမျိုး မဟုတ်ဘူးလို့ ဒေါက်တာရှင်း က ပြောပါတယ်။ ကလေးမွေးစားမှု မူဝါဒကို အစိုးရက တက်တက်ကြွကြွ ပုံဖော် ရေးဆွဲခဲ့ပြီး ပြည်ပ ပို့မယ့် မွေးစားကလေးတွေကို နှစ်စဉ် အချိုးကျနေရာချထားတာတွေ လုပ်ခဲ့သလို အခါအားလျော်စွာ မွေးစားမှုတချို့ကို ဆိုင်းငံ့တာမျိုးတွေ ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် AP သတင်းဌာနရဲ့ စုံစမ်းစစ်ဆေးမှု တစ်ခုအရ တောင်ကိုရီးယား အစိုးရအဆက်ဆက်ဟာ ကိုရီးယား ကလေးငယ်တွေကို အနောက်နိုင်ငံက မွေးစားခွင့်ရစေဖို့ အတွက် ကိုရီးယားဥပဒေပါ ကာကွယ်စောင့်ရှောက်မှုနဲ့ တရားစီရင်ရေး ကြီးကြပ်မှုတွေကို ပယ်ဖျက်ပြီး အမေရိကန်က ပြဋ္ဌာန်းထားတဲ့ဥပဒေတွေနဲ့ ကိုက်ညီအောင် ဥပဒေတွေ ပြင်ဆင်ရေးဆွဲခဲ့ကြတယ် ဆိုတာကို ဖော်ထုတ်တွေ့ရှိခဲ့ပါတယ်။ အဲဒီအတွက် နိုင်ငံခြားသား မိသားစုတွေ တောင်ကိုရီးယား နိုင်ငံကို လာစရာတောင်မလိုဘဲ ကိုရီးယား ကလေးငယ်တွေကို မြန်မြန်ဆန်ဆန် မွေးစားခွင့်ရခဲ့ကြပါတယ်။

ဒီကလေးမွေးစားမှု စီမံကိန်းကို လူသားချင်း စာနာတဲ့ ကြိုးပမ်းဆောင်ရွက်မှုအဖြစ် တောင်ကိုရီးယားအစိုးရက ကြေညာလုပ်ဆောင်ခဲ့ပါတယ်။ ဒီစီမံကိန်းကြောင့် အနောက်အုပ်စုနိုင်ငံတွေနဲ့ တောင်ကိုရီးယားအကြား ဆက်ဆံရေးကိုလည်း ပိုခိုင်မာလာစေခဲ့တယ်လို့ အကဲခတ်တွေက ပြောပါတယ်။

တောင်ကိုရီးယားအစိုးရရဲ့ ကလေးမွေးစားမှု မူဝါဒ ရည်မှန်းချက်ထဲမှာ "ကလေးတွေရဲ့ လူမှုဖူလုံရေးအတွက်တင်သာမက အနာဂတ်မှာ နိုင်ငံခိုင်မာတိုးတက်လာရေးနဲ့ လူပုဂ္ဂိုလ်အချင်းချင်းကြား သံတမန်ရေး မြှင့်တင်နိုင်ဖို့" ကိုပါ ထည့်သွင်းထားတယ်လို့ ဘီဘီစီက ရထားတဲ့ ၁၉၈၄ ခုနှစ် အစိုးရ စာရွက်စာတမ်းတစ်ခုထဲမှာ ဖော်ပြထားပါတယ်။

အရင်က ကလေးမွေးစားမှု လုပ်ထုံးလုပ်နည်းတွေမှာ အစိုးရရဲ့အခန်းကဏ္ဍက ဘယ်လိုရှိခဲ့သလဲ ဆိုတာနဲ့ပတ်သက်လို့ ဘီဘီစီက မေးကြည့်တဲ့အခါ တောင်ကိုရီးယားကျန်းမာရေးနဲ့ လူမှုဖူလုံရေး ဝန်ကြီးဌာနက သူတို့အနေနဲ့ ဒီမွေးစားမှု စနစ်မှာ "နိုင်ငံတော်အစိုးရရဲ့ တာဝန်ယူမှုကို ပိုခိုင်မာလာအောင် ဆက်လက် ကြိုးပမ်း ဆောင်ရွက်နေကြောင်း"နဲ့ နိုင်ငံတကာစံချိန် စံညွှန်းတွေနဲ့အညီ ကလေးမွေးစားမှုတွေကို မြှင့်တင်ဆောင်ရွက်နိုင်ဖို့ စီစဉ်နေပါကြောင်း ပြောခဲ့ပါတယ်။

၂၀၂၁ ခုနှစ်မှာ အစိုးရက ကလေးမွေးစားမယ့် မိဘတွေအပေါ် စိစစ်မှုတွေ ပိုတင်းကျပ်ဖို့နဲ့ မိဘအရင်းရဲ့ အချက်အလက်၊ မွေးဖွားမှုအထောက်အထားအချက်အလက်တွေကို ပိုကောင်းကောင်း ခြေရာခံနိုင်ဖို့အတွက် ကလေးမွေးစားမှုဆိုင်ရာ ဥပဒေတွေကို ပြင်ဆင် ရေးဆွဲခဲ့ပါတယ်။

ဒါ့အပြင် ပြည်ပကို မွေးစားကလေးတွေ ပို့ဆောင်မှု နည်းနိုင်သမျှ နည်းစေဖို့ နဲ့ ကလေးမွေးစားမှု မှန်သမျှကို ပုဂ္ဂလိကအေဂျင်စီတွေအစား အစိုးရကပဲ ကိုင်တွယ် ဆောင်ရွက်နိုင်ဖို့အတွက် ကလေးမွေးစားမှု စနစ်ဆိုင်ရာ ပြင်ဆင်ပြောင်းလဲမှုတွေကိုအတည်ပြုခဲ့ပါတယ်။ ဒီပြင်ဆင်ပြောင်းလဲမှုတွေက လာမယ့် ဇူလိုင်လမှာ စတင် သက်ဝင်မှာ ဖြစ်ပါတယ်။

ဒီအတောအတွင်းမှာပဲ တောင်ကိုရီးယား ကလေးတွေကို ပြည်ပကနေ ခေါ်ယူမွေးစားမှုတွေ လျော့ကျသွားခဲ့ပါတယ်။ ၁၉၈၀ ပြည့်လွန်နှောင်းပိုင်းနှစ်တွေမှာ ပြည်ပကနေ ကလေးခေါ်ယူ မွေးစားမှုတွေ တဟုန်ထိုး ကျဆင်းခဲ့ပြီး ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ ပြန်ငြိမ်လာခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၉ ပြည့်လွန်နှစ်တွေမှာတော့ နောက်တစ်ကြိမ် ပြန်လျော့ကျသွားခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်မှာ ပြည်ပက ခေါ်ယူမွေးစားတဲ့ တောင်ကိုရီးယား ကလေး ၇၉ ယောက်လောက်သာ ရှိခဲ့တယ်လို့ အခုနောက်ဆုံး ရတဲ့ အချက်အလက်တွေအရ သိရပါတယ်။

ဒါပေမဲ့ တောင်ကိုရီးယား အစိုးရက အတိတ်ကာလက အရိပ်မည်းကြီးကို စဖြေရှင်းဆောင်ရွက်နေချိန်မှာပဲ မွေးစားခံခဲ့ရတဲ့ ကလေးတွေနဲ့ ဟန်တေဆွန်းလို မိဘအရင်းတွေကတော့ သူတို့ရဲ့ စိတ်ဒဏ်ရာတွေနဲ့အတူ ဆက်လက် ကြိုးစား ရုန်းကန်သွားကြရမှာ ဖြစ်ပါတယ်။

စားပွဲပေါ်မှာ အင်္ဂလိပ်ဖတ်စာအုပ်တစ်အုပ်ကို ဖွင့်ပြီး မှတ်စုစာအုပ်တစ်အုပ်ထဲမှာ ဟန်တေဆွန်း အင်္ဂလိပ်စာ အရေးကျင့်နေပုံ

ဓာတ်ပုံ ရင်းမြစ်, BBC Korean

ဓာတ်ပုံ ပုံစာ, သမီးနဲ့ ပိုကောင်းကောင်း ဆက်ဆံစကားပြောနိုင်ဖို့ ဟန်တေဆွန်း နေ့စဉ် နာရီပေါင်းများစွာ အင်္ဂလိပ်စာ ကျင့်နေ
ဟန်တေဆွန်းရဲ့ လေ့ကျင့်ခန်းစာအုပ်ထဲက အင်္ဂလိပ်စာကြောင်းတွေကို အနီးကပ်ပြထား။ "တကယ့်ကို တောင်းပန်ပါတယ်။" "စိတ်ရှုပ်ထွေးတယ်။" ဆိုတဲ့ စာကြောင်းတွေကို ထပ်ခါတလဲလဲ ရေးထားခဲ့

ဓာတ်ပုံ ရင်းမြစ်, BBC Korean

ဓာတ်ပုံ ပုံစာ, "တကယ့်ကို တောင်းပန်ပါတယ်။" "စိတ်ရှုပ်ထွေးတယ်။" ဆိုတဲ့ အင်္ဂလိပ် စာကြောင်းတွေကို ဟန်တေဆွန်း အရေးလေ့ကျင့်နေ

သူတို့ရဲ့ ကနဦး တွေ့ဆုံမှုအပြီး ဟန်တေဆွန်းနဲ့ ကျွန်ဟာ တို့ ရင်းနှီးတဲ့ ဆက်ဆံရေး ဆက်ထားနိုင်ဖို့ မနည်း ကြိုးစားခဲ့ရပါတယ်။

သူတို့နှစ်ယောက်က ကမ္ဘာတစ်ဘက်ခြမ်းစီမှာ နေနေကြရုံသာ မက သမီးဖြစ်သူက ကိုရီးယား စကား မေ့ကုန်ပြီ ဖြစ်သလို အမေကလည်း အင်္ဂလိပ်လို နည်းနည်းပါးပါးပဲ ပြောတတ်ပါတယ်။

ရံဖန်ရံခါမှသာ မက်ဆေ့ဂျ်ပို့ ဆက်သွယ်လေ့ရှိကြပါတယ်။ ဟန်တေဆွန်းက လေ့ကျင့်ခန်းစာအုပ်ထဲမှာ စာကြောင်းတွေ ချရေးရင် တစ်နေ့ကို နှစ်နာရီကြာ အင်္ဂလိပ်စာ လေ့ကျင့်လေ့ရှိပါတယ်။

ဒါပေမဲ့ ဒါက ဟန်တေဆွန်းအတွက် မလုံလောက်ပါဘူး။

"ကျွန်မသမီးကို ကျွန်မ ပြန်တွေ့ခဲ့တာတောင် တကယ်တမ်းတွေ့တယ်လို့ မခံစားမိပါဘူး။ ကျွန်မသိတာက သူဘယ်မှာ ရှိသလဲဆိုတာကိုပါပဲ။ တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်စကားမပြောနိုင်မှတော့ ပြန်တွေ့တာက အလကားပါပဲ။"

"ကျွန်မ ဘ၀ကြီးတစ်ခုလုံး ထိခိုက် ပျက်စီးသွားခဲ့ပြီးပါပြီ။ ငွေဘယ်လောက်ပေးပေး၊ ကျွန်မ ဆုံးရှုံးခဲ့တာတွေကို ပြန်အစားထိုးလို့ ရမှာ မဟုတ်ပါဘူး။"