ဂျပန်-မနှစ်က သေဆုံးသူအရေအတွက်ဟာ မွေးလာသူတွေထက် တစ်သန်းနီးပါး ပိုများနေ

ကိုဘေးမြို့ရဲ့ အပြင်ဘက် အရီမာ အွန်ဆန်မြို့မှာ အမျိုးသမီးတစ်ဦးက ကလေးငယ်တစ်ဦးကို ပွေ့ချီထားပုံ

ဓာတ်ပုံ ရင်းမြစ်, Getty Images

    • ရေးသားသူ, ရေချယ် ဟေဂန်
    • ရာထူးတာဝန်, ဘီဘီစီ သတင်းဌာန

ဂျပန်နိုင်ငံမှာ မနှစ်တုန်းက မွေးဖွားမှုနှုန်းထက် သေဆုံးမှုနှုန်းက တစ်သန်းနီးပါး ရှိခဲ့ပြီး အစိုးရစစ်တမ်းတွေ စတင် ပြုစုခဲ့တဲ့ ၁၉၆၈ ခုနှစ်ကတည်းကဆိုရင် နှစ်စဉ် လူဦးရေ ကျဆင်းမှု အများဆုံး ဆိုတာကို ဖော်ပြနေပါတယ်။

ဂျပန်နိုင်ငံမှာ သက်ကြီးရွယ်အိုတွေ များလာနေမှု ပြဿနာကို အသံမထွက်တဲ့ အရေးပေါ်ကိစ္စတရပ်အဖြစ် ဝန်ကြီးချုပ် ရှီဂါရူ အီရှီဘာ က ဖော်ညွှန်းပြောဆိုခဲ့ပြီး အခမဲ့ ကလေးပြုစုစောင့်ရှောက်မှု၊ အလုပ်ချိန်နာရီကို အလျှော့အတင်း ပိုပေးမှု လို မိသားစုနဲ့ ကိုက်ညီတဲ့ မူဝါဒတွေ ချမှတ်ပေးမယ်လို့ ကတိပြုထားပါတယ်။

ဒါပေမဲ့ ဂျပန်အမျိုးသမီးတွေအကြား နှစ်ကာလရှည်ကြာစွာ ကလေးမွေးဖွားမှုနှုန်း နည်းပါးနေတာကို ပြင်ဆင်ပြောင်းလဲပစ်ရေး ကြိုးပမ်းမှုတွေက လောလောဆယ် သိပ်မထိရောက်ခဲ့ပါဘူး။

ဂျပန် ပြည်ထဲရေးနဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ခဲ့တဲ့ ကိန်းဂဏန်း အချက်အလက်တွေအရ ၂၀၂၄ ခုနှစ်မှာ ဂျပန်နိုင်ငံသား လူဦးရေဟာ ၉၀၈,၅၄၇ ကျဆင်းခဲ့တယ်လို့ သိရပါတယ်။

ဂျပန်နိုင်ငံမှာ ကလေးမွေးဖွားမှုနှုန်း မှတ်တမ်းစပြုစုခဲ့တဲ့ ၁၈၉၉ ခုနှစ်ကတည်းကစရင် ကလေးမွေးဖွားမှုနှုန်း အနည်းဆုံးအဖြစ် ကလေး ၆၈၆,၀၆၁ ယောက်ပဲ မွေးဖွားခဲ့တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။

ဒါဟာ ဂျပန်နိုင်ငံမှာ ၁၆ နှစ်မြောက် ဆက်တိုက် လူဦးရေ ကျဆင်းနေတာ ဖြစ်ပြီး နိုင်ငံရဲ့ ပင်စင်လစာနဲ့ ကျန်းမာရေး ဝန်ဆောင်မှု စနစ်တွေအပေါ် ထိခိုက်လာနေပါတယ်။

ဂျပန်နိုင်ငံမှာ လာရောက် နေထိုင်နေတဲ့ နိုင်ငံခြားသား ဦးရေကတော့ သုံးသန်းခြောက်သိန်းအထိ စံချိန်တင် ရှိခဲ့ပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှာ ဂျပန်နိုင်ငံလူဦးရေရဲ့ ၃ ရာခိုင်နှုန်းနီးပါး ရှိခဲ့ပါတယ်။

ပျံကျသွားလာခွင့် ဒစ်ဂျစ်တယ် ဗီဇာနဲ့ စွမ်းရည်မြှင့်တင် သင်ကြားပေးမှု ပဏာမဆောင်ရွက်ချက်တွေ ချမှတ်လုပ်ဆောင်ခြင်းအားဖြင့် ဂျပန်အစိုးရက နိုင်ငံခြားသား အလုပ်သမားတွေကို စမ်းပြီး ဝင်ရောက်ခွင့်ပြုခဲ့ပါတယ်။ ဒါပေမဲ့ အများအားဖြင့် ရှေးရိုးစွဲအမြင် ရှိကြတဲ့ ဂျပန်နိုင်ငံမှာ နိုင်ငံခြားသားတွေ ဝင်ရောက်တာကို နိုင်ငံရေးအရ မနှစ်လိုကြဘဲ ရှိနေဆဲ ဖြစ်ပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဂျပန်နိုင်ငံရဲ့ စုစုပေါင်း လူဦးရေဟာ ၂၀၂၃ ခုနှစ်မှာ ၀.၄၄ ရာခိုင်နှုန်း ကျဆင်းနေရာကနေ အခုနှစ်အစပိုင်းမှာ ၁၂၄.၃ သန်းလောက် ကျဆင်းသွားခဲ့ပါတယ်။

ဂျပန်နိုင်ငံမှာ အသက် ၆၅ နှစ်နဲ့ အထက် သက်ကြီးရွယ်အိုတွေက လူဦးရေရဲ့ ၃၀ ရာခိုင်နှုန်း နီးပါး ရှိနေပြီး မိုနာကိုနိုင်ငံပြီးရင် ကမ္ဘာပေါ်မှာ သက်ကြီးရွယ်အို ဒုတိယအများဆုံး ဖြစ်တယ်လို့ ကမ္ဘာ့ဘဏ် အဖွဲ့ရဲ့ ကိန်းဂဏန်းတွေအရ သိရပါတယ်။ အသက် ၁၅ နှစ်နဲ့ ၆၄ နှစ်အတွင်း အလုပ်လုပ်တဲ့ အသက်အရွယ် လူဦးရေကတော့ ၆၀ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပါတယ်။

မြို့ငယ်တွေနဲ့ ကျေးရွာတွေမှာ လူတွေ နည်းပါးနေပြီး ပြီးခဲ့တဲ့ ဆယ်စုနှစ်နှစ်ခုအတွင်း နေအိမ် လေးသန်းနီးပါးလောက် စွန့်ပစ်ခံခဲ့ရတယ်လို့ မနှစ်က ထုတ်ပြန်တဲ့ အစိုးရ ကိန်းဂဏန်း အချက်အလက်တွေမှာ တွေ့ရပါတယ်။

ဂျပန်အစိုးရက ကလေးမိဘတွေကို နေအိမ် အမတော်ကြေး ထောက်ပံ့ငွေ ကစလို့ ကလေးမိဘတွေ လစာနဲ့ ခွင့်ယူခွင့်ကအစ မက်လုံးတွေ အမျိုးမျိုးပေးပြီး ကလေးမွေးဖွားမှုနှုန်း တိုးလာအောင် နှစ်နဲ့ချီ ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။ ဒါပေမဲ့ အမြစ်တွယ်နေတဲ့ ရိုးရာယဉ်ကျေးမှုနဲ့ စီးပွားရေး အတားဆီးတွေက ဆက်ရှိနေဆဲ ဖြစ်ပါတယ်။

လူနေမှုစရိတ် ကြီးမြင့်မှု၊ လစာငွေ မတက်ဘဲ တုံ့ဆိုင်းနေမှု၊ တင်းကျပ်တဲ့ လုပ်ငန်းခွင်ဓလေ့ စတာတွေကြောင့် လူငယ်အတော်များများအနေနဲ့ ကလေးမယူနိုင် ဖြစ်နေကြပါတယ်။ အထူးသဖြင့် ကျား၊ မ အခန်းကဏ္ဍ ခွဲခြားထားမှုတွေ ရှိနေတာကြောင့် မိသားစုကို အဓိက ပြုစုစောင့်ရှောက်ပေးသူတွေဖြစ်တဲ့ အမျိုးသမီးတွေအနေနဲ့ ဖေးမကူညီမှုတွေ ရလေ့ မရှိကြပါဘူး။

ဂျပန်နိုင်ငံမှာ အမျိုးသမီးတစ်ဦး မွေးဖွားတဲ့ ပျမ်းမျှ ကလေးအရေအတွက်ဟာ ၁၉၇၀ ခုနှစ်ကစလို့ ကျဆင်းလာနေခဲ့ပြီး အခုချိန်မှာ အံ့မခန်းလောက်အောင် တိုးတက်မှုတွေ လုပ်မယ်ဆိုရင်တောင် အောင်မြင်မှုအသီးအပွင့် ခံစားရဖို့ ဆယ်စုနှစ်နဲ့ချီ ကြာလိမ့်မယ်လို့ ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။