ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အစ္စရေး-ဟားမတ်စ် အပစ်ရပ် သဘောတူညီချက်ထဲ ပါလက်စတိုင်းခေါင်းဆောင် မာဝန် ဘာဂူတီ ဘယ်လို ပါဝင်ပတ်သက်နေလဲ
- ရေးသားသူ, Manar Hafez
- ရာထူးတာဝန်, BBC World Service
- ရေးသားပေးပို့သည့်နေရာ, Amman
ပါလက်စတိုင်း နိုင်ငံရေးသမား မာဝန် ဘာဂူတီဟာ ဖာတာလှုပ်ရှားမှုရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်ပြီး လက်ရှိမှာ အစ္စရေးအကျဉ်းထောင်ထဲမှာ ဖမ်းဆီးခံထားရပါတယ်။ သူဟာ အစ္စရေးနဲ့ ဟားမတ်စ်တို့အကြား အပစ်ရပ် သဘောတူညီချက်ဆွေးနွေးမှုတွေအတွက် အရေးပါသူဖြစ်ပြီး အဲ့ဒီသဘောတူညီချက်အရ အကျဉ်းထောင်ထဲမှာရှိတဲ့ ပါလက်စတိုင်း အကျဥ်းသားတချို့နဲ့ အစ္စရေး ဓားစာခံတွေ လဲလှယ် လွှတ်ပေးရေး ပေါ်ပေါက်လာနိုင်ပါတယ်။
သူက ဘယ်သူလဲ၊ ဘာကြောင့် သူ့ရဲ့ လွတ်မြောက်မှုက အရေးပါသလို အငြင်းပွားစရာလည်း ဖြစ်နေရတာလဲ။
မာဝန် ဘာဂူတီဟာ အသက် ၁၅ နှစ်အရွယ်မှာ ဖာတာလှုပ်ရှားမှုနဲ့ နိုင်ငံရေးလှုပ်ရှားမှုကို စတင်ခဲ့ပြီး အဲဒီအချိန်မှာ ကွယ်လွန်သူ ပါလက်စတိုင်း ခေါင်းဆောင် ယာဆာ အာရာဖတ်က ဖာတာလှုပ်ရှားမှုကို ဦးဆောင်ခဲ့ပါတယ်။ အဲဒီလှုပ်ရှားမှုဟာ ပါလက်စတိုင်းအရေး နဲ့ အစ္စရေး-ပါလက်စတိုင်း နှစ်နိုင်ငံ တည်ရှိရေး အတွက် ကြိုးပမ်းမှု ဖြစ် ပါတယ်။
သူဟာ ပါလက်စတိုင်းအုံကြွမှု ဒုတိယ အင်တီဖာဒါရဲ့ ခေါင်းဆောင်တစ်ဦးအဖြစ် ထင်ရှားလာခဲ့ပြီး အစ္စရေးအကျဉ်းထောင်တွေထဲမှာ နှစ်ပေါင်း ၂၀ ကျော်ကြာ ဖမ်းဆီးခံထားရသူ ဖြစ်ပါတယ်။
အင်တီဖာဒါဟာ ပါလက်စတိုင်း အုံကြွမှုဖြစ်ပြီး ဂါဇာကမ်းမြောင်နဲ့ အနောက်ဘက်ကမ်းဒေသကို အစ္စရေးက သိမ်းပိုက်တာကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတစ်ခု ဖြစ်ပါတယ်။
ပထမ အင်ဒီဖာဒါ အုံကြွမှုက ၁၉၈၇ ခုနှစ် ကနေ ၁၉၉၃ ခုနှစ်အထိဖြစ်ခဲ့ပြီး ဒုတိယ အင်ဒီဖာဒါ ကတော့ ၂၀၀၀ ခုနှစ်မှာ ပြန်စတင်ခဲ့ပါတယ်။
မာဝန် ဘာဂူတီဟာ ၂၀၀၂ ခုနှစ်မှာ အစ္စရေးရဲ့ အနောက်ဘက်ကမ်း စစ်ဆင်ရေး အတွင်း ဖမ်းဆီးခံရပြီး အစ္စရေးက သူ့ကို အယ်လ် လက်ဆာ သူရဲကောင်း တပ်ဖွဲ့ကို တည်ထောင်ခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။ ဘာဂူတီကတော့ အဲဒီစွပ်စွဲချက်ကို ငြင်းခဲ့ပါတယ်။
အယ်လ် လက်ဆာ သူရဲကောင်း တပ်ဖွဲ့ ဆိုတာဟာ ဖာတာအဖွဲ့ ရဲ့ ညွန့်ပေါင်းမဟာမိတ်အဖွဲ့တစ်ခုဖြစ်ပြီး အနောက်ဘက်ကမ်း ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့တွေ နဲ့ ဂါဇာကမ်းမြောင်က လက်နက်ကိုင်တပ်တွေကို ပေါင်းစည်းထားတဲ့အဖွဲ့ ဖြစ်ပါတယ်။
အယ်လ် လက်ဆာ သူရဲကောင်း တပ်ဖွဲ့တွေက အစ္စရေးစစ်သားတွေအပြင် ပါလက်စတိုင်းထဲ အခြေချနေထိုင်နေတဲ့ အစ္စရေး အရပ်သားတွေ သေဆုံးစေခဲ့တဲ့ တိုက်ခိုက်မှုတွေကို လုပ်ခဲ့ပါတယ်။
ဘာဂူတီဟာ အဲဒီတိုက်ခိုက်မှုတွေမှာ ပါဝင်ပတ်သက်နေတယ်လို့ စွဲချက်တင်ခံရပြီးနောက် ၂၀၀၄ ခုနှစ်မှာတော့ တစ်သက်တစ်ကျွန်းပြစ်ဒဏ် ၅ ကြိမ် အပြင် ထောင်ဒဏ် နှစ် ၄၀ ချမှတ်ခံခဲ့ရပါတယ်။
ပါလက်စတိုင်းခေါင်းဆောင်ဟာ တရားခွင်အတွင်း အစ္စရေးတရားရုံးရဲ့ အာဏာစက်ကို အသိအမှတ်မပြု ငြင်းဆန်ခဲ့ပြီး သူ့အပေါ် စွဲချက်တွေကိုလည်း ငြင်းဆိုခဲ့ပါတယ်။
သူ့ဇနီးဖြစ်သူ ဖဒ်ဝါကတော့ သူ့ခင်ပွန်းက ဒါတွေကို ကိုယ်တိုင်လုပ်ခဲ့တဲ့အတွက် မဟုတ်ဘဲခေါင်းဆောင် တစ်ဦး ဖြစ်တဲ့အတွက် စွပ်စွဲခံရတာဖြစ်တယ်လို့ ပြီးခဲ့တဲ့နှစ်မှာ ဘီဘီစီကို ပြောခဲ့ပါတယ်။
ဒါပေမဲ့ ဘာဂူတီက "သူ့ စစ်ဆေးမှုအတွင်း အယ်လ် လက်ဆာ တပ်ဖွဲ့ကို တည်ထောင်ခဲ့တယ်" ဆိုတဲ့ စွပ်စွဲချက်ကို ငြင်းဆိုခဲ့ပါတယ်။
ဘာဂူတီဟာ သူ့ အမှုတွေအတွက် ပြစ်ဒဏ်တွေ စီရင်ခံရပြီး တိုင်းသိပြည်သိ ဖြစ်လာပါတယ်။ ပါလက်စတိုင်းတွေက သူ့ကို သူတို့ရဲ့ နယ်လ်ဆင် မင်ဒဲလားအဖြစ် သတ်မှတ်ကြပါတယ်။ သူဟာ ပါလက်စတိုင်း သမ္မတ မာမွတ် အာဘတ်စ်ကို နေရာမှာ ဆက်ခံဖို့ အလားအလာရှိသူအဖြစ်လည်း အများစုက ရည်မှန်းထားကြပါတယ်။
ဒါပေမဲ့ ပါလက်စတိုင်း လူထု မျှော်လင့်ချက်ပြည့်ဖို့ကတော့ သူ အစ္စရေးအကျဉ်းထောင်ကနေ လွတ်မြောက်နိုင်မလားဆိုတဲ့အပေါ် မူတည်နေပါတယ်။
ပြည်နှင်ဒဏ်နဲ့လွတ်လာမလား
ပါလက်စတိုင်းတွေက သမ္မတ မာမွတ် အာဘတ်စ် ရဲ့ ဆက်ခံမယ့်သူလို့ တွေးမြင်ထားကြတဲ့ ဘာဂူတီကို အစ္စရေးဘက်က ပြန်လွှတ်ပေးနိုင်တယ်လို့ အစ္စရေးသတင်းစာတချို့မှာ ဖော်ပြနေကြပေမဲ့ သူ့ကို ပါလက်စတိုင်း နယ်မြေပြင်ပကိုပဲ လွှတ်ပေးမယ့် အခြေအနေမှာ ရှိနေပါတယ်။
ဒါပေမဲ့ ဘာဂူတီကို ပါလက်စတိုင်းနယ်မြေထဲမှာ မထားဘူးဆိုရင်တောင် လုပ်ထုံးလုပ်နည်းအရ ပါလက်စတိုင်းအစိုးရရဲ့ သမ္မတရာထူးကို ပြည်ပကနေ ထမ်းဆောင်တာကို ဘယ်အရာကမှ တားဆီးပိတ်ပင်နိုင်မှာမဟုတ်ဘူးလို့ နိုင်ငံတကာ ဥပဒေရေးရာကျွမ်းကျင်သူ အန်းနစ် အယ် ကာဆန်က ဘီဘီစီ အာရေဗျ ဌာနကို ပြောပါတယ်။
အထူးသဖြင့် နောက်ကြောင်းပြန်ကြည့်ဆိုရင်လည်း ဒုတိယကမ္ဘာစစ်အတွင်း ပါလက်စတိုင်းရဲ့ ဖွဲ့စည်းပုံနဲ့ ဥပဒေတွေအရ သမ္မတရာထူး ပြည်ပကနေ ထမ်းဆောင်တာကို တားမြစ်ပိတ်ပင်တာ မရှိပါဘူး။
ဘာဂူတီကို အစ္စရေးကနေ နှင်ထုတ်ခံရတဲ့ အကြောင်းရင်းက သူဟာ " ပါလက်စတိုင်း ခေါင်းဆောင်တစ်ဦးအဖြစ် တိုင်းသိပြည်သိ လက်ခံထားကြတာ'' ကြောင့်ဖြစ်ပြီး အထူးသဖြင့် ဖာတာလှုပ်ရှားမှုကြောင့်လည်းဖြစ်တယ်လို့ အန်းနစ် အယ် ကာဆန်က ပြောပါတယ်။
ဘာဂူတီဟာ ပါလက်စတိုင်းသမ္မတဖြစ်လာဖို့ လူကြိုက်များသူ ဖြစ်နိုင်တယ်လို့ ဥရောပသမဂ္ဂရဲ့ ရန်ပုံငွေပံ့ပိုးမှုတချို့ပါတဲ့ ပါလက်စတိုင်းမူဝါဒနဲ့ စစ်တမ်းသုတေသနစင်တာရဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၃ ရက် စစ်တမ်းတစ်ခုမှာ ဖော်ပြခဲ့ပါတယ်။
ပါလက်စတိုင်းရဲ့ အာဏာပိုင်အဖွဲ့ ဥက္ကဋ္ဌ မာမွတ် အာဘတ်စ်နဲ့ ဟားမတ်စ်နိုင်ငံရေးခေါင်းဆောင် အစ္စမေးလ်ဟာနီယာ (၂၀၂၄ ခုနှစ် ဇူလိုင်လက အီရန်နိုင်ငံ၊ တီဟီရန်မြို့တော်မှာ လုပ်ကြံမခံရမီ) တို့နဲ့အပြိုင် ဖာတာအဖွဲ့ခေါင်းဆောင် ဘာဂူတီ ပါဝင်တဲ့ သမ္မတရွေးကောက်ပွဲအသစ်သာ ကျင်းပခဲ့မယ်ဆိုရင် ဘာဂူတီက ၄၇ ရာခိုင်နှုန်း၊ ဟာနီယာက ၄၃ ရာခိုင်နှုန်းနဲ့ အာဘတ်စ် က ၇ ရာခိုင်နှုန်း ရရှိမှာဖြစ်တယ်လို့ စစ်တမ်းထဲမှာ ဖော်ပြထားပါတယ်။
မာဝန် ဘာဂူတီဟာ ၂၀၂၁ ခုနှစ် ဇူလိုင်လမှာ ကျင်းပမယ့် သမ္မတရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့ ယူဆထားခဲ့ပေမဲ့ အစ္စရေးက အရှေ့ဂျေရုဆလင်ကို ပါဝင်ခွင့်မပြုတဲ့အကြောင်းပြချက်နဲ့ အာဘတ်စ်က အဲ့ဒီရွေးကောက်ပွဲကို ပယ်ဖျက်လိုက်ပါတယ်။
လူထုအားပေးထောက်ခံတဲ့ ကိုယ်စားလှယ်လောင်း
ဘာဂူတီက သူ့အနေနဲ့ အစ္စရေးနဲ့ ငြိမ်းချမ်းရေးကို လိုလားထောက်ခံပြီး ၁၉၆၇ ခုနှစ်မတိုင်ခင်က နယ်နိမိတ်တွေကို အခြေခံတဲ့ အစ္စရေး-ပါလက်စတိုင်း နှစ်နိုင်ငံ တည်ရှိရေး ကိုလည်း ထောက်ခံသူလို့ ပြောထားပါတယ်။
သူက ၂၀၀၂ ခုနှစ်မှာ ဝါရှင်တန်ပို့စ်သတင်းစာမှာ ဆောင်းပါးတစ်ပုဒ် ရေးခဲ့ပါတယ်။
"ကျွန်တော်နဲ့ ကျွန်တော်တို့ရဲ့ ဖာတာလှုပ်ရှားမှုဟာ အစ္စရေးက အရပ်သားတွေကို တိုက်ခိုက်တာ၊ ပစ်မှတ်ထားတာတွေကို ပြင်းပြင်းထန်ထန် ဆန့်ကျင်သလိုပဲ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့၊ ကျွန်တော့်နိုင်ငံကို အစ္စရေးရဲ့ အုပ်ချုပ်မှုကို ဆန့်ကျင်ဖို့၊ ကျွန်တော့်လွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်ဖို့လည်း အခွင့်အရေးရှိတယ်" လို့ ဆိုပါတယ်။
"၁၉၆၇ ခုနှစ်မှာ သိမ်းထားတဲ့ ပါလက်စတိုင်းနယ်မြေတွေကနေ အစ္စရေးက အပြီးတိုင် ဆုတ်ခွာသွားပြီး အစ္စရေးနဲ့ ပါလက်စတိုင်းတို့ တန်းတူညီမျှ လွတ်လပ်တဲ့ နိုင်ငံနှစ်ခု အဖြစ် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကို ဆက်ပြီး ကြိုးပမ်းနေပါတယ်" လို့ ဘာဂူတီက ဆက်ပြောထားပါတယ်။
"ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်တို့က နိုင်ငံတကာဥပဒေတွေကို အကောင်အထည်ဖော်ဖို့ပဲ ကြိုးစားချိန်မှာ အစ္စရေးဘက်က ခေါင်းမာ၊ အမြင်ကျဉ်းတယ်ဆိုပြီး အမြဲတမ်း ပြစ်တင်ပြောဆိုနေတာတွေကိုလည်း ငြီးငွေ့နေပါပြီ" လို့ သူက ဆိုပါတယ်။
၂၀၀၂ ခုနှစ်ကတည်းက အစ္စရေးမှာ အကျဉ်းချခံထားရတဲ့ ဘာဂူတီဟာ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ကို ဆက်ခံဖို့နဲ့ ပါလက်စတိုင်းနိုင်ငံ ပေါ်ပေါက်ရေးအတွက် "လူထု ထောက်ခံသူတစ်ဦး" လည်း ဖြစ်လာနိုင်ပါတယ်။
သူဟာ လူသတ်မှုငါးခုနဲ့ ပြစ်ဒဏ်ချခံထားရပြီး "သွေးစွန်းနေတဲ့လက်တစ်စုံ"ကြောင့် သူ့ကို ပြန်လွှတ်ပေးဖို့ကို အစ္စရေးအများစုက ကန့်ကွက်နေကြပါတယ်။ တစ်ဖက်မှာလည်း သူ့ကို လွှတ်ပေးတာဟာ ပါလက်စတိုင်းတွေ အချင်းချင်းကြား သဘောတူညီမှုတွေ ရလာမယ်၊ ပြိုင်ဘက်အုပ်စုတွေ ညီညွတ်သွားကြမယ် ပြီးတော့ ငြိမ်းချမ်းရေးအတွက် အကောင်းဆုံး အလားအလာ ဖြစ်လာစေမယ်ဆိုပြီး ယူဆကြသူတွေလည်း ရှိပါတယ်။
ဂါဇာစစ်ပွဲအပြီး အသွင်ကူးပြောင်းရေးကာလမှာ ပါလက်စတိုင်းတွေရဲ့ စည်းလုံးညီညွတ်မှုကို အားကောင်းစေပြီး ဒေသတွင်း စစ်မက်ငြိမ်းစေမယ့် ပါလက်စတိုင်းခေါင်းဆောင်တစ်ဦး လိုအပ်တယ်လို့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလတုန်းက အစ္စရေး စာရေးဆရာ ဂါဆန် ဘတ်စ်ကင်ဟာ Haaretz မှာ ရေးသားခဲ့ပါတယ်။ ဒီခေါင်းဆောင်ဟာ ဘာဂူတီ ဖြစ်နိုင်ပါတယ်။
ဘာဂူတီကို ရာမယ်လာမြို့အနီးက ကိုဘာရွာလေးမှာ ၁၉၅၈ ခုနှစ်က မွေးဖွားခဲ့တာ ဖြစ်ပါတယ်။
၁၉၆၇ ခုနှစ် အရှေ့အလယ်ပိုင်း စစ်ပွဲအတွင်း အစ္စရေးက အနောက်ဘက်ကမ်းနဲ့ အရှေ့ဂျေရုဆလင်ကိုသိမ်းပိုက်ချိန်မှာ ဘာဂူတီဟာ အသက် ၉ နှစ်လောက်ပဲ ရှိပါသေးတယ်။
အသက် ၁၅ နှစ် မှာတော့ ကွယ်လွန်သူ ယာဆာအာရာဖတ်ရဲ့ ဖာတာလှုပ်ရှားမှုမှာ သူ ပါဝင်လှုပ်ရှားခဲ့ပါတယ်။
၁၉၇၈ ခုနှစ်မှာ ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့ရဲ့ အဖွဲ့ဝင်ဖြစ်တယ်ဆိုတဲ့အချက်နဲ့ အစ္စရေးက သူ့ကို ၄ နှစ်ကျော်ကြာ ဖမ်းဆီးထောင်ချထားခဲ့ပါတယ်။
ဘာဂူတီဟာ အလယ်တန်းပညာ ပြီးမြောက်ခဲ့ပြီး ဟီဘရူးဘာသာစကားကိုတော့ ထောင်ထဲမှာ သင်ယူခဲ့ပါတယ်။ ၁၉၈၃ ခုနှစ် ထောင်ကပြန်လွတ်လာပြီးနောက် ဘစ်ဇိတ် တက္ကသိုလ်မှာ ပညာ သင်ယူရခဲ့ပါတယ်။
ဒါပေမဲ့ သူဟာ နိုင်ငံရေးလောကထဲမှာ လှုပ်ရှားနေခဲ့တာကြောင့် ပညာရေးပြီးဆုံးဖို့ နောက်ထပ် ၁၁ နှစ် အချိန်ယူခဲ့ရပါတယ်။ သူဟာ ဖာတာ လူငယ်အဖွဲ့ရဲ့ ခေါင်းဆောင်တစ်ယောက်လည်း ဖြစ်လာခဲ့ပြီး အာရာဖတ်နဲ့ အာဘတ်စ်တို့လို ဖာတာလှုပ်ရှားမှုရဲ့ ထင်ရှားတဲ့ခေါင်းဆောင်တွေ လက်ဘနွန်နဲ့ တူနီးရှားတို့ ရောက်နေချိန်မှာ သူဟာ အရေးပါလာခဲ့ပါတယ်။
၁၉၈၇ မှာ အစ္စရေးသိမ်းပိုက်မှုကို ပါလက်စတိုင်းတွေက ဆန့်ကျင်ပုန်ကန်ခဲ့ကြပြီး ဒါကို ပထမ အင်တီဖာဒါ - ပါလက်စတိုင်း အုံကြွမှုလို့ ခေါ်ခဲ့ကြပါတယ်။ ဘာဂူတီက အနောက်ဘက်ကမ်းမှာ ခေါင်းဆောင်တစ်ယောက်အဖြစ် ပေါ်ထွက်လာခဲ့ပါတယ်။ နောက်ပိုင်းမှာ အစ္စရေးက သူ့ကို ဖမ်းဆီးပြီး ဂျော်ဒန်ကို ပြည်နှင်ဒဏ်ပေးခဲ့ပါတယ်။ အဲဒီနောက် ၁၉၉၄ မှာ အော်စလို ငြိမ်းချမ်းရေး သဘောတူညီချက်အရ သူပြန်လာနိုင်ခဲ့ပါတယ်။
သူဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အလေးအနက် ထောက်ခံပေမဲ့ ငြိမ်းချမ်းရေးအတွက် နယ်မြေစွန့်ဖို့ အစ္စရေးရဲ့ ကတိကဝတ်တွေကိုတော့ သိပ်မယုံကြည်လှသူ ဖြစ်ပါတယ်။
၂၀၀၀ ခုနှစ် စက်တင်ဘာလ ဒုတိယအကြိမ် အင်တီဖာဒါ ဖြစ်လာချိန်မှာတော့ ဘာဂူတီဟာ အနောက်ဘက်ကမ်းက ဖာတာအဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်လာပြီး တန်ဇင်း လက်နက်ကိုင်အဖွဲ့ရဲ့ အကြီးအကဲ ဖြစ်လာခဲ့ပါတယ်။
၂၀၀၁ ခုနှစ်မှာ အစ္စရေးရဲ့ လုပ်ကြံမှုမှာ သူ့သက်တော်စောင့်ရဲ့ကားက ဒုံးကျည် ထိမှန်သွားခဲ့ပေမဲ့ ဘာဂူတီ လွတ်မြောက်ခဲ့လာပါတယ်။
သူ့မှာ သမီး တစ်ယောက်နဲ့ သားသုံးယောက်ရှိပြီး သူ့ဇနီးကတော့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ၊ ရှေ့နေ ဖဒ်ဝါ ဖြစ်ပါတယ်။