ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မော့ဆက် - အစ္စရေးထောက်လှမ်းရေးအဖွဲ့ရဲ့ အောင်မြင်မှုနဲ့ ရှုံးနိမ့်မှုများ
- ရေးသားသူ, ဘီဘီစီ ဝန်ထမ်းသတင်းထောက်များ
- ရာထူးတာဝန်, ဘီဘီစီ အာရဗီဘာသာစကားသတင်းဌာန
ရုတ်တရက် အံ့အားသင့်စရာဖြစ်ရပ်တစ်ခုအတွင်းမှာ ဟစ်ဇ်ဘိုလာအဖွဲ့ဝင်တွေသုံးတဲ့ ပေ့ဂျာတွေနဲ့ တခြား ဆက်သွယ်ရေးပစ္စည်းတွေဟာ အဝေးကနေ လှမ်းဖောက်ခွဲနိုင်တဲ့ ပစ္စည်းတွေအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။ အစ္စရေးရဲ့ အဆင့်မြင့် စောင့်ကြည့်ထောက်လှမ်းရေးစနစ်ကို ရှောင်ရှားနိုင်ဖို့ ရည်ရွယ်ပြီး ဟစ်ဇ်ဘိုလာအဖွဲ့က လုံခြုံစိတ်ချရတယ်လို့ယူဆ သုံးစွဲခဲ့တဲ့ ပစ္စည်းတွေက သုံးနေသူတွေရဲ့ လက်ထဲမှာတင် ပေါက်ကွဲခဲ့တဲ့အတွက် လူဒါဇင်ပေါင်းများစွာ သေဆုံးခဲ့ရပြီး ထောင်ပေါင်းများစွာ ဒဏ်ရာရခဲ့ကြပါတယ်။
လက်ဘနွန်အစိုးရက ဒီတိုက်ခိုက်မှုတွေဟာ အစ္စရေးရဲ့ လက်ချက်ဖြစ်တယ်လို့ စွပ်စွဲခဲ့ပြီး "ရာဇဝတ်မှုမြောက်တဲ့ ရန်လိုတိုက်ခိုက်မှု" အဖြစ် သတ်မှတ်ဖော်ညွှန်းခဲ့ပါတယ်။ ဟစ်ဇ်ဘိုလာအဖွဲ့ကလည်း ဒီတိုက်ခိုက်မှုတွေအတွက် "သင့်လျော်တဲ့ လက်စားချေမှုနဲ့ တုံ့ပြန်မယ်"လို့ ကြုံးဝါးခဲ့ပါတယ်။
အစ္စရေးအစိုးရကတော့ ဒီစွပ်စွဲချက်တွေကို တုံ့ပြန်ပြောဆိုတာမျိုး မရှိသေးပါဘူး။ ဒါပေမဲ့ ဒီတိုက်ခိုက်မှုတွေအကြောင်း တရားဝင်ထုတ်ပြန်တာမျိုး မလုပ်ကြဖို့ အစ္စရေးအစိုးရအဖွဲ့ဝင် ဝန်ကြီးများအဖွဲ့က သူ့ဝန်ကြီးတွေကို ညွှန်ကြားထားတယ်လို့ အစ္စရေးသတင်းမီဒီယာတချို့မှာ ဖော်ပြခဲ့ပါတယ်။
အစ္စရေးအစိုးရက ဟစ်ဇ်ဘိုလာအဖွဲ့ရဲ့ လှုပ်ရှားမှုတွေကို အနီးကပ် စောင့်ကြည့်လေ့လာနေလေ့ရှိပြီး အခု စစ်ဆင်လှုပ်ရှားမှုဟာ ဆက်ဖြစ်နေတဲ့ နှစ်ဖက် ပဋိပက္ခရဲ့ တစ်စိတ်တပိုင်းဖြစ်တယ်လို့ ယူဆနိုင်စရာ ရှိပါတယ်။
တကယ်လို့များ ဒီတိုက်ခိုက်မှုတွေက အစ္စရေးရဲ့ လက်ချက် ဖြစ်တယ်ဆိုရင်တော့ ဒါဟာ အံ့အားသင့်စရာ အကောင်းဆုံးနဲ့ ထိရောက်မှုအရှိဆုံး စစ်ဆင်တိုက်ခိုက်မှုတွေထဲက တစ်ခုလို့ သတ်မှတ်ရမှာ ဖြစ်ပြီး အစ္စရေး အရင်ကလုပ်ခဲ့တဲ့ အထူးသဖြင့် မော့ဆက် အစ္စရေး ထောက်လှမ်းရေးအဖွဲ့ လုပ်ခဲ့တဲ့ လုပ်ငန်းစဉ်တွေကို ပြန်အမှတ်ရစေမှာ ဖြစ်ပါတယ်။
မော့ဆက် ထောက်လှမ်းရေးအဖွဲ့ဟာ စစ်ဆင်လှုပ်ရှားမှု အများအပြားမှာ အောင်မြင်မှု ရခဲ့ပါတယ်။ အဲဒီအထဲက အမှတ်ရစရာ အထင်ကရ အောင်မြင်မှုတချို့ကို ပြန်ပြောင်း ကြည့်ကြရအောင်ပါ။
နာဇီအရာရှိ အဒေါ့ဖ် အိုက်ခ်မန်း ကို ခြေရာခံ ဖမ်းဆီးနိုင်မှု
၁၉၆၀ ပြည့်လွန်နှစ်ပိုင်းတွေမှာ နာဇီ အရာရှိ အဒေါ့ဖ် အိုက်ခ်မန်းကို အာဂျင်တီးနားနိုင်ငံကနေ ခြေရာခံဖမ်းဆီးခေါ်ဆောင်လိုက်နိုင်ခဲ့မှုဟာ မော့ဆက်အဖွဲ့ရဲ့ အထင်ကရ အဖြစ်ဆုံး ထောက်လှမ်းရေးအောင်မြင်မှုကြီးတစ်ခု ဖြစ်ပါတယ်။
အိုက်ခ်မန်းဟာ ဒုတိယကမ္ဘာစစ်အတွင်း နာဇီဂျာမန်တွေရဲ့ လက်ချက်နဲ့ ဂျူးလူမျိုး ၆ သန်းလောက် သတ်ဖြတ်ခံခဲ့ရတဲ့ ဟော်လိုကော့စ် ဖြစ်ရပ်ကြီးကို အဓိက စီစဉ်ခဲ့သူ ဖြစ်ပါတယ်။
အဖမ်းမခံရအောင် နိုင်ငံအများအပြားအကြား ရွှေ့ပြောင်း တိမ်းရှောင်ခဲ့အပြီး နောက်ဆုံးမှာ အိုက်ခ်မန်းဟာ အာဂျင်တီးနားနိုင်ငံမှာ အခြေချ နေထိုင်ခဲ့ပါတယ်။
မော့ဆက် အစ္စရေးထောက်လှမ်းရေးအဖွဲ့ဝင် ၁၄ ဦးပါတဲ့ အဖွဲ့တစ်ဖွဲ့က သူ့ကို ခြေရာခံ လိုက်ရှာ၊ ဖမ်းဆီးပြီး အစ္စရေးနိုင်ငံဆီ ခေါ်လာခဲ့ပါတယ်။ အဲဒီမှာ သူ့ကို ရုံးတင်စစ်ဆေးပြီး ကွပ်မျက်ခဲ့ပါတယ်။
အင်တက်ဘီ စစ်ဆင်ရေး
၁၉၇၆ ခုနှစ်က ယူဂန်ဒါနိုင်ငံမှာ လုပ်ခဲ့တဲ့ အင်တက်ဘီ စစ်ဆင်ရေးဟာ အစ္စရေးရဲ့ အအောင်မြင်ဆုံး စစ်ဆင်ရေးလှုပ်ရှားမှုတွေထဲက တစ်ခုအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။
မော့ဆက်အဖွဲ့က ထောက်လှမ်းရေး သတင်းအချက်အလက်တွေ ထောက်ပံ့ပေးခဲ့ပြီး အစ္စရေးစစ်တပ်က စစ်ဆင်လှုပ်ရှားခဲ့တာ ဖြစ်ပါတယ်။
တယ်လ်အဗီးမြို့ကနေ ပဲရစ်မြို့ကို သွားတဲ့ ပြင်သစ်လေကြောင်းပိုင် ခရီးသည်တင် လေယာဉ်တစ်စင်းကို PFLP ပါလက်စတိုင်း လွတ်မြောက်ရေး တပ်ဦးအဖွဲ့ဝင် နှစ်ဦးနဲ့ အပေါင်းပါ ဂျာမန်လူမျိုး နှစ်ဦး က ပြန်ပေးဆွဲခဲ့ပြီး ယူဂန်ဒါနိုင်ငံဆီ မောင်းခိုင်းခဲ့ပါတယ်။ လေယာဉ်ပေါ် ပါလာတဲ့ ခရီးသည်တွေနဲ့ လေယာဉ်အမှုထမ်းတွေကို ဓားစာခံတွေအဖြစ် အင်တက်ဘီ လေဆိပ်မှာ ထိန်းသိမ်းထားခဲ့ပါတယ်။
အစ္စရေး ကွန်မန်ဒိုတပ်ဖွဲ့ဝင်တွေက လေဆိပ်ထဲ စီးနင်းဝင်ရောက်ခဲ့ပြီး ကျန်တဲ့ အစ္စရေးနဲ့ ဂျူးလူမျိုး ဓားစာခံ ၁၀၀ ကို ကယ်ထုတ်ခဲ့ပါတယ်။
စီးနင်းတိုက်ခိုက်မှုအတွင်း ပြန်ပေးသမားတွေနဲ့အတူ ဓားစာခံ ၃ ဦး၊ ယူဂန်ဒါ စစ်သား အတော်များများနဲ့ အစ္စရေး ကွန်မန်ဒိုအဖွဲ့ခေါင်းဆောင် ယော်နတန် နေတန်ညာဟု (လက်ရှိအစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုရဲ့ အစ်ကို) သေဆုံးခဲ့ပါတယ်။
ညီနောင်များ စစ်ဆင်ရေး
လျှို့၀ှက် လှည့်ဖျားတဲ့ လုပ်ရပ်တစ်ခုအဖြစ် အစ္စရေးဝန်ကြီးချုပ် မီနာခမ် ဘီဂင်ရဲ့ ညွှန်ကြားချက်နဲ့ ၁၉၈၀ ပြည့်လွန် ဦးပိုင်းနှစ်တွေအတွင်း မော့ဆက်အဖွဲ့ဟာ ရေငုပ်အပန်းဖြေကမ်းခြေတု တစ်ခု ဖန်တီး အသုံးပြုပြီး အီသီယိုပီးယန်း ဂျူး ၇၀၀၀ ကျော်လောက်ကို ဆူဒန်နိုင်ငံကနေတဆင့် အစ္စရေးနိုင်ငံထဲ ခိုးသွင်းလာနိုင်ခဲ့ပါတယ်။
ဆူဒန်နိုင်ငံဟာ အာရပ်အဖွဲ့ချုပ်ဝင် ရန်သူနိုင်ငံတစ်ခုဖြစ်တဲ့အတွက် ခိုးကြောင်ခိုးဝှက် လှုပ်ရှားခဲ့ရပါတယ်။ မော့ဆက်အဖွဲ့ဝင် အုပ်စုတစ်စုက ဆူဒန်နိုင်ငံ၊ ပင်လယ်နီကမ်းရိုးတန်းပေါ်မှာ အပန်းဖြေကမ်းခြေတစ်ခု ဖန်တီးခဲ့ပြီး အခြေစိုက်စခန်းအဖြစ် အသုံးပြုခဲ့ပါတယ်။
နေ့ဘက်မှာ ဟိုတယ်ဝန်ထမ်းတွေအဖြစ် ဟန်ဆောင်ခဲ့ပြီး ညဘက်မှာတော့ အိမ်နီးချင်း အီသီယိုးပီးယားနိုင်ငံကနေ ဆူဒန်ဘက်ခြမ်းကို ခြေလျင် ခိုးထွက်လာကြတဲ့ ဂျူးတွေကို လေကြောင်းနဲ့ ရေကြောင်းတွေကနေ နိုင်ငံထဲကနေ ခေါ်ထုတ်ခဲ့ပါတယ်။
အဲဒီ စစ်ဆင်ရေးက အနည်းဆုံး ၅ နှစ် ကြာခဲ့ပြီး သူတို့ကို ဖော်ထုတ် သိသွားတဲ့အချိန်မှာတော့ မော့ဆက်အဖွဲ့ဝင်တွေ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြပြီ ဖြစ်ပါတယ်။
မြူးနစ် အိုလံပစ် သတ်ဖြတ်ခံခဲ့ရမှုအပြီး တုံ့ပြန် ကလဲ့စားချေ
၁၉၇၂ ခုနှစ်မှာ Black September ပါလက်စတိုင်း လက်နက်ကိုင်အုပ်စုက မြူးနစ် အိုလံပစ်ပွဲမှာ အစ္စရေးအိုလံပစ် အားကစားအဖွဲ့ဝင် နှစ်ဦးကို သတ်ဖြတ်ခဲ့ပြီး ၉ ဦးကို ဖမ်းဆီးထားခဲ့ပါတယ်။
အနောက်ဂျာမနီနိုင်ငံ ရဲတပ်ဖွဲ့က ကယ်ဆယ်ဖို့ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘဲအစ္စရေး အားကစားသမားတွေ သေဆုံးခဲ့ပါတယ်။
အဲဒီနောက်ပိုင်း နှစ်တွေမှာ မာမွတ် ဟမ်ရှာရီ အပါအဝင်ဒီတိုက်ခိုက်မှုမှာ ပါဝင်ခဲ့သူတွေလို့ သံသယရှိသူတွေကို မော့ဆက်က ပစ်မှတ်ထား တုံ့ပြန်ခဲ့ပါတယ်။
ဟမ်ရှာရီ ဟာ ဖောက်ခွဲရေးပစ္စည်းတွေထည့်ထားတဲ့ ဖုန်း ပေါက်ကွဲခဲ့ပြီး ပဲရစ်မြို့က သူ့ရဲ့ တိုက်ခန်းမှာ သေဆုံးခဲ့ပါတယ်။ ပေါက်ကွဲမှုအတွင်း သူ့ခြေတစ်ဖက် ပြတ်သွားခဲ့ပြီး အဲဒီဒဏ်ရာတွေကြောင့်ပဲ သေဆုံးခဲ့ပါတယ်။
ယားယာ အိုင်ယက်ရှ်နဲ့ ဖုန်းပေါက်ကွဲမှု
၁၉၉၆ ခုနှစ်မှာလည်း အလားတူ စစ်ဆင်လှုပ်ရှားမှုတစ်ခု လုပ်ခဲ့ပါတယ်။ ဒီတစ်ခါမှာတော့ ဟားမတ်စ်အဖွဲ့ရဲ့ အဓိက ဗုံးထုတ်လုပ်ပေးနေသူ ယာယာ အိုင်ယက်ရှ်ကို သူကိုင်တဲ့ မိုတိုရိုလာ အယ်လ်ဖာ မိုဘိုင်းဖုန်းထဲကို ဖောက်ခွဲပစ္စည်း ၅၀ ဂရမ် ထည့်ခဲ့ပြီး လုပ်ကြံခဲ့တာ ဖြစ်ပါတယ်။
ဟားမတ်စ် လက်နက်ကိုင်အဖွဲ့ရဲ့ အထင်ကရ ခေါင်းဆောင်တစ်ဦးဖြစ်သူ အိုင်ယက်ရှ် ဟာ ဗုံးတွေလုပ်တဲ့နေရာမှာ ကျွမ်းကျင်သူ၊ အစ္စရေးတွေကို ပစ်မှတ်ထားတဲ့ နက်နဲခက်ခဲတဲ့ တိုက်ခိုက်မှုတွေကို အကွက်ချ စီစဉ်သူအဖြစ် နာမည်ကြီးပါတယ်။
အဲဒီအတွက် သူ့ကို အစ္စရေးရဲ့ အလိုအရှိဆုံးသူတစ်ဦးအဖြစ် အစ္စရေး လုံခြုံရေး အေဂျင်စီတွေက အဓိက အာရုံစိုက်စရာ ဖြစ်စေခဲ့တာပါ။
သူ့ကို လုပ်ကြံခဲ့မှုအကြောင်း အသေးစိတ်အချက်အလက်တချို့ကို မဖော်ပြဖို့ ဆင်ဆာဖြတ်ထားမှုကို အစ္စရေးက ၂၀၁၉ ခုနှစ်နှောင်းပိုင်းမှာ ရုပ်သိမ်းခဲ့ပြီး အိုင်ယက်ရှ်နဲ့ သူ့ဖခင် နောက်ဆုံး ဖုန်းပြောခဲ့ပုံ အသံသွင်းထားတာကို အစ္စရေး Channel 13 ရုပ်မြင်သံကြားမှာ ထုတ်လွှင့်ပြသခဲ့ပါတယ်။
ဟမ်ရှာရီနဲ့ အိုင်ယက်ရှ်တို့ နှစ်ဦး လုပ်ကြံခံခဲ့ရမှုဟာ ပစ်မှတ်ထား သတ်ဖြတ်မှုတွေအတွက် အစ္စရေးက ခေတ်မီနည်းပညာတွေကို ဟိုးကတည်းက အသုံးပြုခဲ့တဲ့ အစဉ်အလာ ရှိခဲ့တယ် ဆိုတာကို မီးမောင်းထိုး ပြနေတာ ဖြစ်ပါတယ်။
မာမွတ် အယ်လ် မက်ဘ်ဟူး-လည်မျိုညှစ်သတ် လုပ်ကြံခံခဲ့ရ
၂၀၂၀ ခုနှစ်မှာ ဟားမတ်စ်အဖွဲ့ရဲ့ ရာထူးအဆင့်မြင့် စစ်ခေါင်းဆောင်တစ်ဦးဖြစ်သူ မာမွတ် အယ်လ် မက်ဘ်ဟူး ဒူဘိုင်းဟိုတယ်တစ်ခုမှာ လုပ်ကြံခံခဲ့ရပါတယ်။
ကနဦးတုန်းကတော့ သူသွေးရိုးသားရိုး ကွယ်လွန်ခဲ့တာလို့ ယူဆခဲ့ကြပါတယ်။ ဒါပေမဲ့ စောင့်ကြည့်ကင်မရာက ပုံတွေကို စစ်ဆေးကြည့်ခဲ့အပြီးမှာတော့ သူဟာ အဖွဲ့တစ်ခုရဲ့ လုပ်ကြံခံခဲ့ရတယ်ဆိုတာကို ဒူဘိုင်းရဲတွေက စစ်ဆေးဖော်ထုတ်နိုင်ခဲ့ပါတယ်။
အယ်လ် မက်ဘ်ဟူး ဟာ ကျင်စက်နဲ့တို့ခံခဲ့ရပြီး အဲဒီနောက်မှာ လည်မျိုညှစ်သတ် ခံခဲ့ရတာ ဖြစ်တယ်လို့ ရဲတွေက နောက်ပိုင်းမှာ ထုတ်ဖော်ပြောပါတယ်။
ဒီလုပ်ကြံမှုဟာ မော့ဆက်က စီစဉ်လုပ်ခဲ့တာလို့ သင်္ကာမကင်း ဖြစ်ခဲ့ကြပြီး ယူအေအီး (အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံ) နဲ့ အစ္စရေးအကြား သံတမန်ရေး အငြင်းပွား အမျက်ထွက်မှုတွေ ပေါ်ပေါက်စေခဲ့ပါတယ်။
အစ္စရေးသံတမန်တွေကတော့ ဒီတိုက်ခိုက်မှုနဲ့ မော့ဆက်အဖွဲ့ ဆက်နွှယ်ပတ်သက်နေတယ်ဆိုတဲ့ အထောက်အထား လုံး၀မရှိဘူးလို့ ပြောခဲ့ပါတယ်။
ဒါပေမဲ့ ပါဝင်ပတ်သက်မှု ရှိသလားဆိုတာကိုလည်း ငြင်းဆိုတာမျိုး မလုပ်ခဲ့ပါဘူး။ ဒါဟာ ဒီလိုကိစ္စရပ်မျိုးတွေအပေါ် ဘယ်တော့မှ ရေရေရာရာ ထုတ်ဖော်ပြောလေ့မရှိတဲ့ အစ္စရေးရဲ့ မူဝါဒ ဖြစ်ပါတယ်။
အောင်မြင်ခဲ့တဲ့ လုပ်ကြံမှုတွေ အများအပြား ရှိခဲ့ပေမဲ့လည်း မော့ဆက်အဖွဲ့မှာ မအောင်မမြင် ဖြစ်ခဲ့မှုတွေလည်း ရှိခဲ့ပါတယ်။
ဟားမတ်စ် နိုင်ငံရေးခေါင်းဆောင် ခါလစ် မီရှားလ်
သံတမန်ရေး အကျပ်အတည်းကြီး တစ်ခု ပေါ်ပေါက်ခဲ့တဲ့အထိ ဖြစ်ခဲ့ရတဲ့ စစ်ဆင်မှုတစ်ခုကတော့ အစ္စရေးက ၁၉၉၇ ခုနှစ်မှာ ဟားမတ်စ်ရဲ့ နိုင်ငံရေး ဗျူရို အကြီးအကဲ ခါလစ် မီရှားလ် ကို အဆိပ်သုံးပြီး ဂျော်ဒန်နိုင်ငံမှာ လုပ်ကြံဖို့ ကြိုးစားခဲ့မှု ဖြစ်ပါတယ်။
အစ္စရေးထောက်လှမ်းရေးအဖွဲ့တွေကို မိသွားတဲ့အတွက် လုပ်ကြံမှု မအောင်မမြင် ဖြစ်ခဲ့ရပြီး မီရှားလ်ရဲ့ အသက်ကို ပြန်ကယ်ဖို့ အစ္စရေးက အဆိပ်ဖြေဆေး ထုတ်ပေးခဲ့ရပါတယ်။
အဲဒီအချိန်က မော့ဆက်အဖွဲ့ရဲ့ အကြီးအကဲ ဒန်နီ ယာတွန်ဟာ မီရှားလ်ကို ကုသပေးဖို့ ဂျော်ဒန်နိုင်ငံဆီ လေယာဉ်နဲ့ လာခဲ့ရပါတယ်။
ဒီဖြစ်ရပ်ကြောင့် အစ္စရေးနဲ့ ဂျော်ဒန် နိုင်ငံအကြား ဆက်ဆံရေး သိသိသာသာ အဖုအထစ် ဖြစ်သွားခဲ့ရပြီး အဲဒီကတည်းကစလို့ ဂျော်ဒန်က အစ္စရေးနဲ့ ငြိမ်းချမ်းရေး သဘောတူချက် လက်မှတ်မရေးထိုးတော့ပါဘူး။
ဟားမတ်စ်ခေါင်းဆောင် မာမွတ် အယ်လ် ဇဟား
၂၀၀၃ ခုနှစ်မှာ အစ္စရေးက ဂါဇာစီတီးမြို့မှာရှိတဲ့ ဟားမတ်စ်ခေါင်းဆောင် မာမွတ် အယ်လ် ဇဟားရဲ့ အိမ်ကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုတစ်ခု လုပ်ခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုကနေ အယ်လ် ဇဟား အသက်ရှင် လွတ်မြောက်ခဲ့ပေမဲ့ တခြားလူအတော်များများနဲ့အတူ သူ့ဇနီးနဲ့ သားဖြစ်သူ ခါလစ် တို့ သေဆုံးခဲ့ပါတယ်။
ဒီဗုံးကြဲတိုက်ခိုက်မှုကြောင့် သူ့နေအိမ် လုံးဝ ထိခိုက်ပျက်စီးသွားခဲ့ပြီး လူနေထူထပ်တဲ့ ရပ်ကွက်အပေါ် စစ်ရေးအရ တိုက်ခိုက်ခဲ့တဲ့အတွက် ထွက်ပေါ်လာတဲ့ ဆိုးဝါးတဲ့ အကျိူးဆက်တွေကို မီးမောင်းထိုး ဖော်ပြနေပါတယ်။
လဗွန်း အရှုပ်တော်ပုံ
၁၉၅၄ ခုနှစ်မှာ ဆူဇန်နာ စစ်ဆင်ရေး လို့ ခေါ်တဲ့ အစ္စရေး ထောက်လှမ်းရေး လှုပ်ရှားမှုတစ်ခုကို အီဂျစ် အာဏာပိုင်တွေက တားဆီးဖော်ထုတ်လိုက်နိုင်ခဲ့ပါတယ်။
ကြိုတင်တားဆီးလိုက်နိုင်ခဲ့တဲ့ အဲဒီအစီအစဉ်ဟာ ယူကေအစိုးရကို ဆူးအက်တူးမြောင်းထဲမှာ သူ့တပ်ဖွဲ့တွေ ဆက်စခန်းချနေနိုင်အောင် ဖိအားပေးဖို့အတွက် အီဂျစ်မှာရှိတဲ့ အမေရိကန်နဲ့ ဗြိတိသျှ အဆောက်အအုံနေရာတွေမှာ အစ္စရေးက ဗုံးထောင်ဖို့ ဖြစ်ပါတယ်။
အဲဒီအချိန်က ကာကွယ်ရေးဝန်ကြီး ပင်ဟက်စ် လဗွန်းရဲ့ အမည်ကို အစွဲပြုပြီး အဲဒီဖြစ်ရပ်ကို လဗွန်းအရှုပ်တော်ပုံလို့ အမည်ပေးထားကြပါတယ်။
သူဟာ အဲဒီစစ်ဆင်ရေး အစီအစဉ်ဆွဲတဲ့အထဲမှာ ပါဝင်နေသူလို့ ယူဆရပါတယ်။ မော့ဆက်အဖွဲ့ဟာလည်း ထောက်လှမ်းရေးဆိုင်ရာ ချို့ယွင်းမှုတွေ ကြီးကြီးမားမား ရှိခဲ့တယ်လို့ သတ်မှတ်ခံခဲ့ရပါတယ်။
ယွမ် ကစ်ပူးရ် စစ်ပွဲ
၁၉၇၃ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့မှာ အီဂျစ်နဲ့ ဆီးရီးယားတို့က ဆိုင်းနိုင်းကျွန်းဆွယ်နဲ့ ဂိုလန်ကုန်းမြင့်ဒေသတွေကို ပြန်လည် သိမ်းပိုက်နိုင်ဖို့ အစ္စရေးကို ရုတ်တရက် စတင်တိုက်ခိုက်ခဲ့ပါတယ်။
ဂျူးလူမျိုးတွေ နှစ်စဉ်ကျင်းပနေကျ ယွမ်ကစ်ပူးရ် အပြစ်ဖြေရာ ဆုတောင်းပွဲနေ့မှာ အချိန်ကိုက် တိုက်ခိုက်ခဲ့တာကြောင့် စစ်ပွဲ အစကာလရက်တွေမှာ အစ္စရေးတို့ အငိုက်မိခဲ့ရပါတယ်။
အီဂျစ်နဲ့ ဆီးရီးယားက စစ်မြေပြင် နှစ်ခု ဖွင့်ပြီး အစ္စရေးကို တိုက်ခဲ့ပါတယ်။
အီဂျစ်တပ်ဖွဲ့ဝင်တွေက ဆူးအက်တူးမြောင်းကို ဖြတ်ကျော် ဝင်ရောက်လာခဲ့ကြရာမှာ နဂိုမျှော်မှန်းထားတာထက် အနည်းအပါးလောက်ပဲ ထိခိုက်သေဆုံးသူ ရှိခဲ့ပါတယ်။ ဆီးရီးယားတပ်တွေကတော့ အစ္စရေးတပ်စခန်းတွေကို ဝင်တိုက်ခိုက်ခဲ့ကြပြီး ဂိုလန်ကုန်းမြင့်အထိ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့ပါတယ်။
ဆိုဗီယက်ယူနီယံက ဆီးရီးယားနဲ့ အီဂျစ်ကို အထောက်အပံ့ပစ္စည်းတွေ ပေးခဲ့ပြီး အမေရိကန်ကတော့ အစ္စရေးအတွက် အရေးပေါ် အထောက်အပံ့လမ်းကြောင်းတစ်ခုဖွင့်ပြီး ထောက်ပံ့ပေးခဲ့ပါတယ်။
ကျူးကျော်ဝင်လာတဲ့ တပ်ဖွဲ့တွေကို အစ္စရေးက ပြန်တွန်းလှန်နိုင်ခဲ့ပြီး အောက်တိုဘာလ ၂၅ ရက်နေ့မှာ စစ်ပွဲ အဆုံးသတ်ခဲ့ပါတယ်။ တိုက်ခိုက်မှုတွေ ရပ်ဆိုင်းဖို့ ကုလသမဂ္ဂက ဆုံးဖြတ်ပြဌာန်းချက် ချမှတ်ခဲ့အပြီး ၄ ရက်အကြာမှာ ဖြစ်ပါတယ်။
၂၀၂၃ အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှု
နှစ်ပေါင်း ၅၀ နီးပါး အကြာမှာ အစ္စရေး ရုတ်တရက် တိုက်ခိုက်ခံခဲ့ရပြန်ပါတယ်။ ဒီတစ်ခေါက်ကတော့ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့မှာ ဂါဇာနယ်စပ်နဲ့ ကပ်ရက် အစ္စရေးနိုင်ငံထဲက မြို့တွေကို ဟားမတ်စ် လက်နက်ကိုင်တွေက တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ဒီတိုက်ခိုက်မှုတွေကို ကြိုမသိခဲ့တာဟာ မော့ဆက်အဖွဲ့အတွက် မဟာ ရှုံးနိမ့်မှုကြီး တစ်ခုလို့ ယူဆကြပြီး ဟားမတ်စ်တွေကို ဟန့်တားနိုင်ရေး အစ္စရေးရဲ့ မူဝါဒမှာ ချို့ယွင်းမှုတွေ ရှိနေတယ်ဆိုတာကို ထင်ဟပ်ပြနေတယ်လို့ အကဲခတ်တွေက ပြောပါတယ်။
အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုကြောင့် လူပေါင်း ၁၂၀၀ လောက် သတ်ဖြတ်ခံခဲ့ရပြီး အများစုဟာ အရပ်သားတွေ ဖြစ်တယ်လို့ အစ္စရေး အာဏာပိုင်တွေက ပြောပါတယ်။ နောက်ထပ် လူ ၂၅၁ ဦးလည်း ဓားစာခံတွေအဖြစ် ဂါဇာဒေသဆီ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရပါတယ်။
ဟားမတ်စ်ရဲ့ တိုက်ခိုက်မှုကို တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးက ဂါဇာကမ်းမြောင်ဒေသမှာ စစ်ပွဲ စတင်ခဲ့ရာမှာ လောလောဆယ် လူ ၄၀၀၀၀ ကျော်လောက် အသက်ဆုံးရှုံးခဲ့ရပြီး ဖြစ်ပြီး အများစုဟာ အရပ်သားတွေ ဖြစ်တယ်လို့ ဂါဇာဒေသက ဟားမတ်စ် ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။