ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဟစ်ဇ်ဘိုလာ၊ အစ္စရေးနဲ့ ဂိုလန်ကုန်းမြင့် - ဘာတွေဖြစ်နေလဲ၊ ဘာ့ကြောင့် ဖြစ်တာလဲ
အစ္စရေး သိမ်းပိုက်ခံ ဂိုလန်ကုန်းမြင့်က ကစားကွင်းထဲကို ကျရောက်ပေါက်ကွဲခဲ့ပြီး လူသေဆုံးတဲ့အထိ ဖြစ်ပွားခဲ့တဲ့လေကြောင်း တိုက်ခိုက်မှုကြောင့် ဒေသတွင်းမှာ စစ်ပွဲအသစ်တစ်ခု ထပ်တိုးလာမှာကို စိုးရိမ်စိတ်တွေ မြင့်နေကြပါတယ်။
အစ္စရေးကတော့ ဒီတိုက်ခိုက်မှုနောက်ကွယ်မှာ လက်ဘနွန်အခြေစိုက် ဟစ်ဇ်ဘိုလာအဖွဲ့ရှိနေတယ်လို့ ပြောပေမဲ့ အဲဒီအဖွဲ့ကတော့ ဒီဖြစ်ရပ်ကို ငြင်းထားပါတယ်။
ဂိုလန်ကုန်းမြင့်က တိုက်ခိုက်မှုမှာ ဘာတွေဖြစ်ခဲ့လဲ
ဇူလိုင်လ ၂၇ ရက်နေ့ စနေနေ့ ညနေခင်းမှာ မာ့ရှ် ဒါရှမ်မြို့က အားကစားကွင်းတစ်ခုထဲမှာ ပေါက်ကွဲမှု တစ်ခုဖြစ်ခဲ့တာကြောင့် လူနည်းစု ဒရုဇ်ဘာသာရေးအနွယ်ဝင်တွေထဲက လူငယ်နဲ့ ကလေးငယ် ၁၂ ဦး သေဆုံးခဲ့ပါတယ်။
ဒါဟာ အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာတို့ကြား အောက်တိုဘာလမှာ တင်းမာမှုတွေ မြင့်တက်ခဲ့ပြီးတဲ့နောက် အစ္စရေးနဲ့နယ်စပ် လက်ဘနွန်နိုင်ငံထဲမှာ ဖြစ်ပွားခဲ့တဲ့ လူသေဆုံးမှုအများဆုံးဖြစ်ရပ်ဖြစ်လာပါတယ်။
သေဆုံးသူတွေထဲမှာ လူငယ်တွေ ပါဝင်တာကြောင့် အဲဒီလေကြောင်းတိုက်ခိုက်မှုဟာ အစ္စရေးမှာရော ကမ္ဘာတဝန်းမှာပါ အံ့သြတုန်လှုပ်မှုဖြစ်ခဲ့ရပါတယ်။
အစ္စရေးကတော့ ဒီတိုက်ခိုက်မှုကို ဟစ်ဇ်ဘိုလာအဖွဲ့လုပ်ခဲ့တာဖြစ်ပြီး လက်ဘနွန်နိုင်ငံထဲက မလှမ်းလှတဲ့အကွာအဝေးထဲကနေ အီရန်လုပ် ဒုံးကျည်နဲ့ပစ်ခတ်ခဲ့တာလို့ ပြောပါတယ်။ အမေရိကန်ကလည်း ဟစ်ဇ်ဘိုလာကို အပြစ်ဖို့ပါတယ်။
ဟစ်ဇ်ဘိုလာကတော့ ဒီဖြစ်ရပ်မှာ သူတို့ ပါဝင်တာ မရှိတဲ့အကြောင်း အခိုင်အမာ ငြင်းဆိုပါတယ်။
ဟစ်ဇ်ဘိုလာဆိုတာ ဘာလဲ
ဟစ်ဇ်ဘိုလာအဖွဲ့ဟာ အစ္စရေးရဲ့မြောက်ပိုင်း အိမ်နီးချင်းနိုင်ငံ လက်ဘနွန်ထဲမှာ အခြေစိုက်တဲ့ လက်နက်ကိုင်စစ်သွေးကြွနဲ့ နိုင်ငံရေး လှုပ်ရှားမှုကို ခေါ်တာဖြစ်ပါတယ်။
သူ့ရဲ့ စစ်ဘက်အဖွဲ့ဟာ ဒေသတွင်းမှာဆိုရင် အင်အားအရှိဆုံးလက်နက်ကိုင်တပ်ဖွဲ့တွေထဲက တစ်ဖွဲ့ဖြစ်ပြီး ဒုံးကျည်နဲ့ဒုံးပျံပေါင်း ၂ သိန်းနီးပါး၊ နောက် တိုက်ခိုက်ရေးဒရုန်းတွေကိုလည်း တပ်ဆင်ထားပါတယ်။ လက်ဘနွန်စစ်တပ်နဲ့ မသက်ဆိုင်သလို ပိုပြီးတော့လည်း အင်အားတောင့်ပါတယ်။
ဟစ်ဇ်ဘိုလာဟာ လက်ဘနွန်အစိုးရအပေါ်မှာ နိုင်ငံရေးအရ လွှမ်းမိုးမှုလည်း ရှိပါတယ်။
ဒီလှုပ်ရှားမှုဟာ အစ္စလာမ်ဘာသာအောက်က ရှီအာ ဘာသာရေးကို လိုက်စားတာဖြစ်ပြီး အရှေ့အလယ်ပိုင်းမှာ ရှီအာအင်အား အများဆုံးဖြစ်တဲ့ အီရန်နိုင်ငံကနေ သူ့ကို လက်နက်တပ်ပေး၊ သင်တန်းပေးပါတယ်။
ဟစ်ဇ်ဘိုလာအဖွဲ့နဲ့ သူ့ကို ထောက်ခံသူတွေဟာ လက်ဘနွန်နယ်မြေတစိတ်အပိုင်းကို လက်ရှိအချိန်အထိ သိမ်းပိုက်ထားတဲ့ အစ္စရေးကို ဆန့်ကျင့်တဲ့ တရားဝင်တွန်းလှန် လှုပ်ရှားမှုတစ်ခုအဖြစ် ရှုမြင်ပါတယ်။ ဟစ်ဇ်ဘိုလာအဖွဲ့ဟာ ဟားမတ်စ်အဖွဲ့နဲ့ ပါလက်စတိုင်းကို အခိုင်အမာ ထောက်ခံသူဖြစ်ပြီး အစ္စရေးရဲ့ဖြစ်တည်မှုကို ပယ်ချထားတဲ့အဖွဲ့လည်းဖြစ်ပါတယ်။
ဟစ်ဇ်ဘိုလာလှုပ်ရှားမှုကိုတော့ အနောက်နိုင်ငံတွေ၊ အစ္စရေး၊ ပင်လယ်ကွေ့က အာရှနိုင်ငံတွေနဲ့ အာရပ်အဖွဲ့ချုပ်က အကြမ်းဖက်အဖွဲ့အစည်းအဖြစ် တားမြစ်ထားပါတယ်။
ဂိုလန်ကုန်းမြင့်ဆိုတာ ဘာလဲ၊ အဲဒီမှာ ဘာကြောင့် အစ္စရေးရှိနောလဲ
ဂိုလန်ကုန်းမြင့်ဟာ ဆီးရီးယားနိုင်ငံ အနောက်တောင်ပိုင်းက ကျောက်တောင်ထူတပ်တဲ့ကုန်းပြင်ဖြစ်ပြီး အစ္စရေးနိုင်ငံ အရှေ့ မြောက်ပိုင်းအထိ ဆက်နေပါတယ်။
၁၉၆၇ အရှေ့အလယ်ပိုင်း စစ်ပွဲမှာ အစ္စရေးဟာ ဂိုလန်ကုန်းမြင့်က စတုရန်းကီလိုမီတာ ၁,၂၀၀(၄၆၀ စတုရန်းမိုင်ခန့်)ကို ဆီးရီးယားလက်ထဲကနေ သိမ်းခဲ့ပါတယ်။
အစ္စရေးဟာ ၁၉၈၁ ခုနှစ်မှာ အဲဒီနေရာကို ကျူးကျော်ပါတယ်။ အဲဒီလုပ်ရပ်ကိုလည်း နိုင်ငံတကာအသိုင်းအဝိုင်းက အတော်များများ အသိအမှတ်မပြုခဲ့ပါဘူး။ ဒါပေမဲ့ အမေရိကန်သမ္မတ ဒေါ် နယ်ထရမ့် လက်ထက် ၂၀၁၉ ခုနှစ်မှာတော့ သိမ်းပိုက်ခံ ဂိုလန်ကုန်းမြင့်နဲ့ ပတ်သက်ပြီး အစ္စရေးရဲ့ အခြုပ်အခြာပိုင်ဆိုင်မှုကို အသိအမှတ်ပြုပြီး ဆယ်စုနှစ်ချီကြာမြင့်ခဲ့တဲ့အမေရိကန်ရဲ့ မူဝါဒကို ပြောင်းလဲခဲ့ပါတယ်။
ဆီးရီးယားကတော့ အဲဒီမြေကို သူပိုင်ဆိုင်တယ်လို့ အမြဲပြောပြီး အဲဒီနယ်မြေကို ပြန်ရအောင်လုပ်မယ်လို့ ပြောထားပါတယ်။ ဒီအချိန်မှာပဲ အစ္စရေးကတော့ ကုန်းပြင်မြင့်အရပ်ဟာ သူ့ရဲ့ခုခံကာကွယ်ရေးအတွက် အရေးပါပြီး အဲဒီနယ်ကို လက်လွှတ်ပေးမှာမဟုတ်ဘူးလို့ ပြောပါတယ်။
ဂိုလန်ကုန်းမြင့်မှာ ဂျူးအခြေချနေထိုင်သူ အယောက် ၂၀,၀၀၀ နီးပါးနေထိုင်သလို အစ္စရေး စစ်အခြေစိုက်စခန်းတွေနဲ့ ရန်သူ့အခြေအနေ ထောက်လှမ်းရေးစခန်းတွေလည်း ရှိပါတယ်။ အခြေချနေထိုင်အရပ်တွေကတော့ နိုင်ငံတကာဥပဒေအရ တရားမဝင်ဘူးလို့ သတ်မှတ်ခံထားရပေမဲ့ အစ္စရေးကတော့ ဒါကို ပြန်ချေပပါတယ်။
ဒရုဇ်ဆိုတာ ဘယ်သူတွေလဲ
ဒရုဇ်ဟာ အာရဗီဘာသာစကားပြောတဲ့ တိုင်းရင်းသား ဘာသာရေးအစုအဖွဲ့ဖြစ်ပြီး အများစုဟာ လက်ဘနွန်၊ အစ္စရေး၊ ဂျော်ဒန်နဲ့ ဆီးရီးယားနိုင်ငံတို့မှာ နေထိုင်ပါတယ်။ အဲဒီအသိုက်အဝန်းထဲက အချို့ဟာ ဂိုလန်ကုန်းမြင့်မှာ နေထိုင်နေခဲ့ကြတာ လွန်ခဲ့တဲ့ရာစုနှစ်ပေါင်းများစွာကတည်းက ဖြစ်ပါတယ်။
ဂိုလန်ကုန်းမြင့်မှာနေထိုင်သူအများစုဟာ ၁၉၆၇ ခုနှစ်၊ ဇွန်လမှာ ကုန်းမြင့်နေရာကို ဆီးရီးယားကနေ အစ္စရေး လက်ထဲရောက်တဲ့အခါ ဆီးရီးယားဘက်ကို ပြောင်းကြပါတယ်။ မာ့ရှ် ဒါရှမ်ကတော့ အဲဒီမှာရှိတဲ့ ဒရုဇ်လူမျိုးတွေအများဆုံးရှိရာ မြို့ကြီး ၄ မြို့ထဲက တစ်မြို့ဖြစ်ပါတယ်။
အစ္စရေးဟာ ဂိုလန်ကုန်းမြင့်မှာနေထိုင်သူတွေအားလုံးကို နိုင်ငံသားဖြစ်ခွင့် ပေးထားပေမဲ့ အများစုကတော့ ဆီးရီးယားကို သစ္စာခံကြရတာဖြစ်ပါတယ်။
ဒီကနေ့ခေတ် အဲဒီမှာနေထိုင်ကြတဲ့ ဒရုဇ် လူမျိုး ၂၁,၀၀၀ ခန့်ထဲက ၂၀ ရာခိုင်နှုန်းဟာ အစ္စရေးနိုင်ငံသား ရရှိထားတာ ဒါမှမဟုတ် လက်ခံထားကြပြီးသားဖြစ်ပါတယ်။ ဆီးရီးယားနိုင်ငံသား ဖြစ်ပြီးသား သူတွေလည်း အစ္စရေးမှာနေထိုင်ခွင့်ရရှိထားပြီးဖြစ်ပြီး အများစုဟာ မဲပေးခွင့်ကလွဲလို့ အစ္စရေးနိုင်ငံသားတွေ နည်းတူ ရပိုင်ခွင့်တွေ အများဆုံးရထားပါတယ်။
သိမ်းပိုက်ခံ ဂိုလန်ကုန်းမြင့်အပြင်ဘက်မှာတော့ အစ္စရေးနိုင်ငံသားအပြည့်အဝရထားသူ ဒရုဇ်လူမျိုး ၁၁၀,၀၀၀ နီးပါးရှိပါတယ်။ သူတို့ဟာ အစ္စရေးရဲ့ စစ်မှုထမ်းအရ အစ္စရေးကာကွယ်ရေးတပ်(IDF) မှာ တာဝန်ထမ်းတဲ့ ဂျူးမဟုတ်တဲ့ အသိုက်အဝန်းက အများဆုံးသောလူတွေဖြစ်ပါတယ်။
ကမ္ဘာတဝန်းမှာတော့ ဒရုဇ်လူမျိုးပေါင်း ၁ သိန်းနီးပါးအထိရှိပါတယ်။ သူတို့ရဲ့ သက်ဝင်ယုံကြည်မှုဟာ ရှီအာအစ္စလာမ်ရဲ့ ဂိုဏ်းခွဲဖြစ်ပေမဲ့ သူတို့ရဲ့ ကိုယ်ပိုင် ပြုကျင့်ဖွယ်နဲ့ယုံကြည်မှုတွေရှိကြပါတယ်။
ဟစ်ဇ်ဘိုလာက ဂိုလန်ကုန်းမြင့်ကို ပစ်ခတ်နိုင်ခြေ အကြောင်းရင်းရှိလား
ဟစ်ဇ်ဘိုလာဟာ ဟားမတ်စ်အဖွဲ့က အစ္စရေးနိုင်ငံတောင်ပိုင်းကို အောက်တိုဘာလ ၇ ရက်မှာ တိုက်ခိုက်မှုပြုလုပ်ပြီး နောက်တစ်ရက်မှာပဲ အစ္စရေးက ပစ်မှတ်တွေကို ပစ်ခတ်ခဲ့ပါတယ်။ ပါလက်စတိုင်းတွေနဲ့ တစ်သားတည်းရှိကြောင်းပြသဖို့ အခုလိုလုပ်ခဲ့တာလို့လည်း ဆိုပါတယ်။
အဲဒီကတည်းက နှစ်ဖက်ဟာ ပုံမှန်ဆိုသလို အပြန်အလှန်ပစ်ခတ်မှုတွေရှိခဲ့တာကြောင့် လက်ဘနွန်နဲ့ အစ္စရေးက ထောင်နဲ့ချီတဲ့ဒေသခံတွေလည်း အိုးအိမ်စွန့်ခွာရတဲ့အထိ ဖြစ်ခဲ့ပါတယ်။
အစ္စရေးလုံခြုံရေးအရာရှိတွေကတော့ လူငယ်တွေ သေဆုံးမှုဖြစ်စေခဲ့တဲ့ဒုံးကျည်ဟာ သိမ်းပိုက်ခံ ဂိုလန်ကုန်းမြင့်မှာ နေရာအတော်များများကို တရစပ် ကျရောက်ခဲ့တဲ့ ဒုံးကျည်တွေထဲက တစ်ခုဖြစ်တယ်လို့ ပြောပါတယ်။ လက်ဘနွန်တောင်ပိုင်းမှာ ဟစ်ဇ်ဘိုလာ တိုက်ခိုက်ရေးသမား ၄ ဦးသေဆုံးခဲ့တဲ့ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုအပြီးမှာပဲ ဂိုလန်ကုန်းမြင့် ဒုံးကျည်တွေကျမှု ထွက်ပေါ်လာတာဖြစ်ပါတယ်။
အောက်တိုဘာလ ၈ ရက်ကတည်းက ဟစ်ဇ်ဘိုလာရဲ့ တိုက်ခိုက်မှုအများစုဟာ အစ္စရေးမြောက်ပိုင်းကို ထိမှန်ခဲ့ပြီး ဂိုလန်ကုန်းမြင့်မှာတော့ တိုက်ခိုက်မှုနည်းခဲ့ပါတယ်။ ဒါပေမဲ့ ဂိုလန်ကုန်းမြင့်မှာရှိပြီး မာ့ရှ် ဒါရှမ်နဲ့ မိုင်အနည်းငယ်အကွာရှိတဲ့ ရှီဘာဖန်းနယ်ထဲက အစ္စရေးရဲ့ စစ်ဘက်ဆိုင်ရာအခြေစိုက်နေရာတွေဟာ အကြိမ်ကြိမ်ပစ်မှတ်ထားခံခဲ့ရပါတယ်။
ဂါဇာစစ်ပွဲမှာ အစ္စရေးအစိုးရကို ဖိအားပေးနေချိန် အစ္စရေးရဲ့ ထိန်းချုပ်မှုအောက်မှာရှိနေတဲ့ နေရာတစ်ခုကို တိုက်ခိုက်မှုဟာ နိုင်ငံတကာအသိုင်းအဝိုင်းဆီကနေ တုံ့ပြန်မှု ကျယ်ကျယ်ပြန့်ပြန့် မရှိလာနိုင်ခြေကိုလည်း ဟစ်ဇ်ဘိုလာဘက်က တွက်ဆခဲ့ပုံရပါတယ်။
ဒါတွေ အားလုံးက ဟားမတ်စ်၊ ဂါဇာက စစ်ပွဲတို့နဲ့ ဘယ်လိုဆက်နွှယ်မှုရှိလဲ
ဟစ်ဇ်ဘိုလာ အဖွဲ့ဟာ အောက်တိုဘာ ၇ ရက်တိုက်ခိုက်မှုဖြစ်ကတည်းက အစ္စရေးနဲ့ စစ်ဖြစ်နေတဲ့ ဟားမတ်စ်ကို ထောက်ခံပါတယ်။ ဟားမတ်စ် သေနတ်သမားတွေဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၇ ရက်တုန်းက အစ္စရေးကို အလစ်အငိုက် ဝင်တိုက်ခဲ့တာကြောင့် လူပေါင်း ၁,၂၀၀ နီးပါးသေဆုံးပြီး နောက်ထပ် လူပေါင်း ၂၅၁ ဦးကိုလည်း ဓားစာခံ အဖြစ် ဖမ်းဆီး ခေါ်ဆောင်ခဲ့ကြပါတယ်။
ဟစ်ဇ်ဘိုလာအဖွဲ့ဟာ အစ္စရေးနိုင်ငံမြောက်ပိုင်းမှာ စစ်မျက်နှာပြင်တစ်ခုကို နောက်နေ့မှာ အကန့်အသတ်နဲ့ ဖွင့်ခဲ့ပြီး အဲဒီကတည်းက အပြန်အလှန် ပစ် ခတ်မှုတွေ ရှိနေခဲ့တာပါ။
ဟားမတ်စ်အဖွဲ့ကိုရော၊ ဟစ်ဇ်ဘိုလာအဖွဲ့ကိုပါ အီရန်က ကျောက်ထောက်နောက်ခံပေးထားပါတယ်။ ဒီအဖွဲ့ နှစ်ဖွဲ့စလုံးကို အီရန်က တော်လှန်အဖွဲ့တွေလို့ဆိုပြီး ဒေသတွင်းမှာ အစ္စရေးနဲ့ သူ့ရဲ့မဟာမိတ် အမေရိကန်ကို ဆန့်ကျင်တဲ့ အရှေ့အလယ်ပိုင်းက အီရန် ကျောထောက်နောက်ခံပေးထားတဲ့အဖွဲ့တွေကြားမှာတော့ ရည်ရွယ်ချက်တူတဲ့မဟာမိတ် ဖြစ်ပါတယ်။
ဂါဇာက စစ်ပွဲမှာ တိုက်ရိုက်ပါဝင်ပတ်သက်တာ မရှိတဲ့ ဟစ်ဇ်ဘိုလာ အဖွဲ့ကတော့ အစ္စရေးနဲ့ ဟားမတ်စ်တို့ကြား အပစ်ရပ်တာနဲ့ အစ္စရေးကို လက်နက်တွေနဲ့ ပစ်ခတ်တာ ရပ်မယ်လို့ ပြောထားပါတယ်။