အိမ်ထဲမှာအသတ်ခံရတဲ့ ဟားမတ်စ်ခေါင်းဆောင် ယာယာဆင်ဝါနေရာကို ဘယ်သူဆက်ခံမှာလဲ

    • ရေးသားသူ, အာရှ်ဒီ အဘူလွတ်ဖ်
    • ရာထူးတာဝန်, BBC News

ဟားမတ်စ်ခေါင်းဆောင် ယာယာဆင်ဝါ အသတ်ခံလိုက်ရပြီလို့ ကြာသပတေးနေ့မှာ ကြေညာခဲ့ပြီးတဲ့နောက်မှာတော့ သူ့နေရာမှာ ဘယ်သူ့ကို ခန့်အပ်မလဲတာကို မကြာခင်မှာ ဆွေးနွေးမှု စတင်မယ်လို့ ဟားမတ်စ်အဖွဲ့ အရာရှိ ၂ ဦးက ဘီဘီစီကို ပြောပါတယ်။

ဆင်ဝါရဲ့ လက်ထောက်လည်းဖြစ်၊ ဂါဇာဒေသအပြင်ဘက်မှာ ဟားမတ်စ်အဖွဲ့ရဲ့ အဆင့်အမြင့်ဆုံးအရာရှိလည်း ဖြစ်တဲ့ ခါလီ အယ်လ် ဟေယာကို ဟားမတ်စ်ခေါင်းဆောင်လောင်းအဖြစ် ယူဆထားတယ်လို့လည်း အဲဒီ အရာရှိတွေက ပြောပါတယ်။

အယ်လ် ဟေယာဟာ ကာတာမှာ အခြေချနေပြီး လက်ရှိမှာ ဟားမတ်စ်နဲ့ အစ္စရေးကြား အပစ်ရပ်ရေး ဆွေးနွေးပွဲတွေမှာ ဟားမတ်စ်ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်နေသူလည်းဖြစ်ပါတယ်။ သူဟာ ဂါဇာက အခြေအနေကို ကောင်းကောင်းသဘောပေါက်နားလည်သိရှိသလို အချိတ်အဆက်တွေလည်း ရှိသူဖြစ်ပါတယ်။

ဟားမတ်စ်ခေါင်းဆောင်တွေဟာ အစ္စရေးဘက်က အလိုအရှိဆုံးသူ အဖြစ် လိုက်ရှာဖွေသုတ်သင်ခဲ့သူ ဆင်ဝါရဲ့ နေရာမှာ ဆက်ခံမယ့်သူကို ၂ လ စွန်းစွန်းကာလအတွင်းမှာပဲ နောက်တစ်ကြိမ် ထပ်ရွေးရတော့မှာ ဖြစ်ပါတယ်။ တီဟီရန်မြို့မှာ ဟားမတ်စ်ခေါင်းဆောင် အစ္စမေးလ် ဟာနီယာ အသတ်ခံရအပြီးမှာ ယာယာဆင်ဝါကို ခေါင်းဆောင်အဖြစ် ရွေးချယ် ခဲ့ကြတာဖြစ်ပါတယ်။

ဟားမတ်စ်အဖွဲ့ အကြီးတန်းအရာရှိတစ်ဦးကတော့ ဆင်ဝါဟာ အောက်တိုဘာလ ၇ ရက် တိုက်ခိုက်မှုရဲ့ ကြိုးကိုင်စီစဥ်သူ ဗိသုကာဖြစ်ပြီး သူ့ကို ဟားမတ်စ်ခေါင်းဆောင်အဖြစ် ခန့်အပ်မှုဟာ အစ္စရေးကို ဆန့်ကျင်မှု သတင်းစကားကို ခိုင်ခိုင်မာမာ ပြောလိုက်တာလို့ ဆိုပါတယ်။

အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းမှုတွေဟာ ဇူလိုင်လကတည်းက ဆိုင်းသွားပြီး ဆင်ဝါရဲ့ ခေါင်းဆောင်မှုဟာ အပစ်ရပ် သဘောတူညီချက်ရဖို့ သိသာတဲ့အဟန့်အတားလို့ အများက ယုံကြည်နေကြပါတယ်။

ဆင်ဝါ သတ်ဖြတ်ခံရတာဖြစ်ပေမဲ့ ဟားမတ်စ်အဖွဲ့အကြီးတန်းအရာရှိတစ်ဦးကတော့ အပစ်ရပ်ရေးသဘောတူညီချက်နဲ့ အစ္စရေးဓားစာခံတွေကို ပြန်လွှတ်ပေးရေးအတွက် သူတို့ဘက်က လက်ခံမယ့် အခြေအနေတွေ ပြောင်းလဲမှာမဟုတ်ဘူးလို့ ဘီဘီစီကို ပြောပါတယ်။

ဟားမတ်စ်အဖွဲ့ကတော့ ဂါဇာကနေ အစ္စရေးစစ်တပ် လုံးဝရုပ်သိမ်းသွားဖို့၊ ရန်လိုမှုတွေ အဆုံးသတ်ဖို့၊ လူသားချင်းစာနာမှု အကူအညီလွှဲပြောင်းပေးဖို့နဲ့ စစ်ပွဲကြောင့် ဖွတ်ဖွတ်ညက်ညက် ကြေနေတဲ့ ဂါဇာကို ပြန် လည်ထူထောင်ဖို့ တောင်းဆိုနေတာဖြစ်ပါတယ်။ ဒီတောင်းဆိုချက်တွေကိုလည်း အစ္စရေးဘက်က လုံးဝ ပယ်ချထားပြီး ဟားမတ်စ်အဖွဲ့ကို လက်နက်ချဖို့ပဲ တိုက်တွန်းနေပါတယ်။

ဟားမတ်စ်အဖွဲ့အနေနဲ့ လက်နက်ချ အညံ့ခံဖို့ တောင်းဆိုတဲ့ အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ညာဟုရဲ့ တိုက်တွန်းချက်နဲ့ ပတ်သက်ပြီး ဟားမတ်စ်အဖွဲ့ အရာရှိတွေကို မေးမြန်းကြည့်ရာမှာတော့ '' ကျွန်တော်တို့အနေနဲ့ လက်နက်ချဖို့ လုံးဝ မဖြစ်နိုင်ဘူး'' လို့ ပြန်လည်တုံ့ပြန်ပါတယ်။

''ကျွန်တော်တို့ဟာ ကျွန်တော်တို့ လူတွေ လွတ်မြောက်ဖို့အတွက် တိုက်ပွဲဝင်နေတာပါ။ လက်နက်ချဖို့ကို ကျွန်တော်တို့ လက်ခံမှာမဟုတ်ဘူး။ ဆင်ဝါ့ လမ်းစဥ်အတိုင်းပဲ နောက်ဆုံးတစ်ယောက်တည်းသော စစ်သားဖြစ်ပါစေ၊ ကျည်တစ်ထောင့်ပဲ ကျန်ပါစေ တိုက်သွားမှာပါ'' လို့ ပြောပါတယ်။

ဆင်ဝါ လုပ်ကြံခံရမှုဟာ ဆယ်စုနှစ်တွေအတွင်းမှာ ဟားမတ်စ်အဖွဲ့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုကြီးတွေထဲက တစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ သူ့နေရာမှာ အစားထိုးမယ့်သူအရေး စိန်ခေါ် ချက်ရှိနေပေမဲ့လည်း ဟားမတ်စ်အဖွဲ့ဟာ ၁၉၉၀ ပြည့်နှစ်တွေကတည်းက ခေါင်းဆောင်ပိုင်း ဆုံးရှုံးမှုကို ကြံ့ကြံ့ခံနိုင်ခဲ့တဲ့သမိုင်းလည်း ရှိနေပြန်ပါတယ်။

ဟားမတ်စ်အဖွဲ့ ခေါင်းဆောင်နဲ့ အဖွဲ့ထူထောင်သူအများစုကို သတ်ဖြတ်မှုမှာ အစ္စရေးအနေနဲ့ အောင်မြင်ခဲ့ပေမဲ့ ဟားမတ်စ်ဘက်ကတော့ ဒီအခြေအနေတွေကပဲ သူတို့အတွက် ခေါင်းဆောင်သစ်ကို ရှာဖွေနိုင်တဲ့အင်အားကို ပေးစွမ်းခဲ့တယ်လို့ သက်သေပြထားနိုင်ပါတယ်။

ဒီအကျပ်အတည်းအတွင်းမှာပဲ ဂါဇာမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အစ္စရေး ဓားစာခံတွေရဲ့ ကံကြမ္မာနဲ့ ပတ်သက်ပြီး မေးခွန်းတွေ ထွက်ပေါ်နေပါတယ်။ သူတို့ဘေးကင်းဖို့နဲ့ အကာအကွယ်ပေးဖို့ ဘယ်သူက တာဝန်ခံမလဲဆိုတာပါ။

ဒါနဲ့ ဆက်စပ်ပြီး ယာယာဆင်ဝါရဲ့ညီ မိုဟာမက် ဆင်ဝါဟာ အခရာကျတဲ့ပြယုဂ်အဖြစ် ထွက်လာပါတယ်။ သူဟာ ကျန်နေသေးတဲ့ ဟားမတ်စ်အဖွဲ့ရဲ့ လက်နက်ကိုင်အစုအဖွဲ့တွေကို ဆက်ပြီး ဦးဆောင်နေတယ်လို့ ယူဆရပြီး ဂါဇာမှာ ဟားမတ်စ်အဖွဲ့ရဲ့ အနာဂတ်ကို ပုံဖော်မှုမှာ အခရာကျတဲ့အခန်းကဏ္ဍကနေ ပါဝင်နိုင်ခြေရှိနေပါတယ်။

ဟားမတ်စ်အဖွဲ့ဟာ အရေးကြီးတဲ့ဒီအခိုက်အတန့်ကို ကျော်လွှားဖို့ ကြိုးစားနေရချိန်မှာပဲ ဂါဇာမှာလည်း စစ်ပွဲဆက်ရှိနေပါတယ်။

စနေနေ့တုန်းကတော့ ဟားမတ်စ်အဖွဲ့ လူပြန်စုဖို့ ကြိုးစားနေတယ်လို့ဆိုပြီး အစ္စရေးက တိုက်ခိုက်မှုတွေတိုးလုပ်ခဲ့တာကြောင့် ဂါဇာမြောက်ပိုင်းက ဂျာဘာလီယာ ဒုက္ခသည်စခန်းမှာ ဒါဇင်နဲ့ချီတဲ့လူတွေ သေဆုံးခဲ့ပါတယ်။

''ဟားမတ်စ်ခေါင်းဆောင် ဆင်ဝါက ကျွန်တော့် အိမ်ထဲမှာ အသတ်ခံလိုက်ရတာ'' - ဂါဇာ အမျိုးသား

ဟားမတ်စ်ခေါင်းဆောင် အသတ်ခံလိုက်ရတဲ့နေအိမ်ဟာ မေလမှာ သူ မထွက်ပြေးရခင်အထိ ၁၅ နှစ်ကြာအောင် နေထိုင်ခဲ့တဲ့ သူ့ရဲ့နေအိမ်လို့ဆိုပြီး ဂါဇာက နေရပ်စွန့်ခွာလာခဲ့ရတဲ့ ပါလက်စတိုင်းအမျိုးသားတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

အာရှက်ဖ် အဘို တာဟာ ကတော့ အစ္စရေးက ဒရုန်းနဲ့ ရိုက်ကူးထားတဲ့ ရုပ်သံထဲမှာပါတဲ့ ပျက်စီးသွားတဲ့ အဆောက်အဦဟာ ဂါဇာတောင်ပိုင်း ရာဖာမြို့က အီဘင်ဆီနာ လမ်းပေါ်မှာရှိတဲ့ သူ့အိမ်ဖြစ်နေတယ် ဆိုတာကို သိရတဲ့အခါ အတော်လေး အံ့အားသင့်ခဲ့ရတယ်လို့ ပြောပါတယ်။

အစ္စရေးကို ဟားမတ်စ်အဖွဲ့က တိုက်ခိုက်ခဲ့တဲ့ အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုနောက်ကွယ်က အဓိကျသူ ယာယာဆင်ဝါကို အစ္စရေး တပ်ဖွဲ့တွေက ဗုဒ္ဓဟူးနေ့က သတ်ဖြတ်ခဲ့တာပါ။

ဆင်ဝါ အသတ်မခံရခင်မှာ တစ်စိတ်တစ်ပိုင်းပျက်စီးနေတဲ့ အဆောက်အဦထဲမှာ ရှိနေတယ်ဆိုတာကို ပြတဲ့ ဒရုန်းရုပ်သံကို အစ္စရေး စစ်တပ်က ထုတ်ပြန်ခဲ့ပါတယ်။

မစ္စတာ အဘို တာဟာကတော့ သူဟာ ရာဖာမြို့ကနေ ခန်ယွန်းနစ်မြို့ကို မေလ ၆ ရက်မှာ ထွက်ခဲ့တာလို့ ဘီဘီစီ အာရဗီ ဘာသာစကားဌာနရဲ့ Gaza Lifeline အစီအစဥ်ကို ပြောပါတယ်။ အဲဒီအချိန်ဟာ ဟားမတ်စ်တိုက်ခိုက်ရေးသမားတွေကို တိုက်ဖို့ အစ္စရေးက စစ်ဆင်ရေးစမှာဖြစ်တဲ့အတွက် ရွှေ့ပြောင်းခိုင်းတဲ့အချိန်လည်းဖြစ်ပါတယ်။ အဲဒီကတည်းက သူ့အိမ် အခြေအနေကို အဆက်ပြတ်သွားခဲ့တာ အခုရုပ်သံ မထွက်လာခင် အထိပဲလို့ ဆိုပါတယ်။

ဆင်ဝါရဲ့ နောက်ဆုံးအချိန်တွေလို့ ယူဆရတဲ့ အခြေအနေကို ရိုက်ကူးထားတဲ့ရုပ်သံကို လူမှုကွန်ရက်ကနေ သမီးဖြစ်သူက တွေ့လို သူ့ကို ပြခဲ့ရာကနေ တာဟာက သူတို့အိမ် အခြေအနေကို သိခဲ့ရတာလို့လည်း ဆိုပါတယ်။ သမီးပြောတဲ့အထိ သူမယုံခဲ့ပါဘူး။ ညီဖြစ်သူက အဲဒါ သူတို့အိမ်လို့ ထပ်ပြောမှ သူယုံခဲ့ပါတယ်။

''ဟာ ဒါ ငါတို့ အိမ်ပဲ ဆိုပြီး ဖြစ်သွားတယ်။ ပုံတွေမြင်ရတော့ အတော်လေးလည်း အံ့အားသင့်ခဲ့တယ်'' လို့ မစ္စတာ အဘို တာဟာက ပြောပါတယ်။

ဆင်ဝါ တစ်ယောက် သူတို့အိမ်ထဲ ဘယ်လိုလုပ်ပြီး ရောက်နေလဲဆိုတာ သူလည်း လုံးဝ မသိဘူးလို့ ပြောပါတယ်။

''ကျွန်တော်ကိုယ်တိုင်ရော၊ ကျွန်တော့်ညီတွေနဲ့ သားတွေရော လုံးဝ မပတ်သက်ပါဘူး'' လို့ သူက ပြောပါတယ်။

မစ္စတာ အဘိုတာဟာ ပေးတဲ့ ဓာတ်ပုံတွေနဲ့ ဆင်ဝါ အသတ်ခံခဲ့ရတယ်လို့ဆိုတဲ့ အိမ်ရဲ့ ဓာတ်ပုံတွေကို ဘီဘီစီက တိုက်ဆိုင်စစ်ဆေးကြည့်ခဲ့ပါတယ်။

အဲဒီအိမ်ကို မစ္စတာ အဘို တာဟာ ပိုင် မပိုင်ဆိုတာကိုတော့ ဘီဘီစီက သီးခြားအတည်မပြုနိုင်ပါဘူး။

ဆင်ဝါ အသတ်ခံရတယ်လို့ ဆိုတဲ့ ရုပ်သံကို ဘီဘီစီက ခွဲခြားစိတ်ဖြာကြည့်ရာမှာတော့ သူ့ကို နောက်ဆုံး မြင်တွေ့ခဲ့ရတဲ့ အိမ်ဟာ အပျက်အစီးအတော်များတဲ့ ပတ်ဝန်းကျင်မှာ တစ်စိတ်တစ်ပိုင်းပျက်စီးနေတဲ့ အဆောက်အဦတွေထဲက တစ်ခုထဲမှာဆိုတာ တွေ့ရပါတယ်။

ရာဖာကို မေလမှာ အစ္စရေးရဲ့ တိုက်ခိုက်မှုဟာ နိုင်ငံတကာဆီကနေ ဝေဖန်မှုကြီးကြီးကြုံခဲ့ရသလို ကုလသမဂ္ဂအပြောအရဆိုရင် ပါလက်စတိုင်းတစ်သန်းကျော် အစုလိုက်အပြုံလိုက် ထွက်ခွာခဲ့ကြရပါတယ်။

အများစုဟာ ဂါဇာရဲ့ တခြားနေရာကနေ ရွှေ့လာပြီး ရာဖာမှာ လာခိုလှုံကြတာဖြစ်လို့ နှစ်ကြိမ် သုံးကြိမ် ရွှေ့ပြောင်းခဲ့ရတာတွေလည်း ရှိပါတယ်။

မစ္စတာ အဘို တာဟာကတော့ ရာဖာက သူ့အိမ်ကို ကိုယ်တိုင်ရော၊ တူသားတွေရဲ့ အကူအညီနဲ့ပါ ဆောက်ခဲ့တာလို့ ဘီဘီစီကို ပြောပါတယ်။ သူ ထွက်လာခါစတုန်းက အကောင်းအတိုင်းရှိနေသေးတဲ့ နေအိမ်ဟာ ခေတ်ကာလတန်ကြေး ရှက်ကယ် ၂ သိန်း (စတာလင်ပေါင်ငွေ ၄၁,၄၀၀) အထိ ကုန်ကျခဲ့တယ်လို့လည်း ဆိုပါတယ်။

လိမ္မော်ရောင် ဆိုဖာခုံတွေနဲ့ လိမ္မော်ရောင် အိုးခွက် ပန်းကန်တွေရှိတဲ့ သူ့ အိမ်အကြောင်း တခုတ်တရပြန်ပြောပြီး နောက်ဆုံး အိမ်ကနေ သူ ထွက်ခွာခဲ့ရတယ်လို့ ဆိုပါတယ်။

"ဒီ အမှတ်တရတွေက အဖိုးတန်တယ်။ ဘာလို့လဲဆိုရင် အိမ်က ပစ္စည်းတချို့ဆိုရင် ကျွန်တော့် အမေရဲ့ အမွေကျန်ခဲ့တာလေးတွေ။ ဒီတော့ အမေ့အမွေဆိုတာနဲ့ကို ကျွန်တော့် အတွက် အဖိုးတန်နေပြီ'' လို့ သူက ပြောပါတယ်။

''ကျွန်တော် ဝမ်းနည်းတာကတော့ ကိုယ်တိုင်ဆောက်ခဲ့တဲ့အိမ်၊ အနှစ်နှစ်အလလ စုပြီးဆောက်ခဲ့တဲ့ အိမ် မရှိတော့တာပါပဲ။ ကျွန်တော်တို့ကို စောင်မ ဖို့ရာမှာ ဘုရားမှတပါး စွမ်းနိုင်တဲ့သူမရှိတော့ဘူး ထင်ပါတယ်။''