ဘေရွတ်မြို့ ပေါက်ကွဲမှုမှာ ဟားမတ်စ်အဖွဲ့ ဒုတိယခေါင်းဆောင်သေဆုံး

လက်ဘနွန်နိုင်ငံ၊ မြို့တော်ဘေရွတ်မှာ ဟားမတ်စ်အဖွဲ့ခေါင်းဆောင်တစ်ဦး သတ်ဖြတ်ခံရမှုဟာ လက်ဘနွန်ကို တိုက်ခိုက်မှုမဟုတ်ဘူးလို့ အစ္စရေးက ပြောလာပါတယ်။ ဟားမတ်စ်အဖွဲ့ကတော့ သူတို့ခေါင်းဆောင်တစ်ဦးသေဆုံးမှုအတွက် ‘‘ဒဏ်ခတ်’’မယ်လို့ သတိပေးနေချိန်မှာပဲ အခုလိုပြောလာတာပါ။

အစ္စရေး ပြောခွင့်ရသူကတော့ ဆာလေ အယ်လ် အရူရီဟာ ‘‘ဟားမတ်စ်ခေါင်းဆောင်ပိုင်းကို ပစ်မှတ်ထားတဲ့ စစ်ဘက်ရေးရာလေကြောင်းတိုက်ခိုက်မှု’’ တစ်ခုမှာ သေဆုံးခဲ့တယ်လို့ပြောပါတယ်။

ဟားမတ်စ်အဖွဲ့ကတော့ ဒီသေဆုံးမှုကို ရှုတ်ချထားပြီး သူ့မဟာမိတ် ဟစ်ဇ်ဘိုလာအဖွဲ့ကတော့ လက်ဘနွန်ရဲ့ အချုပ်အခြာကို တိုက်ခိုက်မှုတစ်ခုဖြစ်တယ်လို့ ပြောပါတယ်။

လက်ဘနွန် ဝန်ကြီးချုပ်ကတော့ အစ္စရေးဟာ ‘‘လက်ဘနွန်ကို ... ထိပ်တိုက်တွေ့ဆုံရမယ့်အခြေအနေထဲရောက်အောင်’’ ဆွဲခေါ်ဖို့ ကြိုးစားနေတယ်လို့ စွပ်စွဲပြောဆိုပါတယ်။

လက်ဘနွန်မီဒီယာတွေမှာတော့ ဟားမတ်စ်အဖွဲ့ရဲ့နိုင်ငံရေးဆိုင်ရာ ဒုတိယခေါင်းဆောင် အရူရီဟာ ဟားမတ်စ်အဖွဲ့ စစ်ဘက်ဆိုင်ရာတပ်မှူး ၂ ဦး၊ နောက်ထပ်အဖွဲ့ဝင် ၄ ဦးအပါအဝင် ၆ ဦးသေဆုံးခဲ့တဲ့ ဘေရွတ်မြို့တောင်ပိုင်းက ဒရုန်းတိုက်ခိုက်မှုတစ်ခုမှာ သေဆုံးခဲ့တယ်လို့ သတင်းဖော်ပြပါတယ်။

သူဟာ ခါဆမ်တပ်မဟာများလို့ခေါ်တဲ့ ဟားမတ်စ်အဖွဲ့ရဲ့ လက်နက်ကိုင်တပ်ဖွဲ့မှာ အခရာကျတဲ့ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး ဟားမတ်စ်ခေါင်းဆောင် အစ္စမေးလ်ဟာနီယာ ရဲ့အရင်းနှီးဆုံးလူတစ်ဦးလည်းဖြစ်ပါတယ်။ သူဟာ လက်ဘနွန်မှာနေထိုင်ပြီး ဟားမတ်စ်အဖွဲ့နဲ့ ဟစ်ဇ်ဘိုလာကြားမှာ ကြားခံလူပုဂ္ဂိုလ်အဖြစ် ဆောင်ရွက်နေသူ ဖြစ်ပါတယ်။

အစ္စရေး ပြောခွင့်ရသူ မာ့ခ် ရီဂတ်ဗ်ကတော့ အစ္စရေးအရာရှိတွေရဲ့ စံ ရပ်တည်ချက်အတိုင်း အဲဒီသတ်ဖြတ်မှုကို တိတိကျကျအတည်ပြုတာမျိုး မရှိသေးပေမဲ့ ‘‘ဒီတိုက်ခိုက်မှုကို ဘယ်သူပဲလုပ်လုပ်။ ဒါဟာ လက်ဘနွန်နိုင်ငံကို တိုက်ခိုက်မှုမဟုတ်ဘူးဆိုတာ ရှင်းရှင်းလင်းလင်းဖြစ်ရမယ်’’ လို့ MSNBC သတင်းဌာနကို ပြောပါတယ်။

‘‘ဟစ်ဇ်ဘိုလာအဖွဲ့ကို တိုက်ခိုက်မှုတောင် မဟုတ်ပါဘူး’’

‘‘ဒီတိုက်ခိုက်မှုကို ဘယ်သူပဲ လုပ်လုပ် အဲဒါက ဟားမတ်စ်ခေါင်းဆောင်မှုပိုင်းကို တိုက်ခိုက်တဲ့ လေကြောင်းတိုက်ခိုက်မှုဖြစ်ပါတယ်။ လုပ်တဲ့သူဟာ ဟားမတ်စ်အဖွဲ့နဲ့ မကျေနပ်ချက်ရှိခဲ့လို့ပါ။ ဒါက သိပ်ကို ရှင်းပါတယ်’’

အသက် ၅၇ နှစ်အရွယ် အရူရီ သေဆုံးမှုဟာ ဟားမတ်စ်က အစ္စရေးကို အောက်တိုဘာလ ၇ ရက်တိုက်ခိုက်မှုအပြီး အစ္စရေးရဲ့စစ်ပွဲစတင်ကတည်းကဆိုရင် ရာထူးအကြီးဆုံး ဟားမတ်စ်အဖွဲ့ခေါင်းဆောင်တစ်ဦး သတ်ဖြတ်ခံရမှုဖြစ်လာပါတယ်။

အောက်တိုဘာလ ၇ ရက်ဟာ ဟားမတ်စ်အဖွဲ့ရဲ့ သေနတ်သမားတွေက အစ္စရေးကို ကျူးကျော်ပြီး နယ်စပ်တစ်လျှောက်မှာရှိတဲ့ အစ္စရေးအသိုက်အဝန်းတွေကို တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားအများစုအပါအဝင် လူပေါင်း ၁,၂၀၀ နီးပါး သေဆုံးခဲ့သလို ဂါဇာထဲကို ဓားစာခံ ၂၄၀ နီးပါးလည်း ခေါ်ဆောင်ခံခဲ့ရပါတယ်။

ဒါကိုတုံ့ပြန်တဲ့အနေနဲ့ အစ္စရေးဟာ ဟားမတ်စ်အဖွဲ့ကို ဖျက်ဆီးမယ်လို့ ရည်ရွယ် ကြေညာရင်း စစ်ဘက်ထိုးစစ်စတင်ခဲ့ပါတယ်။

အဲဒီကတည်းက ဂါဇာမှာ အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုတွေအတွင်း အမျိုးသမီးနဲ့ကလေးငယ်တွေ အများစုပါဝင်တဲ့ ပါလက်စတိုင်း ၂၂,၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ ဂါဇာမှာရှိတဲ့ ဟားမတ်စ်အဖွဲ့စီမံတဲ့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

ဂါဇာစစ်ပွဲအတွင်း ဟစ်ဇ်ဘိုလာအဖွဲ့ဟာ အစ္စရေးထဲကို ဒုံးကျည်အစင်းရေအတော်များများ ပစ်လွှတ်ခဲ့ပြီး အစ္စရေးတပ်ဖွဲ့တွေနဲ့လည်း မကြာခဏပစ်ခတ်မှုတွေ အတော်များများလည်းဖြစ်ထားပါတယ်။

လက်ဘနွန် နိုင်ငံပိုင်မီဒီယာမှာတော့ အရူရီဟာ ဘေရွတ်မြို့ တောင်ပိုင်းက ဆင်ခြေဖုံးအရပ်ဖြစ်တဲ့ ဒါဟီယာမှာ ဟားမတ်စ်ရုံးတစ်ရုံးကို အစ္စရေးရဲ့ဒရုန်းတိုက်ခိုက်မှုတစ်ခုအတွင်းမှာ သေဆုံးခဲ့တာလို့ ပြောပါတယ်။

တတိယထပ်လို့ ယူဆရတဲ့နေရာမှာ အပေါက်ကြီးဖြစ်သွားတဲ့ အထပ်မြင့်အဆောက်အအုံအနီးမှာ အရေးပေါ် ဆေးဝန်ထမ်းတွေနဲ့ မီးသတ်သမားတွေကို မြင်တွေ့ရတယ်လို့ဆိုပြီး မျက်မြင်သက်သေတစ်ဦးက ရိုက်တာ သတင်းဌာနကို ပြောပါတယ်။

လူမှုကွန်ရက်မှာတွေ့ရတဲ့ ရုပ်သံဖိုင်တွေမှာတော့ ကားတစ်စီး မီးလောင်နေပြီး လူထူထပ်တဲ့ လူနေအရပ်တစ်ခုမှာ အဆောက်အအုံတွေလည်း ပျက်စီးသွားတာ တွေ့ခဲ့ရပြီးဖြစ်ပါတယ်။

ဒါဟီယာဟာ ဟစ်ဇ်ဘိုလာအဖွဲ့ရဲ့ အဓိကခြေကုတ်ယူရာနေရာအဖြစ် သိကြပါတယ်။

ဟားမတ်စ်အဖွဲ့ရဲ့ နိုင်ငံရေး ဗျူရိုခေါင်းဆောင် မစ္စတာ ဟာနီယာကတော့ အခုတိုက်ခိုက်မှုဟာ ‘‘သူရဲဘောဆန်ဆန် ... အကြမ်းဖက်လုပ်ရပ်၊ လက်ဘနွန်ရဲ့အချုပ်အခြာကို ချိုးဖောက်မှုနဲ့ ရန်လိုမှု အဝန်းအဝိုင်းကို ဖြန့်ကြက်မှု’’ ဖြစ်တယ်လို့ ပြောပါတယ်။

ဟစ်ဇ်ဘိုလာအဖွဲ့ကတော့ အရူရီရဲ့သေဆုံးမှုကို ‘‘လက်ဘနွန်၊ ပြည်သူတွေနဲ့ နိုင်ငံ့လုံခြုံရေး၊ အချုပ်အခြာနဲ့ တွန်းလှန်မှုကို ပြင်းထန်တဲ့တိုက်ခိုက်မှုဖြစ်ပြီး သိသာလွန်းတဲ့ နိုင်ငံရေးနဲ့လုံခြုံရေးဆိုင်ရာ သတင်းစကားလည်း ပါဝင်နေတယ်’’ လို့ ယူဆတဲ့အကြောင်း ပြောပါတယ်။

အခုတိုက်ခိုက်မှုဟာ ‘‘စစ်ပွဲလမ်းကြောင်းမှာ အန္တရာယ်ရှိတဲ့ဖြစ်စဥ်ဖြစ်ပြီး ... ဒီရာဇဝတ်မှုဟာ တုံ့ပြန်မှုမရှိဘဲ၊ ပြစ်ဒဏ်မရှိဘဲ ပြီးသွားမှာမဟုတ်ဘူးဆိုတာကို ဟစ်ဇ်ဘိုလာအဖွဲ့အတွင်းက ကျွန်တော်တို့ပြောလိုတယ်’’ လို့လည်း အဲဒီအဖွဲ့က ပြောပါတယ်။

နှစ်ဖွဲ့စလုံးကို ထောက်ခံတဲ့ အီရန်ကတော့ အရူရီသတ်ဖြတ်ခံရမှုဟာ ‘‘တွန်းလှန်မှုသွေးကြောအတွင်းမှာ နောက်ထပ်ဆူပွက်မှုတစ်ခုဖြစ်လာတာကို ယုံမှားသံသယမရှိဘူး’’ လို့ပြောပါတယ်။

ဂါဇာစစ်ပွဲအလွန်အစီအစဥ်အတွက် အင်္ဂါနေ့ညနေပိုင်းမှာ ပြုလုပ်မယ့် အစ္စရေးလုံခြုံရေး ဆိုင်ရာအစိုးရအဖွဲ့ အစည်းအဝေးကိုလည်း ဖျက်သိမ်းခဲ့ပါတယ်။

လက်ဘနွန် နိုင်ငံခြားရေးဝန်ကြီး အက်ဘ်ဒလာ ဘူ ဟာဘိကတော့ သူ့အစိုးရအဖွဲ့ဟာ ‘‘သူတို့ချည်းသက်သက် တုံ့ပြန်လိုက်တာမျိုးမဖြစ်ရေး သိအောင်ပြောဖို့’’ ဟစ်ဇ်ဘိုလာအဖွဲ့နဲ့ ပြောဆိုနေတယ်လို့ ပြောပေမဲ့ ‘‘သူတို့ကို ကျွန်တော်တို့ တန်းမပြောပါဘူး။ ဒါနဲ့ပတ်သက်ပြီး သူတို့နဲ့ထိတွေ့ ပြောဆိုနေပါတယ်’’ လို့ BBC Radio 4 ကို ပြောပါတယ်။

‘‘သူတို့ တုံ့ပြန်တာ လုပ်၊ မလုပ်’’ ကတော့ လာမယ့် ၂၄ နာရီအတွင်း ပိုပြီးရှင်းလင်းလာလိမ့်မယ်လို့ သူက ထပ်ပြောပြီး ‘‘ကျွန်တော်တို့ စိတ်ပူပါတယ်။ လက်ဘနွန်အနေနဲ့ ဒရွတ်တိုက်ပါသွားတာမျိုးမဖြစ်ချင်ဘူး။ ဒေသတွင်းစစ်ပွဲမှာ ဟစ်ဇ်ဘိုလာတောင် မပါဝင်ချင်ပါဘူး’’

သူက ‘‘အကြမ်းဖက်မှုတွေအားလုံးရပ်သွားအောင် အစ္စရေးကို ဖိအားပေးပါ။ လက်ဘနွန်တင်ပဲမဟုတ်ဘဲ၊ ဘေရွတ်တင်မဟုတ်ဘဲ၊ ဂါဇာမှာလည်း သူ့လုပ်ရပ်တွေအားလုံး ရပ်သွားအောင် ဖိအားပေးဖို့’’ အနောက်ကမ္ဘာကို တောင်းဆိုပါတယ်။

အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ညာဟုကတော့ ဘယ်နေရာပဲရောက်နေနေ ဟားမတ်စ် ခေါင်းဆောင်တွေကို ရှင်းမယ်လို့ အစောပိုင်းတုန်းက သက်သေပေးထားပါတယ်။

အရူရီကတော့ အနောက်ဘက်ကမ်း(West Bank) က ဟားမတ်စ်အဖွဲ့ရဲ့ တပ်ဖွဲ့ရဲ့ ခေါင်းဆောင်အဖြစ် ရှုမြင် ခံရပြီး အဲဒီမှာ လုပ်နေတဲ့တိုက်ခိုက်မှုတွေကို ကြီးကြပ်သူဖြစ်တယ်လို့ အစ္စရေးမီဒီယာသတင်းဖော်ပြပါတယ်။

သိမ်းပိုက်ခံ အနောက်ဘက်ကမ်းမှာ ၂၀၁၄ ခုနှစ်တုန်းက အစ္စရေး ဆယ်ကျော်သက် ၃ ဦး ပြန်ပေးဆွဲခံရမှုနဲ့ သတ်ဖြတ်ခံရမှုမှာ သူပါဝင်ခဲ့တယ်လို့ ယူဆခံခဲ့ရတာဖြစ်ပါတယ်။ အဲဒီအချိန်က သတင်းတွေက အဲဒီလို ဖော်ပြပြီး နောက်ထပ် တိုက်ခိုက်မှုတွေကြောင့် အစ္စရေးထောင်တွေမှာ ထောင်ဒဏ်ချမှတ်ခံခဲ့ရသူဖူးသူလို့လည်း ဆိုပါတယ်။

Times of Israel သတင်းဌာနကတော့ သူဟာ အီရန်နဲ့ ဟစ်ဇ်ဘိုလာနဲ့ ဆက်နွှယ်မှုအရှိဆုံး ဟားမတ်စ် အရာရှိတွေထဲက တစ်ဦးဖြစ်တယ်လို့ ပြောပါတယ်။