အောက်တိုဘာ ၂၅ ရက် ထိပ်တန်းသတင်းများ - စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး တိုက်ပွဲဝင်နေတယ်လို့ KIO ပြော

KIO ‌ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အန်ဘန်လ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, KIO ‌ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အန်ဘန်လ

ပင်လုံကတိကဝတ်ကိုအခြေခံတဲ့ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ဖို့ ရည်မှန်းချက်တူတဲ့ တော်လှန်ရေးအဖွဲ့တွေနဲ့လက်တွဲပြီး စစ်အာဏာရှင်စနစ်ကို တိုက်ပွဲဆင်နွှဲနေတယ်လို့ ကချင် လွတ်လပ်ရေးအဖွဲ့ (KIO)ခေါင်းဆောင် ဗိုလ်ချုပ်ကြီး အန်ဘန်လက ပြောလာပါတယ်။

ဒီကနေ့ ကျရောက်တဲ့ KIO ဖွဲ့စည်းမှု နှစ်ပတ်လည်အထိမ်းအမှတ်ပြောကြားတဲ့ သူ့မိန့်ခွန်းမှာ အခုလိုပြောလာတာဖြစ်ပါတယ်။

စစ်ကောင်စီဟာ အင်အားလျော့နည်းလာတဲ့စစ်အင်အားကိုဖြည့်တင်းဖို့ ကျေးရွာတွေမှာ အတင်းအကျပ်ပြည်သူ့စစ်ဖွဲ့ခိုင်းတယ်လို့လည်း ထည့်ပြောပြီး ပြည်သူအချင်းချင်းသွေးကွဲစေမယ့် ပြည်သူ့စစ်မှာမပါဝင်ကြဖို့ သူကတိုက်တွန်းပါတယ်။

ဒါ့အပြင် တိုင်းပြည်မတည်မငြိမ်ဖြစ်နေချိန်မှာပြုလုပ်ဖို့ပြင်နေတဲ့ စစ်ကောင်စီရွေးကောက်ပွဲဟာ လက်ရှိနိုင်ငံရေးပဋိပက္ခကို ဖြေရှင်းနိုင်မှာမဟုတ်လို့ ပြည်သူတွေမပူးပေါင်းဖို့ကိုလည်း တိုက်တွန်း ပါတယ်။

ကချင်လွတ်လပ်ရေးအဖွဲ့ချုပ်(KIO)ကို ၁၉၆၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၅ ရက်မှာ စတင်ဖွဲ့စည်း ခဲ့တာဖြစ်ပြီး အခုဆိုတည်ထောင်မှု ၆၃ နှစ်ပြည့်မြောက်ပြီဖြစ်ပါတယ်။

တဖက်မှာလည်း မြန်မာစစ်ကောင်စီဟာ ကေအိုင်အို နှစ်ပတ်လည်နီးကပ်လာချိန်မှာ လေကြောင်း တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပြီး မနှစ်တုန်းက အနန့်ပါအရပ်က KIO နှစ်ပတ်လည်ဖျော်ဖြေပွဲကျင်းပမ ယ့်နေရာ၊ အခုနှစ်မှာ မုန်လိုင်ခတ် ဒုက္ခသည်စခန်းတို့ကို တိုက်ခိုက်ခဲ့တာကြောင့် ဒါဇင်နဲ့ချီတဲ့လူတွေ သေဆုံးခဲ့ပါတယ်။

မြန်မာစစ်တပ်ကိုပိတ်ဆို့မှုအရှိန် ဆက်ထိန်းဖို့ ကုလကိုယ်စားလှယ် တိုက်တွန်း

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်

မြန်မာပြည်မှာ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာမှု အကျပ်အတည်း မြင့်တက်လာနေချိန်မှာပဲ မြန်မာစစ်တပ်ကို ပူးပေါင်းပိတ်ဆို့မှုမှာ ရှိထားတဲ့အရှိန်ကို ဆက်ပြီးထိန်းဖို့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာ တွမ် အန်ဒရူးစ်က တိုက်တွန်းလိုက်ပါတယ်။

စစ်ကောင်စီထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်ဘဏ်တွေနဲ့ လေယာဥ်ဆီ ပိတ်ပင်မှုတွေကို ပစ်မှတ်ထားတဲ့ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ပိတ်ဆို့မှု အရှိန်ရလာချိန်မှာ မြန်မာစစ်တပ်ကို ပိုပြီး အင်အားချိနဲ့စေမယ့် ပိတ်ဆို့မှုလမ်းကြောင်းပေါ်လာဖို့ မျှော်လင့်တဲ့အကြောင်း သူက နယူးယောက်မြို့မှာပြုလုပ်တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ ပြောလိုက်တာဖြစ်ပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

‘‘စစ်ခေါင်းဆောင်တွေက သူတို့ကသာ မြန်မာပြည်တည်ငြိမ်အေးချမ်းရေးကို ပြန်ဆောင်ကျဥ်းနိုင်သူတွေလို့ ထင်နေကြပါတယ်။ ဒါဟာ အမှန်တရားနဲ့ဆန့်ကျင်ဘက်ဖြစ်နေပါတယ်။ စစ်အုပ်စုဟာ အကြမ်းဖက်မှုနဲ့ ပရမ်းပတာဖြစ်မှုတွေရဲ့ လက်သည်ဖြစ်ပြီး မြန်မာ့အိမ်နီးချင်းတွေရော၊ နိုင်ငံတကာအသိုင်းအဝန်းအပေါ်မှာပါ သက်ရောက်မှုမြင့်တက်လာစေတဲ့ အုပ်ချုပ်မှု လစ်ဟာမှုတွေကိုလည်း ဖန်တီးနေတယ်’’လို့ သူက ပြောပါတယ်။

စစ်တပ်ကို လက်နက်တွေရောင်းချတာ၊ ရုပ်ပိုင်းဆိုင်ရာထောက်ပံ့တာနဲ့ သံခင်းတမန်ခင်းထောက်ပံ့တာတွေလုပ်တဲ့ အဖွဲ့ဝင်နိုင်ငံတွေကို သူက ရှုတ်ချသလို မြန်မာစစ်အုပ်စု အရာရှိတွေ တက်ရောက်တဲ့ ကာကွယ်ရေးနဲ့ သံတမန်ရေးထိပ်သီးဆွေးနွေးပွဲတွေကို သပိတ်မှောက် မတက်ရောက်တဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့လုပ်ရပ်ကိုလည်း သူက အသိအမှတ်ပြု ပြောဆိုပါတယ်။

ကုလသမဂ္ဂအထွေထွေညီလာခံကို တင်ပြတဲ့ သူ့အစီရင်ခံစာမှာတော့ အထူးကိုယ်စားလှယ်က မြန်မာစစ်တပ်ဟာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု၊ ခေါင်းဖြတ်မှု၊ နှိပ်စက်မှု၊ လိင်ဖြစ်တည်မှုကို အခြေခံပြီးအကြမ်းဖက်မှု၊ အတင်းအဓမ္မ အလုပ်စေခိုင်းမှု၊ စစ်ကောင်စီတပ်ဖွဲ့တွေက အရပ်သားတွေကို လူသားဒိုင်းသဖွယ်အသုံးပြုမှုစတဲ့ အရပ်သားတွေအပေါ် တိုက်ခိုက်မှုတွေကို မီးမောင်းထိုးပြ ပြောဆိုထားပါတယ်။

အခုလအတွင်းကျင်းပတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ မြန်မာနိုင်ငံဆိုင်ရာအချက်အလက်ရှာဖွေရေးယန္တရား(IIMM)ကလည်း အစီရင်ခံစာတင်သွင်းခဲ့ပြီး ကုလလူ့အခွင့်အရေး မဟာမင်းကြီးကလည်း မြန်မာအခြေအနေကို နိုင်ငံတကာရာဇဝတ်ခုံရုံးဆီ လွှဲပြောင်းဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို တိုက်တွန်းခဲ့ပါတယ်။

မြန်မာစစ်ကောင်စီကတော့ IIMM ကို အသိအမှတ်မပြုသလို အဲဒီအဖွဲ့က ပြုလုပ်ထားတဲ့တွေ့ရှိချက်တွေ မခိုင်မာဘူးလို့ထောက်ပြပြောဆိုပြီး IIMM တွေ့ရှိချက်ကို ပယ်ချသလို ကုလမဟာမင်းကြီးရဲ့ပြောဆိုချက်ကိုလည်း ပယ်ချတဲ့ကြောင်း အခုလလယ်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

ဆီစက်လုပ်ငန်းရှင်တွေကို ကျပ် သန်း ၁၇၀၀ ကျော် ထုတ်ချေး

စစ်ကောင်စီက စစ်ဆေးရေးဝင်နေတဲ့ ဆီစက်လုပ်ငန်းခွင်တစ်ခု

ဓာတ်ပုံ ရင်းမြစ်, MOI

ဓာတ်ပုံ ပုံစာ, စစ်ကောင်စီက စစ်ဆေးရေးဝင်နေတဲ့ ဆီစက်လုပ်ငန်းခွင်တစ်ခု

ဆီစက်လုပ်ငန်းရှင် ၂၁ ဦးကို ကျပ် ၁၇၇၃ သန်း အထိ ထုတ်ချေးထားတယ် လို့ မြန်မာနိုင်ငံဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေ စီမံခန့်ခွဲရေး လုပ်ငန်းအဖွဲ့က ထုတ်ပြန်ပါတယ်။

တစ်နှစ်ကို အတိုးနှုန်း ၅ ရာခိုင်နှုန်း နဲ့ ပြန်ဆပ်ရမယ့် ဒီချေးငွေကို ပထမဆုံးအသုတ်အဖြစ် တိုင်းနဲ့ပြည်နယ် ၇ ခုက လုပ်ငန်းရှင်တွေက ရရှိတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလနောက်ဆုံးပတ်ထဲမှာ ဒုတိယအသုတ်ချေးငွေကို လျှောက်ထားတဲ့ လုပ်ငန်းရှင်တွေရှိနေပြီး သတ်မှတ်ချက်နဲ့ကိုက်ညီသူတွေကို ထုတ်ချေးပေးသွားမယ်လို့ စီမံခန့်ခွဲရေး လုပ်ငန်းအဖွဲ့က သိရပါတယ်။

ပြည်ပကနေ စားသုံးဆီတင်သွင်းမှု လျှော့ချဖို့ရည်ရွယ်ပြီး ပြည်တွင်းမှာ ဆီထွက်သီးနှံစိုက်ပျိုးဖို့ နဲ့ ဆီစက်တွေလည်ပတ်နိုင်ဖို့ စစ်ကောင်စီက မူဝါဒချမှတ်ထားတာ ဖြစ်ပါတယ်။

ပြည်တွင်းစားသုံးဆီ ထုတ်လုပ်မှုစာရင်းတွေအရ ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်းအထိ တစ်နိုင်ငံလုံးမှာ ဆီစက်အကြီးစား ၂၃၀ ကျော်၊ ဆီစက်အလတ်စား ၉၂၀ ကျော်၊ ဆီစက်ငယ် ၃၁၀၀ ကျော်ရှိခဲ့ပါတယ်။

တစ်နှစ်ကို ပြည်တွင်းမှာ စားသုံးဆီထုတ်လုပ်မှု တန်ချိန် ၆၆၀၀၀ ကျော်သာရှိခဲ့တယ် လို့ ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေ လုပ်ငန်းအဖွဲ့ထံက သိရပါတယ်။

မြန်မာနိုင်ငံမှာ လူတစ်ဦးက တစ်ရက်ကို ဆီ ၂ ဒသမ ၂၅ ကျပ်သား စားသုံးနေပြီး နှစ်စဉ် စားသုံးဖို့နဲ့ လုပ်ငန်းသုံးအတွက် ဆီလိုအပ်ချက် တန်ချိန် ၁ ဒသမ ၁ သန်းခန့်ရှိတယ် လို့ စားသုံးသူရေးရာဦးစီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။

အဲဒီ လိုအပ်ချက်ရဲ့ ၆၀ ရာခိုင်နှုန်းကနေ ၇၀ ရာခိုင်နှုန်းအထိကို ပြည်ပက တင်သွင်းနေရတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ စီးပွားရေးတာဝန်ခံဟောင်း ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းဟာ စားသုံးဆီတင်သွင်းမှုမှာ အာဏာအလွဲသုံးစားမှုလုပ်ခဲ့တဲ့အမှုအပါအဝင် တခြားအမှုတွေနဲ့အတူ ထောင်ဒဏ်အနှစ် ၂၀ ချခံထားရပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီးဟောင်း မိုးမြင့်ထွန်း လက်ထက်က ဖြစ်ပွားခဲ့တဲ့ နိုင်ငံခြားသုံးငွေ အရှုပ်အရှင်းတွေနဲ့ ဆက်နွှယ်ပြီး စားသုံးဆီ ကုမ္ပဏီ ၁၅ ခု ကျော်က စုစုပေါင်း ကျပ်ဘီလီယံ ၁၃၀ ဝန်းကျင် အထိ ဒဏ်ကြေးငွေပေးဆောင်ရဖို့ရှိနေတယ်လို့ စီးပွားရေးအသိုင်းအဝိုင်းကနေ ဘီဘီစီက စုံစမ်းသိရှိရပါတယ်။