အငြင်းပွားမှုတွေကြားက ကာတာ ကမ္ဘာ့ဖလားပွဲကြီး စတင်

ကမ္ဘာ့ဖလား

ဓာတ်ပုံ ရင်းမြစ်, Getty Images

၂၀၂၂ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကြီးကို ကာတာနိုင်ငံ ဒိုဟာမြို့မှာ နိုဝင်ဘာလ ၂၀ ရက်က

ဖွင့်လှစ်ခဲ့ပါတယ်။

ဒီအခမ်းအနားမှာ နိုင်ငံအသင်း ၃၂ သင်းက ဘောလုံးအားကစားသမားတွေ၊ ပရိသတ်တွေအပြင် ကမ္ဘာ့နိုင်ငံအသီးသီးက ခေါင်းဆောင်တချို့လည်း တက်ရောက်ခဲ့ကြပါတယ်။

ဘောလုံးအားကစားကနေ လူ့အသိုက်အဝန်းတွေကြား၊ နိုင်ငံတွေကြား ညီညွတ်မှုရစေတယ်လို့ ဟောလီး၀ုဒ်မင်းသားကြီး မော်ဂန် ဖရီးမန်းက ဖွင့်ပွဲမိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။​

ကမ္ဘာ့ဖလား

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, BTS အဖွဲ့က ဂျောင်ကွတ် ဖျော်ဖြေ

တောင်ကိုရီးယားက ကမ္ဘာကျော် ကေပေါ့ပ်အဖွဲ့ BTS က ဂျောင်ကွတ်လည်း သူ့ရဲ့သီချင်းသစ်နဲ့အတူ ဖျော်ဖြေခဲ့ပါတယ်။​ ဒါပေမဲ့ ဒီဖွင့်ပွဲမှာ ဖျော်ဖြေဖို့ ငြင်းဆန်ခဲ့တဲ့ နာမည်ကြီး အနုပညာရှင်တွေလည်း ရှိခဲ့ပါတယ်။

ဖွင့်ပွဲ အခမ်းအနား အပြီးမှာတော့ အိမ်ရှင် ကာတာအသင်းနဲ့ အီကွေဒေါတို့ ကစားရာမှာ အီကွေဒေါက နှစ်ဂိုး ဂိုးမရှိနဲ့ နိုင်ခဲ့ပါတယ်၊​

ကမ္ဘာ့ဖလား

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အီကွေဒေါအသင်း ဖွင့်ပွဲနေ့ ပွဲစဥ်မှာ အိမ်ရှင် ကာတာကို အနိုင်ရ

ဒါဟာ ကမ္ဘာ့ဖလားသမိုင်းမှာ အိမ်ရှင်အသင်းတစ်သင်းအနေနဲ့ ဖွင့်ပွဲနေ့ပွဲစဥ်မှာ ပထမဆုံးရှုံးနိမ့်တာ ဖြစ်ပါတယ်။​ ဒီပွဲစဥ်မှာ အီကွေဒေါက အင်နာ ဗယ်လန်စီယာက ပထမပိုင်းမှာတင် ၂ ဂိုး သွင်းယူခဲ့ပါတယ်။​

အခုကမ္ဘာဖလား ဘောလုံးပွဲတွေကို လက်ခံ ကျင်းပတဲ့ ကာတာနိုင်ငံမှာ လူအခွင့်ရေး ချိုးဖောက်မှုတွေ ရှိနေတာ၊ အားကစားရုံတွေတည်ဆောက်တဲ့ နိုင်ငံခြားသားအလုပ်သမားတွေ သေဆုံးတဲ့အထိ အခွင့်အရေးချိုးဖောက်ခံရတာ၊​ လိင်တူချစ်သူတွေကို ဖိနှိပ်တာ စတဲ့ အငြင်းပွားစရာတွေ ဖြစ်ခဲ့ပါတယ်။

ကာတာနိုင်ငံမှာ ကျင်းပတဲ့ အခုကမ္ဘာ့ဖလားဟာ အရှေ့အလယ်ပိုင်းမှာ ပထမဆုံးကျင်းပတာဖြစ်သလို ကာတာရဲ့ ပူပြင်းတဲ့ရသီဥတုကြောင့် ဆောင်းရာသီမှာ ပထမဆုံး ကျင်းပတာလည်း ဖြစ်ပါတယ်။

ကမ္ဘာ့ဖလားသမိုင်းမှာလည်း ကုန်ကျစရိတ်အများဆုံးဖြစ်ပြီး ဒေါ်လာ ၂၀၀ ဘီလျံ သုံးစွဲခဲ့ပါတယ်။ ၂၀၁၈ တုန်းက ရုရှားမှာကျင်းပတဲ့ ကမ္ဘာ့ဖလားမှာ ဒေါ်လာ ၁၅ ဘီလျံခန့်သာ သုံးစွဲခဲ့ပါတယ်။