ဒီဇင်ဘာ ၁၄ ရက် ထိပ်တန်းရောက်သတင်းများ- မြင်းခြံ ရွာသစ်ရွာကအမျိုးသား ၆ ဦးသတ်ဖြတ်ခံရ

သတ်ဖြတ်ခံရတဲ့ ရွာသစ်ရွာသားတစ်ဦး

ဓာတ်ပုံ ရင်းမြစ်, CJ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ရွာသစ်ရွာက အမျိုးသား ၆ ဦးဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ဖမ်းဆီးခံတာခဲ့ရပြီးတဲ့နောက် ဒဏ်ရာတွေနဲ့ သူတို့ရဲ့ရုပ်အလောင်းတွေကို ဒီနေ့ ဒီဇင်ဘာလ ၁၄ ရက် မနက်ပိုင်းမှာ အနီးအနား ကျေးရွာတွေမှာ ပြန်တွေ့ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၆ ရက်မှာ ရွာသစ်ရွာကို ဝင်ရောက်ခဲ့ပြီးတဲ့နောက်မှာ အလိုရှိသူတွေကို နာမည်စာရင်းနဲ့တကွ စစ်ဆေးမေးမြန်းပြီးတဲ့နောက်မှာ အဲဒီအမျိုးသား ၆ ဦးကို ဖမ်းဆီးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

“၆ ရက်နေ့မှာ ‌ရောက်လာတယ်။ ရွာထဲက လမ်းတိုင်း နှစ်ယောက်စီ ပိတ်ဆို့စောင့်ပြီး ရွာထဲက ကျောင်းမှာလူစုခိုင်းတယ်။ အဲဒီမှာ သူတို့ စာရင်းမှာပါတဲ့သူ အမျိုးသား ၂ ယောက်နာမည် ကိုအောင်ဇေယျာဖြိုးနဲ့ ကိုနိုင်ဝင်း နာမည်ကိုခေါ်တယ်။ ကိုအောင်ဇေယျာဖြိုးကိုပဲ တွေ့ရတော့ သူ့ကို ရိုက်နှက်စစ်တယ်။ နောက်ရက်တွေမှာ ကျန်တဲ့ ၅ ယောက်ကိုပါ သူတို့ဖမ်းခေါ်သွားတာပါ။ ဒီနေ့ မနက်တော့ ကျောကို ဓားချွန်နဲ့ ထိုးတားတဲ့ဒဏ်ရာ ၇ ချက်နဲ့ နှစ်ယောက်တစ်တွဲစီ အလောင်းတွေကို ပြန်တွေ့ခဲ့တာ’’လို့ မြေပြင်အခြေအနေသိရှိတဲ့ဒေသခံတစ်ဦးက ပြောပါတယ်။

ဒေသခံတွေကတော့ ကိုအောင်ဇေယျာဖြိုးနဲ့ ရွာသား ၅ ဦးတို့ဟာ မနေ့ညပိုင်းတုန်းက သတ်ဖြတ်ခံခဲ့ရတာလို့ ယူဆကြပါတယ်။

အလောင်းတွေကိုတော့ မြင်းခြံမြို့မြောက်ဘက် ခေါင်းကွဲရွာနဲ့ ကန်ရွာကြားမှာ ၂ လောင်း၊ နောက် မြင်းခြံနဲ့ နွားထိုးကြီးသွားလမ်းပေါ်က သင်ပြွန်းရွာအနီးမှာ ၂ လောင်းနဲ့ ရွာကြီးရွာ အနောက်ဘက်မှာ ၂ လောင်းကို ဒေသခံတွေက ပြန်လည်တွေ့ရှိတာလို့ ဆိုပါတယ်။

ရွာကြီးရွာအနောက်ဘက်မှာတွေ့ခဲ့ရတဲ့အလောင်းတွေကတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၉ ရက်နေ့တုန်းက ဖမ်းဆီးခံခဲ့ရတဲ့ ကိုအောင်နိုင်ဝင်းနဲ့ ကိုဇော်နိုင်ဝင်းတို့ဖြစ်တယ်လို့လည်း သိရပါတယ်။

တိုက်ပွဲမဖြစ်ဘဲ ရွာသစ်ရွာကို စစ်ကောင်စီတပ်တွေ ဝင်ရောက်စစ်ဆေးခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရွာသစ်ရွာမြောက်ပိုင်းက ထိန်ပန်းရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက အခုလဆန်းပိုင်းတုန်းက ဝင်ရောက်တိုက်ခိုက်ခဲ့မှုအပြီးမှာ စစ်တပ်က ရွာသစ်ရွာထဲ စစ်ဆေးတာနဲ့ ဖမ်းဆီးတာတွေလုပ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ဒီမနက်တွေ့ရှိခဲ့ရတဲ့အမျိုးသား ၆ ဦးရုပ်အလောင်းနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

ကလေးမြို့မြောက်ပိုင်း နန်းချောင်းရွာမှာ မီးရှို့ခံရတဲ့အမျိုးသားအလောင်းတွေ့

မီးရှို့ခံခဲ့ရတဲ့ Foursquare ဘုရားကျောင်း

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, မီးရှို့ခံခဲ့ရတဲ့ Foursquare ဘုရားကျောင်း
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

စစ်ကိုင်းတိုင်း၊ ကလေးမြို့ မြောက်ပိုင်းက နန်းချောင်းရွာမှာ စစ်ကောင်စီတပ်တွေ ရွာထဲကနေ ထွက်သွားပြီးတဲ့နောက်မှာ မီးရှို့ခံထားရတဲ့အမျိုးသားအလောင်း တစ်လောင်းကို တွေ့ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၂ ရက်နေ့တုန်းက နန်းချောင်းရွာကို ဝင်ရောက်ချိန် နေအိမ် တွေကို မီးရှို့ခဲ့တာကြောင့် Foursquare ဘုရားကျောင်းအပါအဝင် လူနေအိမ် ၂၄ လုံး မီးလောင်ခဲ့ တယ်လို့ ဒေသခံတွေက အစောပိုင်းကတည်းက ပြောထားတာပါ။

အခုတော့ ဒီနေ့ ဒီဇင်ဘာလ ၁၄ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရွာထဲကနေ ထွက်သွား ပြီးတဲ့နောက် ဒေသခံတွေ ကျေးရွာထဲကို ဝင်ရောက်ချိန်မှာ မသန်စွမ်း ရွာခံအမျိုးသားတစ်ဦး မီးရှို့ခံ ထားရတဲ့အလောင်းကို တွေ့ခဲ့ရတာလို့ ချင်းအမျိုးသားတပ်(အထက်ချင်းတွင်းဒေသ)က သတင်း ထုတ်ပြန်ပါတယ်။

နန်းချောင်းကျေးရွာကို ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကြား ဒီဇင်ဘာလ ၁၂ ရက်မှာ ထိတွေ့ တိုက်ပွဲ ပြင်းထန်ခဲ့ပြီးတဲ့နောက် နန်းချောင်းရွာဒေသခံတွေ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရပါတယ်။

အခုတော့ စစ်ကောင်စီတပ် ပြန်ထွက်သွားပြီဖြစ်တာကြောင့် ကလေး-ရာဇဂြိုဟ်ကားလမ်းကိုလည်း ပြန်ဖွင့်လိုက်ပြီလို့ ချင်း အမျိုးသားတပ်ဘက်က ပြောပါတယ်။

နန်းချောင်းကျေးရွာဟာ လူနေအိမ် ၁၉၀ နီးပါးရှိတဲ့ ရွာဖြစ်ပြီး ချင်းတိုင်းရင်းသားတွေပဲ နေထိုင်တဲ့ရွာဖြစ်ပါတယ်။

လေးကေ့ကော်မှာ စစ်တပ်က မြို့သန့်ရှင်းရေးလုပ်

ဒီဇင်ဘာ ၁၄ ရက် ထိပ်တန်းရောက်သတင်းများ- လေးကေ့ကော်မှာ စစ်တပ်က မြို့သန့်ရှင်းရေးလုပ်

ဓာတ်ပုံ ရင်းမြစ်, screengrab

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်က လေးကေ့ကော် ငြိမ်းချမ်းရေးမြို့သစ်မှာ ဒေသခံတွေ ပြန်လည်နေထိုင်နိုင်အောင်ဆိုပြီး စစ်တပ်က ရပ်ရွာလူကြီးတွေ၊ အပစ်ရပ် DKBA တပ်ဖွဲ့နဲ့ ပူးပေါင်းပြီး မြေမြှုပ်မိုင်းနဲ့ခြုံနွယ်ရှင်းလင်းတာလို မြို့တွင်း သန့်ရှင်းရေးတွေလုပ်နေတယ်လို့ သိရပါတယ်။

“ပြီးခဲ့တဲ့ နို၀င်ဘာ နောက်ဆုံးပတ်လောက်ကနေစပြီး ပဟိကလော်၊ မယ်ဝါးခီး၊ သေ့ဘောဘိုး ရွာတွေ က ဒေသခံတွေကို စစ်တပ်က DKBA နဲ့ ကျေးရွာလူကြီးတွေနဲ့ညှိနှိုင်းပေးပြီးတော့ စစ်ရှောင် နေတဲ့ နေရာတွေ ကနေရပ်ပြန်နေခိုင်းတာ ရှိတယ်၊ တိုက်ပွဲ ပြန်မဖြစ်ပါဘူးလို့ အာမမခံတာကြောင့် ပြန်မလာကြတာများတယ်’’လို့ လေးကေကော် မြို့ အုပ်ချုပ်ရေး လူကြီးတွေနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်ကပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်တုန်းက လေးကေ့ကော်မြို့သစ်၊ အမှတ် ၆ ရပ်ကွက်ကို စစ်တပ်က အင်အားအလုံးအရင်းနဲ့ ၀င်ရောက် နယ်မြေရှင်းလင်းရာကနေ KNU/KNLA ပူးပေါင်း တပ်တွေနဲ့ တိုက်ပွဲ ဖြစ်ခဲ့တာဖြစ်ပါတယ်။

အဲဒီကနေ စတင်တဲ့ တိုက်ပွဲတွေကြောင့် မြ၀တီ -လေးကေ့ကော်-ဝေါလေ ဒေသ တစ်လျောက်မှာ စစ်တပ်နဲ့ KNU/KNLA ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲ ဖြစ်ပွားနေတာ မနက်ဖြန် ဒီဇင်ဘာလ ၁၅ ရက်ဆိုရင် တစ်နှစ်ပြည့်ပြီ ဖြစ်ပါတယ်။

ဒီအချိန်မှာ ဒေသ ကျေးရွာ အကြီးအကဲတွေ၊ ဒေသအပစ်ရပ် DKBA လက်နက်ကိုင်အဖွဲ့က တာဝန်ရှိသူတွေ၊ မြ၀တီ နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့တွေနဲ့ တပ်မ ၄၄ က တပ်မှူး၊ စစ်ကြောင်းမှူးတွေ တွေ့ဆုံကာ စစ်ဘေးရှောင်များ နေရပ်ပြန်လည်နေထိုင်ရေး အစပြုလှုပ်ရှားဆောင်ရွက်လာတာကိုတွေ့ရပါတယ်။

‘‘စစ်ရှောင်စခန်းက နေသူတွေထဲက လေးကေ့ကော်မြို့သစ် တည်ကာစက ရွာဟောင်းသား၊ရပ်ကွက်သားတွေ ကိုတော့ မိသားစု ကတ် လုပ်ဖို့ စာရင်းကောက်တာမျိုးတော့ လုပ်နေပြီ။ သွားလာရင်း စစ်တပ်က စစ်ဆေးရင် ဒေသခံ ဟုတ်မဟုတ် ပြလို့ရအောင်လို့တော့ သိရတယ်။ ပြန်နေလို့ရသူတွေထဲမှာ နောက်မှ အိမ်ကွက်ခြံကွက် ၀ယ်နေသူတွေ ၊ ရွှေ့ပြောင်း အခြေချလာနေသူတွေတော့ မပါသေးဘူး၊ စစ်တပ်ဘက်ကလည်း ရွာသားတွေကို အိမ်ပြန်ပို့တာ၊ ဆန်ဝေတာ၊ မိသားစု စာရင်းကောက်တာ၊ လာပြီး ဓါတ်ပုံ ရိုက်တာ မျိုးတော့ရှိတယ်”လို့ လေးကေကော် စစ်ဘေးရှောင် ဒေသခံ တစ်ဦး ကပြောပါတယ်။

လေးကေကော်ဒေသတိုက်ပွဲကြောင့် မြ၀တီ-ဝေါလေ လမ်းပိုင်းပေါ်မှာရှိတဲ့ ကျေးရွာပေါင်း ၂၀ ခန့်က စစ်ဘေးရှောင်နေရသူ ၉ထောင် ကျော်ခန့်အထိ ရှိနေပါတယ်။

လက်ရှိမှာ မယ်ထော်သလေး၊ မင်းလက်ပံ၊ ဖလူးကြီး၊ ဖလူးလေး၊ အင်ကြင်းမြိုင်၊ ပဟိကလော်၊ ထီးမယဝါးခီး၊ သေ့ဘောဘိုး၊ ဘလယ်ဒို ကျေးရွာများသို့ နေရပ်ပြန်လည် ၀င်ရောက် နေထိုင် သူ နှစ်ထောင်ခန့် ရှိလာပြီ ဖြစ်ကြောင်း သိရပါတယ်။

ကျန်တဲ့ဒေသခံတွေကတော့ နှစ်ဖက် စစ်ရေးတင်းမာနေတဲ့ နယ်မြေအတွင်းကို ပြန်လည်နေထိုင်တာဟာ လုံခြုံရေးအရ အာမခံချက် မရှိတာကြောင့် နေရပ်မပြန်လိုသေးဘဲ စစ်ဘေးရှောင်စခန်းတွေမှာ ဆက်လက်နေထိုင်နေတုန်းဖြစ်တယ်လို့ စစ်ရှောင်မိသားစုတွေက ပြောပါတယ်။

ရေဦးအနောက်ခြမ်းမှာ စစ်တပ်နဲ့ PDF အဖွဲ့တွေ ထိတွေ့ တိုက်ပွဲဖြစ်

ရေဦးမြို့နယ်အနောက်ခြမ်းမှာ တိုက်တွဲဖြစ်

ဓာတ်ပုံ ရင်းမြစ်, လူမှုကွန်ရက်

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်အနောက်ခြမ်းက ကုန်းသာနဲ့ ရွာမိတ်သာကျေးရွာတို့ကြားမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကြား ဒီနေ့ ဒီဇင်ဘာလ ၁၄ ရက် မနက်ပိုင်းမှာ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့ မနက်ပိုင်း ထိတွေ့မှု ၂ ကြိမ်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကရော၊ စစ်ကောင်စီဘက်ကပါ အထိအခိုက်ရှိတယ်လို့လည်း ကာကွယ်ရေးအဖွဲ့တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။

‘‘ဒီပဲယင်းနဲ့ရေဦးကို မီးပတ်ရှို့တဲ့ စစ်ကြောင်းနဲ့ ထိတွေ့မှုဖြစ်တာပါ။ အင်အား ၆၀ လောက်နဲ့ ဒီပဲယင်းအပိုင် မူးမြစ်ကမ်းနံဘေးက ရွာတွေကို တစ်ပတ်လောက်မီးရှို့နေတဲ့စစ်ကြောင်းပေါ့။ မနေ့ကတည်းက ရွာမြိတ်သာကို ဝင်ပြီး မီးရှို့နေတာပါ။ သူတို့ရှိတော့ ရှင်းလင်းရေး မဝင်နိုင်သေးဘူး။ ခန့်မှန်းခြေ အိမ်ခြေ ၁၀၀ ထက်မနည်း မီးထဲပါဖို့ရှိတယ်’’လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

တိုက်ပွဲ ပြင်းထန်ခဲ့ပေမဲ့ စစ်ကောင်စီတပ်ဘက်က တိုက်လေယာဥ်တွေ မုံရွာနဲ့ မြင်းမူဘက်မှာ ပျံသန်းနေတာကြောင့် လေကြောင်းအန္တရာယ်ကို တွက်ဆပြီး တိုက်ပွဲကို နောက်ဆုတ်ခဲ့တာလို့ ဒေသကာကွယ်ရေးဘက်တွေဘက်က သတင်းထုတ်ပြန်ပါတယ်။

ကုန်းသာနဲ့ ရွာမိတ်သာကျေးရွာတွေဟာ ပြီးခဲ့တဲ့သြဂုတ်လတုန်းက စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ကျေးရွာတွေဖြစ်ပါတယ်။

သြဂုတ်လတုန်းက လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့တဲ့ စစ်ကောင်စီတပ်ရဲ့ တိုက်လေယာဥ်ပျံသန်းချိန် စာသင်ကျောင်းခန်းတစ်ခုထဲက ကလေးငယ်တွေ လေယာဥ်သံတွေကြားထဲ အထိတ်တလန့်နဲ့ ပြားပြားဝပ် ငြိမ်သက်နေတဲ့အခြေအနေ ရုပ်သံဖိုင်ဟာ အဲဒီဒေသက စာသင်ကျောင်း တစ်ကြောင်း အခြေအနေကို ရိုက်ကူးထားတဲ့ အခိုက်အတန့်ဖြစ်ပါတယ်။

ဒီပဲယင်းဘက်က စစ်ရေးအခြေအနေတွေနဲ့ ရွာတွေကို မီးရှို့နေတယ်ဆိုတဲ့ ဒေသခံတွေပြောကြားချက်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တုံ့ပြန်ချက်ကိုရဖို့ ဘီဘီစီက ဆက်သွယ်ဖို့ကြိုးစားနေပါတယ်။

ရန်ကုန် - မော်လမြိုင် မီးရထားလမ်းပိုင်း မိုင်းဆွဲခံရ

ကျောက်ရထားတစ်စီးလည်း မိုင်းထိခဲ့တယ်လို့ သိရ

ဓာတ်ပုံ ရင်းမြစ်, လူမှုကွန်ရက်

ဓာတ်ပုံ ပုံစာ, ကျောက်ရထားတစ်စီးလည်း မိုင်းထိခဲ့တယ်လို့ သိရ

ရန်ကုန် - မော်လမြိုင် မီးရထားလမ်းပိုင်းဟာ သိမ်ဆိပ်နဲ့ ဒုံးဝန်း ဘူတာကြားမှာ မနေ့ ဒီဇင်ဘာလ ၁၃ ရက်ညပိုင်းတုန်းက မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။

ဒီလမ်းပိုင်း မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် ရန်ကုန်- မော်လမြိုင် အစုန်ညရထားခရီးစဥ်ရော၊ အဆန်ညရထားခရီးစဥ်မှာ ဖျက်သိမ်းခဲ့ရတယ်လို့လည်း သိရပါတယ်။

ရထားလမ်းပိုင်းကို ပြင်ဆင်နေရတုန်းလို့ဆို

ဓာတ်ပုံ ရင်းမြစ်, လူမှုကွန်ရက်

ဓာတ်ပုံ ပုံစာ, ရထားလမ်းပိုင်းကို ပြင်ဆင်နေရတုန်းလို့ဆို

ဒါ့အပြင် ရထားလမ်းပြင်ဆင်လို့ မပြီးတာကြောင့် ဒီနေ့ ဒီဇင်ဘာလ ၁၄ ရက်မှာ ပြေးဆွဲဖို့ရှိတဲ့ အစုန်အဆန် နေ့ရထားခရီးစဥ်တွေကိုလည်း ဖျက်သိမ်းထားရတယ်လို့ စစ်ကောင်စီလက်အောက် မြန်မာ့မီးရထားက ပြောပါတယ်။

ရန်ကုန်- မော်လမြိုင် ရထားခရီးစဥ်ကို ပြန်ပြေးဆွဲပြီး တစ်ရက်အကြာမှာ ရထားလမ်းပိုင်းတိုက်ခိုက်ခံရတာဖြစ်ပြီး ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တယ်ဆိုတာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ ရဲ့ အလွတ်သဘောတွေ့ဆုံရေးတောင်းဆိုချက် စစ်ကောင်စီငြိမ်းချမ်းရေးအဖွဲ့ ငြင်းပယ်

စစ်ကောင်စီဘက်က အမျိုးသားစည်းလုံး ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ကို ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်ဦးဆောင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ထုတ်ပြန်ချက်

ဓာတ်ပုံ ပုံစာ, စစ်ကောင်စီဘက်က အမျိုးသားစည်းလုံး ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီကို ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်ဦးဆောင်ပါတယ်။

အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ထဲက ၇ ဖွဲ့က တောင်းဆိုတဲ့အလွတ်သဘော တွေ့ဆုံရေးကို စစ်ကောင်စီ ငြိမ်ချမ်းရေးအဖွဲ့က ငြင်းဆိုလိုက်တယ်လို့ သိရပါတယ်။

တွေ့ဆုံနိုင်ရေး အဆိုပြုကမ်းလှမ်းချက်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၇ ရက်က အပစ်ရပ်အဖွဲ့တွေဘက်က ပေးပို့ခဲ့တာဖြစ်ပေမဲ့ စစ်ကောင်စီဘက်က ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်ဦးဆောင်တဲ့ အမျိုးသားစည်းလုံး ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC) က ငြင်းဆိုလိုက်တာပါ။

တွေ့ဆုံဖို့ အဆင်မပြေတဲ့အကြောင်း ငြင်းဆိုချက်ကိုတော့ ဒီဇင်ဘာ ၉ ရက်မှာ ရရှိခဲ့တာဖြစ်တယ်လို့ PPST အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က ဘီဘီစီကို ပြောပါတယ်။

တွေ့ဆုံရေးကလည်း လက်ရှိနိုင်ငံရေး အကျပ်အတည်း၊ စိန်ခေါ်မှုတွေကို ဖြေရှင်းရေးနည်းလမ်းရှာဖို့၊ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့ ရည်ရွယ်ခဲ့တာလို့လည်း သူက ပြောပါတယ်။

အဆင့် လေး ဆင့် ပါဝင်တဲ့ အဆိုပြုချက်မှာ တံခါးပိတ်ဆွေးနွေးမှုမျိုး အလွတ်သဘော ဆွေးနွေးပွဲတွေကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဒီဇင်ဘာလ ၁၂ ရက်မှာ လုပ်ဖို့၊ အဲဒီနောက် ဒီဇင်ဘာ ၁၅ ရက်နဲ့ ၁၆ ရက်မှာ တောင်ကြီးမြို့ (သို့မဟုတ်) မော်လမြိုင်မြို့မှာ နှစ်ဖက်ကိုယ်စား လှယ်စုံညီစွာနဲ့ အလွတ်သဘောဆွေးနွေးလိုတယ်ဆိုတဲ့အချက်တွေ ပါဝင်ပါတယ်။

နောက်ဆုံးမှာတော့ ရန်ကုန်မြို့မှာ တရားဝင်ဆွေးနွေးမှုတွေလုပ်ပြီး နောက်ဆုံးအဆင့်အနေနဲ့ နှစ်ဖက်သဘောတူညီ ချက်တွေကို သင့်တော်တဲ့အချိန်နဲ့နေရာမှာ တရားဝင်လက်မှတ်‌ထိုးမယ်လို့ အဆိုပြုထားတာပါ။

စစ်ကောင်စီနဲ့ အလွတ်သဘောတွေ့ဆုံဆွေးနွေးဖို့ ကြိုးပမ်းနေတဲ့ ၇ ဖွဲ့ကတော့ ရှမ်းပြည် ပြန်လည် ထူထောင် ရေးကောင်စီ (RCSS)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)၊ ကရင် ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA (PC) ၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)၊ ပအိုဝ်းအမျိုးသား လွတ်မြေက်ရေးအဖွဲ့ (PNLO) နှင့် ရခိုင်လွတ်မြောက်ရေးပါတီ (ALP) တို့ဖြစ်ပါတယ်။

ဒီအဖွဲ့တွေဟာ အာဏာသိမ်းပြီးနောက် စစ်ကောင်စီဥက္ကဋ္ဌရဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုကို လက်ခံပြီး တိုက်ရိုက်ဆွေးနွေးခဲ့တဲ့ အဖွဲ့တွေ လည်းဖြစ်ပါတယ်။

PPST မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့အထိ ပါဝင်ပေမဲ့ အခုအဖွဲ့တွေသာ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေး ဖိတ်ကြားမှုကို သွားရောက်ဆွေးနွေးထားတာဖြစ်ပြီး ကျန် ၃ ဖွဲ့ဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကျောင်းသားတပ်(ABSDF)နဲ့ ချင်းအမျိုးသားတပ်ဦး (CNF)တို့ ကတော့ တွေ့ဆုံဆွေးနွေးမှု မလုပ်ထားပါဘူး။

LGBT အရေးလှုပ်ရှားသူ စူးရှရှင်းသန့် ထောင် နှစ် ၂၀ ကျော် ချမှတ်ခံရ

LGBT အရေး တက်ကြွလှုပ်ရှားသူ မစူးရှရှင်းသန့်

ဓာတ်ပုံ ရင်းမြစ်, မန္တလေး LGBT Union

ဓာတ်ပုံ ပုံစာ, LGBT အရေး တက်ကြွလှုပ်ရှားသူ မစူးရှရှင်းသန့်

မန္တလေးက LGBT အရေး လှုပ်ရှားသူ စူးရှရှင်းသန့်ကို စစ်ကောင်စီက ပုဒ်မ ၅၀၅-က ၊ ပုဒ်မ ၅၀၅-ခ အပါအဝင် အကြမ်းဖက်မှု၊ လူသတ်မှုနဲ့အားပေးကူညီမှု စတဲ့အမှုတွေနဲ့ ထောင် ၂၅ နှစ်ချမှတ်ခံလိုက်ရတယ်လို့ သူ့ရဲ့မိတ်ဆွေ မစောဟန်နွေဦးက ဘီဘီစီကိုပြောပါတယ်။

“ပုဒ်မ တွေက ကျွန်မသိရသလောက် ၅၀၅ က၊ ခ ပါတယ်။ ပြီးတော့ ၅၀ (ည)ပါတယ်။ ပြီးတော့ လူသတ်အကြံပေးပေါ့နော်။ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၁၁၄ ဆိုတဲ့အမှုတွေပါတယ်။ စုစုပေါင်းအမှုတွေအကုန်လုံးကို ၂၂ နှစ်ဆိုပြီးတော့ တစ်ခါတည်း ချလိုက်တယ်ပေ့ါ။ သူက ပထမ ဆန္ဒပြတယ်။ နောက်ပိုင်းမှာ သူက PDF ကလေးတွေကို တော်တော်များများထောက်ပံ့တယ်။နောက်သင်တန်းသွားတဲ့အချိန်မှာ သူအများကြီး ပါဝင်ကူညီပေးထားတာတွေကြောင့်ဆိုပြီးတော့ပေ့ါနော်။ ပြီးတော့ လက်နက်မိတဲ့အမှုတွေဘာတွေနဲ့ အိမ်ထဲမှာမိတယ်ဆိုတဲ့စွပ်စွဲချက်တွေနဲ့ ပုဒ်မတွေတပ်လိုက်တာပေ့ါ။ ပြီးခဲ့တဲ့အောက်တိုဘာ ၄ ရက်နေ့က မန္တလေးကျောက်ဆည်ကြားလမ်းမှာ ဆိုင်ကယ်နဲ့ အဖမ်းခံရတယ်။ အဲဒီကနေ ကျောက်ဆည်ရဲစခန်းကိုပို့တယ်။ ရဲစခန်းကနေ အိုးဘိုထောင်ထဲပို့လိုက်တာပါ”လို့ မစောဟန်နွေဦးက ပြောပါတယ်။

စူးရှရှင်းသန့်ရဲ့ ကျန်းမာရေးကတော့ ကောင်းမွန်ပေမဲ့ အမျိုးသမီးကဲ့သို့ ပြောင်းလဲနေထိုင်ကြတဲ့ သူတို့လို transgender တွေအနေနဲ့ဟော်မုန်းဆေးတွေအပါအဝင် သောက်သုံးရတဲ့ဆေးဝါးတွေလည်း ရှိတာကြောင့် ဆေးဝါးမလုံလောက်မှုရှိတာ၊ ကျန်းမာရေးထိခိုက်မှာကို စိုးရိမ်နေတယ်လို့ သူက ဆက်ပြောပါတယ်။

မစူးရှရှင်းသန့်ဟာ လိင်ပြောင်း အမျိုးသမီးတစ်ဦးဖြစ်ပြီးလူငယ်ငယ့်ရေးရာကော်မတီ ပြည်ထောင်စုအဆင့်ကိုယ်စားလှယ် တစ်ဦးလည်းဖြစ်ပါတယ်။

ဒါ့ပြင် သူဟာ LGBTQI အရေး တက်ကြွလှုပ်ရှားသူ တစ်ဦး ဖြစ်သလို အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတိုက်ဖျက်ရေး (POVAW) ဥပဒေကြမ်း ထွက်ပေါ်လာရေးအတွက် ကြိုးပမ်းနေကြတဲ့လုပ်ငန်းစဉ်မှာ ပါဝင်ခဲ့သူ လည်းဖြစ်တယ်လို့ မန္တလေး LGBT သမဂ္ဂက သတင်းထုတ်ပြန်ပါတယ်။

မလေးရှားက မြန်မာ ၁၁၄ ဦးကို နေရပ်ပြန်ပို့မယ့်ကိစ္စ အမြန်ဖြစ်လာနိုင်တယ်လို့ဆို

မလေးရှားလူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ ထိန်းသိမ်းခံရပြီးနောက် မြန်မာနိုင်ငံကို ပြန်ပို့ခံရသူတွေကို မလေးရှားလေဆိပ်မှာ အောက်တိုဘာလကုန်ပိုင်းက မြင်တွေ့ရတာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, မြန်မာသံရုံး-မလေးရှား

ဓာတ်ပုံ ပုံစာ, မလေးရှားလူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ ထိန်းသိမ်းခံရပြီးနောက် မြန်မာနိုင်ငံကို ပြန်ပို့ခံရသူတွေကို မလေးရှားလေဆိပ်မှာ အောက်တိုဘာလကုန်ပိုင်းက မြင်တွေ့ရတာဖြစ်ပါတယ်။

မလေးရှားက လူဝင်မှုထိန်းသိမ်းရေးစခန်းတွေမှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာ ၁၁၄ ဦးကို နေရပ်ပြန် ပို့ဖို့ တရားရုံးက ဆုံးဖြတ်လိုက်တာကြောင့် ဒီလူပုဂ္ဂိုလ်တွေ ပြန်ပို့ခံရနိုင်ရေး အမြန်ဖြစ်လာနိုင်တယ်လို့ မလေးရောက်မြန်မာတွေ အကူအညီပေးရေးအဖွဲ့တွေက ပြောပါတယ်။

အဲဒီမြန်မာ ၁၁၄ ဦးကို နေရပ်ပြန်ပို့ရေးဆုံးဖြတ်ချက်ကို မလေးရှားဝန်ကြီးချုပ်အမိန့်နဲ့ ပြီးခဲ့တဲ့နှစ်တုန်းက ဆိုင်းငံ့ခဲ့တာဖြစ်ပေမဲ့ မလေးရှားအစိုးရဝန်ကြီးချုပ်အသစ်တက်လာချိန်မှာ တရားရုံးက အဲဒီဆိုင်းငံ့မိန့်ကို ပယ်ဖျက်လိုက်တာဖြစ်ပါတယ်။

“ဒီမှာက လူဝင်မှုကြီးကြပ်ရေးဌာနက သူတို့ စည်းကမ်းအတိုင်း တင်းတင်းကျပ်ကျပ်ကိုင်တွယ် တာရှိတယ်။ အခု ဒီလူတွေကို နေရပ်ပြန်ပို့ရေး ဆိုင်းငံ့ထားတဲ့ဆုံးဖြတ်ချက်ကို တရားရုံးက ပယ်ဖျက်လိုက်ပြီဖြစ်ဆိုတော့ နေရပ်ပြန်ပို့ရေးကိစ္စ မြန်မြန်ဖြစ်လာနိုင်တယ်။ အစောပိုင်းလတွေတုန်းကလည်း ပြန်ပို့နေတာဆိုတော့လေ’’ လို့ မလေးရောက် မြန်မာတွေအရေးအကူအညီပေးသူတွေက ပြောပါတယ်။

မြန်မာပြည်တွင်းမှာ စစ်အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက် အမျိုးသမီးနဲ့ကလေးငယ်တွေလည်း ပါဝင်တဲ့ ဒီလူပေါင်း ၁၁၄ ဦးကို နေရပ်ပြန်ပို့ရေးကိစ္စကို ဆိုင်းငံ့ဖို့ ယခင်မလေးရှားအစိုးရက တရားရုံးကို လျှောက်ထားခဲ့တာကြောင့် တရားရုံးက ဆိုင်းငံ့မိန့်ပေးခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် မလေးရှားနိုင်ငံအတွင်းက လူဝင်မှုထိန်းသိမ်းရေးစခန်းတွေမှာ ထိန်းသိမ်းခံနေရတာ တစ်နှစ်ကျော်ကြာလာပြီဖြစ်တဲ့ ဒီလူတွေဟာ အခုတော့ တရားရုံးဆုံးဖြတ်ချက်အသစ်ကြောင့် မကြာခင် နေရပ်ပြန်ပို့ခံရတော့မယ်အခြေအနေရှိနေပါတယ်။

“မလေးရှားအစိုးရအနေနဲ့ ဒီအစီအစဥ်ကို ပြန်သုံးသပ်ပေးဖို့ တောင်းဆိုလိုပါတယ်။ နိုင်ငံ့ခေါင်းဆောင်တွေအနေနဲ့ လူ့အခွင့်အရေးနဲ့ နိုင်ငံတကာဥပဒေကို လေးစားလိုက်နာပြီး အန္တရာယ်များ ကြမ်းတမ်းတဲ့အခြေအနေအောက်မှာ လူတွေကို နေရပ်ပြန်ပို့တဲ့ဆုံးဖြတ်ချက်မှန်သမျှကို ဆိုင်းငံ့ပေးဖို့ တောင်းဆိုလိုပါတယ်’’ လို့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့(မလေးရှား)နဲ့ မလေးရှားအခြေစိုက် နိုင်ငံရေးခိုလှုံခွင့်အဖွဲ့တို့က ပူးတွဲ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

စက်သုံးဆီသုံးစွဲမှု ချွေတာရေး နည်းလမ်းတစ်ရပ်အနေနဲ့ စက်ဘီးစီးကြဖို့ စစ်ခေါင်းဆောင်ပြော

မြစ်ကြီးနားမြို့က တွေ့ဆုံပွဲ

ဓာတ်ပုံ ရင်းမြစ်, ထုတ်ပြန်ချက်

စက်သုံးဆီ သုံးစွဲဖို့ မလိုတဲ့ စက်ဘီးလို ယာဥ်တွေကို တိုင်းချစ်ပြည်ချစ်စိတ်နဲ့ အသုံးပြုကြစေလိုတယ်ဆိုပြီး စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောလာပါတယ်။

မနေ့ ဒီဇင်ဘာ ၁၃ ရက်နေ့က ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံချိန် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အခုလိုပြောလိုက်တာပါ။

စက်သုံးဆီကို ပြည်ပကနေ နှစ်စဥ် တင်သွင်းနေရပြီး နိုင်ငံခြားငွေသုံးစွဲမှု များစွာ ကျန်ကျနေတာကြောင့် စက်သုံးဆီ တတ်နိုင်သမျှ ချွေတာဖို့ နည်းလမ်းတစ်ရပ်အနေနဲ့ အခုလို အခုလို တိုက်တွန်းတာလို့ သူက ပြောပါတယ်။

စစ်ခေါင်းဆောင်ဟာ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့တွေ့ဆုံမှုတိုင်းမှာ လျှပ်စစ်ဓာတ်အားနဲ့ စက်သုံးဆီကိစ္စ၊ စွမ်းအင်လိုအပ်ချက်ကို ထုတ်ပြောလေ့ရှိပါတယ်။

 ဒီလိုပြောဆိုနေချိန်မှာပဲ စစ်ကောင်စီဟာ ပြည်တွင်းမှာ စွမ်းအင်လိုအပ်ချက်ကို ဖြည့်တင်းဖို့ရည်ပြီး အသေးစား နျူကလီးယား ဓာတ်ပေါင်းဖိုတွေ တည်ဆောက်ရေးကိစ္စအတွက် ရုရှားနျူကလီးယားစွမ်းအင်ဌာနနဲ့ ခပ်စိပ်စပ်တွေ့ဆုံဆွေးနွေးတာတွေ ရှိနေပါတယ်။

မြန်မာ့အရေးဖြေရှင်းဖို့ နောက် ၅ နှစ်ကြာမြင့်နိုင်တယ်လို့ အာဆီယံဥက္ကဋ္ဌပြော

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်

ဓာတ်ပုံ ရင်းမြစ်, AKP

ဓာတ်ပုံ ပုံစာ, ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်

မြန်မာ့အရေးဖြေရှင်းနိုင်ဖို့ နောက် ၅ နှစ်ကြာမြင့်နိုင်တယ်ဆိုပြီး အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ယူထားတဲ့ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်ဆန်က ထုတ်ပြောလာပါတယ်။

ဘယ်လ်ဂျီယံမြို့တော် ဘရပ်ဆဲလ်မှာ ပြုလုပ်မယ့် ဥရောပသမဂ္ဂ-အာဆီယံ ထိပ်သီးဆွေးနွေးပွဲကိုတက်ဖို့ ဘရပ်ဆဲလ်မြို့ကို ရောက်ချိန် ဥရောပရောက် ကမ္ဘောဒီးယားဖွား ၂၀၀၀ ကျော်နဲ့ တွေ့ဆုံစဥ် ဒီဇင်ဘာ ၁၂ ရက်မှာ ဝန်ကြီးချုပ် အခုလိုပြောလာတာပါ။

''မြန်မာ့အရေးကို ဖြေရှင်းနိုင်ဖို့ဆိုရင် အနည်းဆုံး ၅ နှစ်လောက် အချိန်ယူရလိမ့်မယ်။ အဲဒီအကျပ်အတည်းအတွက် အဖြေရှိတဲ့ဘယ်သူမဆို ဖြေရှင်းသင့်တယ်လို့လည်း အကြံပြုလိုပါတယ်။ ကျွန်တော်တို့ကတော့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားတဲ့သက်တမ်းလည်းပြည့်တော့မှာဆိုတော့ အလှည့်ကျဥက္ကဋ္ဌရဲ့ မြန်မာ့အရေးဆိုင်ရာ အထူးသံတမန်လည်း မြန်မာကို သွားတော့မှာ မဟုတ်ပါဘူး'' လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

ကမ္ဘောဒီးယားနိုင်ငံ အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ယူချိန်မှာ အရာအားလုံးရှုပ်ထွေးနေပေမဲ့ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို တာဝန်သိသိ၊ ယုံကြည်ချက်ရှိရှိနဲ့ ထမ်းဆောင်ခဲ့တဲ့အကြောင်းကိုလည်း သူက ထည့်ပြောသွားပါတယ်။

ကမ္ဘော ဒီးယားနိုင်ငံဟာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ပုံမှန်အခြေအနေအတိုင်း လမ်းကြောင်းပြန်လှည့်နိုင်အောင် အားတက်သရော ကူညီပါဝင်ခဲ့ပေမဲ့ အခုတော့ မြန်မာ့အရေးဟာ ၂၀၂၃ ခုနှစ်မှာ အလှည့်ကျဥက္ကဋ္ဌတာဝန်ယူလာမယ့် အင်ဒိုနီးရှားနိုင်ငံရဲ့ အလှည့်ကို ရောက်သွားပြီလို့ ဝန်ကြီးချုပ် ဟွန်ဆန်က တာဝန်ပြီးဆုံးလို့ ပြန်မယ့် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးနဲ့တွေ့ဆုံချိန် ဒီဇင်ဘာလ ၈ ရက်တုန်းက ပြောထားပါတယ်။