အောက်တိုဘာ ၁၇ ရက်ထိပ်တန်းသတင်းများ - မုန်လိုင်ခက်တိုက်ခိုက်ခံရပြီး တစ်ပတ်အကြာမှာ အနန့်ပါ လေကြောင်းတိုက်ခိုက်ခံရ

ဓာတ်ပုံ ရင်းမြစ်, CJ
ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်ထဲက ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တပ်မဟာ ၉ ဌာနချုပ်နဲ့ အနန့်ပါ နေရာတွေကို အောက်တိုဘာ ၁၆ ရက် ညနေပိုင်းက စစ်ကောင်စီက လေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့ ကေအိုင်အေ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
‘’လေကြောင်းတိုက်ခိုက်သလို လက်နက်ကြီးနဲ့လည်းပစ်ပါတယ်။လက်နက်ကြီးက ဖားကန့်ဗျူဟာကုန်းကနေ ပစ်တာပါ။ အနန့်ပါ ဘက်ကိုတော့ ဂျက်ဖိုက်တာ နဲ့ လေကြောင်းကနေ ဗုံးလေးလုံးလောက်ကျဲတယ်လို့ သတင်းပို့ထားပါတယ်’’ လို့ ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။
ကချင် ဒေသတွင်းမီဒီယာတွေမှာ လေကြောင်းတိုက်ခိုက်ခံရတဲ့ဖြစ်စဥ်အတွင်း KIA အရာရှိ နှစ်ဦး သေဆုံးပြီး ၊ အရပ်သား အပါအဝင် ၁၀ ဦးထက်မနည်းဒဏ်ရာ ရတယ်လို့ ဖော်ပြနေပါတယ်။
ဗိုလ်မှူးကြီးနော်ဘူကတော့ သေဆုံးထိခိုက်မှု အခြေအနေကို သတင်းပေးပို့မှု မရလို့ အတည်မပြုနိုင်သေးဘူးလို့ တုံ့ပြန်ပါတယ်။လေကြောင်းတိုက်ခိုက်မှုအပြင် ဖားကန့် စစ်တပ်ဗျူဟာကုန်းကနေ အနန့်ပါဘက်တဝိုက်ကို လက်နက်ကြီးနဲ့ပစ်ခတ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက်ကလည်း မုန်လိုင်ခက်စစ်ရှောင်စခန်း တိုက်ခိုက်ခံရလို့ အနည်းဆုံး ၂၉ ဦး သေဆုံးခဲ့ပြီး ၆၀ နီးပါး ဒဏ်ရာရခဲ့တာပါ။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၂၃ ရက်ကလည်း ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ထဲက အနန့်ပါအရပ်မှာလုပ်တဲ့ KIO ဖွဲ့စည်းမှုနှစ်ပတ်လည်နေ့အကြို ဖျော်ဖြေပွဲကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၆၀ ကျော်အထိ ဖြစ်ခဲ့ပါတယ်။
မုန်လိုင်ခက်ဖြစ်စဥ်နဲ့ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်တာရှိပေမဲ့ အောက်တိုဘာ ၁၆ ရက်က အနန့်ပါနဲ့ တပ်မဟာ ၉ လေကြောင်းတိုက်ခိုက်ခံရတဲ့ဖြစ်စဥ်နဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်တာမရှိသေးပါဘူး။
တရုတ်မှာကျင်းပတဲ့ ပိုးလမ်းမဖိုရမ် စစ်ကောင်စီဝန်ကြီးအဖွဲ့ တက်ရောက်

ဓာတ်ပုံ ရင်းမြစ်, MOI
တရုတ်နိုင်ငံ၊ ဘေဂျင်းမှာ လုပ်မယ့် တတိယအကြိမ် ရပ်ဝန်း နဲ့ ပိုးလမ်းမ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဖိုရမ် ကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်မှာဖြစ်ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဒီကနေ့စတင်ကျင်းပတဲ့ ဖိုရမ် ကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်မယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပေမဲ့ ဖိုရမ်ကျင်းပချိန်မှာတော့ စစ်ကောင်စီဝင် ၊ ဒုတိယဝန်ကြီးချုပ်လည်းဖြစ်တဲ့ ဗိုလ်ချုပ်ကြီးမြထွန်းဦးကပဲ ဦးဆောင်တက်ရောက်ခွင့်ရတာ ဖြစ်ပါတယ်။
စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့မှာ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး ဦးကိုကိုလှိုင်၊ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့် တို့ နဲ့အတူ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာနနဲ့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနတွေက အဆင့်မြင့်အရာရှိကြီးတွေ လိုက်ပါသွားတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။
အောက်တိုဘာ ၁၈ ရက်အထိ ကျင်းပမယ့် ဒီဖိုရမ်ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင်က စစ်ကောင်စီကို ဖိတ်ကြားခဲ့တာဖြစ်ပါတယ်။
ဒုတိယအကြိမ် ပိုးလမ်းမဖိုရမ်ကို ကိုဗစ်-၁၉ ကပ်ရောဂါ မတိုင်ခင် ၂၀၁၉ ဧပြီမှာ ကျင်းပခဲ့တာဖြစ်ပြီး အဲဒီဖိုရမ်ကို နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ပါတယ်။
နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် တရုတ်သမ္မတ ရှီကျင့်ဖျင် နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီးတဲ့နောက် တရုတ်သမ္မတရဲ့ မြန်မာခရီးစဉ်ပါ ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။
NCA နှစ်ပတ်လည်ပွဲတက်တဲ့ ABSDF အဖွဲ့ဝင် သုံးဦးကို ရာထူးကထုတ်ပယ်

ဓာတ်ပုံ ရင်းမြစ်, ABSDF
စစ်ကောင်စီကဦးစီးကျင်းပခဲ့တဲ့ တစ်နိုင်ငံလုံးအပစ်ခတ်ရပ်ဆဲရေး သဘောတူစာချုပ် NCA ရှစ်နှစ်ပြည့်နှစ်ပတ်လည်ပွဲကို မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF ရဲ့ ရပ်တည်ချက်နဲ့ ဆန့်ကျင်ပြီး အခမ်းအနားတက်ရောက်ခဲ့သူ သုံးဦးကို တာဝန်က ရုပ်သိမ်းကြောင်း ထုတ်ပြန်လာပါတယ်။
"သူတို့ (စစ်ကောင်စီ)က ဖိတ်တယ်၊ ကျွန်တော်တို့အစည်းအဝေးမှာလည်း မတက်ဘူးလို့ ဆုံးဖြတ်ကြတယ်။ ဒါကို သူတို့တက်ရောက်တဲ့အတွက် နိုင်ငံရေး၊ စစ်ဘက်ဆိုင်ရာရာထူးတွေက ရုပ်သိမ်းတာပါ" လို့ ABDSF ရဲ့ အထွေထွေအတွင်းရေးမှူး ရဲဘော်ဆန်နီက ပြောပါတယ်။
နေပြည်တော်မှာ ပြုလုပ်တဲ့ NCA ပွဲကို တက်ရောက်ခဲ့တဲ့ ABSDF ရဲ့ ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းခဲ့တဲ့ ရဲဘော်မျိုးဝင်း၊ ဗဟိုဦးဆောင်ကော်မတီဝင် ရဲဘော်စောမောင်မောင်ဦး နဲ့ အရံဗဟိုကော်မတီဝင် ရဲဘော်မင်းဇော်တို့ သုံးဦးကို တာဝန်က ရုပ်သိမ်းလိုက်တာပါ။
မနေ့အောက်တိုဘာ ၁၆ ရက်မှာ အရေးပေါ်ဗဟိုကော်မတီအစည်းအဝေးကျင်းပပြီး ဆုံးဖြတ်ချက်အရ တာဝန်တွေကနေ ထုတ်ပယ်တာလို့ ပြောပါတယ်။
ဒီအခြေအနေနဲ့ ပတ်သက်ပြီး တာဝန်က ထုတ်ပယ်ခံရသူတွေရဲ့ သဘောထားကို သိရဖို့ ရဲဘော်မျိုးဝင်း ကို ဘီဘီစီက မေးမြန်းဖို့ ကြိုးစားပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။
ABSDF ကတော့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးကမ်းလှမ်းမှုတွေကို တက်ရောက်မှာမဟုတ်ဘဲ ပြီးခဲ့တဲ့ရက်ပိုင်းက ချင်းအမျိုးသားတပ်ဦး CNF ၊ ကရင်အမျိုးသားအစည်းအရုံး KNU တို့နဲ့ သဘောတူထုတ်ပြန်ထားတဲ့ ရည်မှန်းချက်တွေအတိုင်း ဆက်လက်ရပ်တည်မယ်လို့ ဘီဘီစီကို ပြောပါတယ်။
စစ်အာဏာသိမ်းမှုကို ဖယ်ရှားပြီး နိုင်ငံရေးမှာ စစ်တပ်ပါဝင်မှုကို အဆုံးသတ်ဖို့၊ စစ်တပ်ကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းပြီး ရွေးကောက်ခံအရပ်သားအစိုးရရဲ့ စီမံအုပ်ချုပ်မှုအောက်မှာ ထားဖို့၊ ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် ရေးဆွဲပြဋ္ဌာန်းဖို့အပါအဝင် အချက် ငါးချက်ကို ထုတ်ပြန်ထားပြီး ဒီကြေညာချက်ဟာ လက်ရှိမြန်မာ့ နိုင်ငံရေးအခင်းအကျင်းကို ထွက်ပေါက်ပေးနိုင်မယ့် လမ်းကြောင်းလို့ ABSDF က ထောက်ပြပါတယ်။
တရုတ်က ဝရမ်းထုတ်ထားတဲ့ အရာရှိနှစ်ဦးကို UWSA ထုတ်ပယ်

ဓာတ်ပုံ ရင်းမြစ်, ထုတ်ပြန်ချက်
တရုတ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေးဌာနက ယွမ် ၅ သိန်းအထိ ဆုငွေထုတ်ထားတဲ့ ‘ဝ’ ပြည်နယ်အစိုးရ ဆောက်လုပ်ရေးဌာနကြီးမှူး ပေါက်အိုက်ပန်း နဲ့ မိုင်းလင်းခရိုင်မှူး အိုက်ဟော့ တို့ကို ဝ တပ်ဖွဲ့ UWSA က ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။
အွန်လိုင်းငွေလိမ်လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်မှုရှိတယ်ဆိုပြီး ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA က အရာရှိနှစ်ဦးကို အောက်တိုဘာ ၁၂ ရက်နေ့မှာ တရုတ်နိုင်ငံ က ဖမ်းဝရမ်းထုတ်ခဲ့တာပါ။
ပေါက်အိုက်ပန်း နဲ့ အိုက်ဟော့ ဟာ တရုတ်နိုင်ငံရဲ့ ဥပဒေတွေကို ချိုးဖောက်ခဲ့ကြပြီး ဝ ပြည် နဲ့ အိမ်နီးချင်းတွေအကြားက နိုင်ငံရေးအရ ယုံကြည်မှု နဲ့ ဆက်ဆံရေးကိုထိခိုက်စေခဲ့တယ် သူတို့ နှစ်ဦးကို ထုတ်ပယ် လိုက်တဲ့အကြောင်း ကြေညာချက်မှာ UWSA က ထည့်သွင်းရေးသားပါတယ်။
ဒီဖြစ်စဉ်ကို ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ ပေါ်လစ်ဗျူရို အမြဲတမ်းကော်မတီက လေ့လာပြီးတဲ့နောက် ဝ ပြည်အစိုးရရဲ့ ဂုဏ်သိက္ခာနဲ့ ပတ်ဝန်းကျင်နိုင်ငံတွေနဲ့ မိတ်ဝတ်မပျက် ဆက်ဆံရေးကို ထိန်းသိမ်းဖို့ သူတို့ နှစ်ဦးကို ထုတ်ပယ် လိုက်တဲ့အကြောင်း UWSA က ထုတ်ပြန်ပါတယ်။
ဒီ’ဝ’အရာရှိ နှစ်ဦးထဲက အိုက်ဟော့ ဟာ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်ရဲ့ ငြိမ်းချမ်းရေးတစ်ခေတ်မှာ ပြည်မ က UWSA ရဲ့ စီးပွားရေးလုပ်ငန်းတွေ ကို တာဝန်ခံဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။
ပေါက်အိုက်ပန်း ကလည်း မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါးအမှုနဲ့ နှစ်ရှည် ထောင်ဒဏ် ကျခံခဲ့ရဖူးပါတယ်။
ပေါက်ယူချန်း ရဲ့ တူတော်စပ်သူ ပေါက်အိုက်ပန်း ဟာ ၂၀၁၂ ခုနှစ် လွတ်ငြိမ်းချမ်းသာခွင့်မှာ ပြန်ပါလာပြီး ထောင်ထဲမှာ ရှမ်းလက်နက်ကိုင်ခေါင်းဆောင်တွေ၊ ဗမာနိုင်ငံရေးသမားတွေနဲ့ ရင်းနှီးခဲ့သူ ဖြစ်ပါတယ်။
‘’သူတို့ကို ရာထူး ကတင် မဟုတ်ဘူး။ တပ် ကရော ပါတီကပါ ထုတ်ပစ်လိုက်တာ’’ လို့ UWSA တာဝန်ရှိသူတစ်ဦးက ဘီဘီစီ ကို ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာက ဝ နယ်မြေထဲက အွန်လိုင်းငွေလိမ်ဂိုဏ်းနဲ့ ဆက်စပ်နေတဲ့ တရုတ်နိုင်ငံသား ၁၂၀၀ ကျော်ကို UWSA က တရုတ်ဘက်ကို ပထမဆုံးအကြိမ်လွှဲပေးခဲ့ပြီးတဲ့နောက် အခုလို ဝ အရာရှိတွေကို ဝရန်းထုတ်မှုပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။
ထိုင်းရောက်မြန်မာဒုက္ခသည်တွေ အလုပ်လုပ်ခွင့်နဲ့ ပညာသင်ခွင့်ရရေး UNHCR ကူညီမယ်

ဓာတ်ပုံ ရင်းမြစ်, Filippo Grandi
ထိုင်းနိုင်ငံကို သုံးရက်ကြာ သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ UNHCR ရဲ့ မဟာမင်းကြီး ဖိလစ်ပိုဂရန်ဒီ (Filippo Grandi)က ထိုင်း - မြန်မာ နယ်စပ် ဒုက္ခသည်စခန်းမှာရောက်နေတဲ့ မြန်မာနိုင်ငံသားတွေ ပညာသင်ကြားခွင့်နဲ့ အလုပ်လုပ်ကိုင်ခွင့်ရရေး ထိုင်းအာဏာပိုင်တွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ ပြောလိုက်ပါတယ်။
ဂရန်ဒီဟာ သူ့ရဲ့ ထိုင်းနိုင်ငံခရီးစဥ်အတွင်းမှာ ထိုင်း - မြန်မာနယ်စပ်၊ ကန်ချနာဘူရီခရိုင်ထဲက မြန်မာဒုက္ခသည်တွေနေထိုင်တဲ့ သံဟင်းဒုက္ခသည်စခန်းကို သွားရောက်ခဲ့ပြီး ဒုက္ခသည်တွေအပါအဝင် စခန်းရဲ့ လူငယ်ကော်မတီဝင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
တချိန်တည်းမှာပဲ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးရအောင် ကြိုးစားပေးဖို့လည်း သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို သူကတိုက်တွန်းခဲ့ပါတယ်။ ဒါ့အပြင် စခန်းက ဒုက္ခသည်တွေ တတိယနိုင်ငံတွေမှာ အခြေချနိုင်ရေးကူညီပေးဖို့နဲ့ မသွားဘဲ ကျန်ခဲ့တဲ့သူတွေအတွက်လည်း ဒုက္ခသည်အခွင့်အရေးတွေရဖို့ သူကပြောပါတယ်။
‘‘ကြီးမားတဲ့ပြန်လည်နေရာချထားရေးဟာ ဒီစခန်းက ဒုက္ခသည်တွေရဲ့ လူမှုဘဝပြောင်းလဲသွားဖို့ အခွင့်အရေးတစ်ရပ်ပါပဲ။ ဒီဒုက္ခသည်စခန်းကနေ ထွက်မသွားတဲ့သူတွေ ရဲ့ အခွင့်အရေးတွေ ချဲ့ထွင်နိုင်အောင် ၊ သူတို့ ကို အလုပ်လုပ်ခွင့် နဲ့ ပညာသင်ကြားခွင့်ပေးဖို့ အရေးကြီးတယ်။ဒါကို ထိုင်းအစိုးရနဲ့ လက်တွဲဆောင်ရွက်ပါမယ်’’လို့ သူက ပြောပါတယ်။
မစ္စတာ ဂရန်ဒီဟာ ဘန်ကောက်မြို့မှာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ အမျိုးသား လုံခြုံရေး ကောင်စီတို့နဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပြီး မြန်မာဒုက္ခသည်တွေအရေးထည့်သွင်းဆွေးနွေးခဲ့ပြီး အကျိုးရှိခဲ့တယ်လို့ သူ့ရဲ့ X (ယခင်တွစ်တာ) လူမှုကွန်ရက်စာမျက်နှာမှာ ရေးထားပါတယ်။
ကုလမဟာမင်းကြီးသွားခဲ့တဲ့ သံဟင်း ယာယီ ဒုက္ခသည်စခန်းမှာ မြန်မာဒုက္ခသည် ၅,၀၀၀ နီးပါး ရှိပြီး အများစုမှာ ကရင်နဲ့ ကရင်နီတိုင်းရင်းသားတွေထဲက ဖြစ်သလို နှစ် ၃၀ နီးပါး နေထိုင်နေကြသူတွေဖြစ်ပါတယ်။
ကုလမဟာမင်းကြီးဟာ ထိုင်းနိုင်ငံခရီးစဥ်မှာ ထိုင်းနိုင်ငံကိုရောက်နေတဲ့ ဒုက္ခသည်တွေ၊ ခိုလှုံခွင့်တောင်းသူတွေနဲ့ နိုင်ငံမဲ့သူတွေကို အကာအကွယ်ပေးရေး မြှင့်တင်ဖို့ အတွက် ထိုင်းအစိုးရနဲ့ ကုလတို့အကြားဆွေးနွေးခဲ့ပြီး ဒီအတွက် ထိုင်းနိုင်ငံကို ပံ့ပိုးကူညီမယ်လို့ ထုတ်ပြန်ချက်ထဲဖော်ပြပါတယ်။








