Forex Trading နဲ့ မြန်မာငွေ မကိုင်ထားချင်သူတွေအပေါ် လိမ်လည်မှု

ဓာတ်ပုံ ရင်းမြစ်, Getty Images
"ကျွန်တော့်ကိုယုံပြီး ဒီလုပ်ငန်းထဲရင်းနှီးမြှုပ်နှံငွေထည့်ခဲ့သူတွေထဲမှာ ဘုန်းကြီး၊ သီလရှင်၊ တပ်အသိုင်းအဝိုင်း၊ အညာသူအညာသား၊ ဖုန်းတောင်မသိတဲ့သူ နည်းပညာမတတ်တဲ့သူတွေပါတယ်" လို့ အသက် ၂၇ နှစ်အရွယ် လူငယ် အင်ဖလူရန်ဇာ (influencer) တစ်ဦးဖြစ်တဲ့ ကိုအေးချမ်းက ပြောပါတယ်။
သူပြောတဲ့ ဒီလုပ်ငန်းဆိုတာဟာ အွန်လိုင်းကနေ ဈေးကွက်ကစားတဲ့ Forex Trading ကိုရည်ညွှန်းပါတယ်။
မြန်မာမှာ စစ်အာဏာသိမ်းပြီးတဲ့နောက် ငွေကြေးဖောင်းပွ၊ ကျပ်ငွေတန်ဖိုးကျဆင်းပြီး ငွေစျေးကွက် မတည်ငြိမ်မှုတွေရှိနေပါတယ်။ ဒါကြောင့် လက်ထဲငွေစက္ကူကိုင်ထားတာထက် လုပ်ငန်းတစ်ခုမှာ ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ စဥ်းစားကြတဲ့အခါ Forex Trading ဟာ ရွေးချယ်စရာတစ်ခုဖြစ်လာပါတယ်။
Forex Trading အကြောင်းမသိရှိဘဲ ငွေကြေးရင်းနှီးမြှုပ်နှံနေသူတွေ အမြောက်အများရှိနေပါတယ်။
ဒါကြောင့် "အမြတ်များများရမယ်" ဆိုတဲ့မက်လုံးနဲ့အတူ ပွန်စီ(Ponzi Scheme) နည်းလမ်းနဲ့ လိမ်လည်မှုတွေကိုပါ ကြုံလာရပါတယ်။
Forex Trading က ငွေလိမ်လည်တာလား

ဓာတ်ပုံ ရင်းမြစ်, Getty Images
နိုင်ငံခြားငွေကြေးလဲလှယ်မှု (Foreign Exchange) ဆိုတဲ့အသုံးအနှုန်းကို Forex လို့ အင်္ဂလိပ်လိုအတိုကောက် ခေါ်ဝေါ်ကြပါတယ်။ ဒီ Forex က ဘဏ်တွေနဲ့ချိတ်ဆက်၊ လူကိုယ်တိုင်တွေ့ဆုံပြီးငွေလဲလှယ်နည်းတွေနဲ့ ကွဲပြားပါတယ်။
မြင်သာအောင်ပြောရရင် အင်တာနက်နဲ့ ချိတ်ဆက်ပြီး ကွန်ပျူတာမှာ ကလစ်တစ်ချက်နှိပ်ရုံနဲ့ အွန်လိုင်းပေါ်မှာ ငွေကြေးကစားလို့ရတဲ့ ဈေးကွက်ကို Online Forex Trading လို့ ခပ်လွယ်လွယ်နားလည်နိုင်ပါတယ်။
အွန်လိုင်းဈေးကွက်ကနေ ငွေကြေးဈေးကစားတယ်ဆိုတဲ့ ဒီလုပ်ငန်းဟာ နိုင်ငံတကာငွေကြေးတွေအပြင် ရွှေ၊ ရေနံ၊ သတ္တု၊ စတော့ရှယ်ယာတွေအထိ ဝယ်ရောင်းလုပ်လို့ရပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အချိန်နဲ့တပြေးညီဖြစ်ပျက်နေတဲ့ စီးပွားရေးသတင်းတွေအပေါ်မူတည်ပြီး စက္ကန့်အလိုက်ဈေးပြောင်းလဲ နေတာပါ။
"အမြတ် နဲ့ အရှုံး" ဖြစ်ပျက်မြန်ဆန်ပြီး ဈေးကွက်ကစားသူ (traders) ရဲ့ အစွမ်းအဆအပေါ် ရာခိုင်နှုန်းပြည့် မှီတည်ပါတယ်။
"အားသာချက် က အွန်လိုင်းသုံးပြုနိုင်သူတိုင်း ပါဝင်လို့ရတာပါ၊ အားနည်းချက်က ငွေကြေးဆုံးရှုံးနိုင်ခြေများပါတယ်။ နားလည်တတ်ကျွမ်းဖို့ အချိန် ၂ နှစ်ကနေ ၃ နှစ်လိုပါတယ်" လို့ Forex Trading နဲ့ ပတ်သက်ပြီး ကျွမ်းကျင်သူ ကိုရှိန်းက ရှင်းပြပါတယ်။
ဒါဟာ ကုန်သွယ်မှုပုံစံတွေ ဆင့်ကဲပြောင်းလဲရာကနေ ကမ္ဘာ့နိုင်ငံကြီးတွေဖြစ်တဲ့ အမေရိကန်၊ ယူကေတို့မှာ သာမက အိမ်နီးချင်း ထိုင်းမှာပါ တွင်ကျယ်တဲ့ ငွေကြေးရင်းနှီးမြှုပ်နှံတဲ့လုပ်ငန်းဖြစ်လာပါတယ်။
မြန်မာမှာတော့ ကုမ္ပဏီစတော့ရှယ်ယာတွေဝယ်ရောင်းလုပ်လို့ရတဲ့ Yangon Stock Exchange (YSX) ကို ၂၀၁၅ ခုနှစ်မှာ တရားဝင်စတင်နိုင်ခဲ့ပေမဲ့ ပြည်သူတွေကြားအောင်မြင်တဲ့ ရင်းနှီးမြှုပ်နှံစရာနေရာတစ်ခု မဖြစ်ခဲ့ပါဘူး။
"Forex trading က မြန်မာနိုင်ငံမှာခေတ်စားတာ ၂၀၁၈၊ ၂၀၁၉ ခုနှစ်လောက်မှပါ။ လုပ်ကိုင်နေသူတွေရှိတာကတော့ ၂၀၁၅ ခုနှစ်လောကတည်းက ရှိပါတယ်။ ဒါကို တပိုင်တနိုင် အပိုဝင်ငွေရဖို့ လုပ်ကြတာပါ" လို့ ကိုရှိန်းက ပြောပါတယ်။
ဒါပေမဲ့ ၂၀၂၀ ကိုဗစ်ကပ်ရောဂါကာလရောက်မှ ဒီလုပ်ငန်းက ပိုပြီးထင်ရှားလာပါတယ်။
"ကျွန်တော်တို့ ၂၀၂၀ ကာလမှာ ဒီလုပ်ငန်းအကြောင်း စသိလာတယ်။ ဒီဂျစ်တယ်မားကတ်တင်းပိုင်းတွေ၊ အွန်လိုင်းကလုပ်လို့ရတဲ့လုပ်ငန်းတွေကို အာရုံစိုက်ကြချိန်မှာ Forex Trading ကို စိတ်ဝင်စားမှု ပိုများလာတယ်" လို့ အွန်လိုင်းငွေကြေးစျေးကွက်အကြောင်းသိတဲ့ အသက် ၂၉ နှစ်အရွယ် ကိုအောင်မြင့်က ပြောပါတယ်။
ကိုဗစ်ကပ်ရောဂါကြောင့် New Normal နေထိုင်မှုပုံစံသစ်နဲ့အတူ သမားရိုးကျလုပ်ငန်းတွေနေရာအစား ဒီဂျစ်တယ်စီးပွားရေးလုပ်ငန်းတွေနေရာယူလာချိန်မှာ နည်းပညာစိတ်ဝင်စားသူတွေအတွက် Forex Trading က နယ်ပယ်အသစ်တစ်ခုပါပဲ။
လုပ်ငန်းအပေါ် ပြည်သူတွေစိတ်ဝင်စားလာတာကိုအခြေခံကာ ပွန်စီ (Ponzi Scheme) လို့ခေါ်တဲ့ ငွေကြေးလိမ်လည်မှုတွေက ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးတဲ့နောက်မှာ ဆက်တိုက်ပေါ်ပေါက်လာပါတယ်။
"ခင်ရာဆွေမျိုးဆွယ် ငွေထည့်ဝင်ခိုင်းနည်း"

ဓာတ်ပုံ ရင်းမြစ်, litefinance Myanmar
Forex Trading မှာ လူတစ်ဦးချင်းစီက ဝင်ရောက်ဈေးကစားလို့ရသလို ကုမ္ပဏီတွေနဲ့လည်း လက်တွဲ လုပ်ဆောင်လို့ရပါတယ်။
ဈေးကွက်ကစားတာမှာ နည်းစနစ်(strategy)၊ ကျွမ်းကျင်မှုတွေက အခရာကျပြီး တစိုက်မတ်မတ် လုပ်နိုင်မှ အမြတ်ရမယ့်အထိ ဆောင်ရွက်နိုင်မှာပါ။
ဒီနေရာမှာ Forex Trading လုပ်ဖို့အတွက် အကောင့်ဖွင့်ပြီးဈေးကွက်ကစားသူတွေကို "Traders" လို့ခေါ်ပါတယ်။ Traders တွေကစားလို့ရအောင် ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီတွေကိုတော့ "Brokers" လို့ နားလည်နိုင်ပါတယ်။
ငွေကြေးရင်းနှီးမြှုပ်နှံလိုသူတွေက ကိုယ်တိုင်ကလုပ်ငန်းနားမလည်ရင်တောင် Trader အပေါ် ယုံကြည်ပြီး ဖြစ်စေ၊ Broker ကုမ္ပဏီကို ယုံကြည်ပြီးဖြစ်စေ ငွေကြေးထည့်ဝင်ကြပါတယ်။
ငွေကြေးရှိသူတွေ (Investor) က လာရောက်ရင်းနှီးမြှုပ်နှံထားတဲ့ ပိုက်ဆံတွေနဲ့ Broker က ဈေးကွက်ကစားကြတဲ့သဘောပါ။
နိုင်ငံတကာမှာလည်း အမြတ်များများရှာနိုင်တဲ့ နာမည်ကျော်ကုမ္ပဏီ Broker ကြီးတွေရှိပါတယ်။
လတ်တလော ငွေကြေးအရှုပ်အထွေးနဲ့လူသိများလာတဲ့ Litefinance ကုမ္ပဏီဟာ Forex Trading လုပ်တဲ့ နိုင်ငံတကာကုမ္ပဏီ Broker တစ်ခုဖြစ်ပြီး ဒေါက်တာညီညီဆွေကတော့ Trader တစ်ဦး ဖြစ်ပါတယ်။
"ဦးညီညီဆွေကိစ္စမျိုးဆိုရင် သူက Broker မဟုတ်ဘူး။ Trader စစ်လည်းမဟုတ်နေပြန်ဘူး။ Forex Trading ကိုဟန်ပြလုပ်ပြီး ငွေတွေလာရင်းနှီးမြှုပ်နှံအောင်ဖန်တီးသွားတာမျိုးပါ" လို့ Forex Trading အကြောင်းကျွမ်းကျင်သူ ကိုရှိန်းက ပြောပါတယ်။
Litefinance ဟာ နိုင်ငံပေါင်းဆယ်နဲ့ချီမှာလုပ်ကိုင်နေပြီး မြန်မာပြည်မှာလည်း ကိုယ်စားလှယ်ယူထားကာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) မှာ အသေးစားကုမ္ပဏီအနေနဲ့ ၂၀၁၉ ခုနှစ်ကတည်းက မှတ်ပုံတင်ထားပါတယ်။
"မြန်မာအခွဲကို ဗိုလ်ချုပ်ဟောင်းတစ်ယောက်ရဲ့ သားက ကိုယ်စားလှယ်ယူထားတာလေ။ အဲဒီမှာ ဦးညီညီဆွေက သူ့ဆီရင်းနှီးမြှုပ်နှံတဲ့ပိုက်ဆံတွေနဲ့ ကစားတာပေါ့။ ဒီလူထည့်ထားတဲ့ ငွေပမာဏကို ကုမ္ပဏီက သက်သေခံနိုင်တယ်" လို့ Forex Trading အကြောင်းကျွမ်းကျင်သူ ကိုရှိန်းက ထောက်ပြပါတယ်။
Litefinance ကုမ္ပဏီရဲ့ ဝက်ဆိုဒ်စာမျက်နှာမှာဖော်ပြချက်အရလည်း မြန်မာကိုယ်စားလှယ်ကုမ္ပဏီမှာ Trader တစ်ဦးအနေနဲ့ ဦးညီညီဆွေ ပါဝင်ပတ်သက်ခဲ့တာကို တွေ့နိုင်ပါတယ်။
ဒီကုမ္ပဏီမှာ ရင်းနှီးမြှုပ်နှံခဲ့တဲ့ ကိုအေးချမ်းနဲ့ မကျော့ရှင်းတို့ကတော့ ဦးညီညီဆွေကို ကုမ္ပဏီပိုင်ရှင်အဖြစ်သာ သိထားကြပါတယ်။
ဘာကြောင့်လဲဆိုတော့ ဦးညီညီဆွေလက်အောက်မှာရှိတဲ့ ခေါင်းဆောင်တွေကတဆင့်မှ နီးစပ်သူအဆင့်ဆင့် ဒီလုပ်ငန်းအကြောင်းကြားသိပြီး ငွေကြေးထည့်ဝင်ခဲ့ကြတာကြောင့်ဖြစ်ပါတယ်။
မြင်သာအောင်ပြောရရင် Trader ဦးညီညီဆွေအနေနဲ့ Litefinance ကုမ္ပဏီကတဆင့် ဈေးကွက်ကစားနိုင်ဖို့ အတွက် လိုအပ်တဲ့ငွေကြေးကို သူ့လက်အောက်မှာရှိတဲ့ ခေါင်းဆောင်တွေကနေ အဆင့်ဆင့်ရင်းနှီးမြှုပ်နှံ သူတွေခေါ်ကာ ငွေစုဆောင်းတဲ့ သဘောလို့ နားလည်နိုင်ပါတယ်။
ဒါကြောင့် "ခင်ရာဆွေမျိုးဆွယ် ငွေထည့်ခဲ့ကြတယ်" လို့ ကိုအေးချမ်းက ပြောပါတယ်။
အသိပေးချက် - Brokers နဲ့ Traders အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ပိုမိုတိကျမှန်ကန်အောင် ထပ်မံဖြည့်စွက်ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, member group
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ နေထိုင်နေတဲ့ ကိုအေးချမ်းဟာ ဦးလေးဖြစ်သူဆီက ဒီလုပ်ငန်းအကြောင်းသိပြီး ငွေကြေးစတင်မြှုပ်နှံခဲ့ပါတယ်။
ငွေကြေးမြှုပ်နှံထားသူတစ်ဦးဟာ သူ့ကိုယုံကြည်ပြီးထပ်မံမြှုပ်နှံမယ့်သူခေါ်နိုင်ရင် သိန်း ၁၀၀ ဝင်ရင် ၁.၅ ရာခိုင်နှုန်း ရပိုင်ခွင့်ရှိခဲ့ပါတယ်။
၃၀/ ၇၀ အချိုးလို့ ခေါ်ဝေါ်တဲ့ သိန်း ၁၀၀ ရင်းနှီးမြှုပ်နှံငွေရရင် သိန်း ၃၀ ကို လူခေါ်ပေးသူက ရရှိတဲ့ စနစ်၊ သိန်း ၃၀၀ ထည့်ဝင်ရင် ကားကံစမ်းခွင့်မဲလက်မှတ်ရမယ်ဆိုတဲ့ စနစ်တွေကို အမျိုးမျိုးဖန်တီးကာ Investor ရင်းနှီးမြှုပ်နှံမယ့်သူ အသစ်တွေကို ရှာဖွေခဲ့ကြပါတယ်။
ငွေကြေးအရှုပ်အထွေးကိစ္စမပေါ်ပေါက်ခင်မှာတင် ထားဝယ်မြို့က ရွှေပြည်တော်ဟိုတယ်မှာ ကား ၆ စီး မဲဖောက်ပေးမယ့်အကြောင်း အသိပေးပွဲအခမ်းအနားပြုလုပ်ခဲ့တယ်လို့ သိရှိရပါတယ်။
"ကျွန်တော့်ကိုယုံပြီး ဒီလုပ်ငန်းထဲရင်းနှီးမြှုပ်နှံငွေထည့်ခဲ့သူတွေထဲမှာ ဘုန်းကြီး၊ သီလရှင်၊ တပ်အသိုင်း အဝိုင်း၊ အညာသူအညာသား၊ ဖုန်းတောင်မသိတဲ့သူ နည်းပညာမတတ်တဲ့ သူတွေပါတယ်။ အယောက် ၂၀ ကျော်ရှိတယ်" လို့ ကိုအေးချမ်းက ပွင့်ပွင့်လင်းလင်းပြောပြပါတယ်။
စင်ကာပူမှာ အလုပ်လုပ်ကိုင်နေတဲ့ မကျော့ရှင်းဆိုရင် သူ့ဇာတိ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်က အသိအမျိုးသမီး Leader တစ်ဦးရဲ့ ပြောကြားချက်ကြောင့် ငွေရင်းနှီးမြှုပ်နှံခဲ့တာပါ။
"သူနဲ့ နှစ်ယောက် ရှယ်ယာသဘောနဲ့ စီးပွားရေးလုပ်မယ်ထင်ခဲ့တာလေ။ ပိုက်ဆံပေးလိုက်တဲ့နေ့မှာပဲ မက်ဆင်ဂျာက ဂရုတစ်ခုထဲ ကျွန်မအကောင့်ကိုထည့်လိုက်တယ်။ အဲဒီမှာ လူ ၂၀၀ ကျော်ရှိနေပြီး Forex Trading လုပ်တယ်ဆိုတာကိုသိရတာလေ"
"တကယ်ပါ ဂရုထဲ စရောက်တဲ့နေ့ကတည်းက ကျွန်မမှားပြီးဆိုတာ သိလိုက်ရတယ်။ နောက်နှစ်ရက်အကြာ အလုပ်ပိတ်ရက်ကစပြီး Forex Trading ကို စာတွေ ရှာဖတ်ရတော့တာပေါ့" လို့ မကျော့ရှင်းက သူ့ဖြစ်စဉ်ကို အသေးစိတ်ပြောပြပါတယ်။
ဒါဟာ ပွန်စီ (Ponzi Scheme) နည်းလမ်းနဲ့ ငွေလိမ်လည်နေတယ်လို့ အစပိုင်းမှာ သူတို့မသိရှိခဲ့ကြပါဘူး။
ဦးညီညီဆွေဟာ ၂၀၂၄ ခုနှစ်ကာလတွေမှာ သူ trade (ဈေးကွက်ကစား) တဲ့ အကောင့်တွေကို အများမြင်နိုင် အောင်ချပြခဲ့တာကြောင့် လူငယ်နည်းပညာသမားဖြစ်တဲ့ ကိုအေးချမ်းက ဒီအကောင့်တွေထဲ အမြဲ စောင့်ကြည့်လေ့လာခဲ့ပါတယ်။
"တကယ်လည်း အလုပ်လုပ်တယ်၊ အကောင့်မှာ ဒေါ်လာ ၄၊ ၅၊ ၆ သိန်း အမြဲရှိတယ်။ မျက်စိရှေ့မှာတင် ပိုက်ဆံတွေ ကုန်သွားတာ၊ မတ်လလောက်မှာ ဈေးကွက်ကမောက်ကမ ဖြစ်လာတာကို သတိထားမိတယ်" လို့ သူတွေ့ခဲ့ရတာကို ကိုအေးချမ်းက ပြန်ပြောင်းပြောပါတယ်။
ဒါဟာ အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရန့်တာဝန်စယူချိန် အခွန်ကောက်ခံနှုန်းတွေအပြောင်းအလဲဖြစ်ကာ စီးပွားရေးအပေါ်သက်ရောက်မှုတွေက နိုင်ငံခြားငွေကြေး၊ ရွှေ၊ စတော့ရှယ်ယာတွေကို ကစားတဲ့ Forex Trading အပေါ်ပါ သက်ရောက်ခဲ့တာလို့ သူကမှန်းဆပါတယ်။
ဒါပေမဲ့ အမြတ်အစွန်းရအောင်ပြန်လုပ်နိုင်မယ်လို့ ကိုအေးချမ်းက ယုံကြည်ခဲ့တာပါ။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကုမ္ပဏီတည်ရှိမှု၊ ဈေးကွက်ကစားမှုတွေဟာ အမှန်တကယ်ရှိနေခဲ့ပေမဲ့ Broker ဖြစ်သူရဲ့ ငွေကြေးရင်းနှီး မြှုပ်နှံဖို့ ခေါင်းဆောင် (leader)၊ လက်ထောက်ခေါင်းဆောင် (sub leader) တွေနဲ့ အဆင့်ဆင့် လုပ်ဆောင်ခဲ့တဲ့ စနစ်တွေကတော့ ငွေကြေးလိမ်လည်မှုကို ဦးတည်စေခဲ့ပါတယ်။
Forex Trading ကျွမ်းကျင်သူတချို့ကတော့ ကုမ္ပဏီတွေ၊ Broker တွေက ပွန်စီနည်းလမ်းနဲ့ ငွေလိမ်မှုတွေထဲ ၂၀၂၅ ခုနှစ် Litefinance ဖြစ်စဉ်က အကြီးမားဆုံးလို့ နှိုင်းယှဉ်ပြောပါတယ်။
၂၀၂၂ ခုနှစ်မှာ ဖြစ်ခဲ့တဲ့ Capital X ဖြစ်စဉ်ကတော့ Litefinance ဖြစ်စဉ်နဲ့တူပြီး ငွေကြေးမြှုပ်နှံခဲ့သူအရေအတွက် နည်းခဲ့ပါတယ်။ ၂၀၂၃ ခုနှစ် MFEC ဖြစ်စဉ်ကတော့ Forex Trading အကြောင်း သင်ကြားပေးသူကနေ ပညာလာရောက်လေ့လာသူတွေကို အစုရှယ်ယာသဘောထည့်ခိုင်းကာ ငွေလိမ်လည်မှုဖြစ်ပွားခဲ့တာပါ။
"ပထမတခါ Capital X ဖြစ်စဉ်မှာ ကိုယ်တိုင်က Forex Trading အကြောင်းမသိလို့ဖြစ်တာဆိုပြီး ကိုယ်တိုင် သင်တန်းတက်လေ့လာခဲ့တယ်"
"အဲဒါနဲ့ သင်တန်းတက်ခဲ့တဲ့ဆရာက အစုရှယ်ယာသဘောနဲ့ တပည့်အယောက် ၂၀ ကျော် လောက်နဲ့ပဲ MFEC မှာ ငွေထပ်ထည့်တာကလည်း ထပ်ပါသွားတာပါ" လို့ မန္တလေးမြို့နေ ကိုခင်မြင့်က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, DICA
ဘီဘီစီသိရှိခွင့်ရတဲ့ Litefinance၊ Capital X နဲ့ MFEC ဖြစ်စဉ်တွေမှာ တူညီတဲ့အချက်တွေက ကုမ္ပဏီတွေဟာ အသေးစားကုမ္ပဏီတွေအဖြစ် DICA မှာတရားဝင်မှတ်ပုံတင်ထားသလို ရန်ကုန်နဲ့ မန္တလေးမြို့ပေါ်တွေမှာ တရားဝင်ရုံးခန်းဖွင့်လှစ်ထားတာပါ။
Broker တွေကလည်း စစ်ကောင်စီရဲ့ ဖမ်းဆီးတာခံရတယ်လို့ဆိုကြသလို trade (ဈေးကွက်ကစား)တဲ့ အကောင့် အယ်ရာ (error) နည်းပညာ ချို့ယွင်းသွားတယ်လို့ အကြောင်းပြချက်ပေးကာ ငွေကြေးယူသွားကြပါတယ်။
အဲဒီထဲက Litefinance ကုမ္ပဏီ မြန်မာပိုင်းကတော့ ဇွန်လကုန်ပိုင်းအထိ ဆက်လက်လည်ပတ်နေဆဲဖြစ်တာကြောင့် ဘီဘီစီက မေးမြန်းဖို့ကြိုးစားရာမှာတော့ "အထက်လူကြီးတွေနဲ့ မေးမြန်းတိုင်ပင်ပါဦးမယ်" လို့ သာ တုံ့ပြန်ခဲ့ပါတယ်။
ဒါကြောင့် Litefinance ရဲ့ ပင်မကုမ္ပဏီကို ဘီဘီစီက အီးမေးလ်ပို့မေးမြန်းထားပေမဲ့ ဇွန် ၁၈ ရက် ညနေပိုင်း အထိ တစုံတရာပြန်လည်ဖြေကြားတာမရှိသေးပါဘူး။
ဒီလုပ်ငန်းမှာရင်းနှီးမြှုပ်နှံတဲ့အနေနဲ့ ငွေကြေးထည့်ဝင်တာက ဘာကြောင့် ပွန်စီ (Ponzi Scheme) လို့ခေါ်တဲ့ ငွေကြေးလိမ်လည်နည်းနဲ့ အလိမ်ခံရသလဲဆိုတဲ့ မေးခွန်းဆက်ရှိနိုင်ပါတယ်။
ပွန်စီငွေလိမ်မှုက MLM စနစ်နဲ့တူလား

ဓာတ်ပုံ ရင်းမြစ်, Getty Images
Multi Level Marketing (MLM ) ဆိုတဲ့ ဆင့်ပွားဈေးကွက်ဖြန့်ချိရေးလုပ်ငန်းဟာ အဆင့်ဆင့်ဂုတ်သွေးစုပ်တဲ့ လုပ်ငန်းလို့ဆိုကာ ငွေကြေးနစ်နာဆုံးရှုံးမှုတွေကြောင့် အရပ်သားအစိုးရလက်ထက် ၂၀၁၈ ခုနှစ်ကစလို့ တားမြစ်ခဲ့ပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် မြန်မာ့စီးပွားရေးကျပ်တည်းမှုနဲ့အတူ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးတာ၊ ငွေကြေးဖောင်းပွမှုတွေဟာ ဒီလိမ်လည်မှုတွေကိုပြန်ဖိတ်ခေါ်ခဲ့ပါတယ်။
ပွန်စီ (Ponzi Scheme) နဲ့ MLM ကြား အဓိက ကွဲခြားချက်က MLM မှာ ကုန်ပစ္စည်းရောင်းချကာ အဖွဲ့ဝင်ရှာဖွေခိုင်းပေမဲ့ ပွန်စီမှာတော့ အမြတ်များများရမယ်ဆိုတဲ့မက်လုံးနဲ့ ငွေကြေးရင်းနှီးမြှုပ်နှံလာဖို့ ဆွဲဆောင်တာပါ။
အချိန်တိုအတွင်း အမြတ်ရနိုင်မယ်ဆိုကာ လူတွေရဲ့ "လောဘ" ကို နှိုးဆွပြီး ငွေကြေးမြှုပ်နှံစေတာပါ။
ဘီဘီစီစုံစမ်းမေးမြန်းကြည့်ချက်အရ ၂၀၂၁ ကနေ ၂၀၂၅ ကာလအတွင်း ကုမ္ပဏီ ၆ ခုထက်မနည်းက ငွေကြေးလိမ်လည်မှုတွေရှိခဲ့တယ်လို့ Forex Trading လုပ်ကိုင်သူအသိုင်းအဝိုင်းကနေ သိရှိရပါတယ်။
မတူညီတဲ့ ကုမ္ပဏီသုံးခုမှာ ငွေလိမ်လည်ခံရသူ လေးဦးနဲ့ ဘီဘီစီက စကားပြောခွင့်ရခဲ့တာပါ။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာနေထိုင်နေတဲ့ ကိုအေးချမ်းကတော့ တစ်နှစ်အတွင်းမှာပဲ မြန်မာငွေကျပ် သိန်း ၃,၀၀၀ နီးပါးဆုံးရှုံးခဲ့ရပါတယ်။
"MLM စနစ်မကောင်းတာ ကောင်းကောင်းသိတော့ Forex Trading လုပ်တဲ့ ကုမ္ပဏီမှာရင်းနှီးမြှုပ်နှံဖို့ကို သေသေချာချာလေ့လာခဲ့တယ်၊ MLM မဟုတ်ဘူးသေချာမှ မြှုပ်နှံခဲ့တာ" လို့ လူငယ်အင်ဖလူရန်ဇာ တစ်ဦးဖြစ်တဲ့ ကိုအေးချမ်းက သူ့အတွေ့အကြုံကို ပြောပြပါတယ်။
Forex Trading လုပ်ပေးတယ်ဆိုတဲ့ ကုမ္ပဏီတွေထဲက Litefinance ကုမ္ပဏီမှာ ငွေကြေးရင်းနှီးမြှုပ်နှံဖို့ ဆုံးဖြတ်ရတဲ့ အကြောင်းအရင်း ၃ ချက်ရှိတယ်လို့ ကိုအေးချမ်းကရှင်းပါတယ်။
"ကုမ္ပဏီက တရားဝင်မှတ်ပုံတင်ထားတယ်၊ trading မှာ ရင်းနှီးမြှုပ်နှံတာက ရက်ပိုင်းအတွင်းငွေပြန်ရတယ်။ ဖြစ်လာရင်ခေါင်းဆောင်တွေကဖြေရှင်းပေးမယ်လို့ အာမခံတယ်" လို့ သူက ဆက်ပြောပါတယ်။
တစ်လကို ၁၅ ရာခိုင်နှုန်းနဲ့ အမြတ်ငွေ ၆ လဆက်တိုက်ရရှိခဲ့တာကြောင့် နီးစပ်သူတွေကိုပါ ငွေကြေး ထည့်ဝင်ဖို့ ဖိတ်ခေါ်ခဲ့သူပါ။ ၂၀၂၅ ခုနှစ် ဧပြီအထိကို ရင်းနှီးငွေဆက်ထည့်နေခဲ့တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Litefinance Myanmar
မေလမှာတော့ သူငွေကြေးထည့်ဝင်ခဲ့တဲ့ ဦးဆောင်သူလို့ သိထားရတဲ့ Litefinance ကုမ္ပဏီက ဒေါက်တာညီညီဆွေ ဆိုသူကို စစ်ကောင်စီက ဖမ်းဆီးခဲ့တယ်ဆိုတဲ့ သတင်းနဲ့အတူ ငွေကြေးအမြတ်မရသလို အရင်းပါ ပြန်ထုတ်မရတဲ့အခြေအနေနဲ့ ရင်ဆိုင်ရပါတယ်။
လက်ရှိအချိန်အထိလည်း ဦးညီညီဆွေဘယ်ရောက်နေသလဲ မသိရသေးသလို ဖမ်းဆီးထားမှုရှိ၊ မရှိ စစ်ကောင်စီကို ဘီဘီစီက ဆက်သွယ်မေးမြန်းထားဆဲပါ။
ကိုအေးချမ်းလိုပဲ ငွေဆုံးရှုံးခဲ့ရသူနောက်တစ်ဦးကတော့ စင်ကာပူနိုင်ငံက စားသောက်ဆိုင်မှာဝန်ထမ်း လုပ်နေတဲ့ အသက် ၂၈ နှစ်အရွယ် မကျော့ရှင်းဖြစ်ပြီး Litefinance ကုမ္ပဏီမှာပဲ သူချွေတာစုဆောင်းခဲ့ရတဲ့ ငွေကြေး ကျပ်သိန်း ၁၀၀ ထည့်ဝင်ခဲ့မိတာပါ။
သူတို့နှစ်ဦးလို ငွေကြေးနစ်နာခဲ့ရသူအမြောက်အများရှိနေပါတယ်။
ဒီဖြစ်စဉ်မတိုင်မီ ၂၀၂၂၊ ၂၀၂၃ ခုနှစ်တွေမှာလည်း Capital FX ၊ Myanmar Forex Education Club (MFEC) စတဲ့ ကုမ္ပဏီတွေမှာ အလားတူဖြစ်စဉ်တွေဖြစ်ခဲ့တာကြောင့်ပါ။
"ကျွန်တော်တို့က ညီအစ်ကိုနှစ်ယောက်ပေါင်း သိန်း ၆,၀၀၀ လောက်ပါသွားတယ်" လို့ မန္တလေးမြို့နေ ကိုအောင်မြင့်က ပြောပါတယ်။
သူတို့ညီအစ်ကိုဟာ Capital FX နဲ့ MFEC ကုမ္ပဏီနှစ်ခုစလုံးမှာ ဆက်တိုက်ငွေကြေးလိမ်လည်ခံခဲ့ရတာပါ။
"Capital FX မှာ သိန်း ၃,၀၀၀ နဲ့ MFEC မှာ သိန်း ၃,၀၀၀ ကျော်ပါသွားတာပါ" လို့ ညီဖြစ်သူ ကိုခင်မြင့်က ဆိုပါတယ်။
ဒါဟာ အသက် ၃၀ မပြည့်သေးတဲ့ လူငယ်လေးဦးရဲ့ Forex Trading လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံခဲ့ကြရာကနေ ပွန်စီနည်းနဲ့ မတူညီတဲ့ ကုမ္ပဏီတွေမှာ ပုံစံအမျိုးမျိုးနဲ့ ငွေလိမ်လည်ခံခဲ့ရတာကို တွေ့မြင်ရမှာပါ။
ဒီလိုငွေကြေးတွေဆုံးရှုံးခဲ့ရသူတွေဖြစ်ပေမဲ့ ခြိမ်းခြောက်မှုတွေနဲ့လည်း ရင်ဆိုင်နေရပြန်ပါတယ်။
ခြိမ်းခြောက်ခံနေရတဲ့ ငွေကြေးဆုံးရှုံးသူတွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဘီဘီစီစကားပြောခွင့်ရတဲ့ လူငယ်လေးဦးစလုံးဟာ လက်ရှိမှာတော့ ခြိမ်းခြောက်မှုအမျိုးမျိုးနဲ့ ရင်ဆိုင်နေ ရပါတယ်။
"Capital X ဦးဆောင်သူ ငွေကြေးဥပဒေနဲ့ တရားစွဲထောင်ကျပြီး ပြန်လွတ်တော့ လားရှိုးမှာနေတယ်။ ကိုးကန့်တပ် လားရှိုးကို ထိန်းထားတဲ့အချိန် အဲဒီမှာ သူ့ကို ကိုယ်တိုင်သွားတွေ့ခဲ့တယ်။ မချေမငံပဲ ပြန်ပြောခံ ရတယ်"
"MFEC က ဆရာကတော့ ဒီအကြောင်းတွေကို လူသိအောင်ဖော်ထုတ်ရင် သူ့အဆိုးမဆိုနဲ့လို့ ခြိမ်းခြောက်တယ်" လို့ ငွေကြေးယူဆောင်သွားတဲ့ Broker တွေဆီက တန်ပြန်ပြောဆိုခံရတဲ့အကြောင်း ကိုခင်မြင့်က ပြောပြပါတယ်။
လိမ်လည်သွားတာ သုံးနှစ်နီးပါးရှိပြီဖြစ်ပေမဲ့ ခင်ရာဆွေမျိုးတွေဆီကနေ ငွေကြေးယူထည့်ဝင်ခဲ့တာဖြစ်လို့ မိသားစုအရေးမှာလည်း အခက်ကြုံနေရတာပါ။
စင်ကာပူမှာနေတဲ့ မကျော့ရှင်းကတော့ လောင်းလုံးက သူ့မိသားစုဝင်တွေကို စိုးရိမ်နေပါတယ်။
"ငွေထည့်မိတဲ့ အသိအမ leader ရဲ့ အကိုကြီးက ပြည်သူစစ်ခေါင်းဆောင်ဆိုတော့ ဒီငွေပြန်ရဖို့ တရားစွဲတာ မျိုး ကိုယ်တိုင်လိုက်လုပ်ရင် ရွာမှာကျန်ခဲ့တဲ့မိသားစုကို ဒုက္ခပေးမှာစိတ်ပူမိတယ်" လို့ မကျော့ရှင်းက ရင်ဖွင့် ပါတယ်။
ဘန်ကောက်မှာနေထိုင်တဲ့ ကိုအေးချမ်းမှာလည်း မတူညီတဲ့အခက်အခဲနဲ့ပါ။
သူ့ကိုယုံကြည်ခဲ့သူတွေရဲ့ ငွေကြေးပြန်လည်တောင်းဆိုမှုတွေကို နေ့စဉ်ဖြေရှင်းနေရတယ်လို့ ဆိုပါတယ်။
"ဘဝပျက်နိုင်တယ်၊ လမ်းဘေးရောက်နိုင်တယ်။ ကိုယ့်အလုပ်ရှိလို့ ငွေကြေးလှည့်ပေးပြီး လတ်တလောထိန်း နိုင်ပေမဲ့ အများကြီးမတောင့်ခံနိုင်တော့ဘူး" လို့ ကိုအေးချမ်းက သူ့လက်ရှိအခြေအနေကို ဖွင့်ဟထားပါတယ်။
ရင်းနှီးမြှုပ်နှံဖို့ရည်ရွယ်ခဲ့ပေမဲ့ ပွန်စီနည်းနဲ့ ငွေလိမ်ခံရကာ လူမှုဘဝအပေါ်ပါ ခြိမ်းခြောက်မှုခံရနေတဲ့ သူတို့လို နစ်နာသူတွေအတွက် ဥပဒေအကာအကွယ်လည်း ကင်းမဲ့နေခဲ့ပြန်ပါတယ်။
ဥပဒေရှုထောင့်က ကြည့်မယ်ဆိုရင်လည်း မြန်မာမှာ Forex Trading လုပ်ငန်းက တရားမဝင်ပေမဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) မှာ ဘယ်လိုတရားဝင် ကုမ္ပဏီတွေဖြစ်နေရတာလဲ၊ ဒီလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံရာကနေ ငွေလိမ်ခံရရင်ဘာဆက်လုပ်ရမလဲစတဲ့ မေးခွန်းတွေဆက်ရှိနေတာကြောင့်ပါ။
ဥပဒေအရ အကာအကွယ်မရှိ

ဓာတ်ပုံ ရင်းမြစ်, Getty Images
မြန်မာမှာ Forex Trading အတွက် ဥပဒေစနစ်တကျမရှိသလို အာမခံငွေကြေးစနစ်၊ ရင်းနှီးမြှုပ်နှံမှုပမာဏ သတ်မှတ်ချက်၊ စောင့်ကြည့်ရေးယန္တရားတွေ လုံးဝမရှိပါဘူး။
"ဥပဒေပိုင်းဆိုင်ရာအကာအကွယ်ရှိကို မရှိနေတာ" လို့ အထက်တန်းရှေ့နေတစ်ဦးဖြစ်တဲ့ ကိုကျော်က ပြောပါတယ်။
တရားမဝင်လုပ်ငန်းဖြစ်တာကြောင့် Broker တွေကိုတောင် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေ၊ ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေ၊ ဆက်သွယ်ရေးဥပဒေတွေနဲ့ ဖမ်းဆီးအရေး ယူနိုင်တဲ့ အခြေအနေပါ။
"နိုင်ငံတကာငွေကြေးခဝါချမှုစောင့်ကြည့်ရေးအဖွဲ့ (FATF) ရဲ့ စောင့်ကြည့်ရေးကနေ လွတ်ဖို့အတွက် စစ်ကောင်စီဗဟိုဘဏ်က ငွေကြေးခဝါချမှုဥပဒေနဲ့ အရေးယူတာတွေရှိနေတယ်"
"Forex Trading က နိုင်ငံခြားငွေကြေးကို ဈေးကွက်ကစားတာဖြစ်တဲ့အတွက် ဒါနဲ့အရေးယူတာတွေ ရှိနိုင်တယ်" လို့ အထက်တန်းရှေ့နေတစ်ဦးဖြစ်တဲ့ ကိုကျော်က ထောက်ပြပါတယ်။
စစ်အာဏာသိမ်းပြီးတဲ့နောက်ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်ငွေကြေးထောက်ပံ့မှုတို့ကို တိုက်ဖျက်ဖို့ ပျက်ကွက်တဲ့အတွက် FATF က မြန်မာကို အမည်မဲ (Blacklist) ထဲ ၂၀၂၂ ခုနှစ်မှာ ထည့်သွင်းခဲ့ပါတယ်။
ဒါဟာ စစ်ကောင်စီရဲ့ နိုင်ငံတကာနဲ့ငွေကြေးစီးဆင်းမှုမှာ စိန်ခေါ်ချက်ရှိနေတာကြောင့် ဗဟိုဘဏ်ကနေ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်နိုင်ဖို့ဆောင်ရွက်နေသလို ၂၀၂၄ - ၂၀၂၈ အတွက် အမျိုးသားအဆင့်မဟာဗျူဟာကိုရေးဆွဲဆောင်ရွက်နေတာပါ။
ဇွန် ၁၂ ရက် ရက်စွဲနဲ့ ဗဟိုဘဏ်ထုတ်ပြန်ချက်မှာဆိုရင်လည်း အွန်လိုင်းပေါ်မှာ ဈေးကစားရင် ဥပဒေအရ အရေးယူမယ်လို့ ထုတ်ပြန်ထားတာပါ။
Forex Trading ကိုပါ အရေးယူဖို့လုပ်နေတာလားဆိုတာကိုတော့ တိတိပပရည်ညွှန်းမပြောထားပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒီလုပ်ငန်းကိုအကြောင်းပြပြီး ပွန်စီနည်းနဲ့ ငွေလိမ်လည်ခံရသူတွေအတွက်တော့ ဥပဒေလမ်းကြောင်းအရ ငွေကြေးပြန်တောင်းခံဖို့ပါ မလွယ်ကူပါဘူး။
"တရားဝင်လုပ်ငန်းမဟုတ်တဲ့အတွက် ရာဇဝတ်မှုလို ရဲစခန်းမှာအမှုဖွင့်လို့မရဘူး" လို့ ရှေ့နေ ကိုကျော်က ရှင်းပြပါတယ်။
တရားမမှုအဖြစ်သာ တရားရုံးကို ဦးတိုက်လျှောက်ထားပြီး ဆက်သွယ်ရေးဥပဒေ ၆၆ (က)၊ အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေတို့နဲ့ တရားစွဲနိုင်သလို ကုမ္ပဏီနဲ့ စာချုပ်ချုပ်ဆိုထားပါက မြန်မာနိုင်ငံကုမ္ပဏီများဥပဒေနဲ့ စွဲလို့ရနိုင်ပါတယ်။
နှစ်ကြိမ်တိုင်တိုင် ငွေလိမ်လည်ခံရတဲ့ ကိုအောင်မြင့်နဲ့ ကိုခင်မြင့် ညီအကိုဟာ ကုမ္ပဏီတွေနဲ့ စာချုပ်ချုပ်ဆို ထားကာ အတိအကျဆောင်ရွက်ထားတာကြောင့် ငွေကြေးပြန်ရဖို့အတွက် ရပ်ကွက်လူကြီး၊ ရဲစခန်းကနေ အကြိမ်ကြိမ်ကြိုးစားခဲ့ပါတယ်။
"ရှေ့နေခေါ်ပြီး တရားစွဲရမယ်ဆိုတော့ ငွေကလည်းပါသွားသေးတယ်၊ တရားစွဲဖို့လည်း ငွေထပ်မရှိလေ" လို့ ကိုအောင်မြင့်က ပြောပါတယ်။
ဒါပေမဲ့ Litefinance မှာ အသိခေါင်းဆောင်ကတဆင့်ငွေကြေးထည့်ခဲ့တဲ့ စင်ကာပူက မကျော့ရှင်းကတော့ စာချုပ်ရှိသလားလို့ ဘီဘီစီက မေးမြန်းချိန်မှ စာချုပ်ချုပ်ရတဲ့အခြေအနေကို သိရှိခဲ့ရသူပါ။
ဒီလိုအခြေအနေတွေကိုအကာအကွယ်ပေးနိုင်ဖို့အတွက် စနစ်ကျတဲ့မူဝါဒချမှတ်ဖို့လိုပြီး Forex Trading အပေါ် အခွန်စည်းကြပ်မှုနဲ့ ထိန်းကြောင်းနိုင်တယ်လို့ ဥပဒေရှုထောင့်က ထောက်ပြကြပါတယ်။
"Forex Trading လုပ်တဲ့သူတွေကို ဖမ်းဆီးအရေးယူတာက black market (မှောင်ခို) ဈေးကွက်ကို ပိုပြီးရောက်သွားစေတယ်"
"ဒီလုပ်ငန်းကြီးထွားလာချိန်မှာ အာမခံငွေကြေးစနစ်တစ်ခုအကောင်အထည်ဖော်ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ ကန့်သတ်တာက ပိုပြီးထိရောက်တယ်" လို့ ရှေ့နေ ကိုကျော်က သုံးသပ်ထားပါတယ်။
အသိပေးချက် - Forex Trading လုပ်ငန်းကျွမ်းကျင်သူနဲ့ ရင်းနှီးမြှုပ်နှံသူတွေရဲ့ လုံခြုံရေးအရ နာမည်လွှဲ ပြောင်းဖော်ပြထားပါတယ်။











