အီရန်ကျောင်းသူတွေ အစာအဆိပ်သင့်မှု ကော်မရှင်ဖွဲ့ စုံစမ်းမယ် - မတ်လ ၂ရက် ညနေခင်းသတင်းများ

ဓာတ်ပုံ ရင်းမြစ်, Getty Images
အီရန်မှာ ခုလပိုင်းတွေအတွင်း ကျောင်းသူလေးတွေ အစာအဆိပ်သင့်မှု ခဏခဏ ဖြစ်နေတာကြောင့် အထူးကော်မရှင်တရပ်ဖွဲ့ကာ စုံစမ်းစစ်ဆေးဖို့ အစိုးရက စီစဉ်နေတယ်လို့ ကျန်းမာရေး၀န်ကြီး ဘာဟာရမ် အေနိုလာဟီ က ပြောပါတယ်။
ကော်မရှင်မှာ အဆိပ်လေ့လာမှု ပညာရှင်တွေအပြင် တက္ကသိုလ်က ပါမောက္ခတွေလည်း ပါဝင်လိမ့်မယ်လို့ သူကဆိုပါတယ်။
အဆိပ်သင့်မှု ဘာကြောင့်ဖြစ်တာလဲ ၊ ဒါဟာ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်တာလား ဆိုတာသိချင်တယ်လို့ မစ္စတာ အေနိုလာဟီက ပြောပါတယ်။
အမျိုးသမီးတွေ ပညာသင်ကြားတာကို ဘာသာရေးအဖွဲ့တွေက မလိုလားတာကြောင့် အခုလို လုပ်ဆောင်တာလို့ နိုင်ငံရေးသမား တချို့က ထောက်ပြပြောဆိုလျက်ရှိပါတယ်။
တီဟီရန် အပါအဝင် မြို့ကြီးတွေက ကျောင်းသူ ၂၆ ယောက်ကျော်ဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့တုန်းက အဆိပ်သင့် လက္ခဏာတွေနဲ့ ဆေးရုံရောက်လာကြတာ ဖြစ်ပါတယ်။
သဘောတူညီမှုတစုံတရာမရခဲ့တဲ့ G20 အစည်းအဝေး

ဓာတ်ပုံ ရင်းမြစ်, Getty Images
ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်ခဲ့တာနဲ့ပတ်သက်လို့ G20အစည်းအဝေးမှာ နိုင်ငံခြားရေးဝန်ကြီးတွေကြား ဒေါသတကြီး အပြန်အလှန်တုံ့ပြန်ခဲ့ကြပါတယ်။
အိန္ဒိယက ကမကထလုပ်ကျင်းပတဲ့ စက်မှုအင်အားကြီးနိုင်ငံ၂ဝ ရဲ့ အစည်းအဝေးမှာ သဘောတူညီမှု တစုံတရာမရခဲ့ဘဲ ကြေညာချက်လည်း မထုတ်နိုင်ခဲ့တဲ့ အခြေအနေပါ။
ရုရှားက ယူကရိန်းကို အကြောင်းမဲ့ ၊ မတရားတဲ့စစ် ဆင်နွှဲခဲ့တာကြောင့် ဆွေးနွေးပွဲတွေဟာ အခုလို ရုပ်ပျက်ဆင်းပျက် ဖြစ်ရတာလို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကန်က ပြောပါတယ်။
အနောက်အုပ်စု မဟာမိတ်နိုင်ငံတွေကတော့ ယူကရိန်းဘက်က ရပ်တည်မယ်လို့လည်း သူက ဆိုပါတယ်။
အနောက်နိုင်ငံတွေရဲ့ ခြိမ်းခြောက် အကျပ်ကိုင်မှုတွေကို ရုရှားနဲ့တရုတ်က ဆန့်ကျင်ဖို့ သဘောတူခဲ့ကြတာလို့ ရုရှားအရာရှိတွေဘက်က ဆိုပေမဲ့ ဒီပြောဆိုချက်ကို တရုတ်ဘက်က အတည်ပြု ပြောကြားတာ မရှိသေးပါဘူး။
အိန္ဒိယကတော့ ဖွံ့ဖြိုးဆဲနိုင်ငံတွေအပေါ်မှာ ကျရောက်နေတဲ့ ကိစ္စရပ်တွေကို အဲဒီအစည်းအဝေးမှာ အလေးထား ဆွေးနွေးလိုတာ ဖြစ်ပါတယ်။
တိမ်းမှောက်သွားတဲ့ ဖိလစ်ပိုင်သင်္ဘောက ဆီတွေ ပင်လယ်မှာယိုစိမ့်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဖိလစ်ပိုင်မှာ လောင်စာဆီတင်သင်္ဘောတစင်း ပြီးခဲ့တဲ့ အင်္ဂါနေ့က ဆီယိုစိမ့်မှု ဖြစ်ခဲ့ပါတယ်။
ဒါကြောင့် အနားတဝိုက်မှာ သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းမှု အန္တရာယ် ခြိမ်းခြောက်ခံနေရပါတယ်။
မင်ဒိုရိုကျွန်းနားမှာ Princess Empress အမည်ရသင်္ဘာ အင်ဂျင်စက်ပျက်ပြီးနောက် ပင်လယ်မှာ မှောက်သွားတာပါ။
မှောက်သွားတဲ့ သင်္ဘောက ဆီတွေကို ပင်လယ်ပြင်ကနေ ဖယ်ရှားနိုင်ဖို့ ရှာဖွေရေးသမားတွေ ကြိုးစားနေကြပါတယ်။
ပင်လယ်ပြင်မှာတွေ့ရတဲ့ဆီတွေက ဒီဇယ်တွေဖြစ်ပြီး သင်္ဘောမှာအသုံးပြုဖို့ ဖြစ်ပြီး သင်္ဘောကတင်ဆောင်လာတဲ့ ကုန်တွေ မဟုတ်ဘူးလို့ ဖိလစ်ပိုင် ကမ်းစောင့်တပ်က ကနဦးပိုင်းမှာ ပြောကြားထားပါတယ်။
လူဦးရေရဲ့ ၄၀ ရာနှုန်း အာဟာရချို့တဲ့နေတဲ့ မြောက်ကိုရီးယားမှာ သီးနှံတိုးထုတ်ဖို့ ညွှန်ကြား

ဓာတ်ပုံ ရင်းမြစ်, Getty Images
မြောက်ကိုရီးယားမှာ လယ်ယာတွေ ရည်မှန်းချက်ပြည့်မီအောင် ထုတ်ဖို့ ခေါင်းဆောင် ကင်မ်ဂျုံအွန်းက ပြောကြားလိုက်ပါတယ်။
စားနပ်ရိက္ခာ ပြတ်တောက်မှု ဖြစ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေချိန်မှာ အခုလို ပြောဆိုလိုက်တာပါ။
ဆည်မြောင်းနဲ့ စက်ကိရိယာ ပိုမိုကောင်းမွန်တပ်ဆင် အသုံးပြုဖို့ကိုလည်း ပါတီအစည်းအဝေးမှာ သူက ညွှန်ကြားခဲ့ပါတယ်။
ဒါ့အပြင် လယ်သမားအားလုံးဟာ စိုက်ပျိုးမြေဟတ်တာအလိုက် သီးနှံတိုးအောင် အလေးထားသင့်တယ်လို့ သူက ဆိုပါတယ်။
မြောက်ကိုရီးယားဟာ ခုနှစ်ပိုင်းတွေအတွင်း အစာရေစာ ပြတ်တောက်မှု ကြုံနေတာ ဖြစ်ပါတယ်။
ကမ္ဘာစားနပ်ရိက္ခာအစီအစဉ် World Food Program ကတော့ လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းလောက် အာဟာရချို့တဲ့မှုကြုံနေရတယ်လို့ ခန့်မှန်းထားပါတယ်။
ကိုဗစ်ကပ်ဘေးကာလအတွင်း မြောက်ကိုရီးယားဟာ ပြည်ပနိုင်ငံတွေနဲ့ ဆက်သွယ်သွားလာမှု ဖြတ်တောက်ခဲ့တာကြောင့် အခြေအနေဟာ ဒီထက်ပိုဆိုးလာနိုင်တယ်လို့ ပြောဆိုမှုတွေလည်း ရှိနေပါတယ်။








