စစ်ကောင်စီဥက္ကဋ္ဌပြောတဲ့ ရွေးကောက်ပွဲ အစီအစဥ်

 စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားကို ဒီကနေ့ နေပြည်တော်မှာ ကျင်းပပြီး စစ်ကောင်စီ ဥက္ကဋ္ဌ ချုပ်မှူးကြီး မင်းအောင်လှိုင်က ဗိုလ်ရှုခံမှာ မိန့်ခွန်းပြောခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MRTV Screen Grab

ဓာတ်ပုံ ပုံစာ, စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားကို နေပြည်တော်မှာ ကျင်းပပြီး စစ်ကောင်စီ ဥက္ကဋ္ဌ ချုပ်မှူးကြီး မင်းအောင်လှိုင်က ဗိုလ်ရှုခံမှာ မိန့်ခွန်းပြောခဲ့ပါတယ်။

စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ စစ်ကောင်စီက ကျင်းပပြုလုပ်ပေးမယ့် ရွေးကောက်ပွဲ အစီအစဥ်နဲ့ ပတ်သက်လို့ ဒီကနေ့ နေပြည်တော်မှာ ကျင်းပပြုလုပ်တဲ့ ၇၅ နှစ် မြောက်စိန်ရတု လွတ်လပ်ရေးနေ့မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ရွေးကောက်ပွဲ ကျင်းပရေးအတွက် အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်တွေနဲ့ အညီ ဆောင်ရွက်ပြီးစီးပါက ၂၀၀၈ အခြေခံဥပဒေနဲ့ အညီ ရွေးကောက်ပွဲ ပြန်လည်ကျင်းပမှာဖြစ်ပြီးတော့ အနိုင်ရတဲ့ပါတီကို အာဏာလွှဲသွားမယ်လို့ ပြောသွားခဲ့ပါတယ်။

အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်ဟာ အခုလ ၂၀၂၃ ဇန်နဝါရီလကုန်မှာ ကုန်ဆုံးမှာဖြစ်ပြီး ၂၀၀၈ အခြေခံဥပဒေအရဆိုရင်တော့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို အာဏာပြန်အပ်ပြီး ၆ လအတွင်း ရွေးကောက်ပွဲကျင်းပပေးရမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲဟာ မဲမသမာမှုတွေရှိခဲ့တယ်ဆိုပြီး ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရပါတီကို အာဏာမလွှဲဘဲ စစ်တပ်က အာဏာသိမ်းခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီက လာမယ့်ရွေးကောက်ပွဲကို အချိုးကျ ကိုယ်စားပြု ပီအာစနစ်နဲ့ ရွေးကောက်ပွဲကို ကျင်းပပေးမယ်လို့ ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်အတွင်းလွှတ်တော်တွင်းမှာ ရွေးကောက်ပွဲမှာ ပီအာစနစ်ကျင့်သုံးတာဟာ အခြေခံ ဥပဒေနဲ့ ညီမညီ အခြေခံ ဥပဒေ ခုံရုံးကို မေးမြန်းခဲ့ပြီး အဲဒီတုန်းက ခုံရုံးက ပီအာစနစ်ဟာ ၂၀၀၈ အခြေခံဥပဒေနဲ့ မညီဘူးလို့ အကြောင်းပြန်ခဲ့တာ ရှိပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, Getty Images

“လွှတ်တော်ထဲမှာ ၇၅ ရာခိုင်နှုန်းကိုပဲ ပြည်သူကရွေးချယ်လို့ရတဲ့အခြေအနေမှာ ပီအာ စနစ်ကိုကျင့်သုံးမယ်ဆိုရင် အချုပ်အချာ အာဏာဟာ ပြည်သူက ဆင်းသက်လာတယ်ဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို မှေးမှိန်ရာရောက်သွားမှာဖြစ်တယ် "လို့ ပထမအကြိမ်လွှတ်တော်မှာ ကိုယ်စားလှယ်ဖြစ်ခဲ့သူတစ်ဦးက အဲဒီတုန်းက အခြေအနေကို ပြန်ပြောပြခဲ့ပါတယ်။

စစ်ကောင်စီ ဥက္ကဋ္ဌက ပီအာစနစ်နဲ့ ရွေးကောက်ပွဲ ကျင်းပမယ်လို့ ဒီကနေ့ အခမ်းအနားမှာ ပြောခဲ့ပေမဲ့ လွှတ်တော် သုံးရပ်မှာ ဘယ်နေရာတွေမှာ ပီအာ စနစ်သုံးမယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး ။

ရွေးကောက်ပွဲကို တစ်နိုင်ငံလုံး အကြားအလပ်မရှိ ကျင်းပပေးနိုင်အောင် ကြိုးစားနေတယ်လို့ သူကဆက် ပြောခဲ့ပါတယ်။

ရွေးကောက်ပွဲမှာ မဲပေးသူတွေ ခြိမ်းခြောက်အကျပ်ကိုင်ခံရမှု လူအုပ်နဲ့ အကျပ်ကိုင်ရမှု ကင်းဝေးစေရမယ်လို့လည်း ဆိုပါတယ်။

လွှတ်တော်ထဲမှာ တပ်မတော်က တိုက်ရိုက်ခန့် ၂၅ ရာခိုင်နှုန်း ရှိနေပြီး ရွေးကောက်ပွဲစနစ်ကို ပီအာစနစ်နဲ့ ပြုလုပ်တာဟာ တိုင်းပြည် အချုပ်အခြာအာဏာကို စစ်တပ်နဲ့ စစ်တပ်ထောက်ခံတဲ့ပါတီတွေက စိတ်ကြိုက်ကိုင်ထားနိုင်အောင် စီမံတာဖြစ်တယ်လို့ လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးက ပြောပါတယ်။

ပြည်သူ့လွှတ်တော် တပ်မတော်သား ကိုယ်စားလှယ်တွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပြည်သူ့လွှတ်တော် တပ်မတော်သား ကိုယ်စားလှယ်တွေ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ မှာ အာဏာသိမ်းပြီးနောက် ၂၀၂၀ ရွေးကောက်ပွဲ ၈၀ ရာခိုင်နှုန်းကျော် အနိုင်ရခဲ့တဲ့ ပါတီခေါင်းဆောင်နဲ့ လွှတ်တော်က ရွေးကောက်တင်မြှောက်ထားတဲ့ နိုင်ငံတော်သမ္မတကိုလည်း ဖမ်းဆီးထားဆဲ ဖြစ်ပါတယ်။

စစ်ကောင်စီကတော့ သူတို့ အစိုးရဟာ ၂၀၀၈ အခြေခံဥပဒေနဲ့ အညီ တာဝန်ထမ်းဆောင်နေတာလို့ ပြောခဲ့ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရခဲ့တဲ့ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ကို ပုဒ်မ ၁၉ ခု ထောင်ဒဏ် ၃၃ နှစ်ချမှတ်ထားသလို သမ္မတ ဦးဝင်းမြင့်ကတော့ အမှု ၈ မှုနဲ့ စုစုပေါင်း ထောင် ၁၂ နှစ်အထိ ရှိလာပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၀ နောက်ပိုင်းကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ ၃ ခု အကြောင်းကိုလည်း စစ်ကောင်စီ ဥက္ကဋ္ဌက ဒီကနေ့ မိန့်ခွန်းမှာ ပြောသွားခဲ့ပါသေးတယ်။

အဲဒီ ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေမှာတော့ နိုင်ငံအတွင်းမြို့နယ်ပေါင်း ၃၃၀ ထဲက ၂၀၁၀ ခုနှစ်မှာ ၃၂၅ မြို့နယ်၊ ၂၀၁၅ ခုနှစ်မှာ ၃၂၃ မြို့နယ်နဲ့၊ ၂၀၂၀ ခုနှစ်မှာ‌တော့ ၃၁၅ မြို့နယ်တို့မှာ ရွေးကောက်ပွဲကျင်းပနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ မဲဆန္ဒနယ်တွေဟာ မြို့နယ်တွေကို အခြေခံထားပြီး ပြည်သူ့လွှတ်တော်မှာတော့ မြို့နယ်တမြို့နယ်ကို မဲဆန္ဒနယ်တနယ် သတ်မှတ်ပေးထားတာဖြစ်ပါတယ်။ အမျိုးသားလွှတ်တော်မှာတော့ ပြည်နယ်တိုင်းဒေသကြီးတခုကို မဲဆန္ဒနယ် ၁၂ နယ် သတ်မှတ်ပေးထားတာလည်းဖြစ်ပါတယ်။

 မြန်မာနိုင်ငံမှာ ၁၉၈၈ ခုနှစ်နောက်ပိုင်း ရွေးကောက်ပွဲ ၄ ကြိမ်ကျင်းပခဲ့ပြီး အာဏာမလွှဲခဲ့တာ ၂ ကြိမ်ရှိခဲ့ကာ အဲဒီ ၂ ကြိမ်စလုံးဟာ လက်ရှိ စစ်ကောင်စီက ဖမ်းဆီးအကျဥ်းချထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

no tag
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဇွန်လ ၃ ရက်နေ့က အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီဥက္ကဋ္ဌ ကို လက်ခံတွေ့ဆုံစဥ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဇွန်လ ၃ ရက်နေ့က အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီဥက္ကဋ္ဌ ကို လက်ခံတွေ့ဆုံစဥ်

စစ်ကောင်စီ ဥက္ကဋ္ဌ ဟာ သူတို့ရဲ့ကောင်စီဟာ အရေးပေါ်အခြေအနေ နိုင်ငံမှာကြေငြာခဲ့တာကို ၂၀၀၈ အခြေခံ ဥပဒေနဲ့ အညီ ပြုလုပ်ခဲ့တာဖြစ်လို့ အခြေခံဥပဒေကို ထိန်းသိမ်းမယ်လို့ ဒီကနေ့ မိန့်ခွန်းမှာ ပြောသွားခဲ့ပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေတွေက တိုင်းရင်းသားဒေသတချို့နဲ့ မြန်မာပြည်အလယ်ပိုင်းမှာ စစ်ကောင်စီကို ဆန့်ကျင်တဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားနေပြီး မြန်မာနိုင်ငံတဝန်း မငြိမ်သက်မှုတွေ တိုက်ခိုက်မှု ပေါက်ကွဲမှုတွေ ရှိနေတဲ့ အတွက် နိုင်ငံတဝန်း အကြားအလပ်မရှိ ရွေးကောက်ပွဲကျင်းပပေးမယ်ဆိုတဲ့ စစ်ကောင်စီဥက္ကဋ္ဌရဲ့ ပြောဆိုမှုကို မေးခွန်းထုတ်သူတွေ ရှိပါတယ်။

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ၂၀၂၂ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အရေးပေါ်ကာလ ပထမခြောက်လကို သက်တမ်း တိုးခဲ့ပြီး ဖြစ်တာကြောင့် သြဂုတ်လ ၁ ရက်နေ့က ဒုတိယနဲ့ နောက်ဆုံးအကြိမ်အဖြစ် သက်တမ်းတိုးခဲ့ပြီးဖြစ်ပါတယ်။

အဲဒီကာလပြီးတဲ့ ၂၀၂၃ ဇန်နဝါရီလကုန်ရင် ကာလုံအဖွဲ့က ပုဒ်မ ၄၂၉ အရ ( စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဆီကနေ ) ပုဒ်မ ၄၂၆ အမိန့်ကို ပယ်ဖျက် ၊ အာဏာသုံးရပ်ကို ပြန်ယူပြီး နောက်ခြောက်လအတွင်းမှာ ရွေးကောက်ပွဲ ကျင်းပပေးရမယ်လို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၉ မှာ ရေးထားပါတယ်။

၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့က ယာယီသမ္မတဦးမြင့်ဆွေ စစ်တပ် ခေါင်းဆောင်တွေကို အာဏာလွှဲနေစဥ်

ဓာတ်ပုံ ရင်းမြစ်, CINCDS

ဓာတ်ပုံ ပုံစာ, ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့က ယာယီသမ္မတဦးမြင့်ဆွေ စစ်တပ် ခေါင်းဆောင်တွေကို အာဏာလွှဲနေစဥ်

စစ်ကောင်စီ ဥက္ကဋ္ဌက သက်ဆိုင်ရာဌာနတွေနဲ့ မဲစာရင်း မဲဆန္ဒရှင်စာရင်းကို အခုအခါမှာ အလေးထားဆောင်ရွက်နေတယ်လို့ စစ်ကောင်စီ ဥက္ကဋ္ဌက ပြောခဲ့ပါတယ်။

ပုဂ္ဂိုလ်ရေးအရ လွန်ကဲစွာယုံကြည်ကိုးကွယ်ခြင်းကလည်း လူ့အဖွဲ့အစည်းအတွင်း ကွဲပြားမှုများကို ဖြစ်ပေါ်နိုင်ပြီး အမျိုးသားစည်းလုံးညီညွတ်ရေးကို ထိခိုက်စေနိုင်တဲ့အတွက် ဒီမိုကရေစီစနစ်နဲ့ ဆန့်ကျင်ဘက်ဖြစ်တယ်လို့လည်း ထည့်သွင်းပြောခဲ့ပါသေးတယ်။

မိတ်ဆွေနိုင်ငံ၊ မိတ်ဆွေအဖွဲ့အစည်းတွေအနေနဲ့ စစ်ကောင်စီရဲ့နိုင်ငံရေးလုပ်ငန်းစဉ်မှာ ပူးပေါင်းပါဝင် အားပေးပြီး မြန်မာ့ဒီမိုကရေစီအရေးကို ဝိုင်းဝန်းကာကွယ်ပေးကြဖို့လည်း စစ်ကောင်စီဥက္ကဋ္ဌက ဒီကနေ့ မိန့်ခွန်းမှာ ပြောဆိုခဲ့ပါတယ်။

စစ်တပ်ဟာ လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော် ကိုယ်စားလှယ်နေရာ ၂၅ ရာခိုင်နှုန်း ရယူထားပြီး ဗိုလ်ချုပ်ဟောင်းတွေဦးဆောင်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) နဲ့ မဟာမိတ်ပါတီ ကိုယ်စားလှယ်နေရာတွေက ရွေးကောက်ပွဲမှာအနိုင်ရခဲ့ရင် သမ္မတဖြစ်ချင်တဲ့ စစ်ကောင်စီဥက္ကဋ္ဌ ကို လွှတ်တော်မှာ သမ္မတခန့်အပ်နိုင်ဖို့ အရေအတွက် အလုံအလောက်ရနိုင်တယ်လို့ သုံးသပ်မှုတွေ ရှိပါတယ်။

လာမယ့်ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ ပါတီကို အာဏာလွှဲမယ်ဆိုတဲ့အကြောင်းကို သမ္မတအဆောင်အယောင်ဆင်မြန်းထားတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီကနေ့ အခမ်းအနားမှာ ပြော ပါသေးတယ်။

 ဒါပေမဲ့ စစ်ကောင်စီက ကျင်းပမယ်ပြောခဲ့တဲ့ လာမယ့် ရွေးကောက်ပွဲကျင်းပမယ့်ရက်နဲ့လို့ ပတ်သက်လို့တော့ စစ်ကောင်စီဥက္ကဋ္ဌက ထုတ်ဖော်ပြောဆိုခဲ့တာ မရှိပါဘူး။