တပ်ချုပ်ရဲ့ သမ္မတ အိပ်မက်က မြစ်ဖျားခံလာတဲ့ ၆၂ နှစ်ပင်စင်

no tag

ဓာတ်ပုံ ရင်းမြစ်, Getty Images

နိုင်ငံ့ဝန်ထမ်းတွေ အငြိမ်းစားယူရမယ့် အသက်ကို ၆၂ နှစ် အဖြစ် စစ်ကောင်စီက ပြောင်းလဲ သတ်မှတ်လိုက်ပါတယ်။

ဒါဟာ ဝန်ထမ်းတွေ သပိတ်မှောက်နေကြတဲ့ CDM လှုပ်ရှားမှု ကြောင့်အခက်တွေ့ခဲ့ရတဲ့ စစ်ကောင်စီအနေနဲ့ လက်ရှိဝန်ထမ်းတွေကို ဆက်ပြီး အသုံးချနိုင်ဖို့ ထွက်ခွင့်မပြုချင်လို့ ပြင်ဆင်တာလို့ လူပြောများပါတယ်။

လူပြောမများတဲ့အချက်ကတော့ သက်ပြည့်ပင်စင်နောက်ကွယ်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ သမ္မတ အိပ်မက်အကြောင်း ဖြစ်ပါတယ်။

ဒီအကြောင်းကိုပြောရင် ဗိုလ်ချုပ်ကြီးတွေ ဖြစ်ခဲ့ကြတဲ့ သမ္မတဟောင်း ဦးသိန်းစိန် နဲ့ လွှတ်တော်ဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်းရဲ့ နိုင်ငံရေးအားပြိုင်မှုတွေကနေ ပြန်ပြောင်းပြောရမှာပါ။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဇွန်လ ၃ ရက်နေ့က အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီဥက္ကဋ္ဌ ကို လက်ခံတွေ့ဆုံစဥ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဇွန်လ ၃ ရက်နေ့က အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီဥက္ကဋ္ဌ ကို လက်ခံတွေ့ဆုံစဥ်

တပ်ချုပ်ရဲ့ သမ္မတ အိပ်မက် မြစ်ဖျားခံရာ

ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အာဏာခွဲဝေမှု နှုတ်မိန့်ဖြစ်တဲ့ ''ကိုသိန်းစိန်က လက်ရှိသက်တမ်းမှာ သမ္မတလုပ်၊ နောက် သက်တမ်းကတော့ ကိုရွှေမန်းအလှည့်ပေါ့ '' လို့ မှာခဲ့တဲ့ စကားကို ကြံ့ခိုင်ရေး ခေါင်းဆောင်ပိုင်းနဲ့ ဦးသိန်းစိန်အုပ်စုရော သူရဦးရွှေမန်း အုပ်စုကပါ အတည်ပြုကြပါတယ်။

ဒီအကြောင်းကို ဦးသိန်းစိန်လက်ထက် ပြန်ကြားရေးဝန်ကြီးတာဝန်ယူခဲ့သူ ဦးရဲထွဋ်ရေးတဲ့ မြန်မာ့နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနဲ့ လက်လွှတ်ဆုံးရှုံခဲ့းရသော အခွင့်အလမ်းများ စာအုပ်မှာလည်း ဖော်ပြထားပါတယ်။

တပ်ထဲက စီနီယာတွေအများကြီး ‌၂၀၁၀ ရွေးကောက်ပွဲဝင်သွားရပြီး မမျှော်လင့်ဘဲ တပ်ချုပ်တာဝန်ပေးခံခဲ့ရတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဆီကနေ သူ သမ္မတဖြစ်ချင်တယ် ဆိုတဲ့အကြောင်းတော့ အဲဒီအချိန်တုန်းက တစ်စွန်းတစ်စတောင် မကြားခဲ့ရပါဘူး။

ဦးသိန်းစိန်အုပ်စု နဲ့ သူရဦးရွှေမန်း အုပ်စု အားပြိုင်မှုမှာ ဦးသိန်းစိန်ရဲ့ သမ္မတရုံးဝန်ကြီးတွေဟာ တပ်ချုပ်ကို သူတို့ဘက်ပါအောင် စည်းရုံးခဲ့ကြတယ် လို့ သူရဦးရွှေမန်းအုပ်စုက ယူဆခဲ့ကြပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ တပ်မတော်သားတွေရဲ့ မဲ ပါမှ အသာရမယ်လို့တွက်ဆပြီး တပ်ချုပ်နဲ့ အပေးအယူလုပ်ခဲ့ကြတဲ့သဘောလို့ သူတို့က သုံးသပ်ခဲ့ကြတာပါ။

ဒါကပဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရဲ့ သမ္မတ အိပ်မက်နိဒါန်း လို့ ကြံ့ခိုင်ရေးအစိုးရခေတ် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်တွေရဲ့ အနီးက လူတွေက ဘီဘီစီကို ပြောပါတယ်။

ကြံ့ခိုင်ရေးပါတီ ထိပ်ပိုင်းခေါင်းဆောင်ရာထူးတွေမှာ အငြိမ်းစားတပ်မတော်အရာရှိကြီးတွေအများစုပါဝင်ခဲ့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, USDP

ဓာတ်ပုံ ပုံစာ, ကြံ့ခိုင်ရေးပါတီ ထိပ်ပိုင်းခေါင်းဆောင်ရာထူးတွေမှာ အငြိမ်းစားတပ်မတော်အရာရှိကြီးတွေအများစုပါဝင်ခဲ့ကြပါတယ်။

'' သူတို့အစီအစဥ်က ၂၀၁၅ ရွေးကောက်ပွဲပြီးရင် ဦးသိန်းစိန်က သမ္မတ သုံး နှစ် ဆက်လုပ်မယ်။ ဦးမင်းအောင်လှိုင်က နှစ်နှစ်လုပ်မယ်ဆိုတဲ့ အစီအစဥ်'' လို့ ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်ဟောင်းတစ်ဦးကပြောပြီး ဒါကို ဝန်ကြီးဟောင်းတစ်ဦးကလည်း အတည်ပြုပါတယ်။

ဒါပေမဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၁၆ ခုနှစ် မှာ အသက် ၆၀ ပြည့်ပြီး အငြိမ်းစားယူရတော့မှာမို့ သူ့ကို တပ်ချုပ်ရာထူးမှာ ဆက်ထားဖို့ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင်မှာ နိုင်ငံ့ဝန်ထမ်း နည်းဥပဒေကို ပြင်ဖို့ ကြိုးစားမှုတွေ ရှိခဲ့ပါတယ်။

ဒီဇာတ်လမ်းထဲ မမျှော်လင့်ဘဲ ပါလာသူက အဲဒီတုန်းက ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သူ ပဲ ဖြစ်ပါတယ်။ သူက သမ္မတဟောင်း ဒေါက်တာမောင်မောင်ရဲ့ သားလည်း ဖြစ်ပါတယ်။

၇၇ နှစ်မြောက် တပ်မတော်နေ့မှာ တက်ရောက်လာတဲ့ စစ်ဗိုလ်ချုပ်များ

ဓာတ်ပုံ ရင်းမြစ်, UOM

ဓာတ်ပုံ ပုံစာ, ၇၇ နှစ်မြောက် တပ်မတော်နေ့မှာ တက်ရောက်လာတဲ့ စစ်ဗိုလ်ချုပ်များ

တပ်ချုပ်ကို ဆက်ခံမယ့်သူမရှိ

နိုင်ငံ့ဝန်ထမ်းတွေ အငြိမ်းစားယူရမယ့် အသက်ကို ၆၀ ကနေ ၆၃ နှစ် ပြောင်းဖို့ သမ္မတရုံးက ကြိုးစားတဲ့ကိစ္စမှာ သူဖိအားပေးခံခဲ့ရတာတွေကို သူအငြိမ်းစားယူပြီးမှ ရေးတဲ့စာအုပ်ထဲ ဦးကျော်သူက အခန်းတစ်ခန်းထည့်ရေးခဲ့ပါတယ်။

၂၀၁၄ ခုနှစ်ထဲ မှာ ဒီဇာတ်လမ်းစခဲ့ပြီး သမ္မတရုံးဝန်ကြီးတစ်ဦးက ညွှန်ကြားရေးမှူးချုပ်တွေကို ပေးတဲ့ သင်တန်းတစ်ခုမှာ သက်ပြည့်ပင်စင်ကို ၆၀ နှစ် ကနေ ၆၃ နှစ်ကို ပြောင်းလဲမယ့်ကိစ္စကို ထည့်ပြောခဲ့ပါတယ်။

နိုင်ငံတော်သမ္မတရုံးကလည်း ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဆီကို ဝန်ထမ်းတွေ အငြိမ်းစားယူရမယ့်အသက်ကို ၆၀ နှစ် ကနေ ၆၃ နှစ်ကို ပြောင်းလဲဖို့ စာပို့ပါတယ်။

ဒီအကြောင်း သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာတဲ့အခါ ပြည်သူ့လွှတ်တော်က ကြယ်ပွင့်ပြမေးခွန်း နှစ်ကြိမ် အထိ မေးခဲ့ပါတယ်။ အဲ့ဒီနောက် ပြည်ထောင်စုလွှတ်တော်မှာလည်း အသက် ၆၀ အတိုင်းပဲထားဖို့ အရေးအကြီးအဆို တစ်ကြိမ်တင်ခဲ့ပါတယ်။

ဦးကျော်သူက နိုင်ငံရဲ့ အခြေအနေအရ ဘက်စုံစဥ်းစားပြီးမှ သက်ပြည့်ပင်စင်ကို သက်တမ်းမတိုးသင့်သေးဘူးလို့ ယူဆသူဖြစ်ပြီး တည်ဆဲဥပဒေအတိုင်း ၆၀ နှစ် အတိုင်းပဲ ထားတဲ့ဘက်က နေခဲ့ပါတယ်။

ဒီလို ရပ်တည်ခဲ့တဲ့အတွက် သမ္မတရုံး ဝန်ကြီး တစ်ဦးက သူ့ကို ဒေါသပေါက်ကွဲခဲ့တယ်လို့ သူ့စာအုပ်ထဲမှာ ဖွင့်ချပါတယ်။

နေပြည်တော်မှာ ၂၀၁၃ ခုနှစ်က ပြုလုပ်တဲ့ BBC World Debate မှာ အတူတွေ့ရတဲ့ ဦးစိုးသိန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, နေပြည်တော်မှာ ၂၀၁၃ ခုနှစ်က ပြုလုပ်တဲ့ BBC World Debate မှာ အတူတွေ့ရတဲ့ ဦးစိုးသိန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်

သမ္မတရုံးဝန်ကြီးက ''တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှာ ၂၀၁၆ တွင် အသက် ၆၀ ပြည့်မည်ဖြစ်ရာ ၄င်းအငြိမ်းစားယူသွားလျှင် တပ်ချုပ်နေရာကို အစားထိုး တာဝန်ပေးအပ်ရန် အရည်အချင်းပြည့်ဝသည့် တပ်မတော်အရာရှိကြီးများ မရှိကြောင်း'' အကြောင်းပြတယ် လို့ ကန့်လန့်ကာနောက်ကွယ်က ဖြစ်ရပ်တွေကို ဦးကျော်သူက ရေးပါတယ်။

တပ်မတော်မှာ အနှစ် ၃၀ ကျော် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးကျော်သူက ဒီအကြောင်းပြချက်ကို လက်မခံခဲ့ဘဲ ဒါဟာ အဓိပ္ပာယ်မရှိဘူးလို့လည်း ထည့်ရေးပါတယ်။

''ဒါသမ္မတကြီးရဲ့လိုလားချက်၊ ဒါလေးပြင်ဖို့အရေး ခင်ဗျား အတော်လက်ပေါက်ကပ်တယ်၊ သမ္မတကြီးကို ကိုယ့်ဘာသာ ဝင်ရှင်း'' လို့ သမ္မတရုံးဝန်ကြီးက ဒေါသတကြီး ပြောခဲ့တဲ့အကြောင်း ဦးကျော်သူက သူ့စာအုပ်ထဲမှာ ဖွင့်ချပါတယ်။

ဦးကျော်သူရဲ့ စာအုပ်ထဲ သမ္မတရုံးဝန်ကြီးက ဘယ်သူဘယ်ဝါဆိုတာ နာမည်ထည့်မရေးပေမယ့် ဘီဘီစီရဲ့ စုံစမ်းဖော်ထုတ်ချက်အရ ဝန်ကြီးဦးစိုးသိန်းဖြစ်တယ် လို့ သိရပါတယ်။

၂၀၁၅ ရွေးကောက်ပွဲ နိုင်ခဲ့ရင် ဦးသိန်းစိန် က သမ္မတ သုံးနှစ်ဆက်လုပ်ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က သမ္မတ နှစ်နှစ် ဆက်လုပ်မယ့် အစီအစဥ်က တကယ်ရှိခဲ့ကြောင်း ဝန်ကြီးဟောင်းတစ်ဦးက လည်း ဘီဘီစီကို ပြောပါတယ်။

''သဘောက ဦးထင်ကျော်နဲ့ ဦးဝင်းမြင့်လို တစ်ဝက်စီပေါ့။ ဦးစိုးသိန်းက ဒုသမ္မတ၊ ဦးအောင်မင်းက လွှတ်တော် ဥက္ကဋ္ဌ ပေါ့။ အဲ့ဒီလိုတွေ စိတ်ကူးယဥ်ခဲ့ကြတာ'' လို့ သူကပြောပါတယ်။

ဒါပေမဲ့ ကြံ့ခိုင်ရေးပါတီ ၂၀၁၅ ရွေးကောက်ပွဲ ရှုံးပြီးတဲ့နောက် စစ်ဗိုလ်ချုပ်ဟောင်းတွေရဲ့ အိပ်မက်တွေ လည်း ပျက်ပြယ်ခဲ့ရပါတယ်။

ပါးနပ်တဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ ကာကွယ်ရေးဌာနကောင်စီ ညွှန်ကြားလွှာအမိန့်ကို ထုတ်ပြီး အသက် ၆၅ နှစ်အထိ တပ်ချုပ်နေရာမှာ ဆက်နေခဲ့ပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ အဖြစ်မိန့်ခွန်းပြောစဥ်
ဓာတ်ပုံ ပုံစာ, နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ အဖြစ်မိန့်ခွန်းပြောစဥ်

သမ္မတ အိပ်မက်ဆက်မက်ခြင်း

NLD အစိုးရလက်ထက်မှာတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ နိုင်ငံရေးခြေလှမ်းတွေဟာ သိသာမြင်သာလာပါတယ်။

သူ့မှာ စစ်ရေးအပြင် နိုင်ငံရေးနဲ့အုပ်ချုပ်ရေးအတွေ့အကြုံတွေရှိတဲ့အကြောင်း ထုတ်ပြောပြီး ဒါဟာ သူ သမ္မတလုပ်ချင်တဲ့အကြောင်း သွယ်ဝိုက်ပြောတာလို့ နိုင်ငံရေး အသိုင်းအဝိုင်းက နားလည်ကြပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ NLD ဆက်နိုင်ခဲ့ပေမယ့် မဲမသမာမှုအကြောင်းပြပြီးတော့ တပ်က အာဏာသိမ်းခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ အစောဆုံးလုပ်ဆောင်ချက်တွေထဲက တစ်ခုက ကာကွယ်ရေးဌာနကောင်စီ ညွှန်ကြားလွှာ ၁/၂၀၂၁ ကို ထုတ်ပြန်စေတာဖြစ်ပါတယ်။

ကကနကောင်စီညွှန်ကြားလွှာ ၁/၂၀၂၁
ဓာတ်ပုံ ပုံစာ, ကကနကောင်စီညွှန်ကြားလွှာ ၁/၂၀၂၁

ဒီညွှန်ကြားလွှာကြောင့် ၂၀၂၁ ဇူလိုင်လမှာ အသက် ၆၅ နှစ်ပြည့်ခဲ့ပြီး အငြိမ်းစားယူရမယ့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ တပ်ချုပ်ရာထူးအတွက် အသက်ကန့်သတ်ချက်မရှိ နေနိုင်သွားပြီ ဖြစ်ပါတယ်။

စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒီအသက်ကန့်သတ်ချက် အပြောင်းအလဲဟာ နိုင်ငံတော် တာဝန်ယူထားတဲ့ အချိန်ကာလအပေါ်မှာ မူတည်ပြီးတော့ ပြောင်းလဲလိုက်တာလို့ ဘီဘီစီ ကိုပြောပါတယ်။

ကိုယ်တိုင် တပ်ချုပ်ရာထူးမှာ နှစ်အကန့်အသတ်မရှိ နေနိုင်နေပေမဲ့ နိုင်ငံ့ဝန်ထမ်းတွေ အငြိမ်းစားယူရမယ့် အသက်ကို ၆၂ နှစ် အဖြစ် ပြောင်းလဲ လိုက်တာက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရဲ့ သမ္မတအိပ်မက် နဲ့ သက်ဆိုင်နေတယ်လို့ သုံးသပ်မှုတွေ ရှိလာပါတယ်။

တပ်ချုပ်အသစ်အတွက် လမ်းဖွင့်ပေးခြင်းလော

၂၀၂၃ ခုနှစ် ရွေးကောက်ပွဲသာ ကျင်းပဖြစ်ခဲ့ရင် ဦးမင်းအောင်လှိုင်ပဲ သမ္မတ လုပ်လိမ့်မယ် လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်နေကြပါတယ်။

တပ်ချုပ်နေရာကိုတော့ သူ စိတ်ချရတဲ့ လက်ရှိ စစ်ကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း ကို ထားခဲ့မယ်လို့ တစ်ဆက်ထဲ သုံးသပ်နေကြတာပါ။

ဦးမင်းအောင်လှိုင်အနေနဲ့ သူ့သမ္မတ ၅ နှစ်သက်တမ်း ပြည့်တဲ့အထိ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို တပ်ချုပ်နေရာမှာထားချင်လို့ အခုလိုပြင်ဆင်တာလို့ အငြိမ်းစားတပ်မတော်အရာရှိကြီးတစ်ဦးက သုံးသပ်ပါတယ်။

'' သူ့လိုတော့ တပ်ချုပ်နေရာကို အသက်အကန့်အသတ်မရှိ ဘယ်ထားခဲ့မလဲ။ ကကနကောင်စီအမိန့်ကို ပြန်ပြင်မှာပေါ့။ ဒါကြောင့် အခုလို အငြိမ်းစား အသက်ကို အရင်ပြင်တာ'' လို့ သူက သုံးသပ်ပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, LYNN BO BO/AFP/GETTY IMAGES

ဒါပေမဲ့ ၁၉၆၈ ခုနှစ်မှာ မွေးတဲ့ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းဟာ အခုအခါ အသက် ၅၃ နှစ်ပဲ ရှိသေးပြီး ၂၀၂၃ မှာ စတာဝန်ယူပြီး ၂၀၂၈ အထိအထိ ၅ နှစ်ကြာချိန်မှာ ၆၀ မပြည့်သေးတာမို့ သူ့ကို တပ်ချုပ်နေရာထားဖို့ဆိုရင် ၆၀ နှစ်သက်ပြည့်ပင်စင်ကို ၆၂ နှစ်ဆိုပြီး ပြင်စရာမလိုဘူးလို့လည်း မြန်မာ့နိုင်ငံရေး လေ့လာသူတစ်ဦးက ပြောပါတယ်။

ကာကွယ်ရေးဌာနကောင်စီ ညွှန်ကြားလွှာ ၁/၂၀၂၁ အရ ဗိုလ်ချုပ်မှူးကြီးနဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီးဟာ အသက်ကန့်သတ်ချက်မရှိတော့ပေမဲ့ သူတို့အောက်က ရာထူးတွေကတော့ အသက် ကန့်သတ်ချက် ရှိနေပါတယ်။

ဗိုလ်ချုပ်ကြီးတွေဆိုရင် လေးနှစ် တာဝန်ထမ်းဆောင်ခွင့်ရှိပြီး လိုအပ်ရင် နှစ်နှစ်အထိ ထပ်တိုးနိုင်ပါတယ်။ ဗိုလ်ချုပ်ကြီးအဆင့်အတွက် တာဝန်သတ်မှတ်ချက် တွေကတော့ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ)၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) နဲ့ ကာကွယ်ရေးဦးစီးချုပ်(လေ) တို့ပဲ ဖြစ်ပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီးတွေကတော့ ၅ နှစ် တာဝန်ထမ်းဆောင်ခွင့်ရှိပြီး ရာထူးမတိုးဘဲ သတ်မှတ်ကာလကျော်လွန်ရင် အငြိမ်းစားပေးရမှာဖြစ်ပါတယ်။

ဗိုလ်ချုပ်အဆင့်က ၆ နှစ်၊ ဗိုလ်မှူးချုပ်အဆင့်က ၇ နှစ်နဲ့ ဗိုလ်မှူးကြီးအဆင့်က ၈ နှစ် အသီးသီး သတ်မှတ်ထားပါတယ်။

ဗိုလ်ချုပ်ဇော်မင်းထွန်း
ဓာတ်ပုံ ပုံစာ, ဗိုလ်ချုပ်ဇော်မင်းထွန်း

အခုလို နိုင်ငံ့ဝန်ထမ်းတွေ အငြိမ်းစားယူရမယ့် အသက်ကို ပြင်ဆင်လိုက်တဲ့အတွက် တပ်မတော်အရာရှိကြီးတွေရဲ့ အငြိမ်းစားပေးတဲ့ သတ်မှတ်ချက်တွေကို ပါ ပြောင်းလဲ ပြင်ဆင်သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘီဘီစီ ကိုပြောပါတယ်။

နိုင်ငံ့ဝန်ထမ်းဥပဒေထဲက ဝန်ထမ်းအဓိပ္ပါယ် သတ်မှတ်ချက်မှာ ရဲနဲ့စစ်သား မပါဘူးလို့ ဖွင့်ဆိုထားပေမဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ တပ်မတော်ဥပဒေတွေမှာ နိုင်ငံ့ဝန်ထမ်းဥပဒေကို ပြန်ညွှန်းဆိုထားတဲ့ ပုဒ်မတွေရှိလို့ ရဲနဲ့ စစ်သားတွေလည်း သက်ဆိုင်တယ်လို့ ဘီဘီစီရဲ့မေးမြန်းမှုကို ဖြေကြားပါတယ်။

အရပ်ဘက် ဝန်ထမ်းတွေရဲ့အမြင်

နိုင်ငံ့ဝန်ထမ်းတွေ အငြိမ်းစားယူရမယ့် အသက်ကို ပြင်ဆင်ဖို့ ဦးသိန်းစိန်အစိုးရလက်ထက်ကတည်းက ကြိုးစားမှုတွေရှိခဲ့ပေမယ့် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သူက ငြင်းခဲ့သလို လွှတ်တော်ကလည်း မဲခွဲဆုံးဖြတ်ပြီး ၆၀ နှစ် အတိုင်းပဲ ရှိစေခဲ့ပါတယ်။

လွတ်လပ်ရေးရပြီးကတည်းက နိုင်ငံ့ဝန်ထမ်းတွေ အငြိမ်းစားယူရမယ့် အသက်ကို ၅၅ နှစ်လို့သတ်မှတ်ထားခဲ့တာပါ။ ၁၉၆၉ ခုနှစ်မှာမှ ၆၀ နှစ် လို့ ပြောင်းလဲ သတ်မှတ်လိုက်တာဖြစ်ပါတယ်။ အခုလို အနှစ် ၅၀ ကျော် တည်တံ့လာတဲ့ အငြိမ်းစားယူရမယ့် အသက်ကို လွှတ်တော်လည်းမရှိတဲ့ အရေးပေါ်ကာလမှာ ၆၂ နှစ်ကို ပြောင်းလဲ လိုက်တာ ဖြစ်ပါတယ်။

လေချုပ်တာဝန်မှ ဗိုလ်ချုပ်ကြီးမောင်မောင်ကျော် အနားပေးခံရ

ဓာတ်ပုံ ရင်းမြစ်, LYNN BO BO / GETTY IMAGES

ဓာတ်ပုံ ပုံစာ, လေချုပ်တာဝန်မှ ဗိုလ်ချုပ်ကြီးမောင်မောင်ကျော် အနားပေးခံရ

ကမ္ဘာ့နိုင်ငံအသီးသီးမှာလည်း ကိုယ်နိုင်ရဲ့ ပြည်တွင်းရေး အနေအထား၊ လူဦးရေတိုးပွားနှုန်း၊ အလုပ်လုပ်နိုင်သူ ဦးရေ၊ သက်ကြီးရွယ်အို အရေအတွက်ဆိုတာတွေကို တွက်ချက်ပြီး ပင်စင်ယူရမယ့်အသက်တွေကို တိုးမြှင့်ပြင်ဆင်တာတွေ လုပ်လေ့ရှိပါတယ်။

မြန်မာနိုင်ငံမှာတော့ CDM ကြောင့် အခက်တွေ့ခဲ့တဲ့ စစ်ကောင်စီအနေနဲ့ လက်ရှိဝန်ထမ်းတွေကိုပေးမထွက်ချင်လို့ ပြင်ဆင်တာလို့ မြင်ကြသူ အများအပြားရှိပေမယ့် ဒါကို စစ်ကောင်စီဘက်က ငြင်းဆိုပါတယ်။

နိုင်ငံရဲ့ လူ့စွမ်းအားရင်းမြစ်ကို ထိန်းသိမ်းဖို့နဲ့ လုပ်သက်ရင့် ကျွမ်းကျင်ဝန်ထမ်းတွေရဲ့ အတွေ့အကြုံတွေကို နိုင်ငံအတွက်ဆက်သုံးဖို့ ရည်ရွယ်တာလို့ ကြေညာပါတယ်။

နိုင်ငံ့ဝန်ထမ်းတွေရဲ့ အငြိမ်းစားယူမယ့် အသက်အပြောင်းအလဲအပေါ် မတူညီတဲ့အမြင်အမျိုးမျိုးလည်း ရှိနေပါတယ်။

ပင်စင်နီးနေပေမယ့် အကြောင်းကြောင်းကြောင့် ဝန်ထမ်းဆက်လုပ်ချင်သူတွေအတွက် ဒါက သတင်းကောင်းဖြစ်ပါတယ်။

''ရာထူးတိုးသွားတဲ့သူတွေ၊ ပင်စင်ယူရင်ဝန်ထမ်းအိမ်ရာကနေ ဖယ်ပေးရမှာမို့ နေစရာမရှိမှာစိုးရိမ်နေသူတွေကတော့ ပျော်ကြတာပေါ့'' လို့ လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတစ်ဦးကပြောပါတယ်။

CDM ဝန်ထမ်းတွေကို စစ်ကောင်စီက အရေးယူတာတွေရှိ

ဓာတ်ပုံ ရင်းမြစ်, MPA

ဓာတ်ပုံ ပုံစာ, CDM ဝန်ထမ်းတွေကို စစ်ကောင်စီက အရေးယူတာတွေရှိ

လက်ရှိ နိုင်ငံရေးအခြေအနေကြောင့် ဝန်ထမ်းဘဝကနေထွက်ချင်နေသူတွေအတွက်တော့ သတင်းဆိုးဖြစ်တယ်လို့ ဝန်ထမ်းတချို့ဆီက သိရပါတယ်။

'' ဆရာမဆို ပင်စင်နီးနေပြီ။ ဒီအရွယ်ကြီးမှ CDM လုပ်ပြီးလည်း လိုက်ဖမ်းရင် ထွက်မပြေးနိုင်တော့လို့ဆိုပြီး ပင်စင်စောင့်နေတာ။ အခုတော့ ဘာလုပ်ရမှန်း မသိတော့ဘူး'' လို့ ကျောင်းဆရာမတစ်ဦးကပြောပါတယ်။

အခုလို သက်ပြည့်ပင်စင်ကို ပြင်ဆင်လိုက်ပေမဲ့ တခြား ပင်စင်အမျိုးအစားတွေဖြစ်တဲ့ နှစ်ပြည့်ပင်စင်၊ နာမကျန်းပင်စင်၊ လျော်ကြေးပင်စင်၊ အထူးပင်စင်၊ မိသားစုပင်စင်နဲ့ လျှော့ပေါ့ပင်စင် တို့ကတော့ ဆက်ရှိနေမှာဖြစ်တယ်လို့ သိရပါတယ်။

CDM လုပ်နေတဲ့ ဝန်ထမ်းတစ်ဦးက တော့'' ရုံးသွားရင်တောင် ယူနီဖောင်းမဝတ်ရဲဘဲ ခိုးသွားနေရတဲ့အခြေအနေလေ။ အဲဒီလိုလူတွေ ထွက်မသွားအောင် ပြင်လိုက်တာ'' လို့ ပြောပါတယ်။