အီရန်ကို ဒေါ်လာသန်းထောင်ချီ ပြန်လွှဲပေးတဲ့ အမေရိကန်အကျဥ်းသား လဲလှယ်ရေး

အမေရိကန်ပြည်ထောင်စုဟာ အီရန်နဲ့ အမေရိကန်ကြား အကျဥ်းသားအပြန်အလှန်လဲလှယ်မှု အစီအစဥ်ထဲမှာ အီရန်အပေါ် ပိတ်ဆို့ထားတဲ့ ဒေါ်လာသန်းထောင်ချီကိုလည်း ပြန်လည် လွှဲပြောင်း အသုံးပြုခွင့်ပေးတဲ့ကယ်ဆယ်တဲ့အပေးအယူလုပ်လိုက်ပြီဖြစ်ပါတယ်။
ကာတာနိုင်ငံက ကြားဝင်ညှိနှိုင်းမှုနဲ့ပြုလုပ်တဲ့ အကျဥ်းသားအပြန်အလှန် လွှဲပြောင်းမှုကြောင့် အီရန်မှာ နှစ်နဲ့ချီ ထောင်ဒဏ် ကျခံနေရတဲ့ အမေရိကန် နိုင်ငံသား ၅ ဦး ပြည်တော်ပြန်ခွင့်ရမှာဖြစ်ပါတယ်။
အမေရိကန်ကတော့ ဒီလွှဲပြောင်းမှုဖြစ်လာစေဖို့ အီရန်က တောင်ကိုရီးယားနိုင်ငံကို ရေနံရောင်းချမှုကနေ ရလာပြီး လွှဲပြောင်းမှုပိတ်ထားခဲ့တဲ့ ဒေါ်လာ သန်းခြောက်ထောင်ကို ကာတာမြို့တော် ဒိုဟာက ဘဏ်တွေ ပြန်လွှဲပြောင်းလိုက်ပြီဖြစ်ပါတယ်။
အကျဥ်းသားလဲလှယ်တဲ့အစီအစဥ်ကြောင့် အမေရိကန်မှာ ထောင်ဒဏ်ချမှတ်ခံထားရတဲ့ အီရန်နိုင်ငံသား ၅ ဦးလည်း ပြန်လွတ်လာဖို့ရှိတယ်လို့ အီရန်နိုင်ငံပိုင် Press ရုပ်သံက သတင်းထုတ်ပြန်ပါတယ်။ အဲဒီထဲက နှစ်ဦးက ဒိုဟာမြို့ကို လေယာဥ်နဲ့ရောက်လာပြီဖြစ်တယ်လို့လည်း သတင်းက ဆိုပါတယ်။
ဒီလိုပြန်ရောက်လာတာနဲ့ ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်တာမရှိသေးပေမဲ့ အာဏာပိုင်တွေကတော့ ပြန်လွတ်လာတဲ့အကျဥ်းသား ၅ ဦးထဲက ၃ ဦးဟာ အီရန်ကို မပြန်လာကြဘူးလို့ ဘီဘီစီကို ပြောပါတယ်။
တနင်္လာနေ့ နောက်ဆုံးရရှိတဲ့သတင်းတွေအရဆိုရင် အီရန်ဘက်ကလည်း မြို့တော် တီဟီရန်မှာရှိတဲ့ အဗင်အကျဥ်းထောင်မှာ ထောင်ဒဏ်ချမှတ်ခံထားရတဲ့ အမေရိကန်နိုင်ငံသား ၅ ဦးကို အီရန်နိုင်ငံဆိုင်ရာ ကာတာသံအမတ်လက်အပ်လိုက်ပြီး တီဟီရန်လေဆိပ်မှာရှိတဲ့ ကာတာလေယာဥ်ပေါ် တက်သွားပြီလို့ ပြောထားပါတယ်။
အကျဥ်းသားတွေလဲလှယ်တဲ့အစီအစဥ်ဟာ ကာတာနိုင်ငံနဲ့ ကြားဝင် ညှိနှိုင်းမှုနဲ့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းမှာ စတင်ခဲ့တာဖြစ်ပါတယ်။
အဲဒီကတည်းက အမေရိကန်နဲ့ အီရန်ကိုယ်စားလှယ်အဖွဲ့တွေ ဒိုဟာမြို့မှာ ၉ ကြိမ်တိုင်တိုင်တွေ့ဆုံညှိနှိုင်းခဲ့ကြတာလို့ ညှိနှိုင်းမှုတွေအကြောင်းသိတဲ့ သတင်းရင်းမြစ်တစ်ဦးက ဘီဘီစီကို ပြောထားပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ကာတာအစိုးရ အကြီးတန်းအရာရှိတွေလည်း ဒီကြားထဲမှာ အီရန်အစိုးရရုံးစိုက်ရာ တီဟီရန်မြို့နဲ့ အမေရိကန်အစိုးရုံးစိုက်ရာ ဝါရှင်တန်မြို့တွေကြားထဲမှာ ကူးလာခေါက်ပြန် ခရီးနှင်ခဲ့ရပါတယ်။
အကျဥ်းသားလဲလှယ်မယ့် အစီအစဥ် သြဂုတ်လ ၁၀ ရက်မှာ ထွက်လာခဲ့ပြီးတဲ့နောက် အမေရိကန်ကလည်း ကာတာဘဏ်တွေမှာ ရောက်နေပြီး လွှဲပြောင်းအသုံးပြုခွင့် ပိတ်ထားတဲ့ အီရန်ရဲ့ရေနံရောင်းရငွေ ကန်ဒေါ်လာ သန်း ခြောက်ထောင်ကို လွှဲပြောင်းဖို့ သဘောတူခဲ့တာပါ။
အီရန်ဘက်က ပြန်လွှတ်ပေးလိုက်တဲ့ အမေရိကန်အကျဥ်းသားတွေထဲ စီမက် နာမာဇီ၊ အီမက် ရှာဂီနဲ့ မိုရက် တာဘက်ဇ်တို့ ပါဝင်တယ်လို့ ဘီဘီစီက သိရှိရပါတယ်။
အသက် ၅၁ နှစ်အရွယ် စီမက် နာမာဇီဟာ ခရေးဆန့်ရေနံလုပ်ငန်းရဲ့ ဗျူဟာမြောက် စီမံကိန်းဦးဆောင်အရာရှိဖြစ်ပါတယ်။
၂၀၁၅ ခုနှစ်၊ အောက်တိုဘာလမှာ သူရော သူ့ဖခင်ပါ အီရန်တော်လှန်ရေးအစောင့်တပ်တွေရဲ့ဖမ်းဆီးခံရပြီး ‘’ပြည်ပရန်သူနိုင်ငံနဲ့ပူးပေါင်းမှု’’နဲ့ အီရန်တရားရုံးက အပြစ်ချပြီး ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံခဲ့ရပါတယ်။
အသက် ၅၈ နှစ်အရွယ် အီမက် ရှာဂီကတော့ စီးပွားရေးသမားတစ်ဦးဖြစ်ပြီး ၂၀၁၈ ခုနှစ်မှာ ထိန်းသိမ်းခံရပါတယ်။ ထောက်လှမ်းရေးလုပ်တယ်လို့ စွပ်စွဲခံခဲ့ရပေမဲ့ ပြစ်မှုမထင်ရှားဘူးဆိုပြီး ပြန်လွှတ်ခဲ့ပေမဲ့ အီရန်အာဏာပိုင်တွေက သူ့နိုင်ငံကူးလက်မှတ်ကို သိမ်းထားခဲ့ပါတယ်။
နောက်တစ်ဦးကတော့ အသက် ၆၇ နှစ်အရွယ် သဘာဝတောရိုင်းတိရိစ္ဆာန်ထိန်းသိမ်းရေးသမား မိုရက် တာဘတ်ဇ် ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်မှာ သဘာဝပတ်ဝန်းကျင်အရေးတက်ကြွသူတွေကို နှိမ်နင်းချိန် သူဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။
အီရန်ရဲ့ဗျူဟာမြောက် နယ်မြေတွေမှာ လျှို့ဝှက်အချက်အလက်တွေကို စုဆောင်းတယ်ဆိုပြီး အာဏာပိုင်တွေက တာဘတ်ဇ်နဲ့ အခြားသဘာဝပတ်ဝန်းကျင်အရေးတက်ကြွသူတွေကို စွပ်စွဲခဲ့ပါတယ်။
ထိန်းသိမ်းခံ အမေရိကန်နိုင်ငံသားတွေ ပြန်လွတ်လာတာဖြစ်ပေမဲ့ တဖက်မှာလည်း အမေရိကန်ပြည်တွင်းမှာတော့ ဒီအစီအစဥ်ကို ဝေဖန်တာတွေ ရှိနေပါတယ်။
ရီပတ်ပလင်ကန်ပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ အီရန် တက်ကြွလှုပ်ရှားသူတွေကတော့ အီရန်ဟာ အခုလို အကျဥ်းသားလွှဲပြောင်းတဲ့အစီအစဥ်မျိုး ထပ်ဖြစ်လာအောင် ဓားစာခံလိုမျိုးဖမ်းဆီးတာတွေ လုပ်နိုင်တယ်ဆိုပြီး ဝေဖန်ပြောဆိုကြပါတယ်။
ချာတန် ဟောက်စ် တတ်သိပညာရှင်အဖွဲ့က အရှေ့အလယ်ပိုင်းနဲ့ မြောက်အာဖရိကဆိုင်ရာ ညွှန်ကြားရေးမှူး ဆာနမ် ဗာကီးလ်ကလည်း အကျဥ်းသားတွေကို ‘’ဓားစာခံအဖြစ်’’ သုံးနှုန်းမှသာ သင့်တော်မယ်လို့ ဆိုပြီး ဘီဘီစီကိုပြောပါတယ်။
‘’အီရန်ဟာ ဓားစာခံဖမ်းတဲ့နိုင်ငံဖြစ်ပါတယ်။ ... ပြီးခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်လုံးလုံးမှာ အီရန်အစိုးရက လုပ်လာတဲ့ လုပ်ပုံကိုင်ပုံနောက်တစ်ခုပါပဲ။ မျှတမှုမရှိတဲ့ တရားရေးကျင့်သုံးပြီး ကိုယ့်နိုင်ငံသားကိုတောင် ဓားစာခံအသွယ် အခွင့်အရေးချိုးဖောက်နေတာပဲလေ’’ လို့ သူက ပြောပါတယ်။
အခုအပေးအယူနဲ့ ပတ်သက်ပြီး အမေရိကန်ဘက်ကို မြင်တဲ့အမြင်ကို သူ့ကို မေးကြည့်ရာမှာတော့ ဒါဟာ ဘိုင်ဒန်အစိုးရရဲ့ ကတိတည်မှုကို ပြတယ်လို့ သူက ပြောပါတယ်။
‘’သမ္မတ ဘိုင်ဒန်က ပြည်ပမှ မတရား ထိန်းသိမ်းခံထားရတဲ့အမေရိကန်နိုင်ငံသားတွေ နေအိမ်ပြန်လာနိုင်ရေးလုပ်မယ်လို့ ကတိပေးထားတာပါ။ အခု ဒါက သူ့ကတိကို အကောင်အထည်ဖော်တာပါပဲ’’ လို့ သူကပြောပါတယ်။










