ဆန္ဒပြသူတွေကို သေဒဏ်ကနေ လွတ်အောင် ကာကွယ်ပေးဖို့ ကြိုးစားနေကြတဲ့ အီရန်ရှေ့နေတွေ

ဓာတ်ပုံ ရင်းမြစ်, AFP
- ရေးသားသူ, ဖီရူဇာ အက်ဘာရီယန် နှင့် ကဝန်း ခါမွတ်ရှ်
- ရာထူးတာဝန်, ဘီဘီစီကမ္ဘာတလွှားသတင်းဌာန
အီရန်နိုင်ငံမှာ ခေါင်းခြုံပုဝါ မဆောင်းလို့ ဆိုပြီး ရဲက ထိန်းသိမ်းထားစဉ်အတွင်း သေဆုံးသွားခဲ့သူ ကာ့ဒ်စ်အမျိုးသမီးငယ် မာဆာ အာမေနီ သေဆုံးခဲ့အပြီး အစိုးရဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေအတွင်း အနည်းဆုံး လူ ၃ သောင်းလောက် ဖမ်းဆီးခံခဲ့ရပါတယ်။
အီရန်အစိုးရက လူအစုလိုက်အပြုံလိုက် ခြေရာခံ လိုက်လံဖမ်းဆီးမှုကြီး လုပ်ခဲ့ပြီး အနည်းဆုံး လူ ၄ ဦးကို ကွပ်မျက်စီရင်ခဲ့ပါတယ်။
ဆန္ဒပြမှုတွေ လျော့ကျသွားချိန်မှာ အာဏာပိုင်တွေက လူ ၂ သောင်း ၂ ထောင်ကို မတူကွဲပြားတဲ့ ကန့်သတ်ချက်တွေနဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ လူ ၁၀၀ ကျော်ကတော့ သေဒဏ်ချမှတ်ခံရ ဒါမှမဟုတ် သေဒဏ်ကျခံနိုင်လောက်တဲ့ ပြစ်မှုတွေနဲ့ စွဲချက်တင်ခံထားရဆဲ ဖြစ်ပါတယ်။
ဒီအမှုတွေမှာ ပါဝင်ဆောင်ရွက်ပေးနေတဲ့ အီရန်နိုင်ငံက ရှေ့နေ အတော်များများကို ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့ပါတယ်။ သူတို့ရဲ့ လုံခြုံရေးအရ နာမည်တွေ လွှဲပြောင်းဖော်ပြထားပြီး သူတို့ဘယ်သူဘယ်ဝါ ဆိုတာ ခြေရာမခံနိုင်အောင် အသေးစိတ် အချက်အလက်တချို့ကို ချန်လှပ်ဖော်ပြထားပါတယ်။
စိုးရိမ်စိတ်နဲ့ နေနေရ
အာမင်ဟာ အီရန်နိုင်ငံမှာ ရှေ့နေအဖြစ် လုပ်ကိုင်နေတာ နှစ်ပေါင်း ၁၅ နှစ်ကျော်ပါပြီ။ သူဟာ အထင်ကရ နိုင်ငံရေးသမားတွေအတွက် မကြာခဏ ရှေ့နေလိုက်ပေးလေ့ ရှိတာကြောင့် အာဏာပိုင်တွေရဲ့ ခြိမ်းခြောက်မှုတွေကို ဘယ်လို ရင်ဆိုင်ဖြေရှင်းရမလဲဆိုတာကို အတော်လေးကျွမ်းနေပါပြီ။
ဒါပေမဲ့ စုံစမ်းထောက်လှမ်းရေး ဝန်ကြီးဌာန ဒါမှမဟုတ် အစ္စလာမစ် တော်လှန်ရေးတပ်ဖွဲ့ (IRGC)က ထောက်လှမ်းရေးတွေရဲ့ ထပ်ဖမ်းဆီးခံရမှာကိုတော့ အရမ်းကြောက်နေတယ်လို့ ညင်ညင်သာသာ စကားပြောလေ့ရှိတဲ့ ရှေ့နေ အာမင်က ဘီဘီစီကို ပြောပြပါတယ်။
လွန်ခဲ့တဲ့ နှစ်ပိုင်း အတော်ကြာလောက်က နာမည်ကြီး နိုင်ငံရေးသမားတစ်ဦးကို တရားရုံးမှာ အကျိုးဆောင်ပေးခဲ့စဉ် အာမင် ထိန်းသိမ်းခံခဲ့ရပြီး စစ်ဆေးမေးမြန်းခံခဲ့ရဖူးပါတယ်။ အစိုးရကို ဆန့်ကျင်တဲ့ ဝါဒဖြန့်မှုမှာ ပါဝင်ခဲ့တယ်ဆိုပြီး နောက်ပိုင်းမှာ သူ့ကို စွပ်စွဲခဲ့ပါတယ်။
“မီးတွေထိုးထားပြီး အသံတွေ ဆူညံနေတဲ့ ထောင်ခန်းထဲမှာ ကျွန်တော် ပိတ်လှောင် ထိန်းသိမ်းခံခဲ့ရပါတယ်၊ စစချင်း ခေါင်းထဲ ထိုးကိုက်ပြီး မူးဝေလာပါတယ်၊ အဲဒီနောက် ထိုးအန်ပါတော့တယ်။” လို့ အာမင်က ပြောပြပါတယ်။
“နေ့တွေရက်တွေလည်း မသိတော့ဘူး၊ ဘယ်ရောက်နေသလဲ ဆိုတာလည်း မမှတ်မိတော့ဘူး၊ ဆီး ဝမ်းလည်း မမှန်တော့ဘူး၊ ကျွန်တော့ကို ဆေးထိုးအပ်တစ်ချောင်းနဲ့ လာထိုးသွားတယ်၊ ကျွန်တော် ရုတ်တရက် တက်သွားတော့ သူတို့ ကျွန်တော့်ကို ဆေးရုံပို့ခဲ့တယ်။”
သူပြန်နာလံထပြိး ပုံမှန်ဘဝ ပြန်ရောက်ဖို့ အချိန် နှစ်နှစ် ကြာခဲ့တယ်လို့ သူက ပြောပါတယ်။ အာမင်ရဲ့ စွပ်စွဲပြောဆိုချက်တွေကို အီရန်အာဏာပိုင်တွေက ဟိုးကတည်းက ငြင်းဆိုထားပြီး မဟုတ်မမှန် လျှောက်ပြောနေတာလို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဒါပေမဲ့ “အမျိုးသမီး၊ ဘဝ၊ လွတ်လပ်မှု” ဆိုတဲ့ ဆန္ဒပြလှုပ်ရှားမှုကြီး မနှစ်က လမ်းမတွေပေါ် ထွက်ပေါ်လာချိန်မှာ အာဏာပိုင်တွေက လူထောင်သောင်းချီ ဖမ်းဆီးထိန်းသိမ်းခဲ့စဉ်မှာတော့ အာမင်က သူဘယ်လောက်ပဲ ကြောက်ရွံ့ထိတ်လန့်နေပါစေ၊ ဒီလူတွေကို သူကူရတော့မယ်ဆိုတာကို သိခဲ့ပါတယ်။
အာမင်ဟာ ဆန္ဒပြသူ ၁၀ ယောက်ကျော်လောက်ကို တရားရုံးမှာ ရှေ့နေလိုက်ပေးခဲ့ပါတယ်။ ဆန္ဒပြသူတစ်ယောက်ဆိုရင် အာဏာပိုင်တွေရဲ့ စစ်ဆေးမေးမြန်းခံရစဉ် အရိုးတစ်ချောင်း ကျိုးခဲ့တယ်လို့ အာမင်က ပြောပြပါတယ်။ အဲဒီအမျိုးသမီးကို “ဝန်ခံချက် အတင်း ထွက်ဆိုခိုင်းဖို့ “အာဏာပိုင်တွေက ကြိုးစားခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ အဲဒီအမျိုးသမီး သွေးတွေ စထွက်လာချိန်မှာတော့ သူ့ကို ညသန်းခေါင်ယံကြီးမှာ ထိန်းသိမ်းရေးစခန်းကနေ ဖယ်ထုတ်သွားပြီး လမ်းဘေးတစ်နေရာမှာ ပစ်ထားခဲ့ပါတယ်။
“ခြိမ်းခြောက်မှုတွေ ဆက်ရှိခဲ့ပြီး သူ့အရိုးကျိုးသွားတာနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ အာဏာပိုင်တွေကို တိုင်ကြားဖို့တောင် မလုပ်နိုင်ခဲ့တော့ဘူး” လို့ အာမင်က ပြောပြပါတယ်။ အဲဒီနောက်ပိုင်း သူ့အမှုသည်အပေါ် စွဲဆိုထားတဲ့ စွဲချက်တွေအားလုံးကို ပြန်ရုပ်သိမ်းလိုက်တယ် လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Soical Media
အီရန် တရားစီရင်ရေးဌာနကတော့ ပြည်သူတိုင်းအပေါ် တရားမျှတတဲ့ စစ်ဆေးကြားနာခွင့် ပြုထားတယ်လို့ ပြောပါတယ်။ ဆန္ဒပြသူတွေနဲ့ သူတို့ကို အကျိုးဆောင်ပေးနေတဲ့ ရှေ့နေတွေဟာ ပြည်ပအင်အားစုတွေရဲ့ ခါးပိုက်ဆောင်တွေ ဖြစ်တယ်လို့ စွပ်စွဲနေပါတယ်။
ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့တဲ့ ရှေ့နေတွေအားလုံးကတော့ အစိုးရဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေ စပေါ်ပေါက်ခဲ့တဲ့ စက်တင်ဘာလက စလို့ သူတို့နဲ့ သူတို့ရဲ့ အမှုသည်တွေအပေါ် အစိုးရရဲ့ ခြိမ်းခြောက်အနှောင့်အယှက်ပေးမှုတွေ အရှိန်တိုးမြင့်လာတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက ရှေ့နေ အုပ်စုကြီးတစ်စုက “အစိုးရရဲ့ တရားစီရင်မှုစနစ်က ပြည်သူတွေရဲ့ အခွင့်အရေးတွေကို အကြီးအကျယ် ချိုးဖောက်နေတယ်”ဆိုပြီး တီဟီရန်မြို့မှာရှိတဲ့ ဗဟိုရှေ့နေအဖွဲ့ရုံး အပြင်ဘက်မှာ စုဝေး ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။
သီးခြားလွတ်လပ်တဲ့ ရှေ့နေ အနည်းဆုံး ၄၉ ယောက်လောက် အဖမ်းခံထားရတယ်လို့ အစိုးရအဖွဲ့မဟုတ်တဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ နော်ဝေး အခြေစိုက် အီရန်လူ့အခွင့်အရေးအဖွဲ့ က ပြောပါတယ်။
“ဒီရှေ့နေတွေဟာ သူတို့ရဲ့ အလုပ်ကိုပဲ လုပ်နေတာ ဖြစ်ပေမဲ့ တရားစီရင်ရေးဌာနရဲ့ ခြိမ်းခြောက်နှောင့်ယှက်မှုကို ခံနေရတာ နှစ်ပေါင်းများစွာ ကြာနေပါပြီ” လို့ အီရန် လူ့အခွင့်အရေးအဖွဲ့က ကြေညာချက်ထဲမှာ ဖော်ပြခဲ့ပါတယ်။
ပြီးခဲ့တဲ့ မတ်လက အီရန် တရားစီရင်ရေးဌာနက အထင်ကရ ရှေ့နေတစ်ဦးဖြစ်တဲ့ နီမက် အာမာဒီရဲ့ ရှေ့နေလိုင်စင်ကို ရုပ်သိမ်းခဲ့ပြီး ရှေ့နေလိုက်ခွင့် ရာသက်ပန် ပိတ်ပင်ခဲ့ပါတယ်။ သူဟာ တက္ကသိုလ်ပါမောက္ခ အလုပ်ကနေလည်း အထုတ်ခံထားရပြီး ဖြစ်ပါတယ်။ ဘာ့ကြောင့်လဲ ဆိုတာကို အာဏာပိုင်တွေဘက်က ကြေညာချက်ထုတ်ပြန်တာမျိုး ဒါမှမဟုတ် အကြောင်းတစုံတရာ ပြတာမျိုး မရှိသေးပါဘူး။
နောက်ရှေ့နေတစ်ဦးဖြစ်တဲ့ မွတ်စ်တာဖာ နီလီဟာလည်း အစိုးရဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေ အရှိန်မြင့်နေတဲ့ နိုဝင်ဘာလတုန်းက ထောင်သွင်းအကျဉ်းချခံထားရတဲ့ ဆန္ဒပြသူတွေ၊ သေဆုံးခဲ့သူတွေရဲ့ မိသားစုတွေအတွက် ရှေ့နေလိုက်ပေးဖို့ တခြားမြို့တစ်မြို့ကို လေယာဉ်နဲ့ သွားဖို့ ပြင်နေတုန်း ဖမ်းဆီးခံခဲ့ရပါတယ်။
ညစ်ညမ်းတဲ့နေရာ
အီရန်မှာ တရားစွဲခံရသူတွေဟာ ရှေ့နေငှားခွင့် ရှိပါတယ်။ ဒါပေမဲ့ ဘုရားကို စော်ကားမှု ဒါမှမဟုတ် အကျင့်စာရိတ္တပျက်ပြားမှု စွဲချက်တွေနဲ့ တရားစွဲခံရရင်တော့ ဒီစွဲချက်နှစ်ခုစလုံးဟာ သေဒဏ် ချမှတ်ခံရနိုင်ဖွယ်ယ် ရှိပြီး သူတို့စိတ်ကြိုက် ရှေ့နေငှားခွင့်လည်း မရှိပါဘူး။
အဲဒီအစား တရားစီရင်ရေးဌာနက အသိအမှတ်ပြုထားတဲ့ ရှေ့နေများစာရင်းထဲက တစ်ဦးဦးကို တရားရုံးက ရွေးချယ်ခန့်ပေးပါတယ်။ သူလျှို ထောက်လှမ်းမှုစွဲချက်တွေနဲ့ တရားစွဲခံရသူတွေလည်း အလားတူ အခြေအနေမျိုး ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Jamaran News Agency
အီရန်တရားရေးဌာနက သူတို့ စည်းမျဉ်းအတိုင်း လိုက်နာဆောင်ရွက်ပါတယ်လို့ ပြောနိုင်ဖို့အတွက် အဆိုပြုလွှာတွေ တင်ပြီး ကြားနာစစ်ဆေးမှုတွေ ခပ်မြန်မြန် လုပ်လိုက်တာမျိုးကို မကြာခဏ တွေ့ခဲ့ရတယ်လို့ ရှေ့နေသက်တမ်း နှစ် ၂၀ ကျော် ရှိပြီဖြစ်တဲ့ အမျိုးသမီးရှေ့နေ တော့ခ်တမ် က ပြောပါတယ်။
အစိုးရ အသိအမှတ်ပြု ရှေ့နေစာရင်းပါ ရှေ့နေတွေလို မဟုတ်ဘဲ တော့ခ်တမ်ဟာ သီးခြားလွတ်လပ်တဲ့ ရှေ့နေအဖြစ် ဆက်နေနေရင်းနဲ့ တရားစီရင်ရေးဘောင်အတွင်းထဲကနေပဲ အခက်အခဲတွေ ရှိနေတဲ့ကြားက သူကိုယ်စားပြုပေးနိုင်သူတွေအတွက် ဘက်မလိုက်တဲ့ အကြံပေး ညှိနှိုင်းမှုတွေ လုပ်ပေးနေပါတယ်။
“ခြိမ်းခြောက်ခံရတာ၊ ထောက်လှမ်းရေးတွေရဲ့ ခေါ်မေးခံရတာ၊ အထိန်းသိမ်းခံရတာ၊ ထောင်ချခံရတာတွေက စိန်ခေါ်မှုတွေထဲက တချို့တဝက်လောက်ပါပဲ” လို့ တော့ခ်တမ် က ပြောပြပါတယ်။
“အစိုးရအဖွဲ့အစည်းတွေက ကိုယ့်ကို သူတို့ရဲ့ အတိုက်အခံအဖြစ် မြင်နေကြတဲ့အတွက် သိပ်မလွယ်လှပါဘူး။”
သီးခြားလွတ်လပ်တဲ့ ရှေ့နေတွေအတွက် ပတ်ဝန်းကျင်အခြေအနေက ပိုပိုဆိုးလာနေတယ်လို့ သူက ပြောပါတယ်။
“လက်ရှိမှာ တရားရုံးထဲက အခြေအနေက လောက်တွေပြည့်နေတဲ့ ညစ်ပတ်နေတဲ့ နေရာတစ်ခုမှာ အလုပ်လုပ်နေရတဲ့ပုံမျိုး ဖြစ်နေပါတယ်” လို့ တော့ခ်တမ် က ပြောပါတယ်။
သူဟာ ဆန္ဒပြမှုမှာ ပါဝင်ခဲ့တယ်လို့ စွပ်စွဲခံထားရသူ အတော်များများအတွက် ရှေ့နေလိုက်ပေးနေပါတယ်။ အဲဒီလူတွေဟာ သေဒဏ်အထိ အပြစ်ပေးခံရနိုင်ဖွယ် ရှိပါတယ်။
အီရန်ရဲ့ တရားရေးစနစ်အရ တရားရုံးတစ်ခုက သေဒဏ် ချမှတ်လိုက်ရင် ဒီစီရင်ချက်ကို အထက်တရားရုံး ဒါမှမဟုတ် တရားရုံးချုပ်မှာ အယူခံဝင်ခွင့် ရှိပါတယ်။ တကယ်လို့ တရားရုံးချုပ်က ဒီ သေဒဏ် စီရင်ချက်ကို အတည်ပြုလိုက်မယ်ဆိုရင်လည်း ထပ်ပြီး အယူခံဝင်ခွင့် ရှိနေပါသေးတယ်။
ဒါပေမဲ့ တော့ခ်တမ်ကတော့ ဒီတရားရင်ဆိုင်ခွင့်၊ အယူခံဝင်ခွင့်ဆိုတဲ့ အခွင့်အလမ်းငယ်လေးကနေ ရလာနိုင်မယ့် ကျဉ်းမြောင်းမှုကို စိုးရိမ်နေပါတယ်။ ခုချိန်ထိ ဆန္ဒပြသူ ၄ ဦး ကွပ်မျက်စီရင်ခံခဲ့ရပြီး ဖြစ်ပါတယ်။
အီရန် အစ္စလာမစ်သမ္မတနိုင်ငံ အစိုးရဟာ သေဒဏ်ကို ခြိမ်းခြောက်စရာလက်နက်တစ်ခုအနေနဲ့ အသုံးပြုနေတယ် လို့ အီရန် လူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။ “နိုင်ငံတဝန်း ဆန္ဒပြမှုတွေ ပေါ်ပေါက်ခဲ့အပြီး ကွပ်မျက်စီရင်မှုတွေ သိသိသာသာ တိုးလာတာက ဒါကို သက်သေပြနေပါတယ်။”

ဓာတ်ပုံ ရင်းမြစ်, Getty Images
သီးခြားလွတ်လပ်တဲ့ ရှေ့နေတွေကို မငှားတာက သူတို့အတွက် ပိုအကျိုးရှိလိမ့်မယ်ဆိုပြီး စွဲချက်တင်ခံထားရသူတွေကို တရားရေးဌာနက အကြံပေးတာမျိုးတွေ ရှိတယ်လို့ ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့တဲ့ ရှေ့နေတွေအားလုံးက ပြောပါတယ်။
သီးခြားလွတ်လပ်တဲ့ ရှေ့နေတွေကို မငှားရင် ပြစ်ဒဏ် ပိုနည်း၊ ပိုသက်သာမယ်ဆိုတဲ့ သဘောပါ။
“အဓိကကိစ္စရပ်က ဒီအမှုတွေမှာ တရားသူကြီးဟာ အစိုးရ ထောက်ခံသူတွေ ဖြစ်နေလေ့ ရှိတာပါ”လို့ နောက်ရှေ့နေတစ်ဦးဖြစ်တဲ့ မူဆာဒစ်က ပြောပါတယ်။
“ဒီလိုအမှုမျိုးတွေမှာ ရှေ့နေငှားငှား၊ မငှားငှား ဘာမှ ထူးမှာမဟုတ်ဘူးလို့ တီဟီရန်မြို့က အီရန်တော်လှန်ရေး တရားရုံးမှာ ကျွန်တော် အကြိမ်ကြိမ် အပြောခံခဲ့ရတယ်” လို့ သူက ပြောပြပါတယ်။
"အမှုတစ်ခုမှာဆိုရင် အဲဒီတရားခံဘက်က အမှုလိုက်ပေးဖို့ ကျွန်တော် တင်းခံနေရင် သူ့ကို အပြင်းထန်ဆုံး ပြစ်ဒဏ်ပေးဖို့ စဉ်းစားမယ်ဆိုပြီး တရားသူကြီးက ကျွန်တော့်ကို ပြောဖူးပါတယ်။"
တော့ခ်တမ်ကတော့ ဆန္ဒပြသူတစ်ဦးရဲ့ အခွင့်အရေးတွေကို ထုတ်ဖော်ပြောပြီး သူတို့ရဲ့ ပြစ်ဒဏ်တွေ လျော့သွားအောင် လုပ်ခြင်းအားဖြင့် အီရန်နိုင်ငံရဲ့ တရားရေးစနစ်ကို အနိုင်ယူနိုင်မယ်လို့ ဆက်လက်မျှော်လင့်နေဆဲ ဖြစ်ပါတယ်။
“ရှေ့နေငှားတာက လုံးဝမငှားတာထက် ပိုကောင်းပါတယ်” လို့ မူဆာဒစ် က ပြောပါတယ်။








