KIA တိုက်နေတဲ့ဗန်းမော်ကို စစ်သင်္ဘောတွေရောက်သွားတာက ဘာဆက်ဖြစ်နိုင်လဲ

ကချင်စစ်မျက်နှာပြင်ကို ကုန်းလမ်းကနေ ထောက်ပံ့ဖို့ အခက်ကြုံနေတဲ့ မြန်မာစစ်တပ်ဟာ စစ်သင်္ဘောတွေ ပါဝင်တဲ့ထောက်ပို့သင်္ဘောစုကို ဗန်းမော်စစ်မြေပြင်အတွက် အထောက်အကူ ပို့လိုက်ပါတယ်။

စစ်သင်္ဘောအုပ်စုဟာ ဗန်းမော်ကိုသွားတဲ့ ဧရာဝတီမြစ်ကြောင်းတလျှောက်မှာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့အကြိမ်ကြိမ် တိုက်ခိုက်ခံရလို့ ပုံမှန်ဆို ရက်အနည်းငယ်ပဲကြာတဲ့ဒီရေလမ်းကို သီတင်းနှစ်ပတ်ကြာ ခုတ်မောင်းခဲ့ရပါတယ်။

ဒီအခြေအနေကြောင့်ပဲ မန္တလေးမြို့က အထွက်မှာ ၁၇ စင်းပါတဲ့ ဒီစစ်သင်္ဘောအုပ်စုဟာ ဗန်းမော်မြို့ကို ရောက်ချိန်မှာ ၁၀ စင်း ဝန်းကျင်ပဲ ရှိတော့တယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သင်္ဘောတွေနဲ့အတူပါလာတဲ့ လက်နက် ရိက္ခာ အကူအညီကြောင့် စစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်(ကေအိုင်အေ)တို့ကြား နှစ်ဝက်ကျိုးလာတဲ့ ဗန်းမော်တိုက်ပွဲဟာ အချိုးအကွေ့တစ်ခု ဖြစ်လာနိုင်တယ်လို့ အကဲခတ်တွေက သုံးသပ်ကြပါတယ်။

ဒီသင်္ဘောတွေမှာ ဘာတွေ တင်ဆောင်လာလဲ

ဗန်းမော်မြို့ကို ကချင်လွတ်လပ်ရေးတပ်(ကေအိုင်အေ)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်(ပီဒီအက်ဖ်) ပူးပေါင်းတပ်တွေ မြို့သိမ်းတိုက်ပွဲဖော်နေတာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကတည်းက ဖြစ်ပါတယ်။

ဒီတိုက်ပွဲ ၇ လထဲ ဝင်လာချိန်မှာ စစ်တပ်ကလည်း တိုက်ပွဲအစမှာ မသုံးခဲ့တဲ့ဒရုန်းတွေသုံးတာမျိုးလို တန်ပြန်တိုက်ခိုက်တဲ့နည်းတွေ သုံးလာပါတယ်။

ဗန်းမော်က စစ်တပ်ရဲ့အမှတ် ၃၆၆ အမြောက်တပ်၊ အမှတ် ၂၃၆ ခြေလျင်တပ်ရင်း၊ တင့်ကားတပ်၊ သံချပ်ကာတပ်တွေကို ကေအိုင်အေက သိမ်းထားပါတယ်။

စစ်တပ်ကတော့ အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ အမှတ် ၄၇ ခြေလျင်တပ်၊ အမှတ် ၉၃၃ ထောက်ပံ့ ပို့ဆောင်ရေးတပ်၊ တပ်မ ၈၈ လက်အောက်ခံတပ်ရင်းစတဲ့တပ်တွေ အပါအဝင် စခန်း ၈ ခုလောက်မှာ ခြေကုတ်ယူထားဆဲဖြစ်ပါတယ်။

အဲဒီတပ်စခန်းတွေကိုလည်း ကေအိုင်အေက ပိတ်ဆို့ထားလို့ အဲဒီတပ်တွေမှာ ရိက္ခာ၊ လက်နက်အခက်အခဲတွေ ရှိနေတာပါ။

ဒီအတောအတွင်းမှာပဲ စစ်တပ်က စစ်သင်္ဘောအုပ်စုကို လွှတ်ပြီး ရေကြောင်းကနေ ထောက်ပို့လိုက်တာလို့ ကေအိုင်အေက ယူဆပါတယ်။

"ပိတ်မိနေတဲ့ စစ်ကောင်စီတပ်တွေမှာ စားနပ်ရိက္ခာလည်း ပြတ်၊ လက်နက်ခဲယမ်းလည်း ကုန် ဆိုတော့ ဒါတွေကို ဖြည့်တင်းပြီး သူတို့ လူနာတွေ၊ မိသားစုဝင်တွေကို ပြန်ခေါ်သွားရမှာမို့ အရဲစွန့်ပြီး ရောက်လာတဲ့ သဘောရှိတယ်"လို့ ကေအိုင်အေ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

လေကြောင်းကနေ ရဟတ်ယာဉ်နဲ့ ပို့ဆောင်သယ်ယူဖို့ အကန့်အသတ်ရှိတာကလည်း အခုလို ရေကြောင်းကနေ ထောက်ပို့တဲ့အကြောင်းရင်း တစ်ချက်ဖြစ်နိုင်တယ်လို့ သူက မှတ်ချက်ပေးပါတယ်။

ပြီးခဲ့တဲ့မေလမှာ KIA နဲ့ PDF တွေ တိုက်ခိုက်လို့ ဗန်းမော်ကို စစ်ကူပို့တဲ့ စစ်တပ် ထောက်ပို့ ရဟတ်ယာဉ် ၁ စီး ပျက်ကျခဲ့ပြီး နောက် ၁ စီးလည်း ဖျက်ဆီးခံရပါတယ်။

ဒီလိုအခြေအနေတွေကြောင့် ရေကြောင်းကို သုံးပြီး ဩဂုတ် ၁ ရက်မှာ ဗန်းမော်ကို ဆိုက်ကပ်လာတဲ့ စစ်တပ် ထောက်ပို့ သင်္ဘောအုပ်စုဟာ ဩဂုတ် ၄ ရက်အထိ ပစ္စည်းတွေကို ချနေတုန်းဖြစ်ပါတယ်။

ပစ္စည်းတွေကို ဗန်းမော်မြို့ ဆိပ်ကမ်းလုံခြုံရေး ယူပေးနေတဲ့ အမှတ် ၄၇ ခြေလျင်တပ်ရင်းကို သယ်ပို့မှာဖြစ်ပြီး အဲဒီကနေမှ တခြားတပ်ရင်းတွေကို ထပ်ပို့နိုင်တယ်လို့လည်း ဗိုလ်မှူးကြီးနော်ဘူက ခန့်မှန်းပါတယ်။

"ဗန်းမော်ထောင်ထဲက အကျဉ်းသားတွေကို သုံးပြီး အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ထဲကို ပစ္စည်းတွေ ပို့ခိုင်းနေတယ်" လို့ ကေအိုင်အေစစ်ရေးအရင်းအမြစ်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ကေအိုင်အေက စစ်တပ်ထောက်ပို့ ရဟတ်ယာဉ်တွေကို မေလတုန်းက တိုက်ခိုက်ခဲ့တဲ့နေရာဟာ ဗန်းမော်အကျဥ်းထောင်အပြင်ဘက် ဧရာဝတီမြစ်ဘေး သောင်ပြင်မှာဖြစ်ပါတယ်။

ဗန်းမော်ဆိပ်ကမ်းကို ဆိုက်ကပ်တဲ့သင်္ဘောတွေထဲမှာ ပစ္စည်းတင်သင်္ဘော ၄ စင်း၊ ကမ်းထိုးသင်္ဘော ၃ စင်းနဲ့ စစ်သင်္ဘောတွေအပါအဝင် ၁၀ စင်းဝန်းကျင်ရှိတယ်လို့ ကေအိုင်အေ စစ်ရေး ရင်းမြစ်က ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ စစ်သင်္ဘောအုပ်စုကနေ ဆန်၊ ဆီ၊ ဆားစတဲ့ ရိက္ခာတွေအပါအဝင် စစ်သုံးပစ္စည်းတွေ၊အသေခံဒရုန်းတွေအပြင် ဆောက်လုပ်ရေးသုံး သံဘောင်တွေ၊ ဘိလပ်မြေတွေကအစ ပါဝင်တယ်လို့ ဗန်းမော်က KIA စစ်ရေးအရင်းအမြစ်က ပြောပါတယ်။

အကြိမ်ကြိမ်တိုက်ခိုက်ခံရတဲ့ စစ်သင်္ဘောတွေရဲ့ဧရာဝတီခရီး

ဗန်းမော်ကို ဦးတည်တဲ့ ဒီသင်္ဘောအုပ်စုဟာ မန္တလေး ဂေါဝိန်ဆိပ်ကမ်းကနေ ထွက်လာချိန်မှာ ၁၇ စင်းအထိရှိပါတယ်။

စစ်သင်္ဘော ၅ စင်းနဲ့အတူ ကုန်ပစ္စည်းတွေ သယ်ဆောင်လာတဲ့ အရပ်ဘက်သုံး သံခွံ ဝမ်းပြား တွဲသင်္ဘောနဲ့ တိုက်ခိုက်ရေးသင်္ဘောတွေပါဝင်ပါတယ်။

ဒီသင်္ဘောအုပ်စုကို တော်လှန်ရေးတပ်ဖွဲ့တွေက မတ္တရာ၊ သပိတ်ကျင်း၊ ကသာ၊ ရွှေကူ စတဲ့ရေလမ်းတစ်လျှောက်မှာ အကြိမ်ကြိမ် ကြားဖြတ်တိုက်ခိုက်ခဲ့ကြပါတယ်။

ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ ဒီသင်္ဘောအုပ်စုကို တော်လှန်ရေးတပ်တွေက မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်တို့မှာ ကြားဖြတ်တိုက်ခိုက်မှုဟာ အပြင်းထန်ဆုံးဖြစ်ပါတယ်။

ဒီလိုတိုက်ခိုက်ခံရလို့ ဒီသင်္ဘောတွေထဲက ၁ စင်း နစ်မြုပ်၊ ၁ စင်း ပျက်စီးမီးလောင်၊ နောက် ၂ စင်းဟာ ဆက်မောင်းလို့မရတဲ့အခြေဆိုက်ခဲ့တယ်လို့ NUG က ဇူလိုင် ၃၁ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

"မြေပြင်တော်လှန်ရေးအဖွဲ့များအကြား အချင်းချင်း ချိတ်ဆက်ပူးပေါင်းဆောင်ရွက်မှု ရှိတယ်လို့ ပြောလို့ ရနိုင်ပါတယ်၊ ကိုယ့်စိုးမိုးနယ်မြေလိုက် ဖြတ်တောက်တိုက်ခိုက်တာမျိုး တွေ့ရပါတယ်" လို့ CDM ဗိုလ်မှူးကြီး နောင်ရိုးက မှတ်ချက်ပေးပါတယ်။

ဗန်းမော်က စစ်ရေးအရင်းအမြစ်ကတော့ စစ်ကိုင်းတိုင်း၊ ကသာမြို့ကို စစ်သင်္ဘောအုပ်စု ရောက်တဲ့အခါမှာတော့ KIA ရဲ့ ညွှန်ကြားမှုနဲ့ ဖြတ်တောက်တိုက်ခိုက်တာလို့ဆိုပါတယ်။

"ရွှေကူမှာ တိုက်တော့ စစ်သင်္ဘောအုပ်စု တက်လိုက် ၊ ဆုတ်လိုက်လုပ်တယ်။ KIA နဲ့ PDF တွေ ပစ်ခတ်တာ ၂ စင်း ထိပြီး ပျက်စီးသွားတယ်။ စင်းခန်းမှာ ၁ စင်းမြုပ်ပြီး မြလည်မှာ ၁ စင်း မီးလောင်နေတာကို ဆွဲသွားတယ်"လို့ ပြောပါတယ်။

တားဆီးမှုတွေကြားကနေ စစ်သင်္ဘောတွေ ဗန်းမော်ကို ဘယ်လို ရောက်ခဲ့လဲ

တော်လှန်‌ရေးတပ်ဖွဲ့အချင်းချင်း ချိတ်ဆက်လုပ်ကိုင်တာတွေ၊ ဖြတ်တောက်တိုက်ခိုက်တာတွေမှာ အားသာချက်တွေ အများကြီးရှိခဲ့ပေမဲ့ နည်းဗျူဟာ၊ လက်နက် အားနည်းချက်တွေ ရှိခဲ့တယ်လို့ စစ်ရေးအကဲခတ်တွေက ပြောကြပါတယ်။

တချို့နေရာတွေမှာ ရေမြုပ်မိုင်းတွေ သုံးနိုင်တာတွေရှိသလို တိုက်ခိုက်ဖို့ နေရာယူခဲ့ကြတဲ့ပုံစံကလည်း စနစ်တကျရှိတယ်လို့ ပြောကြပါတယ်။

"အားနည်းချက်က တက်လာတဲ့ စစ်သင်္ဘော အမျိုးအစားကို တိုက်ခိုက်နိုင်တဲ့လက်နက် ကွာဟချက် ရှိတာပဲ။ ထိထိရောက်ရောက် အသုံးပြုတိုက်ခိုက်နိုင်တဲ့ လက်နက်အမျိုးအစားတွေသာရှိရင် အထိနာအောင် တိုက်ခိုက်နိုင်မှာ"လို့ CDM ဗိုလ်မှူး နောင်ရိုးက ပြောပါတယ်။

ဒီအချက်ကို CDM ရေတပ်အရာရှိကလည်း ထောက်ခံပါတယ်။

"ရေမြုပ်မိုင်းတွေ သုံးနိုင်တာ ကောင်းတယ်။ တော်လှန်ရေးဘက်က ပခုံးထမ်းလောင်ချာတွေနဲ့ ပစ်ပေမဲ့ စစ်သင်္ဘောရဲ့သံထည်တွေကို ထိခိုက်ဖို့က နည်းတယ်"လို့ ရေတပ် CDM အရာရှိက ပြောပါတယ်။

ရှိတဲ့လက်နက်တွေနဲ့ စစ်ရေယာဉ်တွေ နစ်မြုပ်သွားအောင် အားနည်းချက်ရှိတဲ့ ရှိတဲ့နေရာတွေကို ပစ်ခတ်နိုင်မယ်ဆိုရင် ပိုထိရောက်မယ်လို့ CDM ဗိုလ်ကြီး ဇင်ယော်က မှတ်ချက်ပေးပါတယ်။

စစ်ကောင်စီတပ်ကို ထောက်ခံအားပေးသူတွေကတော့ စစ်သင်္ဘောတွေဟာ တစ်စင်းက ကျောက်ချ၊ လမ်းကြောင်း ရှင်းပြီး၊ နောက်တစ်စင်းကထွက်တဲ့ပုံစံနဲ့ အဆင့်ဆင့်သွားကြတာ ဖြစ်တယ်လို့ လူမှုကွန်ရက်မှာ ပြောထားကြပါတယ်။

စစ်ကောင်စီကတော့ ဗန်းမော်ကို စစ်သင်္ဘော ဘယ်နှစင်း ထွက်ပြီး ဘယ်နှစင်း ဗန်းမော်ကို ရောက်တယ်ဆိုတာတော့ မထုတ်ပြန်ပါဘူး။

စစ်တပ်က ရိက္ခာနဲ့ လက်နက်တွေ ဖြည့်တင်းသွားတဲ့အခါ

ဗန်းမော်မှာ ပိတ်မိနေတဲ့ စစ်ကောင်စီတပ်တွေအတွက် လိုအပ်နေတဲ့ ရိက္ခာ၊ လက်နက်၊ လူအင်အားတွေ ပြန်ဖြည့်တင်းသွားတာကြောင့် စစ်တပ်ရဲ့ စစ်ရေး အရွေ့ဟာ ပြောင်းလဲလာနိုင်တယ်လို့ စစ်ရေးအကဲခတ်တွေက ပြောကြပါတယ်။

"စစ်ကောင်စီတပ်က အင်အားဖြည့်တင်းသွားနိုင်တော့ ကျွန်တော်တို့ဘက်ကလည်း လိုအပ်တာတွေ ပိုပြီး ပြင်ဆင်ရမှာပေါ့။ ဘာတွေပြင်ဆင်မလဲဆိုတာတွေ ပြောလို့ မရဘူးပေါ့လေ။ ဒါ့ကြောင့် ဒီစစ်သင်္ဘောတွေ ရောက်လာတာကလည်း KIA အတွက် အရေးကြီးတာပါပဲ"လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

လက်ရှိအခြေအနေမှာ စစ်ကောင်စီတပ်တွေက ခံစစ်အသွင်နဲ့သာ ရှိနေပြီး နောက်ပိုင်းမှာတော့ ခံစစ်ကနေ ရွှေ့ပြောင်း ခံစစ်၊ အဲဒီကနေ ထိုးစစ်ပြန်ဆင်လာမယ့် အခြေအနေရှိတယ်လို့ CDM ဗိုလ်ကြီး ဇင်ယော်က မှတ်ချက်ပေးပါတယ်။

CDM ဗိုလ်မှူး နောင်ရိုးကလည်း တူညီတဲ့ မှတ်ချက်ပေးပြီး ဗန်းမော်မြို့ကို စစ်တပ် ပြန်ထိန်းချုပ်နိုင်မလားဆိုတာကတော့ လက်နက်၊ ခဲယမ်း၊ ရိက္ခာ၊ လူအင်အား ဖြည့်တင်းနိုင်တဲ့အပေါ် မူတည်တယ်လို့ ပြောပါတယ်။

စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရမ်တွေမှာတော့ စစ်တပ်ဟာ ဗန်းမော် တိုက်ပွဲမှာ အသေခံ ဒရုန်းလို့ ခေါ်ကြတဲ့ ကာမီကာဇေ ဒရုန်းတွေ သုံးနေပြီလို့ ရုပ်သံတွေနဲ့အတူ ရေးသား ဖော်ပြနေပါတယ်။