ဗန်းမော်တိုက်ပွဲ - KIA ပစ်လို့ ရွှေကူမှာပျက်ကျတဲ့စစ်ရဟတ်ယာဉ်ကနေ အလောင်း ၂၀ နီးပါးတွေ့

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်(KIA) ပူးပေါင်းအဖွဲ့တွေကနေ ပစ်ခတ်တာကြောင့် လက်နက်ထိမှန်ပြီး ရွှေကူမြို့နယ်ထဲမှာ ပျက်ကျခဲ့တဲ့ စစ်တပ်ရဲ့ Mi-17 ေထာက်ပို့ရဟတ်ယာဉ် အပျက်အစီးတွေကြားကနေ ရုပ်အလောင်း ၁၈ လောင်းကို KIA က တွေ့ခဲ့တယ်လို့ သိရပါတယ်။

ဗန်းမော်တိုက်ပွဲကို ထောက်ပို့လာတဲ့ စစ်ရဟတ်ယာဉ် ၃ စင်းကို မေလ ၂၀ ရက်မှာ ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

အဲဒီထဲက တစ်စင်းဟာ ရွေကူမြို့နယ်ထဲက တောတွင်း တစ်နေရာကို ပျက်ကျခဲ့တာပါ။ ဘီဘီစီ သတင်းရင်းမြစ်ကတော့ ပျက်ကျခဲ့တဲ့နေရာဟာ ရွှေကူမြို့နယ်ထဲက စည်ငန်းရွာ အနောက်ဘက်လို့ပြောပါတယ်။

အခုတော့ အဲဒီစစ်ရဟတ်ယာဉ်ပျက်ကျမှုအနီးကနေ မီးလောင်ပျက်စီးနေတဲ့ရုပ်အလောင်း ၁၈ လောင်းကို တွေ့ တယ်လို့ သတင်းရတဲ့အကြောင်း KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

''တောထဲမှာ ပျက်ကျသွားတဲ့လေယာဥ်ကို ကျွန်တော်တို့ ကေအိုင်အေနဲ့ ပူးပေါင်းတပ်တွေ သွားပြီး ရှင်းလင်းရေးလုပ်တာ။ အဲဒီအချိန်မှာ မီးလောင်ပြာကျသွားတဲ့အရိုးတွေကို ရေတွက်ကြည့်တာ ၁၈ လောင်းပေါ့။ တွေ့တယ်တဲ့။ သတင်းပေးတာ ရှိပါတယ်။ လက်နက်တွေလည်း လက်နက်ငယ်တွေလည်း (မီး)လောင်သွားပြီ။ သံချောင်းလောက်ပဲ ကျန်တော့တယ်။ (လက်နက်အလက်ရေ) ၁၀ ကျော် ၂၀ လောက်ပဲ။ အကုန်လုံး ပျက်စီးသွားပြီ'' လို့ သူက ပြောပါတယ်။

စစ်ကောင်စီတပ်ကတော့ ဗန်းမော်ကို ထောက်ကူပို့သွားတဲ့ စစ်ရဟတ်ယာဉ်ဟာ စက်ချို့ယွင်းပြီး ပျက်ကျခဲ့တာကြောင့် ရှာဖွေကယ်ဆယ်ရေးလုပ်နေတယ်လို့သာ မေလ ၂၀ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

အဲဒီရဟတ်ယာဉ်ဟာ ဗန်းမော်မြို့နယ်တွင်း လုံခြုံရေးနဲ့ နယ်‌မြေစိုးမိုးရေးတာဝန်ထမ်းဆောင်နေတဲ့ ရှေ့တန်းလုံခြုံရေးစခန်းတွေက တပ်ဖွဲ့ဝင်တွေအတွက် အုပ်ချုပ်မှုဆိုင်ရာ ထောက်ပံ့ပစ္စည်းတွေ ပို့ဆောင်ပြီးနောက်မှာ ပျက်ကျခဲ့တာလို့ လည်းဆိုပါတယ်။

ပူးပေါင်းအဖွဲ့တွေကတော့ အဲဒီရဟတ်ယာဉ်ကို သူတို့ ပစ်ချခဲ့တာလို့ အစောပိုင်းကတည်းက ပြောထားပြီး ရဟတ်ယာဉ်အပျက်အစီးနားကနေ ဗိုလ်ကြီးအဆင့်ရှိတဲ့စစ်တပ်အရာရှိ အလောင်းတစ်လောင်းကို ပုံမပျက်ဘဲ ရှာတွေ့ခဲ့ပါတယ်။

ရွှေကူကို အရေးပေါ် ဆင်းသက်ခဲ့တဲ့ စစ်ရဟတ်ယာဉ် နောက်တစ်စင်းကို ပူးပေါင်းအဖွဲ့တွေ ထပ်မံ တိုက်ခိုက်

မေလ ၂၀ ရက်တုန်းက ဗန်းမော်တိုက်ပွဲကို စစ်ကူပို့ရင်း ပူးပေါင်းတပ်တွေ တိုက်ခိုက်ခံရတဲ့

စစ်တပ်ရဟတ်ယာဉ် စုစုပေါင်းဟာ ၃ စင်းဖြစ်ပါတယ်။

စစ်တပ်ရဲ့ Mi-17 ထောက်ပို့ ရဟတ်ယာဉ် ၃ စင်းဟာ ဗန်းမော် အကျဉ်းထောင်အနီး ဧရာဝတီ မြစ်ကမ်းဘေးမှာ လူနဲ့ ပစ္စည်းတွေ လာပို့ချိန်မှာ တိုက်ခိုက်ခံခဲ့ရတာပါ။

အဲဒီထဲက တစ်စင်းဟာ ရွှေကူမြို့နယ်ထဲက တောထဲမှာ ပျက်ကျခဲ့တာဖြစ်ပြီး နောက် တစ်စင်းဟာ အဲဒီနေ့မှာပဲ ရွှေကူမြို့က အမှတ် ၅၆ ခြေလျင်တပ်ရင်း(ခလရ)မှာ အရေးပေါ် ဆင်းသက်ခဲ့တယ်ပါတယ်။ နောက် တစ်စင်းကတော့ မြစ်ကြီးနားက နမ့်ပေါင် လေတပ်ဆီ ဆက်ပြီး ပျံသန်းခဲ့တယ်လို့ သိရပါတယ်။

မေလ ၂၁ ရက် နေ့လည်ပိုင်းမှာတော့ ပူးပေါင်းအဖွဲ့တွေဟာ ရွှေကူက ခလရ တပ်ထဲ အရေးပေါ် ဆင်းခဲ့ရတဲ့ Mi-17 စစ်ရဟတ်ယာဉ်ကို သွားရောက် ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်မှူးကြီး နော်ဘူက အတည်ပြုသလို မြေပြင်သတင်းတွေကို ဖော်ပြတဲ့ ဗန်းမော် ကင်းထောက်အဖွဲ့ကလည်း ပြောပါတယ်။

အဲဒီစစ်ရဟတ်ယာဉ်ဟာ ဗန်းမော်မှာ တိုက်ခိုက်ခံရချိန် ရဟတ်ယာဉ်အမြီးပိုင်းကို ထိမှန်ခဲ့ပေမဲ့ ရွှေကူအထိ ပျံသန်းပြီး တပ်ရင်းထဲက ဘောလုံးကွင်းထဲ အရေးပေါ် ဆင်းသက်ခဲ့ရတာဖြစ်ပါတယ်။

စစ်တပ်က အဲဒီရဟတ်ယာဉ်ကို ယာဉ် ၂ စီးနဲ့ကာထားပြီး မေလ ၂၁ ရက် နေ့လည် ၂ နာရီ ကျော်ကျော်မှာ ပူးပေါင်းအဖွဲ့တွေက သွားရာက်တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုကို ဗိုလ်မှူးကြီး နော်ဘူကလည်း အတည်ပြုပါတယ်။

''မနေ့ညနေပိုင်းမှာ ကေအိုင်အေနဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ပြန်ပြီးမှ ဒရုန်း လက်နက်ကြီးနဲ့ ပြန်ပစ်တာ ရှိပါတယ်။ လက်နက်ကြီးနဲ့ ပစ်ပါတယ်။ မနေ့ညနေပိုင်း လက်နက်ကြီးနဲ့ ပစ်တယ်'' လို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

ဗန်းမော်က တိုက်ပွဲနဲ့ စစ်ရှောင်အခြေအနေသတင်းတွေကို ဖော်ပြတဲ့ ဗန်းမော် ကင်းထောက်ကွန်ရက်အဖွဲ့ကတော့ ကေအိုင်အေနဲ့ ပူးပေါင်းတပ်တွေရဲ့ တိုက်ခိုက်မှုအတွင်းမှာ စစ်ရဟတ်ယာဉ်ကိုရော၊ ကာထားတဲ့ ယာဉ် ၂ စီးကိုရော ဖျက်ဆီးနိုင်ခဲ့တယ်လို့ ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ရဟတ်ယာဉ်နဲ့ တခြားယာဉ် ၂ စီး ပျက်စီးတယ်ဆိုတဲ့သတင်းကိုတော့ ဘီဘီစီအနေနဲ့တော့ သီးခြားအတည်မပြုနိုင်ပါဘူး။

စစ်ရဟတ်ယာဉ်တွေ ပစ်ခတ်ခံရမှု ဗန်းမော်တိုက်ပွဲ အချိုးအကွေ့လား

မတ်လအတွင်း ဗန်းမော်ထိုးစစ်ငြိမ်နေရာကနေ ဧပြီ ၂၅ ရက်ကစပြီး KIA ပူးပေါင်းတပ်တွေ အလုံး အရင်းနဲ့ အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ)အပါအဝင် စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။

ငါးလတာကြာလာပြီဖြစ်တဲ့ ဗန်းမော်ထိုးစစ်မှာ KIA က ဗန်းမော်အခြေစိုက် ခြေလျင် တပ်ရင်း(ခလရ ၂၃၆)၊ အမြောက်တပ်(၃၆၆)၊ သံချပ်ကာတပ်(၅၀၁၄)၊ တင့်ကားတပ်(၇၀၀၆)နဲ့ ကာကင်းစခန်းတွေကို သိမ်းထားပြီး ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း စစ်ကောင်စီတပ်က ဗန်းမော်တိုက်ပွဲမှာ လူအင်အားထက် လေကြောင်းနဲ့ ဒရုန်း အင်အားကို ပိုသုံးလာပါတယ်။

စစ်ကောင်စီတပ် တိုက်ပွဲသတင်းတွေကို ဖော်ပြနေနဲ့ တယ်လီဂရမ် ချန်နယ်တွေမှာတော့ စစ်တပ်ရဲ့ ကချင်ပြည်နယ်၊ မြစ်ကြီးနားအခြေစိုက် မြောက်ပိုင်းစစ်ဌာနချုပ်က တပ်မ ၈၈ ဟာ ဒရုန်းတွေသုံးပြီး တိုက်ခိုက်နေတဲ့ သတင်းနဲ့ ရုပ်သံတွေကို မပြတ်ဖော်ပြနေပါတယ်။

ဒီအတောအတွင်းမှာပဲ စစ်တပ် ရဟတ်ယာဉ်စင်းကို KIA နဲ့ ပူးပေါင်းအဖွဲ့တွေက ဒရုန်းတစ်စင်းနဲ့ ဝင်တိုက်တဲ့ ရုပ်သံတစ်ခုလည်း လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာပါတယ်။

နောက်ထပ် သီးခြားရုပ်သံတစ်ခုမှာတော့ မြေပြင်အထက်ပေအနည်းငယ်အမြင့်မှာ ပျံသန်းနေတဲ့ စစ်တပ်ရဟတ်ယာဉ် တစ်စင်းရဲ့ လေဒလက် ပင်မခုံနားမှာ မီးပွင့်သွားတာတွေ့ရပါတယ်။

ဒါကြောင့် ဒီစစ်ရဟတ်ယာဉ်ဟာ မေလ ၂၀ ရက်တုန်းက ဗန်းမော်တိုက်ပွဲမှာ တိုက်ခိုက်ခံရတဲ့ စစ်ရဟတ်ယာဉ် ၃ စင်းထဲက တစ်စင်းလို့ နားလည်ရပါတယ်။

''ရဟတ်ယာဥ် ဆင်းဖို့ဆိုတာက အောက်မှာရှိတဲ့ အာဏာပိုင်အကြီးဆုံးပေါ့နော်။ စကခ၂၁ (အမှတ် ၂၁ စစ်ဆင်ရေးဌာနချုပ်) စကခမှူးက လုံခြုံရေး အာမခံချက်‌‌ပေးရတာ။ အဲဒီ အာမခံချက်ပေးမှ ရဟတ်ယာဥ်က လာတာ။ ရဟတ်ယာဥ် တစ်စင်း လာတယ်။ ကေအိုင်အေက ဟ ပေးထားတာလို့ ထင်တယ်ဗျ။ ပထမတစ်ကြိမ် မပစ်ခတ်လိုက်နိုင်တော့ နောက်တစ်ကြိမ် ဒဏ်ရာရ လူနာနဲ့ အင်းအားပြည့်အဖွဲ့ ၃ စီးနဲ့ လာလိုက်တာ။ ကေအိုင်အေက မြေပြင်မှာ ဒရုန်း၊ လက်နက်ကြီးငယ်တွေနဲ့ လေယာဥ်ပစ်စက်သေနတ်ရော အခြားလက်နက်တွေနဲ့ရော ဟန်ချက်ညီညီတိုက်ခိုက်နိုင်လိုက်တဲ့အနေအထားပါ'' လို့ CDM ဗိုလ်ကြီး ဇင်ယော်က ပြောပါတယ်။

ဒေါ်လာသန်းချီတန်တဲ့ စစ်ရဟတ်ယာဉ်တွေ အခုလို တိုက်ခိုက်ခံရမှုကြောင့် ဗန်းမော်တိုက်ပွဲမှာ စစ်ကူနဲ့ ထောက်ပို့အတွက် စစ်တပ်က ရဟတ်ယာဉ်တွေ အသုံးပြုတာကို စဉ်းစားလာနိုင်တယ်လို့ ပြောပါတယ်။

''ဒီတိုက်ခိုက်မှုကြောင့် ဗန်းမော်ကို Mi17 လေယာဥ်တွေ ကာလအတော်ကြာ လာရဲမှာ မဟုတ်တောဘူး။ မလာရဲရင်လည်း စစ်ကူမရောက်တော့ဘူး။ စစ်ကူ မရောက်ရင် ဗန်းမော်က ကျခါနီးဆဲဆဲ ဖြစ်သွားပြီးလို့ ပြောလို့ရပါတယ်ခင်ဗျ''