မတ် ၈ ရက် ဘီဘီစီသတင်းများ အနှစ်ချုပ်-ကွတ်ခိုင်မြို့က KIO ဆက်ဆံ‌ရေးရုံးကို TNLA ဝင်ရောက်စီးနင်းပြီး KIA တပ်ဖွဲ့ဝင်တချို့ကို ဖမ်းဆီး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့မှာရှိတဲ့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO) ဆက်ဆံရေးရုံးကို တအာင်းတပ် TNLA တပ်ဖွဲ့ဝင်တချို့က မတ် ၇ ရက် ညနေပိုင်းမှာ ဝင်စီးနင်းပြီး KIA တပ်ဖွဲ့ဝင်တချို့ကို ဖမ်းဆီးသွားတယ်လို့ မျက်မြင်တွေ့ခဲ့တဲ့ ဒေသခံတွေက ပြောပါတယ်။

TNLA တပ်ဖွဲ့ဝင် အင်အား တစ်ရာဝန်းကျင်လောက်က ညနေပိုင်း ၅ နာရီလောက်မှာ ရောက်လာပြီး ရုံးကနေ ထွက်သွားဖို့ ပြောဆိုတာကနေ အချေအတင်တွေ စဖြစ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

"TNLA အဖွဲ့ဝင်တွေက မင်းတို့တွေ အကုန်ကားပေါ်တက်လို့ ပြောတယ်။ ဒါကို KIA တွေကလည်း ငါတို့က ဘာလို့တက်ရမှာလဲဆိုပြီး ပြန်မေးကြတော့ စကားအချေအတင်ဖြစ်ပြီး လက်တွေပါလာကြတယ်။ သူတို့က လူအင်အားပိုများတယ်။ KIA က ရုံးအစောင့်လောက်ပဲ ရှိတာ၊ သူတို့လူအင်အားနဲ့ အကုန်ဆွဲခေါ်ပြီး ကားပေါ်တင်သွားကြတယ်"လို့ ဖြစ်စဉ်အစအဆုံး မြင်တွေ့ခဲ့သူက ပြောပြပါတယ်။

KIA တပ်ဖွဲ့ဝင် အယောက် ၂၀ ဝန်းကျင်လောက် အကုန်လုံးနီးပါးကို ဖမ်းဆီးသွားပြီးနောက် TNLA တပ်ဖွဲ့ဝင်တွေက KIO ဆက်ဆံ‌ရေးရုံးနဲ့ ဘားတိုက်မှာရှိတဲ့ တပ်ဖွဲ့ဝင်တွေရဲ့ အိပ်ရာခင်းတွေ၊ စာရွက်စာတမ်းတွေ အကုန်လုံးကို သိမ်းဆည်းသွားတယ်လို့လည်း သိရပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ KIO ပြန်ကြားရေး တာဝန်ရှိသူ ဗိုလ်မှူးကြီးနော်ဘူနဲ့ TNLA ပြန်ကြားရေး လွေးယေဦးတို့ကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ မတ် ၈ ရက် နေ့လယ်ပိုင်းအထိ အကြောင်းမပြန်ကြသေးပါဘူး။

ကွတ်ခိုင်မြို့ဟာ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO)၊ တအာင်းတပ် (TNLA) ၊ ကိုးကန့်တပ် (MNDAA) တို့ အကြား အငြင်းပွားမှုတွေ မကြာခဏ ဖြစ်ပေါ်နေတဲ့ မြို့လည်း ဖြစ်ပါတယ်။

ရွှေဆက်မတူးဖို့ မုံးစီးဒေသခံတွေ တောင်းဆိုချက် MNDAA လိုက်လျော

ဒေသခံတွေ တောင်းဆိုတဲ့ အချက် ၉ ချက်ကို ဆက်ဆွေးနွေးနေ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ မုံးစီးဒေသ၊ ပြိန်းခမ်းကျေးရွာမှာ လူ ၆ ယောက် သေဆုံးတဲ့အထိ ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပြီးနောက် ဒေသခံတွေ လိုလားတဲ့ ရေထွက်နေရာကို ရွှေမတူးဖို့အချက်ကို ကိုးကန့်တပ် (MNDAA) သဘောတူလိုက်တယ်လို့ ကွတ်ခိုင် ဒေသခံတွေက ပြောပါတယ်။

နမ့်လိမ်ချောင်း ရေထွက်နေရာမှာ မတ် ၅ ရက်က ရွှေတူးဖော်ဖို့ရောက်လာတဲ့ MNDAA တပ်ဖွဲ့ဝင်တွေကို တားဆီးတဲ့ ဒေသခံတွေအကြား အငြင်းပွားတာကနေ MNDAA က ပစ်ခတ်တာကြောင့် ဒေသခံ ၅ ယောက်နဲ့ ကချင်လွတ်လပ်ရေးတပ် KIA တပ်ဖွဲ့ဝင်တစ်ယောက် သေဆုံးခဲ့တာပါ။

သေဆုံးတာတွေအပြင် ပစ်ခတ်မှုတွေကြောင့် ဒဏ်ရာရသူ ၆ ယောက်ရှိခဲ့ပါတယ်။

အဲဒီနောက် ကျေးရွာကော်မတီဝင်တွေ၊ မြေယာကော်မတီဝင်တွေ၊ ယဉ်ကျေးမှု အဖွဲ့တွေက ကိုယ်စားလှယ်တွေ၊ သေဆုံးသူ မိသားစုဝင်တွေအပါအဝင် စုစုပေါင်း ကိုယ်စားလှယ် ၇ ယောက်နဲ့ MNDAA ကိုယ်စားလှယ်တွေကို ကချင်လွတ်လပ်ရေးတပ် (KIA) တာဝန်ရှိသူတချို့ က ကြားဝင်ညှိနှိုင်းပေးပြီး မတ် ၈ ရက်မှာ ဆွေးနွေးနေကြတာပါ။

ဒေသရဲ့ သောက်ရေ ၊ သုံးရေနဲ့ သဘာဝပတ်ဝန်းကျင်အတွက် မှီခိုနေရတဲ့ နမ့်လိမ်ချောင်း ရေထွက်နေရာမှာ ရွှေမတူးဖို့ ၊ သေဆုံးသူတွေရဲ့ မိသားစုတွေအတွက် နှစ်သိမ့်ဖို့၊ ဒဏ်ရာရသူတွေအတွက် ဆေးကုသစရိတ်ပေးဖို့၊ ပစ်ခတ်သူတွေကို တရားစီရင်ပေးဖို့ လည်း ဒေသခံတွေရဲ့ ကိုယ်စားလှယ်တွေက တောင်းဆိုထားကြပါတယ်။

ဒါ့အပြင် ပြည်သူတွေကို သတ်ဖြတ်တဲ့ ဘယ်အဖွဲ့အစည်းမဆို ကျေးရွာမှာ မထားဖို့၊ ပြည်သူကို အသိမပေးဘဲ ဘယ်ကိစ္စရပ်မှ မလုပ်ကြဖို့ အပါအဝင် အချက် ကိုးချက် ပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

"အခုဆွေးနွေးနေချိန် ပထမဆုံး သဘောတူတာကတော့ ရွှေမတူးတော့ဘူးပေါ့။ ဒဏ်ရာရသူတွေထဲမှာ ပြင်းထန်တဲ့သူတွေကျတော့ ဆေးကုသစရိတ်မြင့်သွားတယ်လေ၊ ဒါကို နစ်နာကြေး ဘယ်လောက်ရယ်လို့တော့ မသတ်မှတ်သေးဘဲ ဌာနချုပ်က ခွင့်ပြုချက် ယူရမယ်ပြောတယ်။ နာရေးကိုလည်း သူတို့လုပ်ပေးတယ်"လို့ အခြေအနေတွေကို သိရှိသူ ကွတ်ခိုင်ဒေသခံက ဘီဘီစီကို ပြောပါတယ်။

ဒီကနေ့ဆွေးနွေးပွဲမှာ မပြီးပြတ်သေးတဲ့ အချက်တွေကိုလည်း နောက်တစ်ကြိမ် ဆွေးနွေးဖို့အတွက် စီစဉ်သွားမယ်လို့လည်း သိရပါတယ်။

မြောင်မှာ တိုက်ပွဲပြင်းထန်၊ ကျေးရွာ ၁၀ ရွာ စစ်ဘေးရှောင်

ရေစကြိုမြို့နယ်ကနေ မြောင်မြို့နယ်ထဲကို ဝင်ရောက်လာတဲ့ စစ်ကြောင်းနဲ့ ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေ မတ် ၈ ရက်နေ့လယ်ပိုင်းမှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်နေတယ်လို့ မြောင်မြို့နယ် ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

ရေစကြိုမြို့နယ်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၆ ရက်ကစပြီး ဝင်ရောက်လာတဲ့ စစ်ကြောင်းဟာ ဒီနေ့မှာ ရေစကြိုမြို့နယ် သာခေါင်ရွာက ထွက်လာပြီး မြောင်မြို့နယ် ညောင်ကားယားနဲ့ ပန်းညိုရွာကြားမှာ ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့တာပါ။

အဲဒီစစ်ကြောင်းမှာ ပခုက္ကူတပ်မ ၁၀၁ ၊ ရေစကြိုမြို့နယ်က ခြေလျင်တပ်ရင်း ၂၅၆၊ ၂၅၇၊ ၂၅၈ တို့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပါဝင်တယ်လို့လည်း ရေစကြိုမြို့နယ် သတင်းကော်မတီက ထုတ်ပြန်ထားပါတယ်။

"တိုက်ပွဲက ပြင်းထန်တယ်၊ လေကြောင်းကနေလည်း ဂျက်ဖိုက်တာတွေနဲ့ ဗုံးကြဲတယ်။ ရေလယ်ကျွန်း မြစ်ထဲကနေ သင်္ဘောကလည်း လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်တယ် ကုန်းလမ်း စစ်ကြောင်းနဲ့လည်း တိုက်တယ်ဆိုတော့ ကြည်း၊ ရေ၊ လေ သုံးကြောင်းစလုံးနဲ့ ပစ်ခတ်တာပေါ့ဗျာ"လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေး အဖွဲ့ခေါင်းဆောင် ကိုနွေဦး-မြောင်က ဘီဘီစီကို ပြောပါတယ်။

မြောင်မြို့နယ်ထဲကို ဝင်ရောက်ဖို့ ကြိုးစားတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ တော်လှန်ရေးအင်အားစု ပူးပေါင်းအဖွဲ့တွေရဲ့ တိုက်ပွဲဟာ ဖေဖော်ဝါရီ ကနေ မတ် အထိ စုစုပေါင်း လေးကြိမ် ဖြစ်ပွားတယ်လို့ သိရပါတယ်။

ဒီတိုက်ပွဲတွေကနေ စစ်သုံ့ပန်း ၈ ယောက်လောက် ဖမ်းမိထားပြီး ရေစကြိုနဲ့ မြောင်မြို့နယ်ထဲကို စစ်ကြောင်းထိုးတဲ့ ရည်ရွယ်ချက်ကို မေးမြန်းပေမဲ့ မဖြေနိုင်ကြဘူးလို့လည်း ကိုနွေဦး-မြောင်က ပြောပါတယ်။

"သူတို့က တပ်သားတွေဆိုတော့ စစ်ရေး အစီအစဉ်တွေကိုတော့ မသိကြဘူး။ စစ်ကောင်စီတပ်တွေက နယ်မြေစိုးမိုးမှု ပြန်ရချင်တာက တစ်ကြောင်း ရေလယ်ကျွန်း၊ မင်းရွာမှာ ရှိတဲ့ အထိုင်တပ်ကို ပူးပေါင်းဖို့ ဖြစ်နိုင်တာ တကြောင်း ဒီနှစ်ချက်နဲ့ စစ်ကြောင်းထိုးလာတာဖြစ်နိုင်တယ်"လို့ သူက ပြောပါတယ်။

ရေစကြိုမြို့နယ်တလျှောက် စစ်ကြောင်းထိုးနေချိန်မှာလည်း ဆင်ခြေယာ၊ မြေစွန်း ရွာက ထွက်မပြေးနိုင်တဲ့ သက်ကြီးရွယ်အိုအပါအဝင် အရပ်သား ၁၀ ယောက်ဝန်းကျင်လည်း အသတ်ခံရတယ်လို့လည်း အလောင်းတွေ့ရှိတဲ့ အရေအတွက်တွေကို ကိုးကားပြီး ပြောပါတယ်။

မြေစွန်းရွာဆိုရင်လည်း အိမ်ခြေ ၄၀၀ ဝန်းကျင်လောက် ရှိတာကနေ မတ် ၂ ရက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက် မီးရှို့တာကြောင့် ၄ အိမ်လောက်သာ ကျန်တော့တယ်လို့လည်း တော်လှန်ရေးအဖွဲ့တွေက ပြောပါတယ်။

လက်ရှိအချိန်မှာ ရေစကြိုမြို့နယ်က မြေစွန်း၊ ဆင်ခြေယာ၊ မာလကာခြံ၊ ရွှေလှန် ၊ မြောင်မြို့နယ်ထဲက နနွင်းကိုင်း၊ ဆူးလေးကုန်း၊ မြစ်သာ အပါအဝင် ကျေးရွာပေါင်း ၁၀ ရွာက ဒေသခံတွေလည်း တိမ်းရှောင်နေကြရပါတယ်။

အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေ ထင်သာမြင်သာရှိနေဆဲ လို့ အမျိုးသမီးအဖွဲ့အစည်းတွေ ထုတ်ပြန်

မြန်မာနိုင်ငံရေးမှာ လိင်အခြေပြု ခွဲခြားဆက်ခံတာတွေ၊ ဖယ်ချန်တာတွေ ကြုံတွေ့နေဆဲဖြစ်သလို လိင်ပိုင်းဆိုင်ရာ အပါအဝင် နည်းမျိုးစုံနဲ့ အကြမ်းဖက်မှုတွေကို ထင်သာမြင်သာတွေ့နေရတယ်လို့ ဒီနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ အမျိုးသမီးအဖွဲ့အစည်း ၂၅ ဖွဲ့က ပူးပေါင်းထုတ်ပြန်လိုက်ပါတယ်။

ဒီလိုကျူးလွန်မှုတွေဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအပြင် ပြည်သူအချင်းချင်း ကျူးလွန်တာတွေသာမက တော်လှန်ရေး အင်အားစုတွေက ကျူးလွန်တဲ့ တိုင်ကြားချက်တွေပါ ရရှိနေတယ်လို့ သိရပါတယ်။

ဒီတိုင်ကြားချက်တွေကို စိစစ်ပြီး အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေရဲ့ ထွက်ဆိုချက်တွေကို ကြားနာပြီ ထုတ်ပြန်တာလို့လည်း ဆိုပါတယ်။

တရားမျှတမှုကို လိုလားတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ၊ နိုင်ငံရေး အစုအဖွဲ့တွေ၊ တော်လှန်ရေးအင်အားစုက အမျိုးသားတွေကပါ တော်လှန်ရေးသွေးစည်းမှု၊ ချစ်ခြင်းမေတ္တာ၊ လုပ်ပိုင်ခွင့်၊ လူမှုရေးပါဝါ၊ အာဏာနဲ့ ယုံကြည်မှုတွေကို အကြောင်းပြ အလွဲသုံးစား လုပ်နေတာတွေ ရှိနေတယ်လို့လည်း သိရပါတယ်။

ပဋိပက္ခထဲမှာ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်တာ၊ စော်ကားနှောင့်ယှက်တာ၊ အကြမ်းဖက် ကျူးလွန်တာတွေဟာ တော်လှန်ရေးကို ယုံကြည်မှု အခြေခံပြီး ပါဝင်နေတဲ့ အမျိုးသမီးတွေရဲ့ လုံခြုံရေးကို ထိခိုက်စေတာအပြင် အလွန်စိတ်ပျက်စရာ လုပ်ရပ်တွေ ဖြစ်တယ်လို့လည်း အမျိုးသမီးအဖွဲ့တွေက ထုတ်ပြန်ပါတယ်။

ဒါ့အပြင် အကြမ်းဖက်ခံရတာတွေကို ထုတ်ဖော်ပြောဆိုတာ၊ လိုက်ပြီးကူညီဆောင်ရွက်ပေးနေသူတွေကိုပါ ပစ်မှတ်ထား ခြိမ်းခြောက်တာတွေကိုလည်း ချက်ချင်း ရပ်တန့်ပေးဖို့ သတိပေးပါတယ်။

လက်ရှိ အခြေအနေအရ တော်လှန်ရေးကာလထဲမှာ တရားဥပဒေလမ်းကြောင်းကနေ တရားစွဲဆိုဖို့ စိန်ခေါ်မှုတွေ ရှိနေပေမဲ့လည်း နည်းလမ်းပေါင်းစုံသုံးပြီး တရားမျှတမှုကို ရှာဖွေသွားမယ်လို့လည်း ဆိုပါတယ်။

လိင်ပိုင်းဆိုင်ရာ ကျူးလွန်သူ၊ အကြမ်းဖက်မှု ကျူးလွန်သူတွေ၊ စော်ကား နှောင့်ယှက်သူတွေက မတောင်းပန်တာ၊ ဒါမှမဟုတ် ဝန်ခံတောင်းပန်ပြီး ထပ်ခါထပ်ခါ ကျူးလွန်တာတွေကိုလည်း လူမှုရေးပြစ်ဒဏ်လုပ်ဖို့ကိုလည်း တိုက်တွန်းပါတယ်။

ဒီကျူးလွန်သူတွေကို လုပ်ငန်းတွေမှာ အတူတူတွဲမလုပ်တာ၊ ဟောပြောပွဲတွေကို မဖိတ်တာ၊ နေရာမပေးတာ၊ ဆက်သွယ်ဆက်ဆံတာတွေကို ရပ်တန့်တာ စတဲ့ လူမှုရေးပြစ်ဒဏ်တွေလုပ်ပြီး ကျူးလွန်ခံရသူ အမျိုးသမီးတွေအတွက် တာဝန်သိစိတ် ဖော်ဆောင်ပေးဖို့ကိုလည်း ပြောထားပါတယ်။

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) ရဲ့ မတ် ၇ ရက် ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီကနေ ၂၀၂၅ ခုနှစ် မတ် ၇ ရက်အထိ စစ်ကောင်စီရဲ့ ဖမ်းဆီးခံရသူ အမျိုးသမီးပေါင်း ၅၉၀၀ ကျော် ရှိပြီး သေဆုံးသူ ၁၄၀၀ ကျော် ရှိနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီ ထိပ်တန်းအရာရှိတွေကို ကနေဒါ ပိတ်ဆို့အရေးယူ

စစ်ကောင်စီအဖွဲ့ဝင်၊ ဝန်ကြီး နဲ့ ဒုဝန်ကြီးတွေပါတဲ့ ထိပ်တန်း အရာရှိ ၁၃ ယောက်နဲ့ အဖွဲ့အစည်း ၃ ခုကို ကနေဒါနိုင်ငံက ဒဏ်ခတ် ပိတ်ဆို့လိုက်ပါတယ်။

ဒဏ်ခတ် ပိတ်ဆို့လိုက်တဲ့ အထဲမှာ ရာထူးအမြင့်ဆုံးက စစ်ကောင်စီအဖွဲ့ဝင် ဦးဘရွှေဖြစ်ပြီး ကျန်တဲ့ ထိပ်တန်း အရာရှိတွေထဲမှာ ဗိုလ်ချုပ်ကြီးတွေနဲ့ သူတို့ကိုအထောက်အကူပေးနေတဲ့ ဒုဝန်ကြီးတွေလည်း ပါဝင်လာပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌရုံးဝန်ကြီး ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဒုဝန်ကြီး ဗိုလ်ချုပ်ကိုလေး၊ ဗိုလ်ချုပ်ကြီးမြထွန်းဦးရဲ့ ဒုဝန်ကြီးတွေဖြစ်တဲ့ ဗိုလ်မှူးချုပ် လူမွန်၊ ဦးအောင်မြိုင်နဲ့ ဦးအောင်ကျော်ထွန်းတို့လည်း ပိတ်ဆို့ခံရပါတယ်။

စစ်ကောင်စီ ဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၂) ဝန်ကြီး ဦးကိုကိုလှိုင်၊ စစ်ကောင်စီ ဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၄) ဝန်ကြီး ဦးအောင်ကျော်ဟိုး၊ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီး ဒေါက်တာကံဇော် တို့လည်း အရေးယူခံရပါတယ်။

ဒါ့အပြင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုဝန်ကြီးတွေဖြစ်တဲ့ ဦးမင်းထွဋ်နဲ့ ဒေါ်သန်းသန်းလင်း၊ တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီး ဦးခွန်သန့်ဇော်ထူးတို့ လည်း ပါဝင်တယ်။

မြန်မာစစ်တပ်ကို အဖွဲ့သုံးခု ခွဲပြီး အရေးယူခဲ့ပြီး အမှတ် ၃၃ ခြေလျင်တပ်ရင်း နဲ့ ကာကွယ်ရေးဝန်ကြီးဌာနတို့ကို အမည်တပ် ဒဏ်ခတ်ပိတ်ဆို့ ခဲ့ပါတယ်။

မြန်မာစစ်တပ်ရဲ့ ဦးဆောင်သူတွေက ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်တာတွေ၊ အမြစ်တွယ်နေတဲ့ အကြမ်းဖက်မှုတွေ၊ ဖိနှိပ်မှုတွေသာမက ပိုဆိုးလာတဲ့ မြန်မာ့အကျပ်အတည်းတွေအတွက် တာဝန်ရှိတာဖြစ်လို့ ပိတ်ဆို့အရေးယူတာလို့လည်း ကနေဒါအစိုးရက ထုတ်ပြန်ပါတယ်။

ရွေးကောက်ပွဲအချိန်ဇယားကို ဘယ်လာရုဇ်မှာ ပြောတဲ့ စစ်ခေါင်းဆောင်

မြန်မာနိုင်ငံမှာကျင်းပမယ့် ‌ရွေးကောက်ပွဲရက်ကို လာမယ့် ဒီဇင်ဘာ ဒါမှမဟုတ် ဇန်နဝါရီမှာ အစောဆုံး ကျင်းပသွားဖို့ စီစဉ်ထားတယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပထမဆုံးအကြိမ် ထုတ်ပြောလိုက်ပါတယ်။

‌ရွေးကောက်ပွဲကျင်းပပေးမယ်လို့ တောက်လျှောက် ပြောခဲ့ပေမဲ့ အခုအချိန်မှသာ အချိန်ဇယားနဲ့ ဖွင့်ပြောတာဖြစ်ပါတယ်။

ဒါဟာ ၂၀၂၁ ဖေဖော်ဝါရီကနေ စတွက်ရင် အစိုးရသက်တမ်းတစ်ခုစာလောက် (၅ နှစ်နီးပါး) အာဏာသိမ်းထားပြီးမှ ရွေးကောက်ပွဲကျင်းပပေးမယ့် အခြေအနေလည်းဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ၂၀၂၃ သြဂုတ်မှာ ရွေးကောက်ပွဲကျင်းပပေးမယ်လို့ အာဏာသိမ်းကာလအစောပိုင်းတုန်းက ပြောခဲ့ဖူးပေမဲ့ ဖြစ်မလာခဲ့ပါဘူး။

မြန်မာ- ဘယ်လာရုဇ် နှစ်နိုင်ငံ တွေ့ဆုံပွဲအပြီး မတ် ၇ ရက် သတင်းစာရှင်းလင်းပွဲမှာ နှစ်နိုင်ငံ ခေါင်းဆောင်တွေက ပူးတွဲကြေညာချက်နဲ့ ပြောကြားချက်တွေမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းပြောခဲ့တာပါ။

စစ်ကောင်စီက စီစဉ်ထားတဲ့ ရွေးကောက်ပွဲမှာ ပါဝင်ရွေးကောက်ခံမယ့် ပါတီ ၅၃ ခုလည်း စာရင်းသွင်းထားတယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

စစ်ကောင်စီက စီစဉ်ထားတဲ့ ရွေးကောက်ပွဲကို အတိုက်အခံတွေနဲ့ အမေရိကန်အပါအဝင် အနောက်နိုင်ငံတချို့က မထောက်ခံပေမဲ့ တရုတ်၊ ရုရှားနဲ့ ဘယ်လာရုဇ်တို့ကတော့ ထောက်ခံနေပါတယ်။

မြန်မာရွေးကောက်ပွဲ ကျင်းပတာနဲ့ ပတ်သက်ပြီး ဘယ်လာရုဇ် နိုင်ငံရဲ့ လေ့လာရေးအဖွဲ့တွေကိုလည်း လာရောက်ကြည့်ရှုဖို့ ဖိတ်ကြားခဲ့ပါသေးတယ်။

ဘယ်လာရုဇ် သမ္မတ အလက်ဇန်းဒါး လူကာရှန်ကိုဟာ ကလည်း မြန်မာနိုင်ငံကို လာရောက်မှာ ဖြစ်ပြီး ရွေးကောက်ပွဲ စောင့်ကြည့်သူတွေကို လွှတ်ပေးမယ်လို့ ဆိုပါတယ်။

နှစ်နိုင်ငံလုံးကို ပိတ်ဆို့မှုတွေလည်း ထပ်ရှိကောင်းရှိလာနိုင်တာကြောင့် ဒါကို အခွင့်အရေးအဖြစ် သတ်မှတ်တဲ့အတွက် နှစ်နိုင်ငံက ပိုပြီး စည်းစည်းလုံးလုံးနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့လည်း ဘယ်လာရုဇ်သမ္မတက ပြောပါတယ်။

ဘယ်လာရုဇ် သမ္မတနဲ့ စစ်ခေါင်းဆောင်တို့ဟာ နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ ညှိနှိုင်းအစည်းအဝေးတွေ ကျင်းပဖို့၊ နို့ထွက်ပစ္စည်းတွေ ထုတ်လုပ်ဖို့၊ စက်မှုကုန်ကြမ်း သီးနှံ စိုက်ပျိုးထုတ်လုပ်ရေးတွေမှာ ပူးပေါင်းဖို့၊ နှစ်နိုင်ငံကြား ကုန်သွယ်ရေးနဲ့ စီးပွားရေး တိုးမြှင့်ဖို့တွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

ဒါ့အပြင် ရင်းနှီးမြှုပ်နှံမှုကိစ္စတွေ၊ စိုက်ပျိုးရေး၊ လယ်ယာသုံးစက်ကိရိယာထုတ်လုပ်တာတွေ အပါအဝင် တခြားကဏ္ဍပေါင်းစုံမှာ ပူးပေါင်းသွားကြဖို့ကိုလည်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲမှာပဲ နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးတွေက အားကစား၊ ခရီးသွား၊ ဥပဒေရေးရာ၊ စိုက်ပျိုးရေးနဲ့ အစားအစာဘေးကင်းရှင်းရေး ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာတွေကိုလည်း လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

သီလဝါအထူးစီးပွားရေးဇုန်မှာ ရင်းနှီးမြှုပ်နှံဖို့တွေကိုလည်း စစ်ကောင်စီက ဘယ်လာရုဇ်နိုင်ငံကို ပြီးခဲ့တဲ့ ဇန်နဝါရီတုန်းကလည်း ဖိတ်ခေါ်ခဲ့ပါတယ်။

စစ်ခေါင်းဆောင်ဟာ ရုရှားနိုင်ငံကို သွားရောက်ခဲ့ပြီး သမ္မတပူတင်နဲ့ တွေ့ဆုံခဲ့သလို ဘယ်လာရုဇ်နိုင်ငံကိုလည်း ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။