‘‘ကျွန်တော့်သားဆို နောက်ခုံ ၂ တန်းအထိ လွင့်သွားတယ်’’ - စင်္ကာပူလေကြောင်းလိုင်းခရီးသည်

လေယာဥ် ခရီးသည်အခန်းထဲက ခရီးသည်တွေကို လေယာဥ်မျက်နှာကြက်ကို ရိုက်မိတဲ့အထိဖြစ်အောင် ပြင်းထန်ခဲ့တဲ့ လေထုမငြိမ်သက်မှုကို ကြုံခဲ့ရတဲ့ စင်္ကာပူလေကြောင်းလိုင်း လေယာဥ်ပေါ်မှာ လိုက်ပါလာတဲ့ ခရီးသည်တွေက သူတို့ကြုံခဲ့ရတဲ့မြင်ကွင်းဟာ တကယ့်ကို ''လုံးဝကို ထိတ်လန့်တုန်လှုပ်စရာ''ဖြစ်ရပ်လို့ ထုတ်ပြောလာကြပါတယ်။

လန်ဒန်မြို့ကနေ စင်္ကာပူ ပျံသန်းတဲ့အဲဒီလေယာဥ်ဟာ လေယာဥ်မောင်မယ်တွေက ခရီးသည်တွေကို အစားအသောက် မျှဝေ တည်းခင်းပေးဖို့ ပြင်နေတုန်း လေထု မငြိမ်သက်မှုနဲ့ ကြုံခဲ့ရပြီး ရုတ်တရက် ထိုးကျခဲ့တာကြောင့် ခရီးသည် ၃၀ ဒဏ်ရာရပြီး အသက် ၇၃ နှစ်အရွယ် ဗြိတိသျှနိုင်ငံသား ဂျော့ဖ် ကစ်ချင်ဆိုသူ အမျိုးသား သေဆုံးခဲ့ပါတယ်။

ဗြိတိသျှနိုင်ငံသား ခရီးသည် အန်ဒရူး ဒေဗီးစ်ကတော့ ဒီဖြစ်ရပ်ဖြစ်ဖြစ်ချင်း ပထမဆုံး အချိန် စက္ကန့် ပိုင်းဟာ ''ထောက်ကနဲဆိုတဲ့အသံနဲ့အတူ လူတွေ အော်လိုက်ကြတာ'' လို့ ပြန်ပြောင်းပြောပြပါတယ်။

''ကျွန်တော်မှတ်မိတာကိုပြောရရင်တော့ တွေ့မြင်သမျှ ပစ္စည်းတွေအားလုံး လေထဲကို အကုန်ရောက်ကုန်တယ်''

''ကျွန်တော့်တစ်ကိုယ်လုံးမှာလည်း ကော်ဖီတွေ အကုန်ဖိတ်စင် ပေကျံ ကုန်တယ်။ အတော်လေးကို ပြင်းထန်တဲ့လေထုမငြိမ်သက်မှု'' လို့လည်း သူက ဘီဘီစီကို ပြောပါတယ်။

နောက်ခရီးသည်တစ်ဦးကတော့ လေယာဥ်ဟာ ရုတ်တရက် ''တည့်တည့်ကြီး''ဖြစ်ပြီး ''လှုပ်ခါ''သွားတယ်။

''ဖြစ်နေတာကို အသိဝင်လာတဲ့အခါမှာ ရုတ်ချည်းဆိုသလို လေယာဥ်က ထိုးကျသွားတယ်။ အားလုံးက ထိုင်ခုံမှာ ထိုင်လိုက်ကြတယ်။ ဒါပေမဲ့ ထိုင်ခုံ ခါးပတ် မပတ်ထားတဲ့သူတွေဟာ ချက်ချင်းဆိုသလိုပဲ လေယာဥ် မျက်နှာကြက်နဲ့ ဆောင့်မိတဲ့အထိ အပေါ်ကို လွင့်တက်ကုန်တယ်'' လို့ အသက် ၂၈ နှစ်အရွယ် ကျောင်းသားဖြစ်သူ ဇာဖရန် အမီယာက ရိုက်တာသတင်းကို ပြောပါတယ်။

''တချို့ဆို ခေါင်းပေါ်က ခရီးဆောင်သေတ္တာ ထည့်တဲ့အခန်းအကန့်နဲ့ ခေါင်း ဆောင့်မိတယ်။ အဲဒီမျက်နှာကြက်က အရေးပေါ် အခြေအနေမှာ အလိုအလျှောက် ပြုတ်ကျလာတဲ့ မျက်နှာဖုံးတွေရှိတဲ့နေရာတွေ၊ မီးလင်းတဲ့နေရာတွေနဲ့ ခေါင်းနဲ့ တိုက်မိကုန်တာ'' လို့လည်း သူက ဖြည့်စွက်ပြောပါတယ်။

ခရီးသည် ၂၁၁ ဦးနဲ့ လေယာဥ်မှုထမ်း ၁၈ ဦးကို တင်ဆောင်လာပြီး စင်္ကာပူကို ဦးတည်ပျံသန်းလာတဲ့ ဘိုအင်း 777-300ER လေယာဥ်ဟာ လေထုတွင်း မငြိမ်သက်မှုကို ကြုံခဲ့ရအပြီးမှာ ဘန်ကောက်ကို ဦးလှည့်ပျံသန်းကာ အရေးပေါ် ဆင်းသက်ခဲ့ရတာဖြစ်ပါတယ်။

စင်္ကာပူလေကြောင်းလိုင်းကတော့ လေယာဥ်ပေါ်မှာပါတဲ့ ခရီးသည် ၃၁ ဦးဟာ ဆေးရုံ တင်ထားရပြီး သေဆုံးခဲ့သူ မစ္စတာ ကစ်ချန်ရဲ့ မိသားစုအတွက် ဝမ်းနည်းတဲ့အကြောင်း ပြောထားပါတယ်။

တောင်ပိုင်း ဂလော်ဆက်စတာရှိုင်းအရပ်က သူ ကူညီ စီမံလည်ပတ်ပေးနေတဲ့ ဒေသန္တရ ကဇာတ်ကုမ္ပဏီ သွန်းဘရီဂီတပြဇာတ်အဖွဲ့ကတော့ မစ္စတာ ကစ်ချန်ဟာ ''တည်ကြည်ရိုးသားမှုအရှိဆုံး အမျိုးသား'' ဆိုပြီး သူ့ကို အောက်မေ့တသပြောဆိုပါတယ်။

စင်္ကာပူ လေကြောင်းလိုင်း အရာရှိ တစ်ဦးကတော့ လေယာဥ်ဟာ ပျံသန်းချိန် ၁၀ နာရီနီးပါးအကြာမှာ မြန်မာနိုင်ငံ၊ ဧရာဝတီမြစ်ဝကျွန်းပေါ် ကောင်းကင် အမြင့်ပေ ၃၇,၀၀၀ မှာ ''ရုတ်တရက် ပြင်းထန်တဲ့ လေထုမငြိမ်သက်မှု''ကို ကြုံခဲ့ရတာလို့ပြောပါတယ်။

လေကြောင်းလိုင်းကတော့ ကုမ္ပဏီဟာ ခရီးသည်တွေအတွက် ဆေးဘက်ဆိုင်ရာအကူအညီပေးနိုင်ဖို့ ထိုင်းအာဏာပိုင်တွေနဲ့အတူ ပူးတွဲလုပ်ဆောင်နေသလို လိုအပ်တဲ့အကူအညီပေးနိုင်ဖို့ ဘန်ကောက်ကို အဖွဲ့တစ်ဖွဲ့စေလွှတ်ထားတယ်လို့လည်း ဆိုပါတယ်။

'မတ်တပ်ရပ်နေတဲ့သူတွေဆိုရင် ကျွမ်းထိုးမှောက်ခုံဖြစ်ကုန်တယ်'

နောက်ထပ် အသက် ၆၈ နှစ်အရွယ် ဗြိတိန်နိုင်ငံသား ဂျယ်ရီဟာ သားဖြစ်သူမင်္ဂလာပွဲအတွက် သြစတြေးလျကို သွားနေတာဖြစ်ပါတယ်။ ''လေယာဥ် ထိုးဆင်းမှု'' မတိုင်ခင်မှာ သတိပေးချက် မရှိခဲ့ဘူးလို့ ပြောပါတယ်။

''ကျွန်တော်ရော အမျိုးသမီးရော မျက်နှာကြက်နဲ့ ခေါင်း ဆောင့်မိတယ်။ မတ်တပ်ရပ်နေသူတွေဆိုရင်လည်း အကုန်လုံး ကျွမ်းထိုးမှောက်ခုံ ဖြစ်ကုန်တယ်'' သူက ပြန်ပြောင်းပြောပြပါတယ်။

''ကျွန်တော့်သားဆိုရင် ကျွန်တော့် ထိုင်ခုံအနောက်က နောက် ထိုင်ခုံ ၂ တန်းလောက်အထိ လွင့်ထွက်သွားတယ်။ သန့်စင်ခန်းထဲက အမျိုးသားတစ်ယောက်ဆိုရင် ခေါင်းမိုးနဲ့ဆောင့်မိတယ်။ ဒဏ်ရာရတာ အတော်လေး ပြင်းထန်တယ်'' လို့ သူက ထိုင်းမှာ ဆေးရုံတက်နေရင်း ဘီဘီစီကို ပြောပြပါတယ်။ သူ့မိသားစုဝင်တွေ အသက်ဆုံးပါးတဲ့အထိ မဖြစ်ကြတာ ''အတော်လေး ကံကောင်းလှတယ်ဗျာ'' လို့လည်း ထပ်ပြောပါတယ်။

အခုတော့ သောကြာနေ့မှာ သြစတြေးလျက သားဖြစ်သူ မင်္ဂလာဆောင်ကို အရောက်သွားဖို့ ပြင်ခဲ့ကြဖြစ်ပေမဲ့ အခုတော့ သူတို့မိသားစုဟာ မင်္ဂလာဆောင်ကို မမီတော့ပါဘူး။

စင်္ကာပူလေကြောင်းလိုင်းဟာ လေယာဥ်ပေါ် လိုက်ပါလာသူတွေဟာ ဘယ်နိုင်ငံသားတွေရဲ့ အချက်အလက် အသေးစိတ်ကို ထုတ်ပြန်လာပြီး အဲဒီထဲက ၄၇ ဦးဟာ ဗြိတိန်နိုင်ငံသားတွေဖြစ်ပါတယ်။

သြစတြေးလျနိုင်ငံသား ၅၆ ဦး၊ ဗြိတိန်နိုင်ငံသား ၄၇ ဦး၊ စင်္ကာပူ ၄၁ ဦး၊ နယူးဇီလန်နိုင်ငံသား ၂၃ ဦး၊ မလေးရှားနိုင်ငံသား ၁၆ ဦး၊ ဖိလစ်ပိုင်နိုင်ငံသား ၅ ဦး၊ အိုင်ယာလန်နိုင်ငံ ၄ ဦး၊ အမေရိကန်နိုင်ငံသား ၄ ဦး၊ အိန္ဒိယနိုင်ငံသား ၃ ဦး၊ အင်ဒိုနီးရှား၊ မြန်မာ၊ စပိန်၊ ကနေဒါနိုင်ငံတို့က ၂ ဦးစီ၊ ဂျာမနီ၊ အစ္စရေး၊ အိုက်စ်လန်၊ တောင်ကိုရီးယားနိုင်ငံတို့က ၁ ဦးစီ တို့ပါဝင်ပါတယ်။

စင်္ကာပူ ပို့ဆောင်ရေးဝန်ကြီး ချီ တောင်တက်ကတော့ သူ့အစိုးရအဖွဲ့ဟာ ခရီးသည်တွေနဲ့ မိသားစုဝင်တွေကို အကူအညီပေးသွားမယ်လို့ ပြောပါတယ်။

''စင်္ကာပူ လေကြောင်းလိုင်း လေယာဥ် SQ321 ဟာ လန်ဒန် ဟီးသရိုးလေဆိပ်ကနေ စင်္ကာပူကို ပျံသန်းစဥ် အခုလို ကြုံခဲ့ရတာ သိရတဲ့အတွက် အတော်လေး ဝမ်းနည်းရပါတယ်'' လို့ သူက ဖေ့ဘွတ်ခ် လူမှုကွန်ရက်မှာ ရေးသားပါတယ်။

ဒီအတောအတွင်းမှာပဲ ဗြိတိန်နဲ့ မလေးရှားသံရုံးတွေက အရာရှိတွေဟာ ဏ်ရာရတဲ့ ခရီးသည် ဗြိတိန်နဲ့ မလေးရှားနိုင်ငံသားတွေ အခြေအနေ သိနိုင်ဖို့ ဘန်ကောက်မြို့မှာရှိတဲ့ ဆမ်မီတဝေ့ ဆရီနာခရင်ဆေးရုံကို သွားရောက်ခဲ့ကြတယ်လို့ အေပီသတင်းမှာဖော်ပြပါတယ်။

ဒဏ်ရာရသူ ၆၁ ဦးဟာ ဆေးကုသမှုခံယူနေပြီး နောက်ထပ် ၁၀ ဦးကိုတော့ တခြားဆေးရုံတွေကို လွှဲပြောင်းထားတယ်လို့ အဲဒီသတင်းက ဆိုပါတယ်။

ဗြိတိန်သံရုံးအရာရှိတွေဟာ အရေးပေါ် စောင့်ရှောက်ရေး၊ ကလေးလူနာခွဲစိတ်ဌာနနဲ့ ရိုးတွင်းချဥဆီကုသမှုဌာနတွေရှိရာ ဆေးရုံရဲ့ ၉ ထပ်မြောက်ကို သွားရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

ထိုင်းမှာ အစောပိုင်း ဆေးကုသမှုခံယူနေကြရသူ လေယာဥ်ခရီးသည်တွေထဲ မြန်မာနိုင်ငံသား ၂ ဦးလည်း ပါဝင်ပါတယ်။

သုဝဏ္ဏဘူမိလေဆိပ်ကို အရေးပေါ် ဆင်းသက်ခဲ့ရတဲ့ စင်္ကာပူလေကြောင်းလိုင်းလေယာဥ် SQ321 ပေါ်က ခရီးသည် နဲ့ လေယာဥ် အမှုထမ်း ၁၄၀ ကျော်ကတော့ စင်္ကာပူနိုင်ငံကို မေလ ၂၂ ရက် မနက်ပိုင်းမှာ ပြန်ရောက်ပြီဖြစ်ပါတယ်။

တိမ်ထုကို လေယာဥ်က ဖြတ်ကျော် ပျံသန်းရတဲ့အခါ လေထုတွင်း မငြိမ်သက်မှုဖြစ်ပြီး လေယာဥ် အောက်ကို နိမ့်ကျတာနဲ့ ယိမ်းထိုးတာဖြစ်လေ့ရှိသလို တိမ်ရှင်းနေတဲ့ လေထုကို ခွင်းရတဲ့အခါမှာလည်း ဖြစ်လေ့ ရှိပါတယ်။

''သန်းနဲ့ချီတဲ့လေယာဥ်ခရီးစဥ်တွေ ပျံသန်းပြီးတာကိုကြည့်ရင် ပြင်းထန်တဲ့လေထု မငြိမ်သက်မှုကြောင့် ဒဏ်ရာရတယ်ဆိုတာ အတော်လေးကို ရှားပါတယ်'' လို့ လေကြောင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင် ဂျွန် စတစ်လန့်ကဘီဘီစီကို ပြောပါတယ်။

''ဒါ့ပေမဲ့ ပြင်းထန်တဲ့လေထု မငြိမ်သက်မှုဟာ အပြောင်းအလဲမြန်ဆန်ပြီး ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိတာမျိုးလည်းဖြစ်တတ်ပါတယ်။ ဒီနေရာမှာ ဝမ်းနည်းစရာတစ်ခုကတော့ လူသေဆုံးတဲ့အထိ ဖြစ်ပွားခဲ့တာပါပဲ'' လို့လည်း သူကပြောပါတယ်။

လေထုတွင်း မငြိမ်သက်မှုဖြစ်တဲ့အခါ ဘယ်လိုတုံ့ပြန်ရမယ်ဆိုတာကို လေယာဥ်ပေါ်ပါတဲ့ အမှုထမ်းကို လေ့ကျင့်ပေးထားပြီးဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

လေကြောင်းဆိုင်ရာသတင်းထောက် ဆယ်လီ ဂတ်သင်းကတော့ ထိုင်ခုံ ခါးပတ် ပတ်ထားခြင်း၊ မပတ်ထားခြင်းဟာ ''အသက် ရှင်ခြင်းနဲ့ သေခြင်း''ကို အဆုံးအဖြတ်ပေးနိုင်တယ်လို့ပြောပါတယ်။

သုတေသနတွေမှာတော့ ရာသီဥတုပြောင်းလဲမှုကြောင့် အနာဂတ်မှာ ပြင်းထန်တဲ့လေထုမတည်ငြိမ်မှု ပိုဖြစ်လာနိုင်တယ်ဆိုတာကို ပြသနေပါတယ်။