ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကိုယ်ဝန်ရှိလာလို့ အလုပ်ထွက်ခဲ့ရသူ လေယာဉ်မယ်
“လေယာဉ်မယ်အလုပ်က ကျွန်မရဲ့ပထမဆုံးအလုပ်ဆိုတော့ တခြားအလုပ်တွေနဲ့တော့ နှိုင်းယှဉ်မပြတတ်ပါဘူး။ ကျွန်မတယောက်တည်းအပေါ်မတရားလုပ်တယ်လို့တော့ မထင်ပါဘူး။ ဘာလို့လဲဆိုတော့ အခုစည်းမျဥ်းက အားလုံးနဲ့သက်ဆိုင်တဲ့စည်းမျဉ်းဖြစ်နေလို့ပါ”
စင်္ကာပူလေကြောင်းလိုင်းရဲ့ လေယာဉ်မယ်ဟောင်း ကလဲရာဖူကသူ့အကြောင်းကိုပြန်ပြောပြတာပါ။ ကလဲရာဖူဟာ ကိုယ်ဝန်ရှိနေပြီလို့သိလိုက်ချိန်မှာ ပျော်ရွှင်ရာကနေ ချက်ချင်းပဲစိုးရိမ်ပူပန်သွားပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ သူအလုပ်ထွက်ရနိုင်တယ်ဆိုတာ သတိရလိုက်လို့ပါ။ စင်္ကာပူလေကြောင်းလိုင်းရဲ့ ဝန်ထမ်းစည်းမျဉ်းအရ အမျိုးသမီးလေယာဉ်မယ်တယောက် ကိုယ်ဝန်ရှိလာရင် ကိုယ်ဝန်သုံးလပြည့်တာနဲ့ အလုပ်ကနေ အနားယူရပါတယ်။
ပထမကိုယ်ဝန်တုန်းက ကလဲရာဖူဟာ မွေးဖွားပြီးနောက် ကံကောင်းထောက်မစွာနဲ့ အလုပ်ပြန်ရခဲ့ပါတယ်။ ဒါပေမဲ့ သိပ်မကြာခင်မှာပဲ သူဟာ ကိုယ်ဝန်ရှိလာပြန်ပြီဆိုတာ သိလိုက်ရတော့ ဝမ်းသာပျော်ရွှင်တာနဲ့အတူ စိုးရိမ်ပူပန်စိတ်ပါဖြစ်ပေါ်လာပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ သူ့မိသားစုတခုလုံးဟာ သူ့လစာအပေါ်မှာ မှီခိုရပ်တည်နေရာမို့လို့ပါ။ သူအလုပ်ထွက်ရမယ်ဆိုရင် သူ့မိသားစုအတွက် မလွယ်ဘူးလို့ သူက ဘီဘီစီကို ပြောပါတယ်။
အဲဒါကြောင့်သူဟာ ကိုယ်ဝန်ရှိနေတာကို ဖုံးဖိထားပြီး ၅ လ အလုပ်ဆက်လုပ်ခဲ့ပါတယ်။ ခရီးသည်တယောက်က သူဗိုက်နည်းနည်းဖောင်းနေတာကို သတိထားမိပြီးနောက်မှ သူဟာ အလုပ်က ထွက်ခဲ့ပါတယ်။
“ကျွန်မအချိန်ဆွဲပြီး လုပ်လို့ရသမျှလုပ်ခဲ့ပါတယ်။ အလုပ်ထွက်ရတာမလွယ်ပါဘူး” လို့ ကလဲရာဖူက ဆိုပါတယ်။
စင်္ကာပူလေကြောင်းလိုင်းရဲ့ အဲဒီဝန်ထမ်းရေးရာပေါ်လစီဟာ နှစ်ပေါင်း ၅၀ ကျော်ကြာကျင့်သုံးခဲ့ပါတယ်။ ဝေဖန်မှုတွေမြင့်တက်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ ဇူလိုင်လတုန်းကမှ ဖျက်သိမ်းပြောင်းလဲခဲ့ပါတယ်။ ဒါပေမဲ့ စင်္ကာပူလေကြောင်းလိုင်းရဲ့ ပေါ်လစီဟောင်းဟာ ဥပဒေနဲ့မညီတဲ့ပေါ်လစီလို့တော့ ပြောမရကြောင်း Simmons & Simmons ဥပဒေအကျိုးဆောင် အဖွဲ့ဝင် ကလဲရင့်ဒင်းက ဘီဘီစီကိုရှင်းပြပါတယ်။ စင်္ကာပူမှာ ခွဲခြားဆက်ဆံမှုကို ဆန့်ကျင်တားဆီးတဲ့ ဥပဒေမရှိပါဘူး။
“စင်္ကာပူလေကြောင်းလိုင်းရဲ့ ပေါ်လစီက အဓိကပြဿနာလို့ပြောဖို့ခက်တယ်ရှင့်။ စင်္ကာပူအလုပ်သမားစည်းမျဉ်းမှာကိုက အခုလိုဖော်ပြထားပါတယ်။ အလုပ်ရှင်တွေဟာ အလုပ်သမားတွေနဲ့ပတ်သက်ပြီး မျှတတဲ့ကျင့်ထုံးတွေကိုသာ ဖန်တီးဖော်ဆောင့်သင့်တယ်လို့ ဖော်ပြထားပါတယ်။ မလုပ်မနေရလို့ ဆိုမထားပါဘူး။ မလိုက်နာရင် ဘယ်လိုပြစ်ဒဏ်ချမှတ်မယ်ဆိုတာ ဖော်ပြမထားပါဘူး။ ကုမ္ပဏီတွေက လိုက်နာနေကြတယ်ဆိုတာ အလုပ်သမားဝန်ကြီးဌာနကြောင့်ပါ။ အလုပ်သမားဝန်ကြီးဌာက အဲဒီစည်းကမ်းကိုလိုက်နာရမယ်လို့ အကြိမ်ကြိမ်သတိပေးပြောဆိုနေလို့ပါ” လို့ ကလဲရင့်ဒင်းက ရှင်းပြပါတယ်။
“အလုပ်သမားဝန်ကြီးဌာနမှာ လုပ်ပိုင်ခွင့်အာဏာရှိပါတယ်။ ကုမ္ပဏီတွေရဲ့ ဝန်ထမ်းစည်းမျဉ်နဲ့ကျင့်ထုံးတွေကို အနီးကပ်စိစစ်ပြီး လုပ်ငန်းရဲ့လုပ်ပိုင်ခွင့်အခွင့်အရေးကို လျှော့ချဖြတ်တောက်နိုင်စွမ်းရှိပါတယ်”
စင်္ကာပူလေကြောင်းလိုင်းဟာ ဇူလိုင်လမှာ သူတို့ရဲ့ဝန်ထမ်းရေးရာပေါ်လစီကိုပြောင်းလဲပေးလိုက်ပါတယ်။ ဘာ့ကြောင့်ပြောင်းလဲလိုက်တယ်ဆိုတာ အကြောင်းပြချက်တော့မပေးပါဘူး။ ဒါပေမဲ့ ကိုဗစ်ကပ်ရောဂါကာလမှာ လေကြောင်းလိုင်းဝန်ထမ်းတွေ အလုပ်ကရပ်ဆိုင်းထားခဲ့ကြပြီးနောက် ဝန်ထမ်းသစ်ပြန်လည်ခန့်ထားကြချိန်မှာ ကမ္ဘာ့လေကြောင်းလိုင်းတော်တော်များများဟာ ဝန်ထမ်းရှားပါးတဲ့အခက်အခဲကို ရင်ဆိုင်ကြုံတွေ့နေကြရတဲ့အချိန်နဲ့ တိုက်ဆိုင်နေပါတယ်။
အခုပြောင်းလဲလိုက်တဲ့ စည်းမျဉ်းအသစ်မှာတော့ ကိုယ်ဝန်ရှိသွားတဲ့ လေယာဉ်မယ်တွေဟာ ဒီကုမ္ပဏီထဲက တခြားအလုပ်နေရာတခုခုကို ပြောင်းလဲတာဝန်ထမ်းဆောင်ဖို့ လျှောက်ထားခွင့် ရှိပါတယ်။ မွေးဖွားပြီးနောက်မှာလည်း အလုပ်ခွင်ကို ပြန်လာခွင့်ရှိပါတယ်။
“မြေပြင်မှာလုပ်ရတဲ့အလုပ်တာဝန်တွေနဲ့ သင့်တော်တဲ့ဝန်ထမ်းကို သူတို့ကျွမ်းကျင်မှုနဲ့ သက်ဆိုင်တဲ့ အလုပ်တွေပြန်ခန့်ထားပေးနေပါပြီ။ အဲဒီအလုပ်အမျိုးအစားတွေထဲမှာ လေယာဉ်မယ်ဌာနရဲ့ စီမံခန့်ခွဲရေးဌာန အလုပ်မျိုးတွေလည်း ပါဝင်ပါတယ်” လို့ စင်္ကာပူလေကြောင်းလိုင်းက ရှင်းပြပါတယ်။
ကာလရှည်ကြာပြဋ္ဌာန်းခဲ့တဲ့ပေါ်လစီဟောင်း
စင်္ကာပူလေကြောင်းလိုင်းတည်ထောင်ခဲ့တဲ့ နှစ်ပေါင်း ၅၀ အတွင်းမှာ အမျိုးသမီးလေယာဉ်မယ်တွေရဲ့ အခန်းကဏ္ဍဟာ သော့ချက်ကျခဲ့ပါတယ်။ တောင်အာရှ ပရာနခန်တရုတ်မျိုးနွယ်စုရိုးရာဝတ်စုံကို အခြေခံပြီး တီထွင်ထားတဲ့ ထဘီစကတ်ဟာ စင်္ကာပူလေယာဉ်မယ် ဝတ်စုံဆိုပြီး နာမည်ကြီးခဲ့ပါတယ်။ ဝတ်စုံကို ပြင်သစ်အဝတ်အစားဒီဇိုင်နာ ပီရဲဘားမိန်းက ဖန်တီးခဲ့တာပါ။ လေယာဉ်မယ်တွေဟာ အလုပ်မဝင်ခင် ၁၄ ပတ်သင်တန်းတက်ရပါတယ်။ ဘယ်လိုဧည့်ခံရမလဲ၊ အစားအသောက်ဘယ်လိုပြင်ဆင်ရမလဲ၊ အရေးပေါ်အခြေအနေမှာ ဘာတွေလုပ်ရမလဲဆိုတဲ့ အချက်တွေကို သင်တန်းမှာ လေ့ကျင့်သင်ကြားပါတယ်။
အမျိုးသမီးအများအပြားဟာ စင်္ကာပူလေကြောင်းလေယာဉ်မယ်အလုပ်ကိုရတာဟာ အခွင့်ထူးတရပ်လို့ ထင်မြင်ကြကြောင်း စင်္ကာပူလေကြောင်းလိုင်းမှာ ၁၉၈၀ ကျော်ကာလတုန်းက အလုပ်လုပ်ခဲ့ဖူးတဲ့ အဲလစ်ဇဘက်လိုးက ပြောပါတယ်။
“ကိုယ်ဝန်ဆောင်ကိစ္စနဲ့ပတ်သက်ပြီး အားလုံးက သိထားကြပြီးသားဆိုတော့ ပြဿနာလည်း သိပ်မလုပ်ခဲ့ကြပါဘူး။ ကိုယ့်အနေနဲ့ မိသားစုအရေးကို စွန့်လွှတ်မလား၊ အလုပ်ကိုစွန့်လွှတ်မလား ရွေးချယ်ရတဲ့အရာပဲဖြစ်ခဲ့ပါတယ်”
လေကြောင်းလိုင်းရဲ့ ဂုဏ်သတင်းနဲ့အလုပ်ရဲ့သိက္ခာမြင့်မားမှုကြောင့် လူအများဟာ အလုပ်ခန့်ထားစဉ်ကတည်းက အဲဒီအချက်ကို နားလည်လက်ခံခဲ့ကြပါတယ်လို့ သူကဆိုပါတယ်။ စင်္ကာပူလေကြောင်းလိုင်းက ထုတ်ပြန်တဲ့အစီရင်ခံစာထဲမှာလည်း အဲသလိုပဲ အလားတူဆိုထားပါတယ်။
လေယာဉ်မယ်အလုပ်လျှောက်ထားသူတွေထဲက ၁၀ ရာခိုင်နှုန်းလောက်သာ အရွေးချယ်ခံရပြီး စင်္ကာပူလေယာဉ်မယ်သင်တန်းတက်ခွင့်ရကြပါတယ် လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
လေယာဉ်မယ်ဟောင်း အက်ရှလေဟောင်းဟာ စင်္ကာပူလေကြောင်းလိုင်းမှာ အလုပ်လုပ်ပြီး ၂ နှစ်မပြည့်ခင်မှာ ကိုယ်ဝန်ရှိတဲ့အတွက် အလုပ်က နုတ်ထွက်အနားယူခဲ့ပါတယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီးဟာ ဘေးကင်းရေးအတွက် လေယာဉ်မယ်အလုပ်ကနေ ရပ်နားသင့်တယ်လို့ သူယုံကြည်ပေမဲ့ ကုမ္ပဏီမှာ ဆက်အလုပ်လုပ်ခွင့်ရခဲ့ရင် ကောင်းမှာပဲလို့ သူဆန္ဒရှိခဲ့ပါတယ်။
“ကျွန်မတို့အားလုံးအလုပ်စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြရပါတယ်။ အဲဒီတော့ စာချုပ်လက်မှတ်ရေးထိုးကတည်းက အလုပ်မှာ ကန့်သတ်ချက်တွေရှိတယ်၊ ကိုယ်ဝန်ဆောင်ရင် အလုပ်ထွက်ရနိုင်တယ်ဆိုတာတွေကို သိပြီးသားဆိုတဲ့သဘောလို့ ကျွန်မကတော့ ထင်တာပဲ။ တချိန်ချိန်မှာ ဒါမျိုးဖြစ်လာရင် ထွက်ရနိုင်တယ်ဆိုတာ သိပြီးသားဖြစ်တဲ့အတွက် အဲဒီအတွက်ထူးပြီးလည်း ဝမ်းမနည်းခဲ့ပါဘူး” လို့ အက်ရှ်လေဟောင်းကဆိုပါတယ်။
ခွဲခြားဆက်ဆံခြင်းလား၊ ကျားမခွဲခြားခြင်းလို့ဆိုနိုင်မလား
စင်္ကာပူအမျိုးသမီးအခွင့်အရေးလှုပ်ရှားသူအဖွဲ့ဖြစ်တဲ့ Aware ဟာ ဒီအချက်ကို ဆန့်ကျင်ကန့်ကွက်လာတာ ဆယ်နှစ်ကျော်ကြာပါပြီလို့ အဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူ အမှုဆောင်ညွှန်ကြားရေးမှူးကော်ရီနာလင်းက ဘီဘီစီကိုပြောပါတယ်။
“အမျိုးသမီးတွေကိုယ်ဝန်ရှိရင် အလုပ်ကနေနုတ်ထွက်ဖို့လိုအပ်ချက်ဖြစ်လာတဲ့ စင်္ကာပူလေကြောင်းလိုင်းစည်းမျဉ်းဟာ လက်ခံနိုင်စရာမရှိပါဘူး။ ဒါဟာခွဲခြားဆက်ဆံမှုလည်း ဖြစ်ပါတယ်။ ကျားမခွဲခြားမှုလည်း ဖြစ်ပါတယ်” လို့သူကဆိုပါတယ်။
အလုပ်ထွက်ရတဲ့ လေယာဉ်မယ်တွေရဲ့ တိုင်ကြားချက်တွေကိုလည်း သူတို့ရထားတယ်လို့ ဆိုပါတယ်။
“တနည်းအားဖြင့် ဥပဒေနဲ့မဆန့်ကျင်ဘူးလို့ ဆိုနိုင်ပေမဲ့ တည်ဆဲဥပဒေတရပ်ဖြစ်တဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးများအခွင့်အရေးကာကွယ်မှုဥပဒေရဲ့ ရည်ရွယ်ချက်ကိုတော့ ဆန့်ကျင်နေကြောင်း ထင်ရှားပါတယ်။ အဲဒီဥပဒေရဲ့ရည်ရွယ်ချက်က ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ အလုပ်ဆက်လက်လုပ်ကိုင်နိုင်ရေး၊ ဝင်ငွေဆက်လက်ရရှိရေးဖြစ်ပါတယ်” လို့လည်း သူကဆိုပါတယ်။
“ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ လေယာဉ်မယ်အလုပ်ကနေ နုတ်ထွက်ဖို့လိုအပ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ အလုပ်ရဲ့တောင်းဆိုချက်အရ လေယာဉ်မယ်တွေဟာ သူတို့တာဝန်ကျေပွန်အောင် ထမ်းဆောင်နိုင်ရေးအတွက် သင့်တော်တဲ့ရုပ်ပိုင်းဆိုင်ရာ အခြေအနေရှိဖို့လိုအပ်လို့ပါ”လို့စင်္ကာပူလေကြောင်းလိုင်းက ၂၀၁၀ ခုနှစ်တုန်းက ပြောဆိုခဲ့ဖူးပါတယ်။
“တာဝန်ယူမှုရှိတဲ့ လုပ်ငန်းတခုအနေနဲ့ အလုပ်ကိုဦးစားပေးပြီး မိခင်ရဲ့ကျန်းမာရေးနဲ့ မမွေးဖွားသေးတဲ့ ကလေးငယ်ရဲ့ကျန်းမာရေးကို လျှော့ပေါ့စဉ်းစားဖို့ မသင့်တော်ဘူးလို့ ထင်ပါတယ်” လို့ စင်္ကာပူစထရိတ်တိုင်း သတင်းစာကိုပြောကြားခဲ့ပါတယ်။
“လေယာဉ်မယ်တွေရဲ့ စာချုပ်သက်တမ်းဟာ ၅ နှစ်ဖြစ်ပါတယ်။ အမြဲတမ်း အလုပ်အဖြစ်စာချုပ်ချုပ်ဆိုထားတာ မဟုတ်ပါဘူး။ အဲသလို ၅ နှစ်သက်တမ်းပဲချုပ်ဆိုတာဟာ အမျိုးသမီးလေယာဉ်မယ်တွေ ကိုယ်ဝန်ဆောင်ပထမ ၃ လပြည့်ပြီးနောက်မှာ အလုပ်ရပ်ဆိုင်းဖို့လိုအပ်ချက်ရှိနေလို့ပါပဲ” လို့သူကဆိုပါတယ်။
နိုင်ငံတကာလေကြောင်းလုပ်ငန်းအဖွဲ့ချုပ်ကတော့ “ဒါဟာ သက်ဆိုင်ရာကုမ္ပဏီတခုချင်းစီရဲ့ အလုပ်သမားရေးရာက ပေါ်လစီဖြစ်တဲ့အတွက်” ဘာမှမှတ်ချက်မပေးလိုပါဘူးလို့ ဘီဘီစီကို ပြောပါတယ်။
တခြားလေကြောင်းလိုင်းကြီးတွေမှာတော့ အဲသလို လေယာဉ်မယ်ကိုယ်ဝန်ရှိရင် အနားယူရမဲ့ အလုပ်ခွင်စည်းကမ်းအခြေအနေမျိုး မရှိပါဘူး။ ဗြိတိသျှလေကြောင်းလိုင်း၊ ကာတာလေကြောင်းလိုင်း၊ ခွန်းတပ်စ်လေကြောင်းလိုင်းတွေမှာ လေယာဉ်မယ်ကိုယ်ဝန်ရှိရင် မြေပြင်မှာလုပ်ရတဲ့ လုပ်ငန်းတာဝန်တွေ ပြောင်းလဲလုပ်ကိုင်ဖို့ ကမ်းလှမ်းပါတယ်။
ဟောင်ကောင်လေကြောင်းလိုင်းဖြစ်တဲ့ ကက်သီပစိဖိတ်လေကြောင်းလိုင်းကတော့ “ရွေးချယ်စရာ လမ်းကြောင်းနှစ်ခုပေးထားပါတယ်။ မြေပြင်အလုပ်ကိုပြောင်းလဲလုပ်မယ်ဆိုရင် လစာရပါမယ်။ ဒါမှမဟုတ်ရင် လစာမဲ့ခွင့်ကို မီးဖွားခွင့်ကုန်ဆုံးတဲ့ကာလအထိ ခံစားနိုင်ပါတယ်” လို့ဆိုပါတယ်။
“ခွင့်ရက်ကုန်ဆုံးပြီးနောက်မှာတော့ သက်ဆိုင်ရာဘေးကင်းလုံခြုံရေးသင်တန်းတွေတက်ရောက်ပြီးနောက် လေယာဉ်မယ်အလုပ်ပြန်လုပ်ခွင့်ရှိပါတယ်။ အဲဒီပေါ်လစီကျင့်သုံးလာတာ ဆယ်နှစ်ကျော်ပါပြီ” လို့လည်း ဆိုပါတယ်။
လေယာဉ်မယ်အလုပ်လျှောက်ရင် မိမိအရပ်နဲ့ ခန္ဓာကိုယ်ရဲ့အချိုးအစား BMI index ဘယ်လောက်ရှိတယ်ဆိုတဲ့ အချက်ကို ဖော်ပြရပါတယ်။ ဒါကိုလည်း စိုးရိမ်ပူပန်မိတယ်လို့ အမျိုးသမီးအခွင့်အရေးအဖွဲ့က မစ္စလင်းက ဆိုပါတယ်။
“ဒါဟာလည်း လူတိုင်းအတွက် တန်းတူအခွင့်အရေးရှိတယ်ဆိုတဲ့အချက်ကို ကန့်သတ်တားမြစ်ထားသလိုဖြစ်နေပါတယ်။ မီးဖွားပြီးပြန်လာတဲ့အမျိုးသမီးရဲ့ အရပ်ခန္ဓာအချိုးအစား BMI index ဟာ ကုမ္ပဏီလိုအပ်ချက်နဲ့ ကိုက်ချင်မှကိုက်ပါလိမ့်မယ်” လိုဆိုပါတယ်။
ဒါဟာ မီးဖွားမိခင်တွေအတွက် သီးခြားသတ်မှတ်ချက်မဟုတ်ဘဲ လေယာဉ်မယ်အားလုံးနဲ့သက်ဆိုင်တဲ့ တပြေးညီသတ်မှတ်ချက်ပါလို့ စင်္ကာပူလေကြောင်းလိုင်းဘက်က တုံံ့ပြန်ပါတယ်။
အပြောင်းအလဲ
စင်္ကာပူနိုင်ငံရဲ့ မလုပ်မနေရသဘောမသက်ဝင်သေးတဲ့ စည်းမျဉ်းညွှန်ကြားချက်ကို ဥပဒေအဖြစ် ပြောင်းလဲပြဋ္ဌာန်းဖို့ ပြင်ဆင်နေပြီလို့ ဝန်ကြီးချုပ် လီရှန်လုံးက ၂၀၂၁ ခုနှစ်မှာပြောခဲ့ပါတယ်။
“သဘောတရားအရပြောရရင် စည်းမျဉ်းကို ဥပဒေအဖြစ်ပြောင်းလဲပြဋ္ဌာန်းလိုက်တာဟာ ကြီးမားတဲ့ အပြောင်းအလဲတခုပါ။ ဥပဒေအဖြစ်ပြောင်းလဲသတ်မှတ်လိုက်တဲ့သဘောက နောင်မှာ ဆက်လက်ဖောက်ဖျက်ရင် သည်းခံတော့မှာ မဟုတ်ဘူးလို့ အချက်ပေးလိုက်တဲ့သဘောပါပဲ” လို့ဆိုပါတယ်။
ကျားမခွဲခြားဆက်ဆံမှု၊ လူမျိုးခွဲခြားဆက်ဆံမှု၊ အသက်ခွဲခြားဆက်ဆံမှု၊ အသားအရောင်ခွဲခြားဆက်ဆံမှု၊ မသန်စွမ်းများကိုခွဲခြားဆက်ဆံမှု ပြဿနာတွေကိုဖြေရှင်းဖို့ ပဋိပက္ခဖြေရှင်းရေးခုံရုံးတွေ ဖွင့်လှစ်သွားမယ်လို့လည်း သူကဆိုပါတယ်။
“ဒီနှစ်ပိုင်းတွေအတွင်းမှာ အလုပ်ခွင်အခြေအနေဟာ ပြောင်းလဲလာပါပြီ။ ဘယ်လိုပေါ်လစီမျိုးတွေကို လက်ခံသင့်တယ် ဘယ်လိုပေါ်လစီမျိုးတွေကို လက်မခံသင့်ဘူးဆိုတာတွေကို အဖွဲ့အစည်းတွေဟာ ပြန်စဉ်းစားလာရပါပြီ” လို့ မစ္စတာဒင်းကဆိုပါတယ်။
“ဒါဟာပြိုင်ဆိုင်ခြင်းရဲ့ ဘေးထွက်ဆိုးကျိုးတခုပါပဲ။ ကုမ္ပဏီတွေဟာ အကောင်းဆုံးလူတွေကို သူတို့အလုပ်တွေမှာ လုပ်ချင်လာအောင်ဆွဲဆောင်ရင်း အခုလိုဖြစ်လာတာပါ” လို့သူကဆိုပါတယ်။
အခုအခါ ကလဲရာဖူဟာ ဆေးဝါးလုပ်ငန်းတခုမှာ အလုပ်လုပ်ပါတယ်။ သူက အပြောင်းအလဲကို လက်ခံကြိုဆိုပါတယ်။ သူဟာကိုယ်ဝန်ဆောင်ကြောင့် အလုပ်ထွက်ခဲ့ရတဲ့အတွက် ၅ နှစ်သက်တမ်းမှာ ရသင့်တဲ့ ဆုကြေးငွေ စင်္ကာပူဒေါ်လာ ၁ သောင်းခွဲကို ဆုံးရှုံးခဲ့ရပါတယ်။
“ကျွန်မရဲ့မိဘတွေနဲ့ ယောက္ခမတွေက ထောက်ပံ့ပေးကြလို့ ကျွန်မကကံကောင်းပါတယ်။ အဲသလိုသာ မဟုတ်ရင် ပိုဆိုးမှာပါ” လို့သူကဆိုပါတယ်။
“အမျိုးသားလေကြောင်းလိုင်းတခုအနေနဲ့ စင်္ကာပူလေကြောင်းလိုင်းဟာ အမျိုးသမီးတွေနဲ့ သူတို့မိသားစုတွေကို ဒီ့ထက်ပိုပြီး အားပေးထောက်ခံသင့်တာပေါ့ရှင်။ အဲသလိုသာဆိုရင် စင်္ကာပူလေကြောင်းလိုင်းမှာ ကျွန်မဆက်အလုပ် လုပ်ဖြစ်ခဲ့မယ်ထင်ပါတယ်”