နိုင်ငံရေး အရှုပ်တော်ပုံတွေကြောင့် လှုပ်ခတ်သွားတဲ့ စင်္ကာပူ

နိုင်ငံရေး တည်ငြိမ်တဲ့ စင်္ကာပူနိုင်ငံမှာ ကြုံတောင့်ကြုံခဲ နိုင်ငံရေး အရှုပ်တော်ပုံတွေကြောင့် တော်တော် လှုပ်လှုပ်ခတ်ခတ် ဖြစ်နေပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက နှစ်ပေါင်း ၄၀ လောက်အတွင်း ပထမဆုံးအကြိမ်အဖြစ် အကြီးတန်း ဝန်ကြီးတယောက်ကို အဂတိမှုနဲ့ ဖမ်းဆီးလိုက်ပါတယ်။

တနင်္လာနေ့ကလည်း တချိန်မှာ ဝန်ကြီးချုပ် နေရာ ဆက်ခံနိုင်မယ့်သူလို့ ထင်ထားကြတဲ့ သူနဲ့ တခြား ဥပဒေပြု အမတ် ၂ ယောက်ဟာ အိမ်ထောင်ပြင်ပ လူမှုရေး ဖောက်ပြန်မှုတွေကြောင့် နုတ်ထွက်သွားခဲ့ကြပါတယ်။

ဒီကိစ္စက စာရိတ္တကောင်းပြီး သန့်ရှင်းတဲ့ အစိုးရ အဖွဲ့နဲ့ ကမ္ဘာပေါ်မှာ လခအများဆုံး ရတဲ့ ခေါင်းဆောင်တွေ အုပ်ချုပ်နေတဲ့ မြို့ နိုင်ငံအဖြစ် သူတို့ကိုယ်သူတို့ ဂုဏ်ယူကြတဲ့ စင်္ကာပူ ပြည်သူလူထုကို တော်တော်လေး တုန်လှုပ်သွားစေခဲ့ပါတယ်။

နိုင်ငံရေး လေ့လာသုံးသပ်သူတွေကတော့ ဒီလို အရှုပ်တော်ပုံတွေကြောင့် အာဏာရ People's Action Party (PAP) အပေါ် လူထု ထောက်ခံမှု ကျဆင်းသွားနိုင်တယ်လို့ ပြောကြပါတယ်။ People's Action Party (PAP) ဟာ ပြီးခဲ့တဲ့ ၁၉၅၉ ခုနှစ်ကတည်းက အာဏာရလာခဲ့တာ ဖြစ်ပြီး ပါလီမန်ထဲမှာလည်း အမတ်နေရာ အများစုကို ရရှိထားတာ ဖြစ်ပါတယ်။

အဲဒီ အဖြစ်တွေကြောင့်ပဲ ဝန်ကြီးချုပ် လီရှန်လွန်း သူ့ရဲ့ ခေါင်းဆောင်မှုကို ဘယ်တော့မှ လွှဲပြောင်းပေးနိုင်မလဲ ဆိုတာနဲ့ ပတ်သက်လို့ ဒွိဟ ဖြစ်လာကြပါပြီ။

တနင်္လာနေ့က ၅၄ နှစ် အရွယ် ပါလီမန် ဥက္ကဋ္ဌ တန်ချွန်ဂျင် နဲ့ ၄၇ နှစ် အရွယ် ဥပဒေပြု အမတ် ချန်လီဟွီ တို့ဟာ မလျော်ကန်တဲ့ လူမှု ဆက်ဆံရေး ကြောင့် ပါတီနဲ့ ပါလီမန်က နှုတ်ထွက်သွားခဲ့ကြပါတယ်။ မစ္စတာ တန်က အိမ်ထောင်သည် ဖြစ်ပြီး မစ္စ ချန်းကတော့ အိမ်ထောင်မရှိပါဘူး။

ပြီးခဲ့တဲ့ သီတင်းပတ် အတွင်းက စင်္ကာပူရဲ့ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး အဖွဲ့က သယ်ယူပို့ဆောင်ရေး ဝန်ကြီး အက်စ် အစ္စဝါရန်နဲ့ ဘီလျံနာ သူဌေးကြီး အွန်ဘန်ဆိုင်းတို့ကို ဖမ်းဆီးခဲ့ပြီး နောက်မှာ ပွင့်လင်းမြင့်သာမှုနဲ့ ပတ်သက်လို့ မေးခွန်းတွေ ထုတ်လာခဲ့ကြပါတယ်။ ဒီအဖမ်းခံရသူ ၂ ယောက်ဟာ ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ်က စင်္ကာပူမှာ ဂရောင်းပရီ ကားပြိုင်ပွဲ ကျင်းပဖို့ အဓိက နေရာက စွမ်းဆောင်ခဲ့ကြသူတွေ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က မစ္စတာ အစ္စဝါရန်ကို စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့ သူ့ရဲ့ ဝန်ကြီးတာဝန်တွေနဲ့ နှုတ်ထွက်ခိုင်းခဲ့တာ ဖြစ်ပါတယ်။

သူ့နေရာမှာ ဒုတိယ ဝန်ကြီး လော့ရန့်စ် ဝေါင်းက တာဝန်ယူမှာဖြစ်ပြီး အဂတိ လိုက်စားမှုနဲ့ ပတ်သက်လို့ ပြည့်စုံ လွတ်လပ်မှု ရှိစွာ စစ်ဆေးသွားမှာဖြစ်ပြီး ဘယ်ကိစ္စကိုမှ ထိန်ချန်ဖျောက်ဖျက် ပစ်မှာ မဟုတ်တဲ့ အကြောင်း ဒေသတွင်း မီဒီယာတွေမှာ ပြောခဲ့ပါတယ်။

ဒါပေမဲ့ ဖမ်းဆီးမှုတွေ လုပ်ပြီး ၃ ရက်အကြာမှသာ ဒီကိစ္စနဲ့ ပတ်သက်လို့ အာဏာပိုင်တွေက ကြေညာခဲ့တာ ဖြစ်ပါတယ်။ ဖမ်းဆီးခံရသူ ၂ ယောက်စလုံးကိုလည်း တရားဝင် စွဲချက်တင်ထားတာ မရှိသေးဘဲ အာမခံနဲ့ လွှတ်ပေးထားပါတယ်။

အကြီးတန်း ဝန်ကြီး ၂ ယောက်က အဆင့်မြင့်လူနေရပ်ကွက်ထဲမှာ ကိုလိုနီခေတ်က ဘန်ဂလို ၂ လုံးကို တကယ့် အပြင်က ပေါက်ဈေးထက် နည်းတဲ့ နှုန်းထားနဲ့ ငှားရမ်း နေထိုင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲမှုတွေ ထွက်လာခဲ့အပြီးမှာပဲ အခုလို ဖမ်းဆီးမှုတွေ ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

ကေ ရှန်မူဂမ်နဲ့ ဗစ်ဗီယန် ဘလတ်ခရစ္စရှန် တို့ကို လာဘ်ပေး လာဘ်ယူ တိုက်ဖျက်ရေး စစ်ဆေးမှု လုပ်ခဲ့ပြီး ၂ ဦးစလုံး အပြစ်မရှိကြောင်း တွေ့ရှိခဲ့ပေမယ့် စင်္ကာပူ နိုင်ငံရေး လောက အတွင်းမှာတော့ တန်းတူညီမျှမှု မရှိဘူး ဆိုတဲ့ ငြင်းခုန်သံတွေ ထွက်လာခဲ့ပါတယ်။

ဒီလို မကြုံစဖူး ကြုံခဲ့ကြရတဲ့ ထူးခြားတဲ့ အဖြစ်တွေရဲ့ နောက်မှာ လှောင်ပြောင်မှုတွေက ကပ်ပါလာခဲ့ပါတယ်။ yeolo.sg ဆိုတဲ့ အင်စတာဂရမ် စာမျက်နှာကို ဖန်တီးသူတွေက ဒီနှစ် စင်္ကာပူက စာရေးဆရာတွေက အရင်ထက်ပိုရောင်းကောင်း ခဲ့ကြတယ်လို့ ရေးခဲ့ကြပါတယ်။

တခြားပို့စ်တခုမှာလည်း ဘာဘီ ရုပ်ရှင်ထဲက သရုပ်ဆောင်တွေ လက်ပ်တော့ပ် နားစုနေတဲ့ ပုံကို တင်ပြီး သူတို့ သူငယ်ချင်းတသိုက် စင်္ကာပူ နိုင်ငံရေးကို ရုတ်ချည်း စိတ်ဝင်စား လာကြပြီလို့ ရေးထားပါတယ်။

နောက်ထပ် အင်စတာဂရမ် သုံးသူ တယောက်ကလည်း လက်ရှိ နိုင်ငံရေး လောကက အခြေအနေတွေကို အတင်းအဖျင်းတွေပဲ ပြောနေကြတဲ့အဖြစ်မျိုး ခနဲ့တဲ့တဲ့ ရေးထားပါတယ်။

ဒါပေမဲ့ ဒီလှောင်ပြောင်သံတွေနဲ့ ဟာသတွေရဲ့ နောက်မှာ PAP ပါတီရဲ့ အနာဂတ်နဲ့ စင်္ကာပူပြည်သူတွေရဲ့ ယုံကြည်မှုကို ဘယ်လို ဆက်လက် စွဲကိုင်ထားမလဲ ဆိုတဲ့ မေးခွန်းတွေလည်း ရှိလာပါတယ်။

မကြာသေးတဲ့ အတိတ်ကာလ တချို့မှာလည်း ပါတီဟာ အလားတူ အရှုပ်တော်ပုံကို ဖြတ်သန်းခဲ့ရပြီး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ် အတွင်းကလည်း ပါလီမန် ဥက္ကဋ္ဌနဲ့ နောက် အမတ် တယောက်တို့ လူမှုရေး ဖောက်ပြန်မှုနဲ့ နှုတ်ထွက်ခဲ့ရပါသေးတယ်။ ဒါပေမဲ့ အရှုပ်တော်ပုံတွေနဲ့ အဂတိလိုက်စားမှု ကိစ္စတွေအကြား သိပ်အချိန်မဟခဲ့တာကြောင့် မဲဆန္ဒရှင်တွေရဲ့ အာရုံစူးစိုက်မှုတွေ ပိုများလာခဲ့ပါတယ်။

PAP ဟာ သူတို့ အမတ်တွေ ကိုယ်ကျင့်တရား ကောင်းဖို့ အမြဲရှေ့တန်းတင်ထားပြီး ပါတီတွင်းစည်းကမ်းကောင်းမှု အပေါ် ဂုဏ်ယူတဲ့ ပါတီလည်း ဖြစ်ပါတယ်။ ပါတီကို ဦးဆောင်ထူထောင်ခဲ့သူတွေထဲက တဦးကဆို PAP ထဲဝင်ရတာ ဘုန်းကြီး ဝတ်ရသလိုပဲလို့တောင် တင်စားခဲ့ပါသေးတယ်။

ဝန်ကြီးချုပ် မစ္စတာ လီကတော့ သူ့ပါတီရဲ့ အရှုပ်တော်ပုံတွေနဲ့ ပတ်သက်လို့ ကိုင်တွယ်ပုံနဲ့ ပတ်သက်လို့ ဒါဟာ စနစ်တခု ဘယ်လို အလုပ်လုပ်ရတယ်ဆိုတာကို ပြသခဲ့တာ ဖြစ်တယ်ဆိုပြီး ကာကွယ်ပြောဆိုခဲ့ပါတယ်။

တခါတလေ အမှုကိစ္စတွေ စုပြုံတက်လာတတ်တယ်။ အဲဒီအခါမှာ မှန်မှန်ကန်ကန် ဖြစ်ဖို့ လုပ်ပေးရတယ်လို့ သူက ဆိုပါတယ်။ တဦးချင်း တယောက်ချင်းရဲ့ စာရိတ္တနဲ့ ကိုယ့်ကျင့်သိက္ခာ မြင့်မားမှုတွေက သူတို့ ပါတီကို စင်္ကာပူ ပြည်သူတွေ ယုံကြည် လေးစားကြတဲ့ အဓိက အကြောင်းတရားတခု ဖြစ်ပါတယ်လို့ မစ္စတာ လီက ပြောပါတယ်။

ဒါပေမယ့် တချို့ လေ့လာသူတွေကတော့ ဒီလို အရှုပ်တော်ပုံတွေကြောင့် စင်္ကာပူမှာ အထူးသဖြင့် PAP ပြောနေသလို အင်မတန်ကောင်းတဲ့ အုပ်ချုပ်မှု ယန္တရားအပေါ်မှာ မေးခွန်းထုတ်စရာ ဖြစ်လာတယ်လို့ ဆိုပါတယ်။

အခွင့်အာဏာနဲ့ လုပ်ပိုင်ခွင့်၊ ကြီးကြပ်မှုပိုင်းနဲ့ ပွင့်လင်းမြင်သာမှု၊ ပါလီမန်အတွင်း တန်းတူညီမျှမှု စတာတွေအပြင် PAP ပြောနေတဲ့ သူတို့ကိုယ်သူတို့ အမြဲ စောင့်ကြည့်နေပါတယ်ဆိုတဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ မေးခွန်းတွေ ရှိလာနေပြီ ဖြစ်တယ်လို့ စင်္ကာပူ အခြေစိုက် နိုင်ငံရေး သိပ္ပံ ပညာရှင် အီယန် ချောင်းက ပြောပါတယ်။

PAP ဟာ တခြား အဖွဲ့အစည်းတွေမှာလို သူတို့ရဲ့ နိုင်ငံရေးအရ အရေးကြီးတဲ့ ဌာနတွေကို ကိုင်ထားသူတွေ၊ အကြီးတန်း အစိုးရ ဝန်ထမ်းတွေနဲ့ သူတို့ မိသားစုဝင်တွေရဲ့ ဝင်ငွေနဲ့ ပိုင်ဆိုင်မှုတွေကို အများပြည်သူ ထင်သာ မြင်သာအောင် ချပြတာမျိုး မလုပ်ဘူးလို့ သူက ဆိုပါတယ်။

စင်္ကာပူ နိုင်ငံရေး လောကနဲ့ ပတ်သက်တဲ့ စာအုပ်တချို့ကို ရေးသားဖူးတဲ့ သြစတေးလျ အခြေစိုက် နိုင်ငံတကာ ဆက်ဆံရေး ဆိုင်ရာ ပညာရှင် ပါမောက္ခ မိုက်ကယ် ဘား က စင်္ကာပူမှာ သြဇာတိက္ကမ ကြီးသူတွေကို တာဝန်ခံမှု ရှိစေဖို့ လုပ်ပေးနိုင်မယ့် ခိုင်မာ ပြတ်သားတဲ့ လုပ်ထုံးလုပ်နည်းတွေလည်း ချမှတ်ထားတာ မရှိဘူးလို့ ဆိုပါတယ်။

သူတို့ကိုပဲ မျက်စိမှိတ် ယုံကြည်ပေါ့၊ ဒါကြောင့်လည်း အခုလို အစိုးရအတွက် အန္တရာယ်ရှိတဲ့ ကိစ္စမျိုးတွေ ကြုံလာရတာ၊ သူတို့အပေါ် ပြည်သူလူထုက ထားတဲ့ ယုံကြည်မှုတွေကို လွှင့်ပစ်နေကြတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

နိုင်ငံတကာ ပွင့်လင်းမြင်သာမှု အဖွဲ့ရဲ့ Corruption Perceptions Index မှာ စင်္ကာပူဟာ ပဉ္စမမြောက် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ဝန်ကြီးလစာကို ဂဏန်း ၇ လုံးအထိပေးပြီး အဂတိလိုက်စားမှု မရှိစေဖို့ လုပ်ခဲ့ကြပါတယ်။

ပြည်သူလူထုရဲ့ အထူးယုံကြည်မှုမျိုး မရတဲ့ အစိုးရဆိုရင် ရွေးကောက်ပွဲ အနိုင်ရဖို့ နည်းလမ်း ၂ မျိုးကိုသာ အားကိုးလို့ ရပါတယ်။ ဒီမိုကရေစီကို ဖြိုဖျက်ပြီး ဖိနှိပ်ထားတာမျိုးနဲ့ လူထုရဲ့ အသိအမှတ်ပြုမှုကို ရနိုင်တဲ့ စွမ်းဆောင်မှုမျိုးတွေ လုပ်ပြရပါတယ်။ အခုအစိုးရရဲ့ နှစ်ပိုင်းတွေအတွင်းက စွမ်းဆောင်မှုတွေကို ကြည့်ရင်တော့ လူထုက အသိအမှတ်ပြုမှုကို ရဖို့ အရေး မေ့ထားလိုက်တာပဲ ကောင်းပါတယ်လို့ ဒေါက်တာ ဘားက ပြောပါတယ်။

မကြာသေးခင်က ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေကြောင့် မစ္စတာ လီ ရာထူးက ဆင်းတော့မလား ဆိုတဲ့ အပေါ် သံသယတွေ ရှိလာကြပါတယ်။

၇၁ နှစ် ရှိပြီ ဖြစ်တဲ့ မစ္စတာ လီဟာ ပြီးခဲ့တဲ့ ၂၀၀၄ ခုနှစ်ကတည်းက ဝန်ကြီးချုပ် အဖြစ် တာဝန်ထမ်းဆောင် လာခဲ့တာ ဖြစ်ပြီး အနားယူလိုတဲ့ အကြောင်း မကြာခဏ ပြောနေခဲ့ပါတယ်။ သူ့နေရာကို ဆက်ခံမယ့် သူအဖြစ်လည်း ဘဏ္ဍာရေး ဝန်ကြီး လော့ရဲန့်စ် ဝေါင်းကို ရွေးချယ်ထားပြီး ဖြစ်ပါတယ်။

ဒါပေမဲ့ တနင်္လာနေ့က မစ္စတာ လီက မကြာခင် အချိန်အတွင်း ရွေးကောက်ပွဲတခု ကျင်းပဖို့ အစီအစဉ် မရှိကြောင်း ပြောခဲ့ပါတယ်။ စင်္ကာပူ ရွေးကောက်ပွဲကို လာမယ့် ၂၀၂၅ နိုဝင်ဘာလမှ ကျင်းပမှာ ဖြစ်ပါတယ်။

မစ္စတာ ဝေါင်းအနေနဲ့လည်း မကြာသေးခင်က ဖြစ်ခဲ့တဲ့ အရှုပ်တော်ပုံ ကိစ္စတွေနဲ့ ပတ်သက်လို့ ပိုပြီး တက်တက်ကြွကြွ ပြောဆိုလုပ်ကိုင်တာမျိုးကို မတွေ့ရတာကြောင့် သူနဲ့ သူ့ လုပ်ဖော်ကိုင်ဖက်တွေ အနေနဲ့ စင်္ကာပူကို လက်လွှဲဦးဆောင်ဖို့ အသင့်ဖြစ်သေးရဲ့လားဆိုတဲ့ မေးခွန်းတွေ ရှိလာတယ်လို့ ဒေါက်တာ ချောင်းက ပြောပါတယ်။