ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

တိုက်ရိုက်ထုတ်လွှင့်မှု, မြန်မာစစ်တပ်အပေါ် တရားစွဲတိုင်ကြားမှုကိုလက်ခံလို့ဆိုပြီး တီမောကို စစ်ကော်မရှင်က ကန့်ကွက်

မြန်မာစစ်တပ်ရဲ့ စစ်ရာဇဝတ်မှုတွေနဲ့ပတ်သက်ပြီးစုံစမ်းစစ်ဆေးဖို တီမောရှေ့နေရုံးကို ချင်းလူ့အခွင့်အရေးအဖွဲ့က တိုင်ကြားမှုကို လက်ခံလို့ တီမောကို စစ်ကော်မရှင်ကန့်ကွက်စာထုတ်တဲ့ သတင်းအပါအဝင် ဇန်နဝါရီ ၁၉ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာ့ထူးခြားသတင်းများကို တိုက်ရိုက်တင်ဆက်ပေးနေပါတယ်။

အနှစ်ချုပ်

  • စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က ကျိုင်းတုံသွားပြီး ဝစီပိတ်ဆရာတော်နဲ့ တစ်နေ့တည်း ဘုရားသုံးဆူဖူးမျှော်
  • ချင်းလူ့အခွင့်အရေးအဖွဲ့က မြန်မာစစ်တပ်ကျူးလွန်မှုတွေကို တရားရုံးတင်ကြားမှုကို ခွင့်ပြုတဲ့ တီမောလက်စ်နိုင်ငံဟာ အာဆီယံပဋိညာဉ်ကို ချိုးဖောက်တာလို့ စစ်ကော်မရှင်ပြော
  • ရွေးကောက်ပွဲ အပိုင်း (၃) ကျင်းပမယ့် ကော့ကရိတ်မြို့ ရဲ့ မြောက်ပိုင်းမှာ စစ်တပ်က မြေပြင်စစ်ကြောင်းထိုးတာ၊လေကြောင်း ဗုံးကြဲတာနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ လုပ်နေပြီး KNU/PDF တွေ နဲ့ တိုက်ပွဲတွေပြင်းထန်
  • စပိန် နိုင်ငံတောင်ပိုင်းမှာ အမြန်ရထားတစ်စင်း လမ်းချော်ပြီး ဆန့်ကျင်ဘက်ခုတ်မောင်းလာတဲ့ ရထားကို တိုက်မိလို့ အနည်းဆုံး လူ ၂၁ ဦးသေဆုံး
  • ရန်ကုန်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်က ယုဇနပလာဇာအနီးမှာ မီးလောင်မှုဖြစ်
  • ကယား(ကရင်နီ)ပြည်နယ်၊ မယ်စဲ့ထောင်ကနေ ထွက်ပြေးလွတ်မြောက်သွားတဲ့ စစ်သုံ့ပန်း အကျဥ်းသားတွေထဲက ဒုတိယဗိုလ်မှူးကြီးအဆင့် တစ်ဦးကို ထိုင်းမှာ
  • NUG လက်အောက်ခံနယ်မြေခံ တပ်ဖွဲ့တချို့နဲ့ BNRA တပ်တွေကြားက ပြဿနာကို တွေ့ဆုံဖြေရှင်းဖို့ အသင့်ရှိနေတယ်လို့ ဗမာအမျိုးသားတော်လှန်ရေး တပ်မတော် (BNRA) ခေါင်းဆောင် ဗိုလ်နဂါးပြော

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ကရင်နီ (မယ်စဲ့) က ထွက်ပြေးသွားတဲ့ အကျဥ်းသားထဲက ဒုဗိုလ်မှူးကြီးတစ်ဦး ထိုင်းဘက်မှာဖမ်းဆီးခံရ

    ကရင်နီတပ်ဖွဲ့တွေ ပူးပေါင်းအုပ်ချုပ်ရေးနယ်မြေ ကယား(ကရင်နီ)ပြည်နယ်၊ မယ်စဲ့ထောင်ကနေ ထွက်ပြေးလွတ်မြောက်သွားတဲ့ စစ်သုံ့ပန်းအကျဥ်းသားတွေထဲက ဒုတိယဗိုလ်မှူးကြီး အဆင့် တစ်ဦးကို ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်ထဲမှာ ဖမ်းမိထားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

    သူဟာ မြန်မာစစ်တပ်က ဒုတိယဗိုလ်မှူးကြီး ပိုင်စိုးသူ ဖြစ်တယ်လို့ ထိုင်းသတင်းတစ်ခုမှာ ဖော်ပြပါတယ်။ အခုဖမ်းခံရတဲ့ ဒုဗိုလ်မှူးကြီးက ထိုင်းနိုင်ငံကတဆင့် မြန်မာစစ်ကော်မရှင်ထံ ပြန်လွှဲပြောင်းပေးဖို့ ထိုင်းအာဏာပိုင်တွေကိုတောင်းဆိုထားတယ်လို့ ဆိုပါတယ်။

    ဇန်နဝါရီ ၁၈ ရက်က ကရင်နီ နဲ့ ထိုင်းနယ်စပ်က ကရင်နီကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အုပ်ချုပ်တဲ့ မယ်စဲ့ အကျဉ်းထောင်ကနေ အကျဉ်းသား ၈၀ ဦး လက်နက်ငယ် ၉ လက် နဲ့ထွက်ပြေးလွတ်မြောက်သွားတယ်လို့ IEC က ထုတ်ပြန်ခဲ့တာပါ။

    ဒါကို IEC အတွင်းရေးမှူး (၂) ကိုဗညားခွန်အောင်က လည်း အတည်ပြုပါတယ်။

    “ဓာတ်ပုံရဲ့ အခြေအနေကို ကြည့်ပြီးတော့ သူတို့ထိုင်းနိုင်ငံထဲရောက်သွားတယ်ဆိုတာ အတည်ပြုပေးလို့ရပါတယ်” လို့ ကိုဗညားခွန်အောင်က ဘီဘီစီ ကိုပြောပါတယ်။

    အခုလို အကျဉ်းသားတွေ ထွက်ပြေးလွတ်မြောက်ခဲ့တဲ့ ဖြစ်စဉ်ကို သင်ခန်းစာယူပြီး ပြန်လည်သုံးသပ်ဆန်းစစ်သွားမယ်လို့ ကိုဗညားခွန်အောင်က ပြောပါတယ်။

  2. ဒေါ်လာဘီလီယံပမာဏ တရုတ်ဝယ်လိုအားရှိတဲ့ ဇိမ်ခံဒူးရင်းသီး

    မလေးရှားနိုင်ငံ၊ ရာ့ဘ် မြိုလေးရဲ့ စီးပွားရေးကို မောင်းနှင်နေတဲ့ ဆူးတွေထောင်နေတဲ့ ဒူးရင်းသီးစျေးကွက်ကို လုံးဝလျှော့တွက်လိုမရပါဘူး။၁၉ ရာစုက ရွှေတူးဖော်ရေးမြိုတစ်မြိုဖြစ်ခဲ့တဲ့ ရာ့ဘ်မြို ဟာ မကြာသေးခင်နှစ်တွေကစလို သူတိုရဲ့စီးပွားရေးမှာ အဝါရောင် အသီးတစ်မျိုးလည်း ပါဝင်လာပါတယ်။ အဲဒါက မူဆမ်ကင်းန်ဒူးရင်းသီးဖြစ်ပါတယ်။

    အခုဆို ရာ့ဘ်မြို ကို မူဆမ်ကင်းန် ဒူးရင်းသီးရဲ့ ဇာတိမြေအဖြစ် လူသိများပါတယ်။ တရုတ်လူမျိုးတွေက အဲဒီ ဒူးရင်းသီးကို ပြင်သစ် ဇိမ်ခံတံဆိပ် Hermès လိုတောင် တင်စားခေါ်ဝေါ်ကြပြီး ပြင်သစ်ဖက်ရှင် ဇိမ်ခံပစ္စည်းလိုပဲ တန်ဖိုးထားလိုချင်စားချင်ကြပါတယ်။

    မလေးရှားရဲ့ ဒူးရင်းသီးစျေးကွက် ဘယ်လောက်အလုပ်ဖြစ်နေလဲဆိုတာ ဒီလင်ခ့် ကိုနှိပ်ရုံနဲ့ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

  3. ညှိနှိုင်းဆွေးနွေးဖို့ အသင့်ရှိတယ်လို့ ဗိုလ်နဂါးအပြော NUG ရဲ့ ပအဖ ဘယ်လိုတုံ့ပြန်လဲ

    စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်ထဲ NUG လက်အောက်ခံနယ်မြေခံ တပ်ဖွဲ့တချို့နဲ့ BNRA တပ်တွေကြားက ပြဿနာကို တွေ့ဆုံဖြေရှင်းဖို့ အသင့်ရှိနေတယ်လို့ ဗမာအမျိုးသားတော်လှန်ရေး တပ်မတော် (BNRA) ခေါင်းဆောင် ဗိုလ်နဂါး က ဘီဘီစီကို ပြောပါတယ်။

    “တွေ့ဆုံဖြေရှင်းဖို့ ကျွန်တော်တို့ ကမ်းလှမ်းထားတာရှိပါတယ်။ ဒါပေမယ့် တစ်ဖက်က လက်ခံတွေ့ဆုံဖို့ ကိစ္စမှာတော့ သဘောတူထားတာမရှိသေးပါဘူး။ လုံးဝအပြီးသတ်ပြေလည်သွားမယ့်အခြေအနေမျိုး နှစ်ဖက်လူကြီးတွေ ညှိနှိုင်းဆွေးနွေးမှုရှိရင်တော့ ကောင်းတာပေါ့ဗျာ။ ဒီကိစ္စအတွက် ကျွန်တော်တို့ဘက်က အသင့်ရှိပါတယ်” လို့ ဗိုလ်နဂါးက ပြောပါတယ်။

    ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက်က NUG ကာကွယ်ရေးဝန်ကြီးဌာန၊ ယင်းမာပင်ခရိုင် ကွပ်ကဲရေးတပ်တွေ က ပုလဲမြို့နယ်ထဲက BNRA ရဲ့ တပ်စခန်းနှစ်ခုကို တရားမဝင်တွေ ဂိတ်တွေဖွင့်လှစ်ထားတယ်ဆိုပြီး ဝင်ရောက်စီးနင်းခဲ့တယ်လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံ ဦးဇော်ထက်က ဘီဘီစီကို ဖြေထားပါတယ်။

    အဲဒီဖြစ်စဉ်အပြီး ဇန်နဝါရီ ၁၇ ရက်မှာတော့ ပုလဲမြို့နယ်ထဲက NUG လက်အောက်ခံ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဟာ အခွန်ဂိတ်မဟုတ်ဘဲ အခွန်ကောက်နေတယ်ဆိုပြီး BNRA ရဲ့ တပ်ဖွဲ့ဝင် ၄ ဦးက သေနတ်ပစ်ခတ်မှုဖြစ်ခဲ့တဲ့ ဖြစ်စဥ်ရှိခဲ့ပါတယ်။

    BNRA နဲ့ ဆက်စပ်တဲ့ သတင်းပေ့ချ်တချို့ကတေ့ာ လက်တုံ့ပြန်စီးနင်းတာ မဟုတ်ဘူးလို့ထုတ်ပြန်ထားပါတယ်။

    အခုလို နှစ်ဖက်ပဋိပက္ခတွေနဲ့ ပတ်သက်လို့ NUG လက်အောက်ခံ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံ ဦးဇော်ထက်ကတော့ “ကျွန်တော်တို့ မြို့နယ်ကတော့ BNRA နဲ့ ဆွေးနွေးဖို့မရှိတော့ဘူး” လို့ ပြောပါတယ်။

    တဖက်မှာလည်း နှစ်ဖက်ပဋိပက္ခ ဖြစ်ထားတဲ့ ‌နောက်ပိုင်းမှာ အခုရက်ပိုင်းအတွင်း ယင်းမာပင်ခရိုင်ထဲက NUG တပ်ရင်းတွေက စုဖွဲ့မှုတွေလုပ်နေတယ်လို့ ဗိုလ်နဂါးက ပြောပါတယ်။

    “ကျွန်တော်တို့ မြို့နယ်ထဲမှာ တပ်ရင်း ၃၀ ရှိတယ်။ စစ်ဒေသအောက်က ရင်းရော၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်က ရင်းရော၊ အားလုံးပေါင်း ရင်း ၃၀ ရှိတယ်။ တိကျတဲ့ သတင်းတွေမဟုတ်ဘူး။ ဒါကဘာအတွက်လည်းမသိတော့ စောင့်ကြည့်နေပါတယ်။ တပ်ရင်း ၃၀ ကျော်ကနေ ရဲဘော် ၁၅ ယောက်စီ ဒီရက်ပိုင်းမှာ စုနေတယ်ဆိုတဲ့ အကြောင်းတော့ အထဲကနေ ကြားရပါတယ်။ အခြေအနေတွေကို တော့ ကျွန်တော်တို့ ကြားရတဲ့ အတိုင်း ဟုတ်မဟုတ်ကိုတော့ စောင့်ကြည့်ပါဦးမယ်” လို့ ဗိုလ်နဂါးက ပြောပါတယ်။

    ပုလဲမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးတာဝန်ခံ ဦးဇော်ထက်ကတော့ “တပ်ရင်းတွေ စုနေတယ်ဆိုတာကတော့ တပ်ရင်းစုဖွဲ့မှုအတွက် စစ်ကြောင်းပုံဖော်ဖို့ အတွက်'' ဖြစ်ပါလိမ့်မယ် လို့ တုံ့ပြန်ပါတယ်။

    ဖွဲ့စည်းပုံမပြည့်မီတဲ့ တပ်ရင်းတွေ စုဖွဲ့ပြီး စစ်ကြောင်းတွေ ဆောင်ရွက်ရမယ်ဆိုတာ MOD ရဲ့ နဂိုညွှန်ကြားချက်ဖြစ်တယ်လို့ ဆိုပါတယ်။

    '' အခုအဲဒီညွှန်ကြားချက်အတိုင်း သက်ဆိုင်ရာ မြို့နယ်မှာ ရှိတဲ့ သက်ဆိုင်ရာ တပ်ရင်းတွေကနေပြီးတော့ MOD ရဲ့ ညွှန်ကြားချက်အတိုင်း စစ်ကြောင်းပုံပေါ်အောင် တပ်ရင်းတွေ စုဖွဲ့ဖို့ ဆောင်ရွက်နေရခြင်းဖြစ်ပါတယ်။ တခြားကိစ္စတော့ မကြားမိပါဘူး” လို့ ဦးဇော်ထက်က ဘီဘီစီကိုဖြေပါတယ်။

  4. ကပစတွေရဲ့အချုပ် ကပစ-၄ က စစ်တပ်အတွက် ဘယ်လိုအရေးပါလဲ

    စစ်ကောင်စီရဲ့ ကာကွယ်ရေးပစ္စည်းထုတ်စက်ရုံ(ကပစ) ၂၅ ရုံထဲက ၂၄ ရုံအတွက် နေပြည်တော်၊ တပ်ကုန်းမြို့မှာရှိတဲ့ ကပစ-၄ က ပင်မထောက်တိုင်တစ်ခုဖြစ်ပါတယ်။

    မြန်မာစစ်တပ်က ထုတ်လုပ်နေတဲ့ စစ်လက်နက်အသစ်အားလုံးအတွက် စက်ပြုပြင်နဲ့ ပုံစံထုတ်ဌာနစက်ရုံဖြစ်တဲ့ ကပစ ၄ က သုတေသနပြုပြီး ဒီဇိုင်းရေးဆွဲရပါတယ်။

    စစ်လက်နက်ထုတ်တဲ့ ကပစ အားလုံးက စက်ပစ္စည်းတွေ ပုံမှန်လည်ပတ်နိုင်အောင် ပြုပြင်ထိန်းသိမ်းရေးနဲ့ အပိုပစ္စည်းထုတ်လုပ်၊ ဝယ်ယူ တပ်ဆင်တာတွေအတွက် ကပစ ၄ ကို မဖြစ်မနေ မှီခိုရပါတယ်။

    အတတ်ပညာရှင်တွေနဲ့ပဲ စုစည်းလည်ပတ်နေတဲ့ စက်ရုံလို့ စစ်တပ်အသိုင်းအဝိုင်းကြား ပြောစမှတ်တွင်တဲ့ ကပစ ၄ ကို အာဏာသိမ်းကာလတွေမှာ စစ်တပ်က အဆင့်မြှင့်တင်မှုတွေ ဆက်တိုက်လုပ်နေပါတယ်။

    ကပစ-၄ ရဲ့လည်ပတ်မှုကို ဒီဆောင်းပါးလင်ခ့် မှာနှိပ်ပြီးဖတ်ရှုနိုင်ပါတယ်။

  5. စစ်ခေါင်းဆောင်ရဲ့ ကျိုင်းတုံခရီး- ဝစီပိတ်ဆရာတော်ရဲ့ လောကသရဖူစေတီတည်ဆောက်ရေးကို သွားကြည့်

    စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ သူ့ရဲ့ ကျိုင်းတုံခရီးမှာ ဝစီပိတ်ဆရာတော် ဘဒ္ဒန္တကောဝိဒနဲ့အတူ ကျိုင်းတုံမြို့ က ရုပ်ပွားတော်မြတ်တွေနဲ့ ဘုရားစေတီ ၃ နေရာကို တစ်နေ့တည်းသွားရောက်ခဲ့တယ်လို့ နိုင်ငံပိုင်သတင်းစာကဖော်ပြပါတယ်။

    ဒါအပြင် စစ်ခေါင်းဆောင်ဟာ ဝစီပိတ်ဆရာတော်ဦးဆောင်တည်ဆောက်နေတဲ့ လောကသရဖူစေတီတော်တည်ဆောက်ရေးလုပ်ငန်းခွင်ကိုလည်း သွားကြည့်ရှုခဲ့တယ်လို့ဆိုပါတယ်။

    ဇန်နဝါရီ ၁၈ ရက်က စစ်ခေါင်းဆောင် နဲ့ ဝစီပိတ်ဆရာတော်က ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့ ဗုဒ္ဓဥယျာဉ်ရှိ သတ္တသတ္တာဟမဟာဗောဓိစေတီတော်၊ အဘယရာဇမုနိရုပ်ပွားတော်နဲ့ ကျိုင်းတုံမြို့ မဟာမြတ်မုနိရုပ်ပွားတော်မြတ်တွေကို သွားရောက်ဖူးမြော်ခဲ့ကြတာတွေ့ရပါတယ်။

    စစ်ခေါင်းဆောင်၊ ဝစီပိတ်ဆရာတော်တို့နဲ့ အတူ စစ်ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး တို့လည်း ပါဝင်ပါတယ်။

    ဝစီပိတ်ဆရာတော် ဘဒ္ဒန္တကောဝိဒဆရာတော်ဟာ စစ်ခေါင်းဆောင်ကိုးကွယ်ဆည်းကပ်တဲ့ ဆရာတော် သံဃာတော်တွေထဲမှင်ကရဖြစ်တဲ့ ဆရာတော်အဖြစ်လူသိများပါတယ်။

  6. ပါကစ္စတန်က ဈေးဝယ်စင်တာ ၂၄ နာရီကြာ မီးလောင်ကျွမ်းမှု လူ ၈ ဦးသေဆုံးထား

    ပါကစ္စတန်နိုင်ငံ၊ ကရာချီမြို့က ဈေးဝယ်စင်တာ မှာ အဆောက်အဦတွေ ပြိုကျတဲ့အထိ မီးလောင်ကျွမ်းခဲ့ပြီး လူ ၈ ဦးသေဆုံးထားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

    ဈေးဝယ်စင်တာမှာ စတိုးဆိုင်ခန်း ၁,၂၀၀ ရှိပြီး ၈၆,၀၀၀ ကျော် စတုရန်းပေ ကျယ်ဝန်းပါတယ်။

    ဒေသစံတော်ချိန် စနေနေ့ ညမှာ စတင်လောင်ကျွမ်းခဲ့ပြီး ၂၄ နာရီအကြာ တနင်္ဂနွေနေ့ ညမှ မီးငြှိမ်းသတ်နိုင်ခဲ့ပါတယ်။

    ဒါပေမယ့် မီးခိုးလုံးကြီးတွေကို တနင်္ဂနွေ မနက်ပိုင်းအထိ ဆက်ပြီး တွေ့နေရတယ်လို့ ကယ်ဆယ်ရေးသမားတွေ က ပြောပါတယ်။

    မီးလောင်ကျွမ်းစေတဲ့ ပလက်စတစ်အရည်တွေ၊ အဝတ်အစားတွေ ရဲ့ ရေမွှေးတွေ ဈေးဝယ်စင်တာထဲမှာ ရှိနေတာကြောင့်လည်း မီးလောင်မှုက ပိုပြီးကြီးထွားခဲ့တယ်လို့ ကယ်ဆယ်ရေးအဖွဲ့တာဝန်ရှိသူကပြောပါတယ်။

    မီးသတ်သမားတွေ၊ ကယ်ဆယ်ရေးသမားတွေကတော့ ပျောက်ဆုံးနေသူ ဒါဇင်နဲ့ ချီကိုမီးခိုးလုံးကြီးတွေထဲ ရှာဖွေနေရဆဲပါ။

    အ‌ဆောက်အဦရဲ့ ပြိုကျလာတဲ့ အပျက်အစီးတွေနဲ့ လေဝင်လေထွက်မရှိတာကြောင့် ရှာဖွေကယ်ဆယ်ရေးတွေ လုပ်ဖို့ အတော်လေးအခက်တွေ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

    လက်ရှိမှာ လူ ၅၈ ဦး ပျောက်ဆုံးနေပြီး မိသားစုဝင်တွေဟာ လည်း ဈေးဝယ်စင်တာ အရှေ့ဘက်မှာ လာရောက်စောင့်ဆိုင်းနေကြပါတယ်။

    အခုတော့ ဈေးဝယ်စင်တာ ရဲ့ အဆောက်အဦတစ်ခုလုံးနီးပါး မီးလောင်ပြာကျခဲ့ပြီး နောက်ထပ်ကျန်ရှိနေ တဲ့ အပိုင်းတွေလည်း ထပ်ပြီးပြိုကျလာနိုင်တယ်လို့ သတိပေးထားပါတယ်။

    လက်ရှိမှာ လူ ၁,၁၂၂ ဦး ကို ကယ်ထုတ်ထားနိုင်ပြီလို့ ကယ်ဆယ်ရေးအဖွဲ့ရဲ့ ပြောခွင့်ရှိသူက ဘီဘီစီ အူရဒူဘာသာစကားဌာန ကို ပြောပါတယ်။

  7. ရန်ကုန်၊ ယုဇနပလာဇာစျေးကြီးအနီး မီးလောင်

    ရန်ကုန်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်က ယုဇနပလာဇာအနီးမှာ မီးလောင်မှုဖြစ်နေလို့ Level 2 အဆင့်နဲ့ ငြှိမ်းသတ်နေတယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

    ဒီကနေ့ ဇန်နဝါရီ ၁၉ ရက် မနက် ၁၀ နာရီခွဲအချိန်က ရန်ကုန်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ သာယာကုန်းရပ်ကွက်၊ နှင်းဆီလမ်း မှာမီးလောင်ခဲ့တာဖြစ်ပါတယ်။

    '' မီးတအားများတယ်။ မီးသတ်ကား​တွေ အတော်များတယ်။ ပလာဇာရှေ့မှာ လမ်း​တွေလည်း ပိတ်နေတယ်။ မီးခိုးတွေလည်းတက်နေတုန်းပဲ'' လို့ ယုဇနပလာဇာ အနီးမှာ ရှိနေသူတစ်ဦးက ပြောပါတယ်။

    နှင်းဆီလမ်းနဲ့ ကပ်လျက် စံပယ်လမ်းမှာနေထိုင်သူတစ်ဦးကတော့ မီးထိန်းနိုင်တဲ့ အခြေအနေဆိုပေမဲ့ မီးခိုးတွေဆက်ရှိနေတဲ့ အခြေအနေလို့ပြောပါတယ်။

    '' စံပယ်​လမ်း​မှာ​ဆို မီး​ခိုး​တွေ​နဲ့ ဖုံး​နေ​ပြီး လမ်း​တောင်​ မ​မြင်​ရ​တော့​ဘူး​။ မီး​ခိုး​တွေ​က တက်​နေ​တုန်း​ပဲ။ မီးခိုး​က မ​ဖြူ​သေး​ဘူး၊ မည်း​လိုက်၊ မီးခိုး​ရောင်​ ဖြစ်​လိုက်​နဲ့၊ လောင်​လို့​ ကောင်း​နေ​တုန်း'' လို့ ပြောပါတယ်။

    လက်ရှိမှာ မီးငြှိမ်းသတ်နေဆဲဖြစ်လို့ ဆုံးရှုံးမှုနဲ့ ထိခိုက်မှုအခြေအနေတွေကို မသိရသေးပါဘူး။

  8. စပိန်မှာ အမြန်ရထားနှစ်စင်း တိုက်မိလို့ လူ ၂၀ ကျော်သေဆုံး

    စပိန် နိုင်ငံတောင်ပိုင်းမှာ အမြန်ရထားတစ်စင်း လမ်းချော်ပြီး ဆန့်ကျင်ဘက်ခုတ်မောင်းလာတဲ့ ရထားကို တိုက်မိလို့ အနည်းဆုံး လူ ၂၁ ဦးသေဆုံးသွားတယ်လို့ စပိန်အာဏာပိုင်တွေက ပြောပါတယ်။

    သေဆုံးမှုတွေဟာ ညတွင်းချင်းမြင့်တက်လာနိုင်တယ်လို့ လည်း အသိပေးထားပါတယ်။

    ဒီဖြစ်စဉ်ကြောင့် လူ ၃၀ ကျော်ဟာ ပြင်းထန်တဲ့ ဒဏ်ရာတွေနဲ့ ဆေးရုံမှာ ကုသမှုခံယူနေရတယ်လို့ စပိန် ပို့ဆောင်ရေးဝန်ကြီးက ပြောပါတယ်။

    ဒီရထားဟာ မာလာဂါ မြို့ကနေ မက်ထရစ် မြို့ကို မောင်းနှင်လာခဲ့တာဖြစ်ပါတယ်။ ကော်ဒိုဘာမြို့ အနီး အရောက်မှာတော့ ရထားက လမ်းချော်သွားခဲ့တာပါ။

    အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေက ရထားနှစ်စင်းတိုက်မှုမှာ အနည်းဆုံး လူ ၇၃ ဦး ဒဏ်ရာရသွားတယ်လို့ ပြောကြပါတယ်။

    ပို့ဆောင်ရေးဝန်ကြီးကတော့ ဒီဖြစ်စဉ်ဟာ “အင်မတန် ထူးဆန်း” ပြီး ပြဿနာအရင်းခံ ကို စုံစမ်းစစ်ဆေးမှုတွေ လုပ်သွားမယ်လို့ ပြောပါတယ်။

    လမ်းချော်ခဲ့တဲ့ ရထားရဲ့ ခရီးစဉ်တွေပြေးဆွဲတဲ့ ကုမ္ပဏီ ကတော့ ဒီဖြစ်စဉ် မတိုင်မီ ရထားပေါ် မှာ ခရီးသည် ၃၀၀ ကျော် လိုက်ပါခဲ့တယ်လို့ ပြောပြီး တိုက်ခံရတဲ့ ရထားပေါ်မှာ တော့ ခရီးသည် ၁၀၀ ဝန်းကျင်လိုက်ပါလာတယ်လို့ နှစ်ဖက်ကုမ္ပဏီတွေက ပြောပါတယ်။

  9. PDF တွေပါတဲ့ ဘောလုံးပွဲ ဗုံးကြဲခံရမှု သေဆုံးသူမြင့်တက်လာ

    မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်ထဲက ဘောလုံးပွဲကျင်းပနေတဲ့နေရာ လေကြောင်းကနေ ဗုံးကြဲခံရမှုမှာ သေဆုံးသူ ၉ ဦးအထိရှိလာပြီလို့ မြေပြင်သတင်းရင်းမြစ်တချို့က ပြောပါတယ်။

    ကွင်းပြင်ထဲမှာ ဘောလုံးကန်နေတဲ့ အဖွဲ့တချို့အပြင် ဘောလုံးပွဲကို လာရောက်အားပေးနေကြတဲ့ ဒေသခံတွေနဲ့ လူစည်ကားနေချိန် လေကြောင်းတိုက်ခိုက်ခံလိုက်ရတာလို့ ဆူးဖြူကုန်းရွာ ဒေသခံတစ်ဦးက ပြောပါတယ်။

    ဒီဇင်ဘာလတုန်းကလည်း ဆီးဂိမ်းဘောလုံးပွဲကြည့်နေတဲ့ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ထဲက လက်ဖက်ရည်ဆိုင်တစ်ဆိုင်ပေါ်ကို လေကြောင်းဗုံးကျလို့ လူအစုလိုက်အပြုံလိုက် သေဆုံးခဲ့တဲ့ဖြစ်စဉ်ရှိခဲ့ပါတယ်။

    နွားထိုးကြီးမြို့နယ်ထဲက ဘောလုံးပွဲ ဗုံးကြဲခံရပြီးနောက်ပိုင်းမှာလည်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လုပ်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တချို့က ပြောပါတယ်။

    အပြည့်အစုံကို ဒီလင်ခ့် မှာ ဖတ်ရှုနိုင်ပါပြီ။

  10. စစ်ကော်မရှင်က ရွေးကောက်ပွဲ အပိုင်း ၃ လုပ်မယ့် ကော့ကရိတ်မှာ တိုက်ပွဲပြင်းထန်

    မြန်မာစစ်တပ်နဲ့ ကရင်အမျိုးအသားအစည်းအရုံး KNU လက်အောက် KNLA/PDF ပူးပေါင်းတပ်တွေကြား တိုက်ပွဲပြင်းထန်နေတဲ့ ကော့ကရိတ်မြို့မြောက်ပိုင်းမှာ စစ်တပ်က မြေပြင်စစ်ကြောင်းထိုးတာ၊လေကြောင်း ဗုံးကြဲတာနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ ဆက်တိုက်ရှိနေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။

    စစ်ကော်မရှင် ဦးဆောင်တဲ့ ရွေးကောက်ပွဲ အပိုင်း ၃ ကျင်းပမယ့် ကော့ကရိတ်မြို့ရဲ့ မြောက်ပိုင်းက အောက်ဘိုတဲ၊ နောင်ကိုင်းလမ်းပိုင်းက ကျေးရွာတွေကို စစ်တပ်က စစ်ကြောင်းထိုးနေတာကြောင့် ဇန်နဝါရီ ၁၆ ရက်ကစလို့ ဒီကနေ့ အထိ တိုက်ပွဲပြင်းထန်နေတာဖြစ်ပါတယ်။

    '' စော်ဟဲ၊ နောင်ကိုင်း၊ အောက်ဘိုတဲက နေရာတွေကို ဇန်နဝါရီ ၁၇ ရက်က ဗုံးကြဲသွားတာပါ။ နောက်ရက်တွေလည်း ဒရော့ဗုံးချတာ၊ လက်နက်ကြီးနဲ့ ပစ်တာတွေဆက်ရှိနေပါတယ်။ ရွာသားတွေအိမ်တွေ မီးလောင်ပျက်စီးသွားပါတယ်။ လူအထိအခိုက်တော့ မသိရသေးပါဘူး'' လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်က ပြောပြပါတယ်။

    အဲဒီတိုက်ပွဲအတွင်း စစ်တပ်ဘက်က လေယာဉ်တွေနဲ့ရော ဒရုန်းတွေနဲ့ပါ ဗုံးကြဲတိုက်ခိုက်နေပြီးလက်နက်ကြီးတွေနဲ့လည်း ဆက်တိုက်ပစ်နေတာလို့မြေပြင်အခြေအနေသိရှိသူတချို့ က ပြောပါတယ်။

    ကော့ကရိတ်နဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်တွေဟာ လာမဲ့ ရွေးကောက်ပွဲအပိုင်း ၃ မှာပါဝင်ပါတယ်။ ဒါကြောင့် အဲဒီဒေသတွေကို စစ်တပ်က စစ်ကြောင်းထိုးတာရော စစ်အင်အားဖြည့်တင်းတာပါ လုပ်နေတာလို့ ဒေသခံတွေက ယူဆကြပါတယ်။

    တိုက်ပွဲကြောင့် ကော့ကရိတ်မြို့နယ်ထဲက ထီဖိုးစံ၊ နန်းရွှေမိတ်၊ မိဖာလဲ့၊‌ စော်ဟဲ၊ နောင်တပွဲ၊ နောင်ကိုင်း၊ နောင်တပ္ပံ၊ မြပတိုင်၊ နောင်မိ စတဲ့ကျေးရွာ ၂၀ က ဒေသခံထောင်နဲ့ချီထွက်ပြေးနေရတယ်လို့ ဒေသတွင်း သတင်းတွေမှာ ဖော်ပြထားကြပါတယ်။

    တိုက်ပွဲဖြစ်နေပေမယ့်လည်း စစ်တပ်ဘက်ကတော့ ကျေးရွာအုပ်ချုပ်ရေးတွေကနေတစ်ဆင့် လာမယ့်ရွေးကောက်ပွဲမှာမဲထည့်ဖို့ ပြောဆိုတာတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    စစ်ကော်မရှင်ဘက်ကတော့ ကော့ကရိတ်ဘက်က စစ်ရေးအခြေအနေနဲ့ပတ်သက်လို့ ထုတ်ပြန်ပြောဆိုတာမရှိသေးပါဘူး။

  11. တီမောက မြန်မာပြည်တွင်းရေးဝင်စွက်နေလို့ ကန့်ကွက်ရှုတ်ချတယ်လို့ စစ်ကော်မရှင်ပြော

    မြန်မာစစ်တပ်ကို တရားစွဲဆိုတိုင်ကြားမယ့် ချင်းလူ့အခွင့်အရေးအဖွဲ့ကို တီမောလက်စ်တေနိုင်ငံက လက်ခံတွေ့ဆုံပြီး အားပေးအားမြှောက်ပြုတာဟာ မြန်မာပြည်တွင်းရေးဝင်ရောက်စွက်ဖက်တာလို့ စစ်ကော်မရှင်က ‌ထုတ်ပြန်ပြောဆိုပါတယ်။

    ဒါအပြင် တီမောနိုင်ငံရဲ့လုပ်ရပ်က အာဆီယံပဋိညာဉ်ကို ပြောင်ပြောင်တင်းတင်းချိုးဖောက်တာလို့ လည်း ထုတ်ပြန်ချက်မှာ ‌ဖော်ပြထားပါတယ်။

    ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းက ချင်းလူ့အခွင့်အရေးအဖွဲ့နဲ့ တီမော သမ္မတတွေ့ဆုံပြီးနောက် တီမောလက်စ်တေ နိုင်ငံအစိုးရရှေ့နေရုံးကို ရာဇဝတ်မှုဆိုင်ရာ တိုင်ကြားချက်တင်သွင်းခဲ့အပြီးမှာ စစ်ကော်မရှင်ဘက်က ဒီပြောဆိုမှုထွက်ပေါ် လာတာပါ။

    မြန်မာနိုင်ငံဆိုင်ရာ တီမောလက်စ်တေသံရုံး ရဲ့ သံရုံးယာယီတာဝန်ခံကိုလည်း ဇန်နဝါရီ ၁၆ ရက်က နေပြည်တော်ကို ဆင့်ခေါ်ပြီး ဒီတွေ့ဆုံမှုကို ကန့်ကွက်ရှုတ်ချကြောင်း နဲ့ ဖြေရှင်းရန်တောင်းဆိုတဲ့ သတိထောက်လွှာကို နိုင်ငံခြားရေးဝန်ကြီးဌာနက ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

    အရှေ့တီမောလက်စ်တေနိုင်ငံရဲ့ သမ္မတ မစ္စတာ ဟိုဆေးရာမို့စ် ဟော်တာ က ချင်းလူ့အခွင့် အရေး အဖွဲ့ (Chin Human Rights Organization) ကို ဇန်နဝါရီ ၁၄ ရက်နေ့မှာ လက်ခံတွေ့ဆုံပြီး ဆွေးနွေးမှုတွေ လုပ်ခဲ့တယ်လို့ ဖော်ပြပါတယ်။

    ချင်းလူ့အခွင့်အရေးအဖွဲ့ (Chin Human Rights Organization) က မြန်မာနိုင်ငံအတွင်း ခရစ်ယာန်ဘာသာဝင် ချင်းလူမျိုးတွေအပေါ် မြန်မာစစ်တပ်ရဲ့ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ကို တီမောလက်စ်တေ နိုင်ငံမှာ တရားစွဲဆိုခဲ့ပြီး အမှုကို တီမောတရားရုံးက လက်ခံထားတာဖြစ်ပါတယ်။

    ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇူလိုင် ၁ ရက်နေ့က ကျင်းပတဲ့ တီမောလက်စ်တေ အစိုးရအဖွဲ့ကျမ်းသစ္စာကျိန်တဲ့အခမ်းအနားမှာလည်း အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် နဲ့ အဖွဲ့ကိုဖိတ်ကြားခဲ့တာသိရှိရကြောင်းလည်း ထုတ်ပြန်ပါတယ်။

    ဒီဖိတ်ကြားမှုအပြီး တီမောလက်စ်တေ သံရုံး ရဲ့ ယာယီတာဝန်ခံကိုလည်း ကနဦး ဆင့်ခေါ်ပြီး ကန့်ကွက်ပြီးတဲ့နောက်မှာ မြန်မာနိုင်ငံကနေ နှင်ထုတ်ခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

    တီမောလက်စ်တေနိုင်ငံရဲ့ အာဆီယံအဖွဲ့ဝင် လျှောက်ထားမှုကိုလည်း အာဆီယံပဋိညာဉ်ပါအခြေခံမူတွေ ကို လိုက်နာခြင်းမရှိလို့ ကန့်ကွက်ကြောင်း အာဆီယံအဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးတွေအားလုံးထံ စာရေးသား ပေးပို့အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။

    ဒါပေမယ့် တီမောလက်စ်တေနိုင်ငံခြားရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး မြန်မာနိုင်ငံကို လာရောက်တဲ့ခရီးစဉ်အတွင်း စစ်ကော်မရှင် နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံစဉ် ရာမှာ တီမောနိုင်ငံအနေနဲ့ တခြားနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှု မပြုလုပ်ပါကြောင်း နဲ့ အာဆီယံပဋိညာဉ် ပါ အခြေခံမူတွေကို အပြည့်အဝလေးစားလိုက်နာမယ်လို့ အကြိမ်ကြိမ် ကတိပြုခဲ့တဲ့ အတွက် အာဆီယံအဖွဲ့ဝင် လျှောက်ထားမှုကို မြန်မာနိုင်ငံက ကန့်ကွက်မှုတွေ ဆက်မလုပ်ခဲ့ဘူးလို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

    အခုတခါ တီမောလက်စ်တေနိုင်ငံရဲ့ ထိတွေ့ဆက်ဆံမှု ကိုလည်း တရားဝင်ဆန့်ကျင်ကြောင်း စစ်ကော်မရှင် နိုင်ငံခြားရေးဝန်ကြီးဌာနက မှတ်တမ်းတင်လိုက်ပါတယ်။

    တီမော နိုင်ငံခြား‌‌ရေး ဝန်ကြီးဌာနနဲ့ အစိုးရရုံးဘက်ကတော့ စစ်ကော်မရှင်ရဲ့ထုတ်ပြန်မှုတွေနဲ့ ပတ်သက်လို့ တစုံတရာတုံ့ပြန်တာမတွေ့ရသေးပါဘူး။

  12. မင်္ဂလာပါ။ ဇန်နဝါရီ ၁၉ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။