စင်ကာပူမှာ တောအုပ်ကို နှစ်သုံးဆယ်ကြာ အိမ်လုပ်ပြီးနေခဲ့သူ

    • ရေးသားသူ, ပီတာ ဟော့စကင်း
    • ရာထူးတာဝန်, BBC News စင်္ကာပူ

စင်ကာပူနိုင်ငံဟာ ကမ္ဘာပေါ်မှာ မြို့ပြပုံစံမျိုးနဲ့ လူနေအထူထပ်ဆုံးနိုင်ငံတစ်ခုအဖြစ် လူသိများသလို မိုးမျှော်တိုက်တွေ ဇိမ်ခံတိုက်ခန်းတွေကလည်း နေရာတိုင်းလိုလိုမှာ ရှိပါတယ်။

ဒါပေမယ့် အဲဒီကလူတစ်ယောက်ကတော့ ဒီလိုတိုက်ခန်းတွေကို အိမ်လို့ မခေါ်ပါဘူး။ သူ့ရဲ့ အိမ်ကတော့ တောအုပ်တစ်ခုထဲက ယာယီအမိုးအကာတွေနဲ့ လုပ်ထားတဲ့ နေရာလေးတစ်ခုပါ။

အိုဂိုစန်နဲ့ တွေ့တဲ့အချိန် ပထမဆုံးသတိထားမိတာက တောက်ပနေတဲ့ သူ့ မျက်လုံးတွေပါ။ သူ့ကိုကြည့်ရတာကလည်း အသက်၇၉ နှစ်နဲ့ မလိုက်အောင် ပေါ့ပေါ့ပါးပါး ဖျတ်ဖျတ်လတ်လတ်နဲ့ သူ့ထက် အသက်ထက်ဝက်လောက်ထက်ငယ်တဲ့ လူအများစုထက်တောင် ပိုကြည့် ကောင်းနေသလိုဖြစ်နေပါတယ်။

တောအုပ်ထဲမှာနေနေတဲ့ မစ္စတာအိုရဲ့ အကြောင်း ဒီလအစောပိုင်းက စင်ကာပူနိုင်ငံထဲမှာ ပျံ့သွားတဲ့အချိန်မှာ တနိုင်ငံလုံးကလူတွေ အံ့အားသင့်ကုန်ကြပါတယ်။

အချို့ကဆို သူ့ကို ဘာလို့ အကူအညီမပေးကြတာလဲလို့ မေးခွန်းထုတ်ကြပြီး သူတို့ ပိုသိချင်နေတဲ့အကြောင်းကတော့ ဘယ်သူမှသတိမထားမိဘဲ အနှစ်၃၀ ကြာ တောထဲမှာ သူ ဘယ်လို နေထိုင်နိုင်ခဲ့လဲဆိုတာပါ။

ခရစ္စမတ်နေ့မှာစတဲ့ ဒုက္ခ

လိုင်စင်မရှိဘဲ မစ္စတာအို စျေးရောင်းနေတာကို အာဏာပိုင်တွေသိပြီး ပိတ်ပင်ခံခဲ့ရတဲ့ ခရစ္စမတ်နေ့မှာ ဒီဇာတ်လမ်း စခဲ့ပါတယ်။

ကိုဗစ်ကပ်ရောဂါဖြစ်လာတဲ့အခါ ဈေးတွေမှာ ပန်းရောင်းနေတဲ့ မစ္စတာအိုရဲ့ အလုပ် ပြုတ်သွားပြီးအချိန်ကစလို့ သူစိုက်ပျိုးထားတဲ့ အသီးအရွက်တွေနဲ့ ငရုတ်သီးတွေကို ရောင်းချပီး အသက်မွေးပါတယ်။

သူ့ပစ္စည်းတွေရောင်းရင်း ဖောက်သည်တစ်ယောက်နဲ့ စင်ကာပူတစ်ဒေါ်လာစျေးနှုန်းအပေါ် အငြင်း အခုန်ဖြစ်ရာကနေ သူအတိုင်ခံခဲ့ရတာလို့ မစ္စတာအိုက ယူဆထားပါတယ်။

သူ့ ဟင်းသီးဟင်းရွက်တွေကို သိမ်းသွားတဲ့ အာဏာပိုင်တွေနဲ့ စကားအခြေအတင်ပြောနေတာကို အဲ့ဒီနေရာနားက ဖြတ်သွားတဲ့ ပရဟိတ သမားတစ်ယောက်က သတိထားမိလိုက်ပါတယ်။

အဲ့ဒီအချိန်မှာ သူ့အစား ကျွန်မတော်တော်ဒေါသထွက်သွားတယ်။ လက်ချည်းဗလာနဲ့လဲ သူ့ကိုအိမ်ပြန်မသွားစေချင်ဘူးလို့ ဗီဗီယန်ပန်ကပြောပါတယ်။

“ဒါပေမယ့် ဥပဒေအရကတော့ လမ်းပေါ်မှာ စျေးမရောင်းရဘူးဆိုတာကို နားလည်ပါတယ်” လို့ သူက ဆက်ပြောပါတယ်။

ပြီးတော့ အဲ့ဒီအဖြစ်အပျက်ကို သူ ဗီဒီယိုရိုက်ပြီး ဖေ့စ်ဘုတ်ပေါ်တင်လိုက်ရာကနေ အမြန်ပျံ့သွားပြီး မစ္စတာအိုရဲ့အကြောင်းကို ဒေသခံလွှတ်တော်အမတ်တစ်ဦးကတောင် အာရုံစိုက်လာတဲ့အထိဖြစ်လာပါတယ်။

မကြာခင်မှာပဲ လွှတ်တော်အမတ် လီယန်အန်ဟွာဟာ မစ္စတာအိုနဲ့ ပတ်သက်တာတွေ နောက်ထပ် အများကြီးသိလာရပါတယ်။

တကယ်တော့ သူဟာ တောအုပ်ထဲမှာနေနေတာ အနှစ် (၃၀)တောင်ရှိသွားပါပြီ။

တောအုပ်ထဲမှာ ဘယ်လိုနေနေတာလဲ

မစ္စတာအိုဟာ သူ့မိသားစုနဲ့အတူ ဆန်ဂီတန်ဂါရွာမှာ ကြီးပြင်းခဲ့တဲ့သူပါ။

ဒါပေမယ့် ၁၉၈၀ ပြည့်လွန်နှစ်တွေရောက်လာတော့ သူတို့ရွာတွေဟာ အထပ်မြင့် အဆောက်အဦးတွေဆောက်ဖို့ ဖြိုချခံရပါတယ်။

အစိုးရက ရွာသားအများစုကို အိမ်သစ်တွေပေးခဲ့ပေမယ့် မစ္စတာအိုအနေနဲ့က သူ့ကိုယ်ပိုင်အိမ်တလုံးတောင် မရခဲ့ပါဘူး။

သူ့အစ်ကိုက အစိုးရတိုက်ခန်းတစ်ခုရခဲ့ပြီး မစ္စတာအိုကိုပါ အတူလာနေဖို့ ခေါ်ပေမဲ့ ဒုက္ခမပေးချင်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ သူတယောက်တည်း အပြင်မှာ ထွက်နေခဲ့ပါတယ်။

အဲဒီကနေ တစ်ချိန်က သူ့တို့နေခဲ့တဲ့အိမ်ဟောင်းနဲ့ နီးတဲ့ တောအုပ်တစ်ခုကို ပြန်သွားပြီးသစ်သား၊ ဝါး၊ တာပေါ်လင်တွေနဲ့ ယာယီအမိုးအကာတစ်ခုလုပ်ပြီး စနေခဲ့ပါတယ်။

သူနေတဲ့ တဲနားကို ရောက်သွားရင် မစ္စတာအို ချက်ပြုတ်နေတာကထွက်တဲ့ မီးခိုးတွေကို မြင်ရမှာပါ။ သူပိုင်တဲ့ပစ္စည်းတွေကို တဲအလယ်မှာပုံထားပြီး သူ့အိပ်တဲ့ နေရာကတော့ တဲနောက်ပိုင်းမှာပါ။

သူ့တဲနားက ဥယျာဉ်ထဲမှာ ဟင်းသီးဟင်းရွက်တွေကို စိုက်ထားပါတယ်။ ပြီးတော့ အဝတ်ကြိုးတွေကို အပင်တွေကြားမှာ ခြံစည်းရိုးသဘောမျိုး ကာထားပြီး ဟင်းသီးဟင်းရွက်တွေ အခြားလူတွေလာမယူနိုင်အောင် ကာကွယ်ထားပါတယ်။

သူ့တဲပေါ်မှာ မိုးနေတဲ့ ပိန္နဲသီးပင်ကနေ အရိပ်ကောင်းကောင်းရတယ်လို့ သူကပြောပြီး စင်ကာပူရဲ့ ပူအိုက်စွတ်စိုတဲ့ ရာသီဥတုက သူ့အတွက်ဘာအခက်အခဲမှမရှိဘူးလို့ ဆိုပါတယ်။

ဥယျာဉ်ထဲမှာ အပင်တွေနဲ့ အမြဲအလုပ်ရှုပ်နေပြီး အချိန်အားမရှိတဲ့အတွက် သူ့မှာ အထီးကျန်တဲ့ ပြဿနာလဲ လုံးဝမရှိဘူးလို့ ဆက်ပြောပါတယ်။

တောအုပ်ထဲမှာနေရတာ အဆိုးဆုံးကိစ္စကတော့ ကြွက်တွေပဲလို့ပြောပြီး ကြွက်တွေက သူ့တဲထဲကိုရအောင်ဝင် ပြီးတော့ သူ့အဝတ်စားတွေ အပေါက်ဖြစ်သွားအောင် ကိုက်ကြတယ်လို့ ပြောပါတယ်။

သူဟာအခွင့်အရေးရရင်ရသလို အလုပ်မျိုးစုံလဲ လုပ်ခဲ့တဲ့သူပါ။

တခါတလေလည်း သူ့မှာရှိတဲ့ ပိုက်ဆံနဲ့ သင်္ဘောလက်မှတ်ဝယ်ပြီး အိမ်နီးချင်းအင်ဒိုနီးရှားနိုင်ငံက ဘာတမ် ကျွန်းလေးကိုသွားတတ်ပါတယ်။ ။ အဲဒီမှာ သူ မဒမ်တာချီနဲ့ တွေ့ခဲ့တာပါ။ အခုသူတို့မှာ သမီးလေးတစ်ယောက်ရှိပါတယ်။

အခုအချိန်ထိ သီတင်းပတ်ကုန်တိုင်း ဘာတမ်ကို သွားနေဆဲဖြစ်ပြီး ပြီးရင် စင်ကာပူ တောအုပ်ထဲက သူ့အိမ်ကို ပြန်လာနေပါတယ်။

စင်ကာပူက သူ့မိသားစုလိုပဲ သူဘယ်လို နေနေလဲဆိုတာကို အခု အသက်၁၇ နှစ် ရှိပြီဖြစ်တဲ့ မစ္စတာအိုရဲ့ သမီးနဲ့ ဇနီးလည်း မသိကြပါဘူး

ဘယ်မှာနေနေလဲလို့ မေးရင် ခြံထဲမှာနေတယ်လို့ အမြဲတမ်းဖြေတတ်တယ်လို့ သူ့ဆွေမျိုးတစ်ယောက်က ပြောပါတယ်။

ကပ်ရောဂါတွေဖြစ်လာတဲ့အချိန် စင်ကာပူက သူ့နယ်စပ်တွေကို အကြီး အကျယ်ပိတ်ဆို့ လိုက်တာ‌ကြောင့်လည်း ဘာတမ်ကိုသွားနေတဲ့ သူ့ခရီးစဥ်က ရပ်တန့် သွားပါတယ်။

ပြီးတော့ ကွာရန်တင်းနဲ့ ကိုဗစ်ပိုးရှိမရှိစစ်ဆေးဖို့ ငွေပေးနိုင်တဲ့ သူတွေကိုသာ စင်ကာပူက ခရီးထွက် ခွင့်ပေးပါတယ်။

ဒါပေမယ့် မစ္စတာအိုဟာ သူ့မိသားစုဆီကို တစ်လ စင်ကာပူဒေါ်လာ ငါးရာကနေ ခြောက်ရာထိ ပုံမှန်ပို့ပေးနေဆဲဖြစ်ပါတယ်။

အိုးမဲ့အိမ်မဲ့ဖြစ်တဲ့သူဆိုတာ စင်ကာပူမှာ မရှိသလောက်ရှားပါတယ်။ ပျှမ်းမျှခြင်းအားဖြင့် စင်ကာပူနိုင်ငံဟာ ကမ္ဘာပေါ်မှာ အချမ်းသာဆုံးနိုင်ငံတွေထဲမှာ ပါပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ နောက်ဆုံးကိန်းဂဏန်းတွေအရဆို စင်ကာပူနိုင်ငံရဲ့ ပြည်တွင်း အသားတင် ထုတ်ကုန် (GDP)တန်ဖိုးအရ တစ်ဦးချင်းဝင်ငွေ ဒေါ်လာ ၆၀,၀၀၀ (ပေါင် ၄၄,၃၀၀) နီးပါး ရှိပါတယ်။

စင်ကာပူမှာ ကြီးမားတဲ့ အိမ်ရာစနစ်ရှိပြီး နိုင်ငံထဲမှာ နေတဲ့သူ ၈၀% နီးပါးဟာလည်း အိမ်ရာဖွံ့ ဖြိုးရေးဘုတ်အဖွဲ့ (HDB)က စီမံဆောက်လုပ်ထားတဲ့ အဆောက်အဦ တွေမှာ နေကြပါတယ်။

အဲ့ဒီမှာ လမ်းဘေးအိပ်တဲ့သူတွေကို တွေ့ရခဲပေမဲ့ ခန့်မှန်းချက်အရ စင်ကာပူနိုင်ငံသား တစ်ထောင်လောက်ဟာ အိုးမဲ့အိမ်မဲ့အဖြစ် ရှိနေပါ တယ်။

ပထမဆုံး တီဗီကြည့်ရတော့မယ်

ဒီနှစ်ဖေဖော်ဝါရီလ တရုတ်နှစ်သစ်ကူး ပထမနေ့မှာ ဒေသခံလွှတ်တော်အမတ် အဖွဲ့ရဲ့ အကူအညီနဲ့ မစ္စတာအိုနေဖို့ အိမ်အသစ်ရသွားပါပြီ။

မစ္စတာလီယန်က သူ့အဖွဲ့ဟာ "အင်ဒိုနီးရှားမှာရှိတဲ့ ဇနီး၊ သမီးတို့နဲ့ မစ္စတာအို ပြန်လည်ပေါင်းစည်းနိုင်ရေး၊ ရေရှည်လူမှုအကူအညီတွေရဖို့ တွေ အပါအဝင် အကူအညီတွေ ပေးနေတယ်" လို့ ပြောပါတယ်။

လက်ရှိမှာတော့ မစ္စတာအိုဟာ အိပ်ခန်းတစ်ခန်းပါတဲ့ ပရိဘောဂ နည်းနည်းပဲပါတဲ့ အခန်းငယ်တစ်ခုမှာ အခြားလူတယောက်နဲ့ မျှနေနေပါတယ်။

အခန်းထဲမှာ ကိုယ်ပိုင်ပစ္စည်းအနည်းငယ်သာရှိပြီး ရေခဲသေတ္တာ၊ တီဗီ၊ ရေနွေးအိုးနဲ့ ရေပူပေးတာတွေကို အလှူရှင်တွေက ဖြည့်ဆည်းပေးထားပါတယ်။

ရေပူစက်ကို မစ္စတာအို အထူးနှစ်သက်ပါတယ်။

အရင်ကတော့ သူချိုးဖို့သုံးဖို့ သူ့တဲနားက ရေကန်ကို သုံးခဲ့ရပြီး ဘုံဘိုင်ရေက သူ့အတွက် အေးလွန်းတယ်လို့ ဆိုပါတယ်။

အခုအချိန်မှာ ယာဉ်မောင်းအဖြစ် သူ အလုပ်လုပ်ကိုင်နေပြီး နိုင်ငံခြားအလုပ်သမားတွေကို အလုပ်တစ်ခုကနေ အခြားအလုပ်တစ်ခုကို ပို့ဆောင်ပေးနေပါတယ်။တခါတလေ ဆိုရင်တော့ ဥယျာဉ်ခြံမြေအလုပ်ကိုလဲ လုပ်တယ်လို့ သူကပြောပါတယ်။

တောအုပ်ထဲကနေ ပြောင်းရွေ့တဲ့နေ့မှာ ဆယ်စုနှစ်သုံးစုကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် စင်ကာပူက သူ့မိသားစုနဲ့ အတူ တရုတ်နှစ်သစ်ကူးပွဲကို ဆင်နွဲခွင့်ရခဲ့ပါတယ်။

"အများကြီးစားပစ်လိုက်တယ်။ နှစ်နဲ့ချီ မစားရတဲ့ အစားအစာမျိုးစုံစားရတာဆိုတော့လေ" လို့ သူက ရယ်ပြီး ပြန်ပြောပြပါတယ်။

"အရမ်းကောင်းတယ်။ အနှစ်သုံးဆယ်ကျော်အတွင်းမှာ ပထမဆုံးအကြိမ် တီဗီကြည့်ခွင့်ရတဲ့အတွက်လည်း အရမ်းကျေနပ်တယ်။"

တိုက်ခန်းထဲမှာ နေရတာကို ပိုကြိုက်တယ်လို့ ဆိုပေမဲ့ တောထဲမှာ လွတ်လွတ်လပ်လပ် နေထိုင်ခွင့်ရခဲ့တဲ့ဘဝကိုလဲ သူ အမြဲသတိရနေဆဲပါ။

“ နှစ်တွေအများကြီးနေခဲ့တာဆိုတော့ အဲဒီလိုနေခဲ့ရတဲ့ဘဝကို လွမ်းတယ်” လို့ ဟော့ကင်း တရုတ်ဘာသာစကားနဲ့ ရှင်းပြပါတယ်။

"အခုတောင် နေ့တိုင်း တောထဲကို ပြန်သွားကြည့်ဖြစ်တယ်။ မနက်၃နာရီ အိပ်ရာကထ၊ အဝတ်စားလဲ၊ အလုပ်မသွားခင် ကျွန်တော့် ဟင်းသီးဟင်းရွက်တွေကို သွားသွား ကြည့်တယ်။ "