စင်္ကာပူ - ပြည်တွင်းရေးကို နိုင်ငံခြားတိုင်းပြည်တွေ ဝင်မစွက်ရေး ဥပဒေသစ် ပါလီမန် အတည်ပြု

ဒီဥပဒေအရ လူမှုကွန်ရက်ဆိုက်တွေနဲ့ အင်တာနက် အသုံးပြုသူတွေရဲ့ အချက်အလက်တွေ ထုတ်ပြောဖို့ အာဏာပိုင်တွေက အမိန့်ပေးခွင့်ရလာမှာ ဖြစ်သလို သွေးထိုးလှုံ့ဆော်တယ်လို့ ယူဆရတဲ့ အကြောင်းအရာ အချက်အလက်တွေကို ပိတ်ပင်ခွင့် ရလာမှာ ဖြစ်ပါတယ်။

စင်္ကာပူနိုင်ငံမှာ ပြည်တွင်းရေးကိစ္စတွေကို နိုင်ငံခြားတိုင်းပြည်တွေ ဝင်မစွက်ရေး အချေအတင် အငြင်းပွားစရာ ဥပဒေတစ်ခုကို အတည်ပြုလိုက်ပါတယ်။ အကဲခတ်တွေက ဒီဥပဒေဟာ အတိုက်အခံတွေကို ဖိနှိပ်တားဆီးရာမှာ အသုံးပြုလာနိုင်ဖွယ် ရှိတယ်လို့ ဝေဖန် ထောက်ပြနေကြ ပါတယ်။

စင်္ကာပူအစိုးရကတော့ ဆိုးဝါးတဲ့ ခြိမ်းခြောက်မှုတွေကို တန်ပြန်ဖို့အတွက် ဒီလိုဥပဒေမျိုး ပြဋ္ဌာန်းဖို့ လိုအပ်နေတယ်လို့ ဆိုပါတယ်။

ဒီဥပဒေကို ပါလီမန်ထဲမှာ ၁၀ နာရီကြာ အပြင်းအထန် ဆွေးနွေးငြင်းခုံခဲ့ကြအပြီး ဒီကနေ့ တနင်္လာနေ့မှာ အတည်ပြုခဲ့တာပါ။

စင်္ကာပူအစိုးရအပေါ် ရန်လိုတဲ့ လှုံ့ဆော်မှုတွေကို နိုင်ငံခြားတိုင်းပြည် အဖွဲ့အစည်းတွေဘက်ကနေ ပြည်တွင်းမှာ လုပ်နေသူတွေကို စင်္ကာပူအစိုးရအနေနဲ့ ဒီဥပဒေအရ အရေးယူခွင့် ရလာတော့မှာ ဖြစ်ပါတယ်။

ဒါ့အပြင် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တဦးဦးရဲ့ လုပ်ဆောင်ချက်တွေဟာ နိုင်ငံရေးသဘော ပါနေတယ် ဆိုရင် အဲဒီ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်ကို နိုင်ငံရေးနဲ့ ဆက်နွှယ်တဲ့သူတွေအဖြစ် အစိုးရက သတ်မှတ်ပိုင်ခွင့် ရှိမှာ ဖြစ်ပြီး အဲဒီလူတွေအနေနဲ့ သူတို့ကို ငွေကြေး ထောက်ပံ့နေတဲ့ အရင်းအမြစ်တွေကိုလည်း ထုတ်ဖော် ပြောဖို့ လိုအပ်လာရဘွယ် ရှိနေပါတယ်။

ဒါပေမဲ့လည်း FICA လို့ အများသိကြတဲ့ Foreign Interference (Countermeasures) Act ခေါ် ပြည်ပရဲ့ ဝင်ရောက်စွက်ဖက်မှုကို တန်ပြန်အရေးယူရေး ဥပဒေပါ ကျယ်ပြန့်တဲ့ အချက်တွေကြောင့် စိုးရိမ်မှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။

"FICA ဥပဒေကို ဒီကနေ့ အတည်ပြုလိုက်တာဟာ စင်္ကာပူအစိုးရအနေနဲ့ နိုင်ငံခြားသားတွေနဲ့ ပတ်သက်တယ်ဆိုတဲ့ မရေမရာ စွပ်စွဲချက်တွေကို အခြေခံပြီး ဘယ်သူ့ကိုမဆို အပြစ်ပေး အရေးယူခွင့် ရလာမှာ ဖြစ်တဲ့အတွက် လူမှုအသိုင်းအဝိုင်း တက်ကြွလှုပ်ရှားသူတွေ၊ သီးခြားလွတ်လပ်တဲ့ သတင်းမီဒီယာတွေနဲ့ အတိုက်အခံ နိုင်ငံရေးသမားတွေအတွက် လူ့အခွင့်အရေး ဘေးဒုက္ခဆိုးကြီး ဖြစ်လာလိမ့်မယ်" လို့ လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ရဲ့ အာရှဒေသ လက်ထောက်ညွှန်ကြားရေးမှူး ဖီးလ် ရောဘတ်ဆန် က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

"ဒီဥပဒေကို သုံးပြီး စင်္ကာပူအစိုးရဟာ သူတို့မကြိုက်တဲ့ အမြင်သဘောထားတွေကို ပိတ်ပင်ခွင့် ရလာတော့မှာပါ။ ကိုယ့်ပြည်သူတွေအပေါ် အယုံအကြည် မရှိတဲ့ အာဏာရှင်အစိုးရတွေရဲ့ နိုင်ငံရေးဖြေရှင်းနည်းမျိုးတွေအတိုင်း ဒီဥပဒေကို ပြဋ္ဌာန်းထားတာကြောင့် စင်္ကာပူအစိုးရဟာ ကိုယ့်နိုင်ငံရဲ့ ဒီမိုကရေစီအပေါ် ယုံကြည်မှု ဘယ်လောက်နည်းသလဲဆိုတာ ပြနေတယ်"လို့ သူ့ရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

စင်္ကာပူအစိုးရကတော့ စင်္ကာပူနိုင်ငံဟာ လူမျိုးပေါင်းစုံ နေထိုင်တဲ့ နိုင်ငံဖြစ်တာကြောင့် ရန်လိုတဲ့ သတင်းအချက်အလက်တွေနဲ့ သွေးထိုး လှုံ့ဆော်တာမျိုးတွေကို ခံနိုင်ရည်စွမ်း ပိုနည်းတဲ့အတွက် ဒီလို ဥပဒေမျိုးတွေ ပြဌာန်းဖို့ လိုအပ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။ ဒီလို ရန်လိုတဲ့ သတင်းအချက်အလက်တွေနဲ့ သွေးထိုးလှုံ့ဆော်မှုတွေကြောင့် နိုင်ငံရေးကိစ္စတွေမှာ စင်္ကာပူပြည်သူတွေ အထင်အမြင်လွဲနိုင်သလို ဒါမှမဟုတ် လူမျိုးရေး၊ ဘာသာရေးလို အငြင်းပွားစရာ ကိစ္စမျိုးတွေကို အသုံးချပြီး သဘောထားတွေကွဲအောင် လုပ်လာနိုင်တယ်လို့ စင်္ကာပူအစိုးရက ပြောပါတယ်။

ဒီဥပဒေကို ချိုးဖောက်ရင် ကြီးမားတဲ့ ဒဏ်ကြေး ဒါမှမဟုတ် ထောင်ဒဏ် ကျခံရဖွယ် ရှိပါတယ်။

နိုင်ငံတော်လုံခြုံရေးကိစ္စတွေ ပါဝင်ပတ်သက်မှု

FICA ဥပဒေအရ နိုင်ငံခြားတိုင်းပြည်တွေက ဝင်ရောက်စွက်ဖက်တယ်ဆိုတဲ့ မသင်္ကာမှုပေါ် အခြေခံပြီး ရန်လိုတဲ့ သတင်းအချက်အလက်တွေနဲ့ သွေးထိုးလှုံ့ဆော်နေမှုတွေကို ဖော်ထုတ်ဖို့အတွက် ပြည်သူတွေရဲ့အကျိုးကို ရည်မျှော်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့ ပြည်ထဲရေး ဝန်ကြီးက အမိန့်ပေး ညွှန်ကြားခွင့်ရမှာ ဖြစ်ပါတယ်။

တကယ်လို့ စင်္ကာပူနိုင်ငံရဲ့ အကျိုးစီးပွားကို ထိခိုက်အောင်ဖြစ်စေ၊ စင်္ကာပူအစိုးရအပေါ် မုန်းတီးစိတ် ဝင်လာအောင် ဒါမှမဟုတ် အယုံအကြည်ပျက်အောင် ဖြစ်စေ လူတဦးတယောက်က နိုင်ငံခြား အဖွဲ့အစည်းတခုခုရဲ့ ကိုယ်စား စင်္ကာပူနိုင်ငံတွင်းမှာ လှုံ့ဆော်ရေးသားမှုတွေ လုပ်မယ်ဆိုရင် ဒီဥပဒေကို ချိုးဖောက်ရာ ကျမှာ ဖြစ်တယ်လို့ Straits Times သတင်းစာမှာ အစောပိုင်းက ရေးသားဖော်ပြထားပါတယ်။

ဒီဥပဒေချိုးဖောက်တယ်ဆိုပြီး တရားစွဲဖို့ ပြည်ထဲရေးဝန်ကြီးရဲ့ ဆုံးဖြတ်ချက်အပေါ် အယူခံလျှောက်ထားမှုတွေကို လူထုရှေ့မှောက် ကြားနာ စစ်ဆေးတာမျိုး လုပ်မှာမဟုတ်ဘဲ တရားသူကြီးတဦး ဦးဆောင်တဲ့ သီးခြားလွတ်လပ်တဲ့ ခုံသမာဓိအဖွဲ့တဖွဲ့က ကြားနာ စစ်ဆေးမှာ ဖြစ်ပါတယ်။ ဒီလိုလုပ်ရတာဟာ ဒီအမှုတွေထဲမှာ နိုင်ငံတော် လုံခြုံရေးနဲ့ ဆက်နွှယ်ပတ်သက်နေတဲ့ အတိမ်းအစောင်း မခံတဲ့ သတင်းအချက်အလက်တွေ ပါကောင်းပါနေနိုင်တဲ့အတွက် ဖြစ်တယ်လို့ စင်္ကာပူအစိုးရက ပြောပါတယ်။

ဒီဥပဒေဟာ ကျွန်တော်တို့ရဲ့ နိုင်ငံတော် လုံခြုံရေးနဲ့ အချုပ်အခြာ အာဏာပိုင်ခွင့်အပေါ် ထိခိုက်လာနိုင်တဲ့ ခြိမ်းခြောက်မှုအန္တရာယ်ကြီးတခုကို တုံ့ပြန်ဖြေရှင်းဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်လို့ ဥပဒေနဲ့ ပြည်ထဲရေး ဝန်ကြီး ကေ ရှန်မူဂမ် က ပြောပါတယ်။

ဒါ့အပြင် ဒီအချက်တွေက စင်္ကာပူပြည်သူတွေအနေနဲ့ ကိုယ့်တိုင်းပြည်ကို ကိုယ်ဘယ်လို အုပ်ချုပ်သင့်သလဲ၊ ကိုယ့်ဘဝကိုယ် ဘယ်လို နေထိုင်သင့်သလဲ ဆိုတာအပေါ် ကိုယ်ပိုင်ရွေးချယ်ခွင့်တွေ ဆက်ရှိသွားဖို့အတွက် အရေးပါတဲ့ အချက်တွေ ဖြစ်တယ်လို့ သူက ပြောပါတယ်။

နိုင်ငံခြားတိုင်းပြည်တွေရဲ့ ဝင်ရောက်စွက်ဖက်မှုကို တားဆီးဖို့ ဥပဒေတွေကို သြစတြေးလျနဲ့ ရုရှားတို့လို နိုင်ငံကြီးတွေမှာ မကြာသေးခင် နှစ်ပိုင်းတွေက ပြဌာန်းခဲ့ရာမှာ ကျွန်းနိုင်ငံငယ်လေး ဖြစ်တဲ့ စင်္ကာပူနိုင်ငံကလည်း အခုအခါ အလားတူ ပြဌာန်းလိုက်တာပါ။

အွန်လိုင်းစာမျက်နှာတွေတင်မက ပုဂ္ဂလိက ချက်ဂရုတွေကိုတောင် စောင့်ကြည့်စစ်ဆေးနိုင်ခွင့်တွေ အာဏာပိုင်တွေကို ကျယ်ကျယ်ပြန့်ပြန့် ပေးထားတဲ့ သတင်းတုသတင်းမှား တားဆီးတိုက်ဖျက်ရေး အချေအတင်အငြင်းပွားစရာ ဥပဒေတခုကို ၂၀၁၉ ခုနှစ်က စင်္ကာပူအစိုးရက ပြဌာန်းခဲ့အပြီး အခု ဒီဥပဒေကို ပြဌာန်းလိုက်တာ ဖြစ်ပါတယ်။