ဥရောပ ထွန်စက်တိုက်ပွဲ အိန္ဒိယလယ်သမားတွေဆီ ပျံ့နှံ့လာပြီလား

ပြင်သစ်က လယ်သမားတွေဟာ သူတို့တောင်းဆိုတဲ့အချက်တွေကို အာဏာပိုင်တွေ ကြားသိအောင် နိုင်ငံတဝန်းမှာ လှည့်လည်ဆန္ဒဖော်ထုတ်နေပြီး အဲဒီအဖွဲ့ဟာ ဥရောပမှာ အားအကောင်းဆုံးအဖွဲ့ဖြစ်ပါတယ်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ပြင်သစ်က လယ်သမားတွေဟာ သူတို့တောင်းဆိုတဲ့အချက်တွေကို အာဏာပိုင်တွေ ကြားသိအောင် နိုင်ငံတဝန်းမှာ လှည့်လည်ဆန္ဒဖော်ထုတ်နေပြီး အဲဒီအဖွဲ့ဟာ ဥရောပမှာ အားအကောင်းဆုံးအဖွဲ့ဖြစ်ပါတယ်
    • ရေးသားသူ, လု့စ် ဘာရူချို နဲ့ အိုင်နီး ဂါလန်ဂါ
    • ရာထူးတာဝန်, ဘီဘီစီကမ္ဘာတလွှား

ဥရောပက စိုက်ပျိုးမွေးမြူရေးသမားတွေဟာ “အဆိုးမြင်ပြီး ဒေါသထွက်နေကြတယ်”လို့ အဲဒီလယ်သမားတွေအတွက် မဲဆွယ်စည်းရုံးပေးတဲ့အဖွဲ့ကြီးက ပြောပါတယ်။

Copa-Cogeca ရဲ့ဥက္ကဋ္ဌဖြစ်သူ ခရစ္စတင်း လမ်းဘာ့ ကတော့ ဥရောပနိုင်ငံ ၂၇ နိုင်ငံထဲက ၂၅ နိုင်ငံမှာ ဆန္ဒပြတာတွေလုပ်ခဲ့ပြီးပြီလို့ ပြောပါတယ်။

အဲဒီအဖွဲ့ဟာ ဥရောပသမဂ္ဂအဖွဲ့ထဲက စိုက်ပျိုးမွေးမြူရေးသမား ၁၀ သန်းကို ကိုယ်စားပြုပြီး သူတို့ထဲက ဆန္ဒပြမှုတချို့ဟာ ဥရောပမြို့တော်ကြီးတွေ လည်ပတ်မှုရပ်ဆိုင်းတာနဲ့ ရဲတွေနဲ့ထိပ်တိုက်တွေ့တာတွေအထိ ဖြစ်ထားပါတယ်။

“ပထမတော့ ၂၀၂၀ တုန်းက ကိုဗစ်အကြပ်အတည်း။ ပြီးတော့ စွမ်းအင်စျေးတွေလည်း မိုးပေါ် ထောင်တက်သွားတယ်။ စွမ်းအင်ဆိုတာ စိုက်ပျိုးရေးအတွက် အရေးကြီးတော့ စျေးတက်တာကလည်း အရေးကြီးတယ်လေ” ပြင်သစ် ဝက်မွေးမြူရေးခြံပိုင်ရှင်လည်းဖြစ်တဲ့ ခရစ္စတင်း လမ်းဘာ့က ဥရောပလွှတ်တော်ကော်မတီကို ပြောပါတယ်။

“ပြီးတော့ ယူကရိန်း-ရုရှားစစ်ဖြစ်လာတယ်။ အဲဒါကလည်း ကုန်သွယ်စီးဆင်းမှုကို အတိုင်းအတာတစ်ခုအထိ ခက်ခဲသွားစေပြီး ကြက်၊ငှက်၊ဘဲ၊ဝက်၊ ကြက်ဥ၊ဘဲဥတွေ၊ သီးနှံနဲ့ရေနံစျေးတွေ၊ စျေးကွက်တွေလည်း ပျက်ပြားကုန်တယ်။ ဒီဟာတွေ အားလုံးဟာ အရေးပါတယ်။”

စိုက်ပျိုးရေးဟာ ဥရောပသမဂ္ဂ(အီးယူ)GDP ရဲ့ ၁.၄ ရာခိုင်နှုန်းပဲရှိပေမဲ့ ရှိရင်းစွဲထက်ကြီးတဲ့နိုင်ငံရေးလွှမ်းမိုးမှုတော့ရှိနေပါတယ်။ အထူးသဖြင့် လယ်ထွန်စက်ကြီးတွေက အခရာကျတဲ့ကားလမ်းမကြီးတွေကို ပိတ်ဆို့ထားခဲ့သလို မေလမှာတော့ ဥရောပလွှတ်တော်ရွေးကောက်ပွဲက ရှိနေပါတယ်။

လယ်ထွန်စက်ကားတန်းကြီးတွေဟာ ပြင်သစ်မှာဆို ပါရီမြို့၊ လိုင်ယွန်နဲ့ တခြားမြို့ကြီးတွေနဲ့ နီးကပ်လာနေပါတယ်။ တချို့ ကားတန်းကြီးတွေကတော့ ရဲတပ်ဖွဲ့ သတိပေးချက်ကို လျစ်လျူရှုလျက်ပါ။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, လယ်ထွန်စက်ကားတန်းကြီးတွေဟာ ပြင်သစ်မှာဆို ပါရီမြို့၊ လိုင်ယွန်နဲ့ တခြားမြို့ကြီးတွေနဲ့ နီးကပ်လာနေပါတယ်။ တချို့ ကားတန်းကြီးတွေကတော့ ရဲတပ်ဖွဲ့ သတိပေးချက်ကို လျစ်လျူခဲ့ကြပါတယ်။

လယ်သမားတွေကတော့ သူတို့ဟာ အစိုးရယန္တရားအဆင့်ဆင့်ကြောင့် ဝန်ပိုတွေ ပိုထမ်းရသလို ဥရောပသမဂ္ဂကလည်း Green Deal လို့ခေါ်တဲ့ သဘာဝပတ်ဝန်းကျင်နဲ့ကိုက်ညီတဲ့အနာဂတ်ကို ပိုပြီး ခြေလှမ်းတဲ့အနေနဲ့ ကာဗွန်ထုတ်လွှတ်မှုလျှော့ချဖို့ အားထုတ်နေတာကလည်း မျှမျှတတ မရှိဘူးလို့ ခံစားရတဲ့အကြောင်း ပြောကြပါတယ်။

ဥရောပသမဂ္ဂရဲ့အုပ်ချုပ်မှုအဖွဲ့ဖြစ်တဲ့ ဥရောပကော်မရှင်ကတော့ ၂၀၁၅ မှာရှိခဲ့တဲ့ ကာဗွန်ထုတ်လွှတ်မှုကို ၂၀၄၀ ရောက်တာနဲ့ ၉၀ ရာခိုင်နှုန်းအထိ လျှော့ချပစ်ချင်နေတာဖြစ်ပါတယ်။

စိုက်ပျိုးမွေးမြူရေးသမားတွေရဲ့ ဆန္ဒပြပွဲတွေဟာ အီးယူရဲ့ အစီအစဥ်အချို့ကို ပြန်ရုပ်သိမ်းအောင် လုပ်ထားနိုင်တဲ့အထိအောင်မြင်ထားပါတယ်။ အဲဒီထဲမှာ ပိုးသတ်ဆေးအသုံးပြုမှု ရပ်ဆိုင်းဖို့ အဆိုကို ဥရောပ ကော်မရှင်က ပြန်လည်ရုပ်သိမ်းမှုလည်း ပါဝင်ပါတယ်။

လော်ရာ ဒီမာတက်စ်ဟာ အစားအသောက်လုပ်ငန်းနယ်ပယ်က ကုမ္ပဏီတွေကို ကိုယ်စားပြုတဲ့ ပါရီအခြေစိုက် အစားအသောက်လုံခြုံရေးဆိုင်ရာ တတ်သိပညာရှင်အဖွဲ့ ဒီမီတာကလပ်က ပြင်ပဆက်ဆံရေးအရာရှိဖြစ်ပါတယ်။

“ဥရောပသမဂ္ဂဟာ သဘာဝပတ်ဝန်းကျင်နဲ့ကိုက်ညီတဲ့ပြုပြင်ပြောင်းလဲမှု အကူးအပြောင်းဘက်မှာ ဦးဆောင်တဲ့သူဖြစ်ချင်တာ” လို့ သူက ဘီဘီစီကို ပြောပါတယ်။ ဒါကပဲ လက်ရှိမှာ လယ်သမားတွေကို “အဓိကပြဿနာ”အဖြစ် မြင်စေတာလို့ သူက ပြောပါတယ်။

“စားသုံးသူတွေနဲ့ ပစ္စည်းတွေကို တင်ရောင်းတဲ့ဆိုင်တွေရဲ့အခန်းကဏ္ဍကရော ဘယ်မှာလဲ”

ဒါပေမဲ့ ဒါက တင်းမာမှုရဲ့ တစ်ခုတည်းသောအရင်းခံ မဟုတ်ပြန်ပါဘူး။

ပိုလန် စိုက်ပျိုးမွေးမြူရေးသမားတွေကလည်း ဘဝတူတွေအပေါ် နားလည်ကြောင်းပြသပေမဲ့ ယူကရိန်းကနေ စျေးပေါပေါနဲ့ ဝင်လာတဲ့ကုန်တွေအရေးလည်း ရတက်မအေး ဖြစ်နေကြပါတယ်

ဓာတ်ပုံ ရင်းမြစ်, Kacper Pempel/Reuters

ဓာတ်ပုံ ပုံစာ, ပိုလန် စိုက်ပျိုးမွေးမြူရေးသမားတွေကလည်း ဘဝတူတွေအပေါ် နားလည်ကြောင်းပြသပေမဲ့ ယူကရိန်းကနေ စျေးပေါပေါနဲ့ ဝင်လာတဲ့ကုန်တွေအရေးလည်း ရတက်မအေး ဖြစ်နေကြပါတယ်
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

“စျေးဆိုတာ ကုန်ဝယ်တဲ့စီးပွားရေးသမားကပဲ အမြဲတမ်းသတ်မှတ်တာ။ ပြီးတော့ လက်ရှိ ကျွန်တော်တို့ကြုံနေရတဲ့အကန့်အသတ်တွေလို မကြုံရဘဲ တခြားနိုင်ငံတွေကလည်း သူတို့ ကြိုက်သလိုဝယ်လို့ရတယ်လေ” လို့ ဘာစီလိုနာမြို့အနီးမှာ မကြာသေးခင်တုန်းက ပြုလုပ်သွားတဲ့ဆန္ဒပြပွဲမှာ ပါဝင်တဲ့ အသက် ၂၂ နှစ်အရွယ် စပိန်လယ်သမား ဟွမ်မာတာက ရိုက်တာကို ပြောပါတယ်။

ပိုလန်နဲ့ ဟန်ဂေရီနိုင်ငံတွေက စိုက်ပျိုးမွေးမြူရေးသမားတွေကလည်း ဥရောသမဂ္ဂဟာ ယူကရိန်းကနေ ဝင်လာတဲ့ စျေးပေါပေါ အစားအသောက်သွင်းကုန်တွေကို ရပ်သွားအောင် နိုင်နိုင်နင်းနင်း မကိုင်တွယ်နေဘူးလို့ ပြောနေကြပါတယ်။

ပိုလန်နိုင်ငံအနောက်ပိုင်းက ပိုနန်မြို့မှာတော့ စိုက်ပျိုးမွေးမြူရေးသမားတွေဟာ အခုလအစောပိုင်း မှာပဲ မြို့တစ်လျှောက် လယ်ထွန်စက်ကြီးတွေ မောင်းလို့ အင်နဲ့အားနဲ့ ဆန္ဒဖော်ထုတ်ခဲ့ကြပြီးဖြစ်ပါတယ်။

အသက် ၃၉ နှစ်အရွယ် စိုက်ပျိုးမွေးမြူရေးသမား ဇိုင်မွန် ကော့စ်မယ်စကီးကတော့ ထုတ်လုပ်မှုကုန်ကျစရိတ်ကာမိလောက်တဲ့အထိ မရှိတဲ့စျေးနဲ့ စျေးလျှော့ပြီး သွင်းလာတဲ့ သွင်းကုန်တွေအပေါ် အပြစ်ဖို့ပါတယ်။

ယူကရိန်းဟာ ၂၀၂၂ ခုနှစ်မှာ ရုရှားရဲ့ကျူးကျော်မှု မတိုင်ခင်တုန်းက ကမ္ဘာမှာ စတုတ္ထမြောက် ကောက်ပဲသီးနှံအထုတ်လုပ်ဆုံးနိုင်ငံ ဖြစ်ပါတယ်။ ယူကရိန်းကိုထောက်ပံ့တဲ့အနေနဲ့ ဥရောပသမဂ္ဂဟာ ယူကရိန်းသွင်းကုန်တွေကို အခွန်အတုပ်လျှော့ချပေးခဲ့ပြီး ဒီအခြေအနေဟာ အဖွဲ့အတွင်းက စိုက်ပျိုးမွေဂမြူရေးသမားတွေအတွက် သတိကြီးကြီးထားစရာ ဖြစ်ခဲ့ပါတယ်။

“ကုန်တွေက အထိန်းအကွပ်မရှိ ဝင်နေတာ။ ဒါကို ကျွန်တော်တို့ လုံးဝ ကန့်ကွက်တယ်။ စစ်မဖြစ်တုန်းက ကျင့်သုံးခဲ့တဲ့အတိုင်း အခွန်တွေ ပြန်ကောက်ပြီး ကုန်အဝင်ကို ပြန်ထိန်းချုပ်ဖို့ ကျွန်တော်တို့ လှုံ့ဆော်နေတယ်”လို့ မစ္စတာ ကော့စ်မယ်စကီး က ရိုက်တာသတင်းဌာနကို ပြောပါတယ်။

ဥရောပသမဂ္ဂအပြင်ဘက်က နိုင်ငံတွေနဲ့ပြုလုပ်တဲ့ လွတ်လပ်စွာကုန်သွယ်မှု သဘောတူညီချက်အပေါ်မှာလည်း မကျေနပ်ချက်တွေရှိနေပါတယ်။ အထူးသဖြင့် အာဂျင်တီးနား၊ ဘရာဇီး၊ ပါရာဂွေးနဲ့ ဥရုဂွေးနိုင်ငံတွေနဲ့ ဥရောပသမဂ္ဂကြား ပြုလုပ်ဖို့ရှိတဲ့သဘောတူညီချက်အပေါ် ဖြစ်ပါတယ်။

ဥရောသမဂ္ဂ စိုက်ပျိုးမွေးမြူရေးသမားတွေကတော့ ဒီနိုင်ငံတွေဟာ ဥရောပသမဂ္ဂမှာ အသုံးပြုတာ တားမြစ်ထားတဲ့ အသီးအပင်ကြီးထွားစေတဲ့ဟော်မုန်းဆေးတွေ၊ ပိုးသတ်ဆေးတွေနဲ့ ပဋိဇီဝဆေးတွေသုံးတယ်လို့ ပြောပါတယ်။

အားလုံးက ဒေလီကို စောင့်ကြည့်နေ

ရှမ်ဘူ ဟာယာနာမှာ ‌ဆန္ဒပြနေတဲ့ ပန်ချပ်ပြည်နယ်က လယ်သမားတွေ

ဓာတ်ပုံ ရင်းမြစ်, RAJAT GUPTA/EPA-EFE/REX/Shutterstock

ဓာတ်ပုံ ပုံစာ, အိန္ဒိယ လယ်သမားတွေကလည်း သူတို့ ထုတ်တဲ့စိုက်ပျိုးကုန်တွေအတွက် အနည်းဆုံးထောက်ပံ့ကြေးပေးနိုင်ရေးအာမခံမယ့် ဥပဒေတစ်ရပ်ကို အကောင်အထည်ဖော်ဖို့ အာဏာပိုင်တွေကို တောင်းဆိုနေကြပါတယ်

စိုက်ပျိုးစရိတ်ကြီးတာကြောင့် မကိုက်ဘူးလို့ ဥရောပနဲ့ အိန္ဒိယက လယ်ယာစိုက်ပျိုး မွေးမြူရေးသမားတွေ ပြိုင်တူညည်းငြူကြပေမဲ့ အိန္ဒိယ လယ်သမားတွေ တခြားအခြေအနေတွေ ကြုံနေရပါသေးတယ်။

အိန္ဒိယ လယ်သမားတွေကတော့ အစိုးရအနေနဲ့ သူတို့ထိန်းချုပ်ထားတဲ့လက်ကားစျေးကြီးတွေမှာ လယ်သမားတွေရဲ့ထုတ်ကုန်တွေကို စျေးတစ်ခု သတ်သတ်မှတ်မှတ်ချပြီး ဝယ်ယူပေးတဲ့ ကြမ်းခင်းစျေး သတ်မှတ်ပေးဖို့ တောင်းဆိုနေကြပါတယ်။

လယ်ယာစိုက်ပျိုးဝင်ငွေ ၂ ဆတိုးအောင်လုပ်ပေးမယ်ဆိုတဲ့ ကတိကဝတ်ကိုလည်း တည်အောင် လုပ်ဖို့ အစိုးရကို အိန္ဒိယလယ်သမားတွေ တိုက်တွန်းပါတယ်။

အိန္ဒိယဝန်ကြီးချုပ် နရန်ဒြာမိုဒီအစိုးရဟာ ၂၀၂၀ ပြည့်နှစ်မှာ စိုက်ပျိုးရေးကဏ္ဍကို ပြုပြင်ပြောင်းလဲမှုလုပ်တဲ့အခါ လယ်သမားတွေက မြို့တော်ဒေလီ ဆင်ခြေဖုံးအထိလာပြီး ရွက်ဖျင်ထဲထိုး၊ အထိုင်စခန်းချ သပိတ်တွေမှောက်၊ ဆန္ဒတွေပြခဲ့ကြတာကြောင့် ဝန်ကြီးချုပ်ဟာ အဲဒီအစဥ်ကို တနှစ်နောက်ဆုတ်ခဲ့ရပါတယ်။

အခုတစ်ကြော့ လယ်သမားတွေရဲ့ဆန္ဒပြမှုဟာ ဝန်ကြီးချုပ်မိုဒီတစ်ယောက် တတိယအကြိမ်ရာထူးသက်တမ်း ယူဖို့ နိုင်နိုင်ခြေရှိတဲ့ အထွေထွေရွေးကောက်ပွဲမတိုင်ခင် လပိုင်းအလိုမှာပဲ ဖြစ်ပါတယ်။

ဘာစီလိုနာမြို့က စပိန်လယ်သမားတွေဟာ ကတ်တလန်ဒေသမှာ အကြီးမားဆုံး လက်ကားစျေးကြီးဖြစ်တဲ့ မာကာဘာနာက အဓိကရုဏ်းနှိမ်နင်းရေးရဲတပ်ဖွဲ့ရှေ့မှာ သူတို့သူတို့ရဲ့ထွန်စက်ကားကြီးတွေနဲ့ပိတ်ဆို့ခဲ့ကြပါတယ်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ဘာစီလိုနာမြို့က စပိန်လယ်သမားတွေဟာ ကတ်တလန်ဒေသမှာ အကြီးမားဆုံး လက်ကားစျေးကြီးဖြစ်တဲ့ မာကာဘာနာက အဓိကရုဏ်းနှိမ်နင်းရေးရဲတပ်ဖွဲ့ရှေ့မှာ သူတို့သူတို့ရဲ့ထွန်စက်ကားကြီးတွေနဲ့ပိတ်ဆို့ခဲ့ကြပါတယ်

နိုင်ငံရေးအဖွဲ့တွေဟာ လယ်ယာစိုက်ပျိုးမွေးမြူရေးသမားတွေရဲ့ဆန္ဒပြပွဲကို နင်းပြီး သူတို့ကိုယ်ပိုင် နိုင်ငံရေး အစီအစဥ်တွေအတွက် အသုံးချဖို့ အားထုတ်နေတယ်လို့ လန်ဒန်အခြေစိုက် Chathham House တတ်သိပညာရှင်အဖွဲ့က အကြီးတန်းသုတေသီ ပတ်ထရစ် ရှိုဒါက ပြောပါတယ်။

“ ဂျာမနီမှာဆိုရင် လက်ယာစွန်း AfD ပေါ့။ ဒါပေမဲ့ ဂျာမနီ စိုက်ပျိုးမွေးမြူရေးအသင်းက လက်ယာစွန်းအဖွဲ့တွေနဲ့ ခပ်ကင်းကင်းနေနေတာပါပဲ” သူက ဘီဘီစီကို ပြောပါတယ်။

“အခုဆို ရာသီဥတုပြောင်းလဲမှုရှိတယ်ဆိုတာကို လက်မခံသူတွေတွေကပါ လူမှုကွန်ရက် လှုပ်ရှားမှုတွေမှာ ‘စိုက်ပျိုးမွေးမြူသူတွေမရှိရင် စားစရာလည်းရှိမှာမဟုတ်ဘူး’ ကြွေးကြော်တာတွေ လုပ်လာတယ်။”

ဒါပေမဲ့ မစ္စတာ ဒီမာတက်စ်ကတော့ ဥရောပ စိုက်ပျိုးမွေးမြူရေးသမားတွေရဲ့ ဆန္ဒပြပွဲတွေကို ကိုယ်ကျိုးအတွက်အသုံးပြုဖို့ အားထုတ်တဲ့ နိုင်ငံရေးအဖွဲ့အသီးသီးကို တစ်မျိုးအမြင်ရှိပါတယ်။

“ဆန္ဒပြပွဲဟာ ဂျာမနီကနေ စတင်တယ်၊ ပြီးတော့ ပြင်သစ်ရောက်တယ်” လို့ သူကပြောပါတယ်။ “ဒါဟာ စိုက်ပျိုးမွေးမြူရေးသမားတွေကြားမှာ တစ်သားတည်းဖြစ်မှု အဝန်းအဝိုင်းပါပဲ။”

“လက်ယာစွန်းတွေဟာ လွန်ခဲ့တဲ့ ၁၀ နှစ်၊ အနှစ် ၂၀ ဘက်ဆီကို နောက်ပြန်သွားချင်ကြတယ်။ ဒါပေမဲ့ ဒါက အဖြေမဟုတ်ပါဘူး။ ကျွန်တော်တို့မှာ ကမ္ဘာဆိုတာ တစ်ခုတည်းပဲရှိတာလေ။ အားလုံး စည်းစည်းလုံးလုံးရှိဖို့ လိုအပ်တယ်။”