ကြက်သွန်ကြောင့် မျက်ရည် ဖြိုင်ဖြိုင်ကျနေရတဲ့ အိန္ဒိယ တောင်သူတွေ

အိန္ဒိယနိုင်ငံမှာ ကြက်သွန်စျေးတွေ တိုးပေးဖို့ တောင်းဆိုဆန္ဒပြတဲ့အနေနဲ့ နိုင်ငံအနောက်ပိုင်း မဟာရက်ရှ်ထရာပြည်နယ်က ကြက်သွန်စိုက် တောင်သူတွေဟာ ကီလိုမီတာ ၂၀၀ လောက်ဝေးတဲ့ မွန်ဘိုင်းမြို့ဆီ ချီတက်ခဲ့ကြပါတယ်။ ဒီဆန္ဒပြမှုကြောင့် ကြက်သွန်စိုက် တောင်သူတွေကို ငွေကြေးအကူအညီပေးပါ့မယ် ဆိုတဲ့ အဆိုပြုချက်တစ်ချို့ကို အာဏာပိုင်တွေက ထုတ်ပြန် ကြေညာပေးရတဲ့အထိ ဖြစ်ခဲ့ရပါတယ်။ တောင်သူတွေကတော့ ဒီအဆိုပြုချက်ကို လက်မခံဘဲ ဆန္ဒပြမှုတွေ ဆက်လုပ်သွားမယ်လို့ ပြောပါတယ်။
ဘီဘီစီ အိန္ဒိယပိုင်း မာရာသီဌာနက သတင်းထောက် အနာဂါ ပါသက်ခ်က စုစည်းတင်ပြထားပါတယ်။
နာရှစ်ခ်ခရိုင်က လယ်သမားကြီး နန်ဒက်ဗ် သာကာရီရဲ့ မိသားစုပိုင် လယ်ခင်းကြီးထဲမှာ ကြက်သွန်တွေ အတန်းလိုက် ပုပ်သိုးနေတာ တွေ့ရပါတယ်။
ကြက်သွန်တွေတူးပြီး စျေးကို သွားရောင်းဖို့က လူငှားဖို့ ကုန်ကျစရိတ်နဲ့ မကာမိတဲ့အတွက် ငွေအကုန်မခံတော့ဘူးလို့ သူက ပြောပါတယ်။
သူဟာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ကြက်သွန်စျေးတွေ ရုတ်တရက် ထိုးကျသွားခဲ့အပြီး ဆန္ဒပြနေကြတဲ့ မဟာရက်ရှ်ထရာပြည်နယ်က ကြက်သွန်စိုက် တောင်သူ သောင်းပေါင်းများစွာထဲက တစ်ဦးဖြစ်ပါတယ်။ အဲဒီထဲက တောင်သူတစ်ဦးဆိုရင် လုပ်မိလုပ်ရာ သူ့ကြက်သွန်ခင်းကို မီးတင်ရှို့ပြီး ပြည်နယ်ဝန်ကြီးချုပ်ကို ကိုယ်တိုင်လာကြည့်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ တခြားတောင်သူတွေကလည်း သူတို့အခက်အခဲကို အာရုံစိုက်မိလာစေဖို့ ကြိုးစားတဲ့အနေနဲ့ ဝန်ကြီးချုပ် နရန်ဒရာဆီကို စာတိုက်ကနေတဆင့် ကြက်သွန်တွေ ပါဆယ်နဲ့ ပို့ပေးခဲ့ကြပါတယ်။
ဒီကြက်သွန်ပြဿနာဟာ တစ်နှစ်ခြားတစ်ခါနီးပါး ဆိုသလို ဖြစ်နေကျပါ။
အိန္ဒိယနိုင်ငံဟာ နှစ်စဉ် ကြက်သွန် တန်ချိန် ၂၄ သန်းလောက် စိုက်ပျိုးထုတ်လုပ်နေပြီး တရုတ်နိုင်ငံပြီးရင် ကမ္ဘာပေါ်မှာ ကြက်သွန် ဒုတိယအများဆုံး ထွက်ရှိတဲ့ နိုင်ငံဖြစ်ပါတယ်။ အဲဒီထဲက တစ်ဝက်ကျော်ဟာ မဟာရက်ရှ်ထရာပြည်နယ်ကနေ ထွက်တာပါ။ နိုင်ငံတဝန်း ထွက်ရှိတဲ့ ကြက်သွန် ၁၀ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းကြားကို တခြားနိုင်ငံတွေဆီ တင်ပို့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အိန္ဒိယနိုင်ငံမှာ ကြက်သွန်စျေးဟာ အကြီးအကျယ် အတက်လွယ်၊ အကျလွယ်လေ့ ရှိပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ပြည်နယ်အများစုမှာ ကြက်သွန်ဟာ ဟင်းလျာတွေထဲ မပါမဖြစ် သုံးလေ့ရှိတဲ့ သီးနှံဖြစ်ပေမဲ့ အတက်ထွက်လွယ်၊ ပုပ်လွယ်တာကြောင့် ကြာကြာ အထားမခံလှပါဘူး။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ကြက်သွန်ကြောင့် နိုင်ငံရေးကို အကြီးအကျယ် ရိုက်ခတ်ခဲ့တဲ့ အစဉ်အလာဆိုးတွေလည်း ကြုံခဲ့ရဖူးပါတယ်။ ကြက်သွန်တွေ ပိုလျှံနေရင် ကြက်သွန်စျေးတွေ ကျပြီး လယ်သမားတွေ ဒုက္ခအကျပ်အတည်း ကြုံနိုင်သလို ကြက်သွန်တွေ ပြတ်သွားပြန်ရင်လည်း စျေးတွေ ထိုးတက်ပြီး စားသုံးသူတွေ မကျေမနပ် ဆန္ဒပြကြတာကြောင့် အစိုးရ ပြုတ်ကျခဲ့ရတဲ့အထိ အရင်က ဖြစ်ခဲ့ဖူးပါတယ်။
မဟာရက်ရှ်ထရာပြည်နယ်မှာ အခုနောက်ဆုံး ဖြစ်ခဲ့တဲ့ ကြက်သွန်နီစျေး ထိုးကျသွားမှုရဲ့ အဓိက အကြောင်းရင်းဟာ နိုင်ငံမြောက်ပိုင်း လူနေထူထပ်တဲ့ အူတာပရာဒက်ရှ်၊ ဘီဟာနဲ့ ရာဂျက်စသန် စတဲ့ ပြည်နယ်တွေမှာ ကြက်သွန်ဝယ်လိုအား ကျသွားလို့ ဖြစ်ပြီး အဲဒီမှာ ကြက်သွန် စိုက်ပျိုးထုတ်လုပ်လာကြလို့ ဖြစ်တယ်လို့ သူက ပြောပါတယ်။
မမျှော်လင့်တဲ့ ရာသီဥတု အပြောင်းအလဲတွေကြောင့်လည်း ကြက်သွန်ထွက်ရှိမှုကို ထိခိုက်စေပြီး စျေးတွေထိုးကျသွားခဲ့တာလို့ လယ်ယာစိုက်ပျိုးမှု ကျွမ်းကျင်သူတစ်ဦးဖြစ်သူ ရှရီခန့် ကူဝါလီကာ က ပြောပါတယ်။
အိန္ဒိယမှာ ကြက်သွန်ကို မုတ်သုန်မိုးရာသီနဲ့ ဆောင်းရာသီမှာ စိုက်လေ့ ရှိပါတယ်။ မိုးကြက်သွန်ကို ဒီဇင်ဘာလကုန်နဲ့ ဇန်နဝါရီလဆန်းပိုင်းမှာ ရိတ်သိမ်းလေ့ ရှိပါတယ်။ မိုးကြက်သွန်က ကြာကြာ အထားမခံဘဲ စျေးကွက်ထဲ အမြန်ပို့ရပါတယ်။ ဆောင်းကြက်သွန်ကတော့ မတ်လလယ်ပိုင်းမှာ ရိတ်သိမ်းလေ့ ရှိပြီး ကြာကြာ အထားခံပါတယ်။
မနှစ်က ဇူလိုင်နဲ့ သြဂုတ်လတွေမှာ မိုးအကြီးအကျယ် ရွာခဲ့တာကြောင့် တောင်သူတွေက အချိန်နောက်ဆုတ်ပြီး ကြက်သွန်စိုက်ခဲ့ကြပါတယ်။ ဒါ့ကြောင့် ဒီဇင်ဘာ၊ ဇန်နဝါရီ စျေးကွက်မှာ တင်ရောင်းရမယ့် ကြက်သွန်တွေက မတ်လမှာ အများကြီး စုပုံနေတယ်လို့ မစ္စတာ ကူဝါလီကာ က ပြောပြပါတယ်။ တခါ လာမယ့် သီတင်းပတ်အနည်းငယ်ကျရင် ဆောင်းကြက်သွန်တွေ စျေးကွက်ထဲ ရောက်လာခဲ့ရင် အခြေအနေတွေ ပိုဆိုးလာစရာ ရှိတယ်လို့ ဆိုပါတယ်။
နာရှစ်ခရိုင်က ကြက်သွန်စိုက် တောင်သူတွေက လက်ကားစျေးကွက်မှာ ကြက်သွန် ကီလို ၁၀၀ ကို ရူပီး ၂၀၀ ကနေ ၄၀၀ အကြား ( ၂ဒေါ်လာ ၄၃ ပြားကနေ ၄ ဒေါ်လာ ၈၅ ပြား)လောက်ပဲ ရကြတယ်လို့ ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, PRAVIN THAKRE/BBC MARATHI
မဟာရက်ရှ်ထရာပြည်နယ်က တောင်သူလယ်သမား ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ အဂျစ် နာဗာလီ က ကြက်သွန်စိုက်ပျိုးမှု စီးပွားရေးအကြောင်း ရှင်းပြပါတယ်။
ကြက်သွန်စိုက်သမားတွေ အနည်းဆုံး ရူပီး ၄၀၀ အမြတ်ထွက်နိုင်ဖို့ဆိုရင် ကြက်သွန်စျေးက ကီလို ၁၀၀ ကို ရူပီး ၁၂၀၀ အထက် ရှိနေဖို့ လိုတယ်လို့ သူက ပြောပါတယ်။
လက်ကားစျေးက ကျနေပေမဲ့ လက်လီစျေးမှာတော့ ရိုက်ခတ်မှု ကြီးကြီးမားမား မရှိပါဘူး။ ကြက်သွန်တွေ စုပုံနေရင် ကြားပွဲစားနဲ့ စျေးသည်တွေအတွက်ပဲ အကျိုးအမြတ် ခံစားရတယ်လို့ မစ္စတာ နာဗာလီက ပြောပြပါတယ်။
“သူတို့က ကြက်သွန်တွေကို တောင်သူတွေဆီက အရမ်း စျေးပေါပေါနဲ့ ဝယ်ပြီး မြို့ကြီးတွေမှာ စျေးတင်ပြီး ရောင်းကြပါတယ်။ နောက်ဆုံးတော့ ကြက်သွန်စိုက် တောင်သူတွေနဲ့ စားသုံးသူတွေပဲ ထိခိုက်နစ်နာကြပါတယ်။” လို့ သူက ပြောပါတယ်။ အစိုးရကလည်း ဘာမှ ကြားဝင် ဆောင်ရွက်ပေးတာမျိုး မရှိဘူးလို့ ဆိုပါတယ်။
တခြားသူတွေကလည်း အဲဒီလိုပဲ အလားတူ ပြောကြပါတယ်။ ကြက်သွန် ဝယ်လိုအားက ငြိမ်နေမယ် ဆိုရင်တောင် အိန္ဒိယအစိုးရက စျေးသတ်မှတ်ပေးဖို့ သင့်လျော်တဲ့ မူဝါဒတစ်ခု ချမှတ်ပေးထားတာမျိုး မရှိဘူးလို့ မစ္စတာ ကူဝါလီကာက ထောက်ပြပါတယ်။ ကြက်သွန်စျေးတွေ တက်လာရင် ပြည်တွင်းမှာ ဆန္ဒပြလာကြမှာကို စိုးရိမ်ပြီး အစိုးရက ပြည်ပတင်ပို့မှုတွေကို ပိတ်ပင်တာမျိုး မကြာခဏ လုပ်လေ့ရှိပါတယ်။
“တစ်ခါတလေဆိုရင် တခြားတိုင်းပြည်တွေကို တင်ပို့ဖို့ ကတိပေးထားတာကို ဖျက်ပစ်ရတာမျိုးတွေ လုပ်ရတတ်ပါတယ်။ ဒီတော့ ကျွန်တော်တို့အပေါ် ယုံကြည်မှုတွေ နည်းသွားတာပေါ့။“လို့ သူက ပြောပါတယ်။
ကြက်သွန်ရာသီတစ်ခုပြီးရင် နောက်ရာသီတစ်ခု ဆက်စိုက်ရင်း အသက်မွေးနေကြရတဲ့ တောင်သူတွေအနေနဲ့ကတော့ ဒီလိုမူဝါဒ ဆုံးဖြတ်မှုတွေက သူတို့အတွက် ဘာအဓိပ္ပာယ်မှ မရှိဘူးလို့ ဆိုပါတယ်။
“ဒီနှစ်မှာ ကျွန်တော့်သမီးကို မင်္ဂလာဆောင်ပေးဖို့ စီစဉ်ထားပါတယ်။ အိမ်လည်း ဆောက်ဖို့ ရှိပါတယ်။ အခုတော့ ဘာမှ လုပ်နိုင်မယ့်ပုံ မရှိတော့ပါဘူး။ အကြွေးရှင်တွေကလည်း အကြွေးတွေ တောင်းနေကြပြီ”လို့ ငွေချေးပြီး ကြက်သွန်စိုက်ခဲ့သူ ဒါဂူ ခိုတီက ပြောပြပါတယ်။
“အခုတော့ မိုးရာသီစတဲ့ အချိန်အထိ နေ့စား အလုပ်ကြမ်းသမားအလုပ်ပဲ ရှာလုပ်ရပါတော့မယ်” လို့ သူက ပြောပါတယ်။








