ယူကရိန်းစစ်ပွဲ- နှစ် ၅၀ အတွင်း ကုန်စျေးနှုန်းအမြင့်ဆုံးလို့ ကမ္ဘာ့ဘဏ်သတိပေး

ဓာတ်ပုံ ရင်းမြစ်, Getty Images
ယူကရိန်းစစ်ပွဲကြောင့် နှစ်ပေါင်း ၅၀ ကျော်အတွင်းအဆိုးဆုံး အထွေထွေကုန်စျေးနှုန်းမြင့်တက်မှု ကြီးဖြစ်လာလိမ့်မယ်လို့ ကမ္ဘာ့ဘဏ်က သတိပေးလိုက်ပါပြီ။
စစ်ကြောင့်ဖြစ်တဲ့ ကုန်စည်ပြတ်လပ်မှုကြီးထဲမှာ အဆမတန်စျေးနှုန်းမြင့်တက်လာဖွယ်ရှိတာတွေ ကတော့ သဘာဝဓာတ်ငွေ့၊ ဂျုံ၊ ဝါဂွမ်းအစရှိတဲ့ ကုန်စည်အမျိုးမျိုးပါပဲ။
အထွေထွေကုန်စျေးနှုန်းမြင့်တက်မှုကြီးဟာ အလွန်ကြီးမားတဲ့ စီးပွားရေးဆိုးကျိုး၊ လူသားအရေးဆိုင်ရာဆိုးကျိုးကြီးတွေကို အစပျိုးဖြစ်ပေါ်စေလိမ့်မယ်လို့လည်း ကမ္ဘာ့ဘဏ်ရဲ့ အခုအစီရင်ခံစာကို ပူးတွဲရေးသားသူတယောက်ဖြစ်တဲ့ ပီတာနေဂယ်က ဘီဘီစီကို ပြောပါတယ်။
"ကမ္ဘာတလွှားက အိမ်ထောင်စုတွေဟာ နေထိုင်စားသောက်မှုစရိတ်အကျပ်အတည်းကို ခံစားကြရလိမ့်မယ်။ အထူးသဖြင့်တော့ စားသောက်ကုန်နဲ့ လောင်စာဆီအတွက် ရသမျှဝင်ငွေရဲ့ အချိုးတော်တော်များများကို သုံးစွဲနေကြရတဲ့ ဆင်းရဲအိမ်ထောင်စုတွေကို စိတ်အပူဆုံးပါပဲ။ အခုကုန်စျေးနှုန်းထိုးတက်မှုကြီးမှာ အထိမခံနိုင်လောက်အောင် အန္တရာယ်အကြီးဆုံးသူတွေဟာ သူတို့ပါပဲ" လို့ ကမ္ဘာ့ဘဏ်ရဲ့ အကြီးတန်းစီးပွားရေးပညာရှင်တယောက်ဖြစ်တဲ့ ပီတာနေဂယ်က ဆိုပါတယ်။
လောင်စာဆီစျေးဟာ ၅၀ ရာခိုင်နှုန်းကျော်မြင့်တက်မှာဖြစ်တဲ့အတွက် အိမ်တိုင်း၊ စီးပွားရေးလုပ်ငန်းတိုင်းရဲ့ ကုန်ကျစရိတ်မြင့်တက်သွားလိမ့်မယ်လို့ ကမ္ဘာ့ဘဏ်က ဆိုထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အမြင့်ဆုံးစျေးတက်နိုင်တဲ့ ကုန်စည်က သဘာဝဓာတ်ငွေ့ဖြစ်ပြီး အမြင့်ဆုံးစျေးတက်မဲ့နေရာက ဥရောပ ဖြစ်ပါတယ်။ မြင့်တက်နိုင်ခြေက ၂ ဆတောင်ကျော်နိုင်ပါတယ်။ ဒါပေမဲ့ ၂၀၂၄ ခုနှစ်မှာ စျေးပြန်ကျလိမ့်မယ်လို့ ကမ္ဘာ့ဘဏ်ကခန့်မှန်းထားပါတယ်။ ဒါတောင် မနှစ်ကစျေးထက် ၁၅ ရာခိုင်နှုန်းကြီးမြင့်နေလိမ့်ဦးမယ်လို့ ခန့်မှန်းပါတယ်။
စျေးအနိမ့်ပိုင်းမှာရှိတဲ့ ၂၀၂၀ ခုနှစ် ဧပြီလကနေ စျေးအမြင့်ပိုင်းကိုရောက်လာတဲ့ ၂၀၂၂ ခုနှစ်မတ်လအထိ စုစုပေါင်း ၂၃ လအတွင်း စျေးတက်သွားတဲ့နှုန်းကိုကြည့်ရင် ၁၉၇၃ ခုနှစ် ရေနံစျေးထိုးတက်မှုကြီးနောက်ပိုင်းမှာ အဆိုးဆုံးစျေးတက်မှုပါပဲ။ ၁၉၇၃ ခုနှစ်တုန်းက ရေနံစျေးခေါင်ခိုက်အောင် ထိုးတက်သွားရတာက အာရပ်၊ အစ္စရေးစစ်ပွဲကြီးကြောင့်ပါ။
အဲဒီအချိန်တုန်းကလို ခေါင်ခိုက်သွားမဲ့ရေနံစျေးနှုန်းကို လာမဲ့ ၂၀၂၄ မှာတွေ့ရလိမ့်မယ်လို့ ကမ္ဘာ့ဘဏ်ကခန့်မှန်းထားပါတယ်။ ဆိုလိုတာက လာမဲ့နှစ်မှာ ထပ်တက်နိုင်ခြေရှိနေပါသေးတယ်။
ရုရှားဟာ ကမ္ဘာ့ရေနံစုစုပေါင်းရဲ့ ၁၁ ရာခိုင်နှုန်းကို ထုတ်လုပ်တဲ့နိုင်ငံပါ။ ကမ္ဘာမှာ တတိယမြောက် ရေနံအများဆုံးထုတ်လုပ်တဲ့နိုင်ငံလည်းဖြစ်ပါတယ်။ စစ်ပွဲကြောင့်ဖြစ်တဲ့ စျေးနှုန်းကမောက်ကမ ဖြစ်စဉ်ဟာ ကာလရှည်ကြာဆိုးကျိုးဖြစ်ပေါ်နေဦးမှာလို့ ကမ္ဘာ့ဘဏ်က ဆိုထားပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ စစ်ပွဲပြီးသွားရင်တော့ ပိတ်ဆို့အရေးယူမှုဆိုတဲ့ဆန်ရှင်က ကျန်နေဦးမှာမို့ပါ။ ပိတ်ဆို့အရေးယူမှုကြောင့် ရုရှားနိုင်ငံထဲကနေ နိုင်ငံခြားကုမ္ပဏီတွေဆုတ်သွားတာ၊ နည်းပညာပိတ်ဆို့တာတွေက ရှိနေဦးမှာမို့ပါ။
အခုလောလောဆယ်မှာ ရုရှားဟာ ဥရောပသမဂ္ဂနိုင်ငံတွေရဲ့ ဓာတ်ငွေ့ ၄၀ ရာခိုင်နှုန်း၊ လောင်စာဆီ ၂၇ ရာခိုင်နှုန်းကိုဖြည့်ဆည်းပေးနေတဲ့ ထုတ်လုပ်သူနိုင်ငံတနိုင်ငံပါ။ ဒါပေမဲ့ ဥရောပအစိုးရတွေဟာ အခုကတည်းက ရုရှားဆီကခွာပြီး တခြားကဝယ်ဖို့ရှာဖွေနေကြပါပြီ။ ဒါကလည်း ရုရှားမှအပဖြစ်တဲ့ ပြင်ပစျေးကွက်ကြီးအတွင်းမှာ ဝယ်လိုအားက ရောင်းလိုအားထက်ပိုများလာစေမဲ့ အခြေအနေပါ။ ဝယ်လိုအားကဆွဲတင်သွားမှာဖြစ်တဲ့အတွက် စျေးကထပ်တက်ဦးမယ်လို့ အဖြေထွက်နေပြန်ပါတယ်။
ဂျုံစျေးနှုန်းစံချိန်သစ်တင်လိမ့်မယ်
ကုန်ပစ္စည်းအများအပြားကို ထုတ်လုပ်ရာမှာကုန်ကျမဲ့စရိတ်တွေကြီးမြင့်လာလိမ့်မယ်။ အကျိုးဆက်ကတော့ ကုန်ပစ္စည်းအများအပြားရဲ့ စျေးနှုန်းထောင်တက်မယ်ဆိုတာပါပဲ။ အခုကိုပဲ ကုလသမဂ္ဂက ထုတ်ပြန်တဲ့ စားသောက်ကုန်စျေးဆနှုန်းဟာ နှစ်ပေါင်း ၆၀ အတွင်း အမြင့်ဆုံးစံချိန်သစ်ကို တင်သွားပြီးပါပြီ။
ဂျုံစျေးနှုန်းဟာ ၄၂.၇ ရာခိုင်နှုန်းအထိ မြင့်တက်သွားလိမ့်မယ်လို့ ခန့်မှန်းထားတဲ့အတွက် ဒါဟာ သမိုင်းတလျှောက်မှာ စံချိန်သစ်တင်တဲ့စျေးနှုန်း ဖြစ်လာပါလိမ့်မယ်။ ဘာလီက ၃၃.၃ ရာခိုင်နှုန်း၊ ပဲပိစပ်က ၂၀ ရာခိုင်နှုန်း၊ စားဆီက ၂၉.၈ ရာခိုင်နှုန်း၊ ကြက်သားက ၄၁.၈ ရာခိုင်နှုန်းမြင့်တက်လာမှာ ဖြစ်တဲ့အတွက် ဒါတွေဟာ မှတ်သားဖွယ်ရာစျေးနှုန်းမြင့်တက်မှုတွေ ဖြစ်လာပါလိမ့်မယ်။ အဲဒီကုန်ပစ္စည်းတွေ အဲသလိုစျေးနှုန်းထပ်မံမြင့်တက်ရမဲ့အကြောင်းရင်းကတော့ ရုရှားနဲ့ယူကရိန်းဆီက တင်ပို့နေကျစားသောက်ကုန်တွေ စျေးကွက်ထဲ ရောက်မလာတော့လို့ပါပဲ။
စစ်ပွဲမတိုင်ခင်ကဆိုရင် ရုရှားနဲ့ယူကရိန်းနှစ်နိုင်ငံပေါင်းကတင်ပို့တဲ့ ဂျုံပမာဏဟာ ကမ္ဘာ့ဂျုံ စုစုပေါင်းရဲ့ ၂၈.၉ ရာနှုန်း ဖြစ်ပြီး စက်ရုံထုတ်စားကုန်တွေမှာ အဓိကပါဝင်ပစ္စည်းတခုဖြစ်တဲ့ နေကြာဆီရဲ့ တကမ္ဘာလုံးထုတ်ကုန် ၆၀ ရာခိုင်နှုန်းဟာလည်း သူတို့နှစ်နိုင်ငံက တင်ပို့နေတာပါပဲ။
တခြားကုန်ကြမ်းတွေဖြစ်ကြတဲ့ ဓာတ်မြေဩဇာ၊ သံသတ္တုတွေနဲ့ တွင်းထွက်ပစ္စည်းတွေရဲ့ စျေးနှုန်းကလည်း တက်မယ်လို့ပဲ ခန့်မှန်းထားပါတယ်။ စျေးကျလိမ့်မယ်လို့ခန့်မှန်းတဲ့ကုန်ပစ္စည်းက နည်းနည်းပဲ ရှိပါတယ်။ အဲဒီနည်းနည်းထဲမှာ ကျွန်းသစ်၊ လက်ဖက်ခြောက်နဲ့ ဆန်စျေးနှုန်းတွေ ပါပါတယ်။
ဂျုံဟာ အစားထိုးစားသောက်ဖို့ အခက်ဆုံးစိုက်ပျိုးရေးထွက်ကုန်လို့ အမေရိကဘဏ် Bank of America က ဆိုပါတယ်။ ယူကရိန်းထွက်ကုန်တွေ ပြတ်တောက်နေရတဲ့အထဲမှာ ဆိုးသထက်ပိုဆိုးစေဦးမဲ့အချက်ကတော့ မြောက်အမေရိကတိုက်နဲ့ တရုတ်နိုင်ငံတို့ရဲ့ ရာသီဥတု ညံ့ဖျင်းလာမဲ့အချက်ပါ။ စစ်ကြောင့်နွေဦးကောက်သစ်စိုက်ချိန်ကို လက်လွတ်သွားတာမို့ ယူကရိန်းရဲ့ ထွက်ကုန်ဟာ ဆက်လက်ကျဆင်းနေပါဦးမယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
ယူကရိန်းမှာ စစ်ပွဲကြောင့်ပြည်ပပို့ကုန်ကို မတင်ပို့နိုင်ပါဘူး။ ပို့ကုန်အလားအလာကလည်း မကောင်း၊ စစ်ပွဲကြောင့်စိုက်ပျိုးဖို့ကလည်း ခက်ခဲတာကြောင့် စိုက်ပျိုးနှုန်းက ကျဆင်းပါတယ်။ ယူကရိန်းရဲ့အစေ့အဆန်နဲ့ ဆီထွက်သီးနှံတင်ပို့မှုဟာ ၈၀ ရာနှုန်းကျော် လျော့နည်းသွားလိမ့်မယ်လို့ ကမ္ဘာ့ဘဏ်က ဆိုပါတယ်။ အဲဒီ ၈၀ ရာနှုန်းဟာ တကမ္ဘာလုံး ၁၀ ရက်စားသုံးနိုင်တဲ့ စားနပ်ရိက္ခာ ပမာဏ ဖြစ်ပါတယ်။
ကမ္ဘာ့အကြီးဆုံးစားသောက်ကုန် ကုမ္ပဏီကြီး ၄ ခုအနက် ၁ ခုဖြစ်တဲ့ အာချာဒန်နီယယ်မစ်လန်း ကော်ပိုရေးရှင်းကြီးရဲ့ အမှုဆောင်အရာရှိချုပ် ဟွမ်လူချီယာနို ကလည်း စျေးနှုန်းတွေ တော်တော်နဲ့ ပြန်ကျဦးမယ်မထင်ဘူးလို့ ဆိုပါတယ်။ စားသောက်ကုန်စျေးနှုန်းကြီးမြင့်မှုကြောင့် သူ့ကော်ပိုရေးရှင်းရဲ့ အသားတင်ဝင်ငွေဟာ ၂၀၂၂ ခုနှစ် ပထမ ၃ လအတွင်းမှာ ၅၃ ရာခိုင်နှုန်းအထိ မြင့်တက်သွားပါတယ်။ အသားတင်ဝင်ငွေ ဒေါ်လာ ၁.၀၅ ဘီလျံ ရပါတယ်။ ဒါပေမဲ့ ကနေဒါနိုင်ငံကအဓိကထွက်တဲ့ကနိုလာ ဆီးထွက်သီးနှံအထွက်ကျဆင်းမှု၊ တောင်အမေရိကတိုက်ရဲ့ သီးနှံထွက်နှုန်းကျဆင်းမှုနဲ့ ပင်လယ်နက်ဒေသရိက္ခာပြတ်တောက်မှုတွေကြောင့် နောက်နှစ်အနည်းငယ်အကြာအထိ စားသောက်ကုန်ရှားပါးမှုကို ဖြစ်စေလိမ့်မယ်လို့ သူက ခန့်မှန်းပါတယ်။
ယူကရိန်းစစ်ပွဲကြောင့်ဖြစ်တဲ့ စားကုန်ပြတ်လပ်မှုကို တခြားနိုင်ငံတွေကစိုက်ပျိုးထုတ်ကုန် တိုးထုတ်ပြီး ကာလတိုဖြေရှင်းလို့ ရနိုင်တယ်လို့ ပီတာနေဂယ်က ဆိုပါတယ်။ ဒါပေမဲ့ အခက်အခဲက ဓာတ်မြေဩဇာပါ။ ဓာတ်မြေဩဇာစျေးက ၆၉ ရာနှုန်းအထိတက်မယ်လို့ ခန့်မှန်းထားတော့ တောင်သူလယ်သမားတွေအတွက် ဓာတ်မြေဩဇာလျှော့သုံးလို့ အထွက်နှုန်းကျမဲ့ အန္တရာယ်က ရှိနေပါတယ်။
ကုန်စည်အားလုံးကို ယေဘုယျခြုံငုံပြီး ကမ္ဘာ့ဘဏ်အစီရင်ခံစာက အခုလို သုံးသပ်ပါတယ်။ ၂၀၂၂ ခုနှစ်မှာ ကုန်စျေးနှုန်းဟာ အထွဋ်အထိပ်ရောက်မယ်လို့ ခန့်မှန်းထားပေမဲ့ အရင်ခန့်မှန်းထားတာထက် ပိုမြင့်နေပါတယ်။ ပြန်မကျဘဲ ဆက်လက်မြင့်နေဦးမယ်လို့လည်း ဆိုပါတယ်။ ကုန်စျေးနှုန်းဘယ်လောက်ဆက်တက်ဦးမလဲဆိုတာကတော့ ယူကရိန်းစစ်ပွဲ ဘယ်လောက်ဆက်ကြာနေဦးမလဲဆိုတဲ့အချက်အပေါ်မှာ အကြီးအကျယ်မူတည်နေတယ်လို့ ကမ္ဘာ့ဘဏ်အစီရင်ခံစာက ဆိုထားပါတယ်။








