ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဓာတ်သတ္တုကြွယ်ဝတဲ့ ဂရင်းလန်းအတွက် ပြိုင်ပွဲ
- ရေးသားသူ, Adrienne Murray
- ရာထူးတာဝန်, Business reporter
- ရေးသားပေးပို့သည့်နေရာ, Greenland
"အမေရိကန် စီးပွားရေး လုံခြုံမှု" မြှင့်တင်ဖို့အတွက် ဂရင်းလန်းကျွန်းကို ဝယ်ဖို့လိုအပ်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သူမဲဆွယ်စဥ်တုန်းက ပြောထားခဲ့ပါတယ်။
ထရမ့် ပြောအပြီး ချက်ချင်းဆိုသလိုမှာပဲ အာတိတ် ဒေသနယ်မြေတွေဟာ ရောင်းချဖို့မဟုတ်ပါဘူးလို့ ဒေသအာဏာပိုင်တွေက တုံ့ပြန်ခဲ့ပါတယ်။
ဂရင်းလန်းရဲ့ လုံးဝမထုတ်ယူရသေးတဲ့ ဓာတ်သတ္တုရင်းမြစ် အများအပြားကို မျက်စိကျနေကြသူတွေ များပါတယ်။
လှိုင်းနည်းနည်းကြမ်းတဲ့ နော်ဝေးကမ်းရိုးတန်း ကျောက်ဆောင်တွေကြားက ရေလက်ကြားကျဥ်းကလေးအနီး၊ ဂရင်းလန်းကျွန်းရဲ့ တောင်ဘက်မှာ မော်တော်ဘုတ်နဲ့ သွားနေတုန်း မီးခိုးရောင် တောင်စွန်းတွေက အရှေ့မှာ ရုတ်တရုတ်ပေါ်လာပါတယ်။
"အဲဒါ အရမ်းမြင့်ပြီး ချွန်ထက်နေတဲ့ တောင်တွေ၊ အဲဒါတွေက ရွှေတွေ အများကြီးရှိတဲ့ နေရာတွေ" လို့ အမ်မရော့ သတ္ထုတွင်းကုမ္ပဏီ အမှုဆောင်အရာရှိ အဲဒေါ အိုလာဖ်ဆန်က လက်ဟန်ခြေဟန်နဲ့ ပြောပြနေပါတယ်။
နှစ်နာရီလောက် မောင်းပြီးနောက်မှာတော့ နလူနက် တောင်အောက်က ဝေးလံတဲ့ ချိုင့်ဝှမ်းတစ်ခုပေါ်ကို ရောက်လာခဲ့ပါတယ်။
တောင်တန်းတွေနဲ့ ချိုင့်ဝှမ်းတွေ ပတ်ပတ်လည်မှာရှိနေပြီး သန့်ရှင်းနေတဲ့ နေရာဖြစ်သလို တန်ဖိုးရှိတဲ့နေရာပါ။ သတ္တုတွေ ရှာဖို့ မြေအကျယ်အဝန်း စတုရန်းမိုင် ၃၈၆၁ ဧရိယာအတွင်း တူးဖော်ခွင့်လိုင်စင်တွေ ချထားပေးပါတယ်။
"မြေရှား၊ ကြေးနီ၊ နီကယ်တွေ ရှာနေတာ" လို့ အိုက်စလန် လုပ်ငန်းရှင်က ပြောပါတယ်။
"အဲဒီမှာ မရှာရသေးဘူး။ သတ္တုတွင်းတွေကြီးတွေ အများကြီး ရှိနေနိုင်သေးတယ်။"
အဲဒီမှာ ဗြိတိသျှ၊ သြစတေးလျနဲ့ဂရင်းလန်းကျွန်းက သတ္ထုတွင်းလုပ်သား စုစုပေါင်း ၁၀၀ ကျော်လောက် ရှိပါတယ်။ လိမ္မော်ရောင် တောက်တောက် အသင့်ဆောက် တဲတွေနဲ့ ရွေ့လျား အဆောက်အအုံတွေ အစု ရှိနေတဲ့ စခန်းတစ်ခုလည်း ရှိပါတယ်။
အဲဒီကနေ ချိုင့်ဝှမ်းကို တက်သွားရတဲ့ လမ်းတစ်ခုမှာ ကားနဲ့ ရွှေတွင်းထဲကို ဝင်လိုက်ပါတယ်။ နောက်တော့ တောင်အတွင်းပိုင်းထဲက မှောင်နေတဲ့ ဥမင်လိုဏ်ခေါင်းတစ်ခုကို လိုက်ပြီး အပေါ်ကို တက်သွားပါတယ်။
"ဒီမှာကြည့်" လို့ မစ္စတာ အိုလာဖ်ဆန်က အဖြူရောင်သလင်းကျောက်အလွှာချပ်နဲ့ အမဲရောင်တန်းနေတဲ့ အလွှာပြားတွေကို လှမ်းပြပါတယ်။ "ရွှေ၊ ရွှေ၊ ရွှေတွေ အဲဒီတစ်လျှောက်လုံးပေါ့။အံသြစရာ မဟုတ်လား။"
အဲဒီသတ္ထုတွင်းကို အမ်မရော့က ၂၀၁၅ ခုနှစ်မှာ ဝယ်ခဲ့တာပါ။ အဲဒီမတိုင်ခင် အရင်နှစ်တွေကဆက်တိုက် တူးဖော်နေခဲ့ပေမဲ့ ရွှေစျေးတွေကျတာရယ် တူးဖော်စရိတ် မြင့်မားတာရယ်ကြောင့် ပိတ်ထားခဲ့ရပါတယ်။
ဒါပေမဲ့ အမ်မရော့ကတော့ အဲဒီသတ္ထုတွင်းလုပ်ငန်းက အခုဆိုရင်တော့ အကျိုးအမြတ်ရမယ့် လုပ်ငန်းဖြစ်တော့မယ်လို့ ယုံကြည်နေပါတယ်။ ဒါကြောင့် အခုထုတ်လုပ်ရေးကို ဒီနှစ်မှာ တိုးလုပ်ဖို့ အစီအစဥ်ချထားပါပြီ။ အဲဒီက ကျောက်တွေ မြေသားတွေကနေ တန်ဖိုးရှိတဲ့ သတ္ထုတွေကို ရွှေချောင်းတွေအဖြစ်သန့်စင်ဖို့ စက်ရုံအသစ်ကိုလည်း ဆောက်ထားပါပြီ။
"တစ်လကို ရွှေတစ်အိတ်လောက် ထွက်မလား၊ တန် ၃၀,၀၀၀ သင်္ဘောကြီးနဲ့ပဲ တင်ရမလား တစ်ခုခုပေါ့" လို့ စ္စတာ အိုလာဖ်ဆန်က ရှင်းပြပါတယ်။
လက်ရှိကာလ ဂရင်းလန်းမှာ အင်မတန်များပြားပြီး မတူးရသေးတဲ့ သတ္ထုသိုက်ကြီးတွေ ရှိနေတာကြောင့် တခြားမှာထက် ထူးခြားတဲ့ အခွင့်အလမ်းတွေ ရှိနေတယ် လို့ သူက ပြောပါတယ်။
"အနောက်ကမ္ဘာအတွက် ဆယ်စုနှစ်များစွာ လုံလောက်တဲ့ သတ္တုပမာဏလောက်ကို ရှိတယ်"လို့ သူက ပြောပြပါတယ်။
"အရမ်းထူးခြားတဲ့ အနေအထားမျိုးပါ။"
လက်ရှိအချိန်အထိကို ဂရင်းလန်းတခုလုံးမှာ လုပ်ငန်းလည်ပတ်နေတဲ့ သတ္ထုတွင်း လုပ်ငန်း နှစ်ခုသာရှိပါသေး တယ်။
ဒိန်းမတ်ရဲ့ အစိတ်အပိုင်းအဖြစ် ရပ်တည်နေပေမယ့်လည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတဲ့ဒေသ ဖြစ်သလို သဘာဝ အရင်းအမြစ်တွေကိုလည်း ကိုယ်ပိုင်ထိန်းချုပ်ခွင့် ရနေပါတယ်။
မြေရှားလို့ခေါ်ကြတဲ့ တန်ဖိုးကြီးသတ္တု အများဆုံးရှိတဲ့ ရှစ်ခုမြောက်နေရာလည်း ဖြစ်ပါတယ်။ မြေရှားဟာ လျှပ်စစ်ကား၊ မိုဘိုင်းဖုန်းကနေ ဘတ္ထရီတွေ စတဲ့အရာတွေကို ပြုလုပ်ရာမှာ အရေးပါတဲ့ အရာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် လစ်သီယမ်နဲ့ ကိုဘော့ တို့လို တခြားတန်ဖိုးကြီး သတ္တုတွေလည်း ပါဝင်နေတာပါ။
ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေလည်း ပေါများပါတယ်။ ဒါပေမယ့် အသစ်တူးဖော်မှုတွေကိုတော့ တားမြစ်ထားသလို ပင်လယ်ရေနက်သတ္တုတူးဖော်ရေးလုပ်ငန်းတွေကိုလည်း ခွင့်မပြုထားပါဘူး။
ဂရင်းလန်းစီးပွားရေးအဖွဲ့အစည်းရဲ့ ဒါရိုက်တာခရစ္စတင်း ကဲလ်ဆင် ကတော့ "ကမ္ဘာပထဝီနိုင်ငံရေးအခြေအနေက ကမ္ဘာ့အကြီးဆုံးကျွန်းကြီးပေါ်ကို အခု သက်ရောက်လာတာပါ" လို့ ပြောပါတယ်။
တရုတ်မှာ ကမ္ဘာ့အကြီးဆုံး မြေရှားသတ္တုသိုက်ရှိပြီး အနောက်နိုင်ငံတွေက ဂရင်းလန်းကိုလည်း နောက်ထပ် အရင်းအမြစ်တွေရနိုင်တဲ့နေရာအဖြစ် စိတ်ချထားချင်ကြပါတယ် လို့ သူက ပြောပါတယ်။
"အရေးကြီးတဲ့ ကုန်ကြမ်းပစ္စည်းတွေကို အင်အားကြီး တရုတ်နိုင်ငံက လွှမ်းမိုးထိန်းချုပ်ထားတယ်" လို့ သူက ပြောပါတယ်။
ဒါကြောင့်လည်း ဂရင်းလန်က သတ္တုတွင်းထွက်တွေအတွက် အနောက်နိုင်ငံတွေက ဝင်ရောက်ဖို့အာရုံထား လာတာပါ။ တရုတ်ကိုယ်တိုင်ကလည်း ပါဝင်လိုနေပေမယ့် သူက အနည်းအကျဥ်းပဲ ရှိပါသေးတယ်။
"ဒေသရဲ့ သတ္တုတွင်းထွက်တွေကို လွန်ခဲ့တဲ့ ၅ နှစ် လောက်ကစပြီး စိတ်ဝင်စားမှုတွေ သိသိသာသာ များလာတယ်"လို့ ဂရင်းလန်း စီးပွားရေးဝန်ကြီး၊ ကုန်သွယ်ရေးနဲ့ ကုန်ကြမ်းပစ္စည်း ရေးရာ အကြီးအကဲ နာဂျ နသန်နေဆမ်က ပြောပါတယ်။
"ဂရင်းလန်ဟာ ရာသီဥတုအကျပ်အတည်းအတွက် အဓိက စိတ်ဝင်စားရာနေရာ ဖြစ်ပါတယ်။ ကျွန်မတို့ဟာ ဒီပြဿနာကို ဖြေရှင်းဖို့ အစိတ်အပိုင်းတစ်ခု ဖြစ်ချင်ပါတယ်" လို့ သူက ပြောပါတယ်။
ဂရင်းလန်တစ်လွှားမှာ ကုမ္ပဏီတွေက စီးပွားဖြစ်တူးဖော်နိုင်မယ့် သတ္တုသိုက်တွေကို ရှာဖွေနေတဲ့ လုပ်ကွက် ၁၀၀ အတွက် ခွင့်ပြုမိန့်တွေ ထုတ်ပေးပြီး ဖြစ်ပါတယ်။
ခွင့်ပြုချက်ရထားတဲ့ ကုမ္ပဏီအများစုကတော့ ဗြိတိန်၊ ကနေဒါနဲ့ သြစတြးလျတို့လို ကြီးမားတဲ့နိုင်ငံခြား သတ္တုတွင်းကုမ္ပဏီတွေ ဖြစ်ပါတယ်။ အမေရိကန်ကတော့ ခွင့်ပြုချက်တစ်ခုပဲ ရထားတာပါ။
ဒါပေမဲ့ အဲဒီလုပ်ငန်းတွေ အမှန်တကယ်လုပ်ကိုင်နိုင်ဖို့ နောက်ထပ်အဆင့်တွေ အများကြီး လုပ်ဖို့ ရှိနေသေးပါတယ်။
ဂရင်းလန်းက တွင်းထွက်သတ္တုတွေကြွယ်ဝတဲ့ နေရာဖြစ်နေပေမဲ့ "ရွှေတွင်း တူးဖို့" ရုပ်လုံး ပေါ်လာ ဖို့ ကြာနေနိုင်ပါသေးတယ်။
ဂရင်းလန်းရဲ့ စီးပွားရေးကို ပုဂ္ဂလိက ကဏ္ဍနဲ့ ငါးဖမ်း လုပ်ငန်းတွေက ဦးဆောင်နေပြီး နှစ်စဥ် ပြည်တွင်းအသားတင် ထုတ်လုပ်မှု တန်ဖိုးက အမေရိကန်ဒေါ်လာ ၃ ဘီလျံ ရှိပါတယ်။ ဒ့ါအပြင် ဒိန်းမတ်နိုင်ငံဘက်က နှစ်စဥ်ကူညီထောက်ပံ့ပေးတဲ့ အမေရိကန် ဒေါ်လာ သန်း ၆၀၀ အပေါ်လည်း မှီခိုနေရတာပါ။
ဒိန်းမတ်အပေါ် မှီခိုနေရတဲ့ ပမာဏဟာ သတ္တုတွင်းကနေ ဝင်ငွေတွေရလာရင် လျှော့ချလိုက်နိုင်မယ်လို့ ဂရင်းလန်းက နိုင်ငံရေးသမားတွေက မျှော်လင့်ထားကြပါတယ်။ ဒါကြောင့် အမှီအခိုကင်းဖို့အတွက် ကြိုးစား အားထုတ်နေကြတယ်လို့ ဆိုပေမဲ့ ခရီးသွားလုပ်ငန်းလို အရာမျိုးကနေလည်း ဂရင်းလန်းအတွက် ဝင်ငွေတွေ ဝင်နေပါသေးတယ်။
"တရားဝင်သတ္ထုတူးဖော်ခွင့်က အမှီအခိုကင်းဖို့အတွက် အရေးကြီးတဲ့ အချက်ဖြစ်နေတုန်းပါ" လို့ ဂရင်းလန် တက္ကသိုလ် အာတိတ် လူမှုသိပ္ပံဌာနမှူး ဂျဖီယာ အာနွတ်က ပြောပါတယ်။
"ဒါပေမဲ့ လက်တွေ့မှာ သတ္တုတွင်းလိုင်စင်ချထားပေးတာတွေ အရမ်းနည်းတယ်ဆိုတာ မြင်နိုင်ပါတယ်။"
အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့နဲ့ တွဲဖက်လုပ်ကိုင်နေတယ်ဆိုပေမဲ့ ဒီကဏ္ဍမှာ ငွေကြေးအမြောက်အမြား စီးဝင်လာတာကို ကျွန်မတို့ မမြင်ရသေးဘူး လို့ နသန်နေဆမ် ဝန်ခံပါတယ်။
လာမယ့် ဆယ်စုနှစ်အတွင်း သတ္တုတွင်းသုံးခုကနေ ငါးခုအထိ ထပ်လည်ပတ်နိုင်မယ်လို့ သူက မျှော်လင့်ထားပါတယ်။
ဒါပေမဲ့ ဝေးကွာလွန်းတဲ့အခြေအနေနဲ့ ရာသီဥတုကြောင့် သတ္တုတွင်းလုပ်ငန်းတွေ အောင်မြင်ဖို့က ဂရင်းလန်မှာ မလွယ် ကူလှပါဘူး။
ဂရင်းလန်းတစ်ခုလုံးရဲ့ ၈၀ ရာခိုင်နှုန်းလုံးက ရေခဲနေပြီး ရေခဲလွှာတွေနဲ့ ဖုံးအုပ်ထားတဲ့ ကမ္ဘာအကြီး ဆုံးကျွန်း ဖြစ်ပါတယ်။ ကြမ်းတမ်းတဲ့ မြေမျက်နှာပြင်နဲ့ တောင်တန်းတွေအပြင် တူးဖော်ရေးနေရာချထားမယ့် နေရာတွေမှာလည်း လမ်းတွေမရှိတာကြောင့်လည်း ဖြစ်ပါတယ်။
"အဲဒါအာတိတ်မြေပါ" လို့ ဒိန်းမတ်နဲ့ ဂရင်းလန်းရဲ့ ဘူမိဗေဒဆိုင်ရာ စစ်တမ်းကို ဂျကိုကလော့ ကိုင်ဒင်းက ရှင်းပြပါတယ်။
ဂရင်းလန်ရဲ့ ရာသီဥတုဆိုးရွားမှုနဲ့ အခြေခံအဆောက်အအုံ အကန့်အသတ်တွေရှိတာကြောင့် ပြဿနာတွေရှိပါတယ်။ ဒါကြောင့် သတ္တုတွင်းလုပ်ကိုင်ဖို့က အတော် ကုန်ကျစရိတ် ကြီးပါတယ်။
ဒီကုန်ကျစရိတ်မြင့်မားမှုတွေနဲ့ ကမ္ဘာ့သတ္တုဈေးနှုန်းနိမ့်ကျမှုတွေဟာ ရင်းနှီးမြှုပ်နှံသူတွေကို နှောင့်နှေးစေခဲ့ပါတယ်။
တချို့ကတော့ ဒီကဏ္ဍဖွံ့ဖြိုးမှုနှေးကွေးရတာကို ဗျူရိုကရေစီစနစ်ကြောင့်လို့ အပြစ်တင်ကြပါတယ်။ ဒီနယ်မြေမှာက သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စည်းမျဉ်းစည်းကမ်း တင်းကျပ်မှုတွေနဲ့ လူမှုရေး ထိခိုက်မှု ကန့်သတ်ချက်တွေရှိတာကြောင့် ခွင့်ပြုချက်ရဖို့က အချိန်ယူရတတ်ပါတယ်။
ဒေသခံ အများစုက သတ္တုတူးဖော်ရေးကို ထောက်ခံကြပြီး ဒါက ဒေသတွင်းစီးပွားရေးကို မြှင့်တင်ပေးတယ်လို့ မစ္စ နသန်နေဆမ် ဆိုပါတယ်။
" သတ္တုလုပ်သားတွေဟာ ဒေသခံ ဆိုင်တွေမှာ ဝယ်ယူတာတွေ ရှိမယ်၊ ဒေသခံတွေကို အလုပ်ခန့်ထားတာတွေ ဖြစ်လာမယ်။ ပြည်တွင်းက ရေယာဥ်တွေ၊ ရဟတ်ယာဥ်တွေပါ ငှားယူ သုံးစွဲတာမျိုးတွေရှိလာမှာပါ" လို့ မစ္စ နာဂျ နသန်နေဆမ်က ပြောပါတယ်။
ဒါပေမဲ့ တောင်ပိုင်းက အကြီးဆုံးမြို့ဖြစ်တဲ့ ခါခိုဒေါ့မြို့က ဟိုင်ဒီ မော်တန်စင် မော်လာကတော့ သတ္တုတွင်းသစ်တွေက ဒေသခံတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းဖြစ်လာမလားဆိုတာကို သိပ်မယုံနိုင်သေးပါဘူး။
"သူတို့က အလုပ်အကိုင်တွေ ဖန်တီးပေးမယ်လို့ ပြောတဲ့အခါ ဘယ်သူတွေကို ရည်ညွှန်းပြောနေတာလဲ" လို့ မေးခွန်းထုတ်ပါတယ်။
ဒေသခံ အလုပ်သမားသမဂ္ဂ SIK ရဲ့ ခေါင်းဆောင် ဂျက်စ်ဘက်သည်စမ် ကတော့ "သတ္တုတွင်းလုပ်ငန်းက ဝင်ငွေဟာ နိုင်ငံထဲက ပြန်ထွက်မှာ ၊ ပြီးတော့ ဂရင်းလန် အတွက်လည်း အကျိုးအမြတ်ရမှာ မဟုတ်ဘူးလို့ လူအများ ကထင်ထားကြတာပါ "လို့ ဆိုပါတယ်။
ဒါပေမဲ့ အဲဒီလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့ကိုတော့ သူက ထောက်ခံပါတယ်။
"ဂရင်းလန်းမှာ ငါးဖမ်းလုပ်ငန်းထက် အခြား နည်းလမ်းတွေကနေပြီး ဝင်ငွေပိုရဖို့ လိုနေတာပါ။"
ဂရင်းလန်းကို ရယူဖို့ဆိုတဲ့ ထရမ့်နောက်ဆုံးပြောထားတဲ့ နည်းလမ်းကလည်း ဘယ်လိုရလဒ်ထွက်မလဲဆိုတာ မရှင်းလင်းသေးပါဘူး။
ဒါပေမယ့် ဂရင်းလန်းဝန်ကြီးချုပ် မြုအက်ဒီ ကတော့ "အမေရိကန်နဲ့ အကျိုးတူစီးပွားရေးလုပ်ဖို့ လိုအပ်ပါတယ်။"
အဲဒါဟာ "သတ္တုတူးဖော်ရေးနယ်ပယ်မှာ တံခါးဖွင့်ထားပြီးဖြစ်တယ်"လို့ ဒီလအစောပိုင်းက ပြောထားပါတယ်။
စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အဖွဲ့အစည်းက မစ္စတာ ကဲလ်ဆင်ကတော့ လိုအပ်နေတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ယူဆောင်လာလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။
တစ်ဖက်မှာလည်း ထရမ့်ဆီက လာတဲ့ အချက်ပြမှုတွေ မရှင်းမလင်းဖြစ်နေတာ ပိုကြာလာရင်တော့ ရင်းနှီးမြှုပ်နှံမှု အခြေအနေပေါ် အနုတ်လက္ခဏာဆောင်တဲ့ သက်ရောက်မှုတွေ ရှိလာနိုင်တဲ့ အန္တရာယ် ရှိနေပါတယ်။