ပနားမားတူးမြောင်းကို တရုတ်က ဘယ်လောက် ထိန်းချုပ်ထားလဲ

    • ရေးသားသူ, ရှမ်းယန်
    • ရာထူးတာဝန်, ကမ္ဘာလုံးဆိုင်ရာတရုတ်ယူနစ်၊ ဘီဘီစီ ကမ္ဘာတလွှား

"တရုတ်စစ်သားကောင်းတွေဟာ''... ''မေတ္တာထားစရာဖြစ်ပေမဲ့ ပနားမားတူးမြောင်းမှာ တရားမဝင် လည်ပတ်နေတယ်'' လို့ဆိုတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ပြောဆိုချက်တွေကို ပနားမားစီးတီးဘက်ကရော၊ ဘေကျင်းဘက်က အရာရှိတွေကပါ ချက်ချင်းငြင်းချက်ထုတ်ပါတယ်။

ပနားမား သမ္မတ ဟိုဆေး ရာအူး မလီနိုကလည်း ဒီပြောဆိုချက်တွေဟာ "ယုတ္တိမရှိပါဘူး"၊ "တူးမြောင်းမှာ တရုတ်ရဲ့ လွှမ်းမိုးမှု လုံးဝမရှိဘူး" လို့ ပြောပါတယ်။

''အမေရိကန်သင်္ဘောတွေကို တူးမြောင်းဖြတ်သန်းခ ငွေကြေးမတန်တဆကောက်ခံနေတယ်''လို့ ဆိုပြီး ပနားမားတူးမြောင်းကို အင်အားသုံးပြီး ပြန်ယူမယ်လို့တောင် ထရမ့်က ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း ခြိမ်းခြောက်ခဲ့ပါတယ်။ ထရမ့်ရဲ့ ဒီလိုပြောဆိုချက်ကိုလည်း ပနားမား အာဏာပိုင်တွေက ပယ်ချပါတယ်။

ကမ္ဘာ့ပင်လယ်ရေကြောင်းကုန်သွယ်မှုပမာဏရဲ့ ၅ ရာခိုင်နှုန်းနီးပါး ဖြတ်သန်းနေတဲ့ မဟာဗျူဟာမြောက် ရေလမ်းကြောင်း ပနားမားတူးမြောင်းကို ပနားမားအစိုးရဌာနတစ်ခုဖြစ်တဲ့ ပနားမားတူးမြောင်း အာဏာပိုင်အဖွဲ့က စီမံခန့်ခွဲတာဖြစ်ပါတယ်။ တရုတ်စစ်သားတွေ မဟုတ်ပါဘူး။

ဒါပေမဲ့လည်း ပနားမားတူးမြောင်းနဲ့ တူးမြောင်းပတ်ဝန်းကျင်အခြေခံအဆောက်အဦတွေမှာ တရုတ်ရင်းနှီးမြှုပ်နှံတွေသိသိသာသာရှိနေတာကို စိုးရိမ်တဲ့ အမေရိကန်အာဏာပိုင်တွေရဲ့ စိုးရိမ်စိတ်ကိုတော့ ထရမ့်ရဲ့ တိကျမှန်ကန်မှုမရှိတဲ့ပြောဆိုချက်တွေက ထင်ဟပ်နေပြန်ပါတယ်။

ဒီတော့ ပနားမား တူးမြောင်းသမိုင်း ဘယ်လိုရှိပါသလဲ။

ပနားမားတူးမြောင်းသမိုင်း

သမိုင်းအရဆိုရင်တော့ အတ္တလန္တိတ်နဲ့ ပစိဖိတ်သမုသဒ္ဒရာ ၂ ခုကို ဆက်ထားတဲ့ ဒီတူးမြောင်း တည် ဆောက်ရေးနဲ့ စီမံအုပ်ချုပ်ရေးမှာ အမေရိကန်ပြည်ထောင်စုက အခရာကျတဲ့အခန်းကဏ္ဍကနေ ပါဝင်ခဲ့တာပါ။

ဒီတူးမြောင်းဆောက်လုပ်ရေးကို ပြင်သစ် တည်ဆောက်တာ မအောင်မြင်ခဲ့တာကြောင့်ပဲ အမေရိကန်က တူးမြောင်းဆောက်လုပ်ရေးကို ဆက်လုပ်ကိုင်ခွင့်ရပါတယ်။ တူးမြောင်းကိုတော့ ၁၉၁၄ ခုနှစ်မှာ တည်ဆောက်ပြီးစီးခဲ့ပါတယ်။

တူးမြောင်းဟာ ၁၉၇၇ ခုနှစ်အထိ အမေရိကန်ရဲ့ ထိန်းချုပ်မှုအောက်မှာရှိခဲ့ပါတယ်။ အဲဒီတုန်းက အမေရိကန် သမ္မတဂျင်မီ ကာတာက ပနားမားအစိုးရကို တူးမြောင်းစီမံခန့်ခွဲ့မှုကို တဖြည်းဖြည်းလွှဲပြောင်းပေးဖို့ သဘောတူညီချက် စာချုပ် ချုပ်ခဲ့ပါတယ်။ ဒီလိုချုပ်ခဲ့တာကိုပဲ ''မိုက်မဲမှု''လို့ သမ္မတထရမ့်က ရည်ညွှန်းပြောဆိုပါတယ်။

ပနားမားအစိုးရကပိုင်ပေမဲ့ လွှတ်လပ်စွာ စီမံလည်ပတ်တဲ့ ပနားမားတူးမြောင်းအာဏာပိုင်အဖွဲ့ (Panama Canal Authority) ဟာ ပနားမားတူးမြောင်းကို ၁၉၉၉ ခုနှစ်ကစလို့ စီမံခန့်ခွဲပါတယ်။

အမေရိကန်နဲ့ ပနားမားတို့ ချုပ်ဆိုခဲ့တဲ့သဘောတူညီချက်တွေအရ တူးမြောင်းစီမံလည်ပတ်မှုဟာ ဘက်လိုက်မှုမရှိ အမြဲမျှတနေရမှာဖြစ်ပါတယ်။ တူးမြောင်းနဲ့ပတ်သက်ပြီး ဘက်ယိမ်းမှု၊ ဘက်မလိုက်မှုတွေအပေါ် ခြိမ်းခြောက်မှုတွေရှိလာမယ်ဆိုရင် သဘာတူညီချက်အရ အမေရိကန်အနေနဲ့ တူးမြောင်းကို အင်အားး ကာကွယ်ပိုင်ခွင့်ရမှာဖြစ်ပါတယ်။

ပနားမားတူးမြောင်းက တရုတ်ရဲ့ အခန်းကဏ္ဍ

တရုတ်အစိုးရဟာ တူးမြောင်းကို ထိန်းချုပ်ထားတယ်ဆိုတာကို ပြသတဲ့ အများမြင်သာတဲ့သက်သေအထောက်အထားတွေတော့ မရှိပါဘူး။ ဒါပေမဲ့ တရုတ်ကုမ္ပဏီတွေအများအပြားကိုတော့ သိသိသာသာမြင်တွေ့နေရတာပါ။

၂၀၂၃ ခုနှစ်‌၊ အောက်တိုဘာကနေ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအထိ ပနားမားတူမြောင်းကနေ ကုန်ပစ္စည်းပို့ဆောင်မှု ပမာဏတွေရဲ့ ၂၁.၄ ရာခိုင်နှုန်းဟာ တရုတ်နိုင်ငံက ဖြစ်ပါတယ်။ ဒါကြောင့်ပဲ တရုတ်ဟာ အမေရိကန်ပြီးရင် တူးမြောင်းကို အများဆုံး အသုံးပြုသူ ဖြစ်လာစေပါတယ်။

တစ်ဖက်မှာလည်း တရုတ်ဟာ တူးမြောင်းအနီးမှာ ဆိပ်ခံတံတား၊ ဆိပ်ကမ်းတွေအတွက် ရင်းနှီးမြှပ်နှံတာတွေကို အနှစ်ပိုင်းအတွင်း အတော်များများပြုလုပ်ထားပါတယ်။

တူးမြောင်းနဲ့ကပ်လျက် ဆိပ်ကမ်း ၅ ခုထဲက ၂ ခုဖြစ်တဲ့ သမုဒ္ဒရာ ၂ ခုဘက် အသီးသီးမှာရှိနေတဲ့ ဘဲလ်ဘိုနဲ့ ခရစ်စတိုဘဲလ်ဆိပ်ကမ်းတို့ကို ဟက်ချီဆန်ဆိပ်ကမ်းလုပ်ငန်း(Hutchison Port Holdings) ရဲ့ လုပ်ငန်းခွဲ ကုမ္ပဏီ တစ်ခုက ၁၉၉၇ ခုနှစ်ကတည်းက စီမံလည်ပတ်နေပါတယ်။

အဲဒီကုမ္ပဏီဟာ ဟောင်ကောင်စီးပွားရေးလုပ်ငန်းရှင် လီကာရှင်း တည်ထောင်ထားတဲ့ ဟောင်ကောင် အခြေစိုက်လုပ်ငန်းစုကြီးဖြစ်တဲ့ CK Hutchison Holdings စာရင်းဝင် အများပိုင်ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ ဗြိတိန်အပါအဝင် နိုင်ငံပေါင်း ၂၀ ကျော်မှာရှိပါတယ်။

အဲဒီလိုဆိပ်ကမ်းတွေကို လုပ်ပိုင်ခွင့်ရနေတာကပဲ CK Hutchison အတွက် တူးမြောင်းကို ဖြတ်သန်းသွားတဲ့ သင်္ဘာတွေနဲ့ပတ်သက်တဲ့ ဗျူဟာမြောက်အချက်အလက်တွေ ပြည့်ပြည့်ဝဝသိရှိနေစေတယ်လို့ နိုင်ငံတကာနဲ့ မဟာဗျူဟာလေ့လာရေးစင်တာ(CSIS)က အမေရိကတိုက်များအရေးဆိုင်ရာအစီအစဥ်ရဲ့ ညွှန်ကြားရေးမှူး ရိုင်ယန်ဘာ့ဂ်က ပြောပါတယ်။

"အမေရိကန်နဲ့ တရုတ်အကြားမှာ စီးပွားရေးနဲ့ဆက်စပ်ပြီး ပထဝီနိုင်ငံရေး တင်းမာမှုတွေ တိုးလာနေတယ် " လို့ သူက ပြောပါတယ်။ "ဒီအချိန်မှာ ဒီလိုအချက်အလက်တွေက ထောက်ပို့ စစ်ပွဲတွေ အတွက် အရမ်း အသုံးဝင်တယ်"လို့လည်း ထောက်ပြပါတယ်။

တရုတ်အစိုးရက ပိုင်ဆိုင်တဲ့ ကုမ္ပဏီ မဟုတ်ပေမဲ့ တရုတ်အစိုးရက ကုမ္ပဏီကို ဘယ်လောက်အထိထိန်းချုပ်နိုင်ဖို့ အားထုတ်နိုင်လဲဆိုတဲ့အပေါ် အမေရိကန်ဘက်က စိုးရိမ်နေတာပါလို့ ဘာ့ဂ်က ပြောပါတယ်။

ဒါနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ဘီဘီစီရဲ့ ဆက်သွယ်မှုကို CK Hutchison ဘက်က တုံ့ပြန်ခဲ့တာ မရှိပါဘူး။

တစ်ချိန်က အဲဒီဆိပ်ကမ်းတွေကို လည်ပတ်လုပ်ကိုင်ဖို့ လေလံတင်ချိန်တုန်းက လေလံဝင်ပြိုင်ခဲ့သူတောင် မရှိခဲ့ဘူးလို့ တူးမြောင်းအကြောင်းစာအုပ်ထုတ်ဝေထားသူလည်းဖြစ်၊ အမေရိကန် University of Akron ရဲ့ ပါမောက္ခဖြစ်သူ အင်ထရူး သောမတ်က ပြောပါတယ်။ "အဲဒီအချိန်တွေတုန်းကတော့ အဲဒီဆိပ်ကမ်းတွေကို အမေရိကန်ဘက်က စိတ်မဝင်စားခဲ့ဘူး၊ ဒါကြောင့်ပဲ Hutchison ပြိုင်ဘက်မရှိဘဲ လုပ်ကိုင်ခွင့်ရခဲ့တာ''

တရုတ်အစိုးရပိုင်ရော နိုင်ငံသားပိုင်ရော စတဲ့ ကုမ္ပဏီတွေက ဒေါ်လာ ဘီလျံနဲ့ချီတဲ့ရင်းနှီးမြှပ်နှံမှုတွေကို ပနားမားမှာပြုလုပ်ရင်း ခြေတံလက်တံဆန့်ပါတယ်။ အဲဒီထဲမှာ အပျော်စီးသင်္ဘောတွေဆိုက်ကပ်နိုင်တဲ့ ဆိပ်ကမ်း၊ နောက် တူးမြောင်းကို ဖြတ်ကျော်ပြီး တည်ဆောက်မယ့်တံတား စတာတွေ ပါဝင်ပါတယ်။

တူးမြောင်းကို တရုတ်ကပိုင်ဆိုင်နေတယ်လို့ ထရမ့်ရဲ့ အခိုင်အမာပြောဆိုမှုဟာ ဖြစ်နိုင်ခြေရှိကောင်းရှိနိုင်ပေမယ့် ပိုင်ဆိုင်မှုနဲ့ လည်ပတ်လုပ်ကိုင်မှုကတော့ မတူညီပါဘူးလို့ "တရုတ်လှုပ်ရှားမှု အစုံအလင်"ဆိုတဲ့အပိုင်းမှာ သောမတ်က ဖော်ပြခဲ့ပါတယ်။

သောမတ်စ်ရဲ့အပြောအရ ''တရုတ်ရဲ့ဒီလို စီးပွားရေးလုပ်ဆောင်မှုတွေဟာ'' တူးမြောင်းကို ''တရုတ်ကပိုင်တယ်'' ဆိုပြီး ထရမ့်ဘက်က ပြောဆိုမှု ထွက်လာတာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့လည်း ဒီဆိပ်ကမ်းတွေကို စီမံရုံနဲ့ ပိုင်ဆိုင်မှုရှိပြီရယ်လို့ ပြောလို့ မရဘူးလို့လည်း သူက ထောက်ပြပါတယ်။

ဘေကျင်းဘက်ကတော့ "လက်တင်အမေရိကနဲ့ပတ်သက်ပြီး တရုတ်ရဲ့ဆက်ဆံမှုတွေဟာ သာတူညီမျှမှု၊ ဘုံအကျိုးစီးပွား၊ ဆန်းသစ်တီထွင်မှု၊ ပွင့်လင်းမှု နဲ့ လူထုအကျိုးစီးပွား စတာတွေအတွက် ပူးပေါင်းဆောင် ရွက်နေတာ" လို့ ထပ်တလဲလဲ ပြောဆိုနေပါတယ်။

ပနားမားနဲ့ ပတ်သက်ပြီး တရုတ်ရဲ့ ပိုကျယ်ပြောတဲ့အကျိုးစီးပွားတွေက ဘာတွေဖြစ်မလဲ

ပနားမားရဲ့ ဗျူဟာမြောက်တည်နေရာကြောင့်ပဲ တရုတ်ဟာ ပနားမားမှာ သူ့ရဲ့သြဇာ သက်ရောက်မှု တိုးလာဖို့ ဖြစ်လာစေသလို ဒါဟာအစဥ်အလာအရ အမေရိကန်ရဲ့ အိမ်နောက်ဖေးနေရာလို့ အစဥ်အလာအရမှတ်ယူထားတဲ့ တိုက်ကြီးမှာ သူ့ခြေရာထပ်စေဖို့လည်း အကြောင်းဖန်လာစေပါတယ်။

၂၀၁၇ ခုနှစ်မှာတော့ ပနားမားဟာ ထိုင်ဝမ်နဲ့ သံတမန်ဆက်သွယ်ရေးဖြတ်တောက်ပြီး တရုတ်နဲ့ တရားဝင် သံတမန်ဆက်ဆံရေး ထူထောင်ပါတယ်။ ဒါကပဲ တရုတ်ရဲ့ သံတမန်ဆက်ဆံရေး အောင်မြင်မှုတစ်ရပ်ဖြစ်လာပါတယ်။

လပိုင်းတွေအကြာမှာပဲ ပနားမားဟာ ဒေါ်လာ ထရီလီယံတန် ကမ္ဘာလုံးဆိုင်ရာ အခြေခံအဆောက်အဦနဲ့ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းဖြစ်တဲ့ ခေတ်သစ်ပိုးလမ်းမ စီမံကိန်းမှာပါဝင်တဲ့ လက်တင်အမေရိကန်နိုင်ငံတွေထဲက ပထမဆုံးနိုင်ငံဖြစ်လာခဲ့ပါတယ်။

အဲဒီနောက်ပိုင်းကစလို့ ဒိုမီနီကန်၊ အယ်လ်ဆာဗေဒိုး၊ နီကာရာဂွါနဲ့ ဟွန်ဒူးရပ်စ်တို့လည်း ထိုင်ဝမ်ထက် ဘေကျင်းနဲ့ ပိုမိုနီးစပ်တဲ့ သံတမန်ဆက်သွယ်ရေးတွေ ရှိလာခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ သူရဲ့ ပထမဆုံး ကွန်ဖြူးရှပ် အင်စတီကျူ့ကို ပနားမားမှာ ဖွင့်တာနဲ့ မီးရထားလမ်း ဖောက်လုပ်ဖို့ ထောက်ပံ့ငွေတွေ ပေးအပ်တာနဲ့ သူရဲ့ နိုင်ငံရေး အင်အားအပျော့ကို ချဲ့ထွင်ပါတယ်။ တရုတ်ကုမ္ပဏီတွေက ပနားမားသတင်းထောက်တွေကို မီဒီယာသင်တန်းတွေ ပေးတာတွေ လုပ်ခဲ့ပါတယ်။

ပနားမားမှာ လူထုက ဘာတွေပြောဆိုနေကြလဲ

ပနားမားက တရုတ်လူမှုအသိုက်အဝိုင်းမှာတော့ အမေရိကန်သမ္မတပြောဆိုချက်ကို မှတ်မှတ်သားသားရှိသူ မရှိသလောက်ပါပဲလို့ ဘီဘီစီကိုပြောကြပါတယ်။

ပနားမားမြို့အတွင်းမှာ တရုတ်မျိုးနွယ်စုတွေ ဆွေစဥ်မျိုးဆက်အလိုက် နေထိုင်နေကြတာတွေရှိပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်က တရုတ်နိုင်ငံကနေ ပနားမားကို ပြောင်းရွှေ့နေထိုင်ခဲ့သူ တရုတ်လူမျိုး ဒိုရာ ဂေါင်ကတော့ ပနားမားမှာ ဘယ်နေရာသွားသွား တရုတ်ရဲ့ ခြေရာတွေချည်းပဲလို့ဆိုပါတယ်။

"ထရမ့်ပြောတဲ့ ပနားမားက တရုတ်စစ်သားတွေအကြောင်းဆိုတာ ရယ်စရာကောင်းပြီး အခြေအမြစ် မရှိဘူး" လို့ ဂေါင်က ပြောပါတယ်။ "ပနားမားမှာ တရုတ်ရဲ့ လွှမ်းမိုးမှုတိုးလာနေတာကို ခြိမ်းခြောက်မှုလို့ဆိုပြီး သူ ခံစားလာရတာဖြစ်မယ်"

သာမန် အရပ်သူ အရပ်သား ပနားမား ဒေသခံတွေကတော့ ထရမ့်ရဲ့ အပြောတွေကို စိတ်ရှုပ်နေကြရတာပါ။

ပနားမားတူးမြောင်း ရေယာဥ်မှူးသမဂ္ဂ စာအုပ်အတွက် တူးမြောင်းကို အသွား အပြန် ၁၅ ကြိမ်လောက် ဖြတ်ဖူးပြီး ၃ လလောက် နေခဲ့ဖူးတဲ့ သတင်းထောက် တီတို အရဲရာ ကတော့ "တရုတ်စစ်သားတစ်ေယာက် တူးမြောင်းကို လုံခြုံရေးစောင့်နေကြတာ ဒါမှမဟုတ် တနည်းနည်းနဲ့ ပတ်သက်နေတဲ့ ပုံမျိုး ဘယ်တုန်းကမှ မမြင်ဖူးဘူး" လို့ပြောပါတယ်။