ထရမ့် တူးပွိုင့်ဇီးရိုးက ကမ္ဘာကို ဘယ်လိုသက်ရောက်မလဲ

တကျော့ပြန်အာဏာရလာတဲ့ ဒေါ်နယ်ထရမ့် တယောက် ထရမ့် တူးပွိုင့်ဇီးရိုး (Trump 2.0) ကို စတင်တော့မှာပါ။

"အမေရိကန်ကိုသာ ပထမဦးစားပေး" ("America First") ဆိုတဲ့ သူ့ကြွေးကြော်သံနဲ့ အတူ ပေါ်လစီတွေ ပြန်ပြောင်းမယ့် သူ့ရဲ့ လုပ်ဆောင်မှု တွေက အမေရိကန်နိုင်ငံပြင်ပက လူသန်းပေါင်းများစွာရဲ့ ဘဝတွေကို သက်ရောက်လာနိုင်ပါတယ်။

အထူးသဖြင့် တရုတ်၊နေတိုး၊ယူကရိန်း-ရုရှားစစ်၊ အရှေ့အလယ်ပိုင်းအပါအဝင် အမေရိကကိုရွှေ့ပြောင်းဝင်ရောက်သူ သန်းချီအထိ သက်ရောက်လာနိုင်မှာပါ။

၂၀၁၇ ကနေ ၂၀၂၁ ထိ အာဏာရခဲ့ပြီး အခု သမ္မတသစ် တကျော့ပြန် ဖြစ်လာတဲ့ သူက နိုင်ငံတကာရေးရာတွေကို ဘယ်လို ချဉ်းကပ်မှာပါလဲ။

ယူကရိန်း

သမ္မတရွေးကောက်ပွဲအတွက် မဲဆွယ်ကမ်ပိန်းတွေမှာ မစ္စတာ ထရမ့်က ရုရှားနဲ့ ယူကရိန်းတို့ ဖြစ်နေကြတဲ့ စစ်ပွဲကို သူ "တရက်အတွင်းမှာပဲ" ပြီးဆုံးအောင် လုပ်ပေးနိုင်ကြောင်း ထပ်ခါထပ်ခါ ပြောခဲ့ပါတယ်။ ဘယ်လို လုပ်မယ်ဆိုတဲ့ အသေးစိတ်ကိုတော့ သူပြောပြ မသွားခဲ့ပါဘူး။

ရုရှားတို့ အင်နဲ့အားနဲ့ ကျူးကျော်စစ် စလာတဲ့ ၂၀၂၂ ကတည်းက ယူကရိန်းကိုပေးနေတဲ့ ဒေါ်လာဘီလျံများစွာတန်တဲ့ အမေရိကန်ရဲ့ စစ်ရေးအကူအညီတွေကို သူက ဝေဖန်နေတာ အချိန်ကာလ အတော် ကြာကြာ ကတည်းကပါ။

ထရမ့်ရဲ့ ပြောကြားချက်တွေက ယူကရိန်းကို ထောက်ခံနေကြသူတွေ အကြား စိုးရိမ်မှုတွေကို ဖြစ်စေပါတယ်၊ ယူကရိန်းကို ဒီလောက် ဒီလောက် နယ်မြေတွေနဲ့ပဲ လက်ခံ ကျေနပ်လိုက်ပါဆိုပြီး စစ်ကို အဆုံးသတ်ဖို့ သူက တွန်းအားပေးလာမလားလို့ ပူပင်စရာ ဖြစ်လာတာပါ။

သမ္မတ ထရမ့်ရဲ့ ယူကရိန်းနဲ့ ရုရှားဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် လျာထားတဲ့ ကိ ကယ်လော့က သူ့အနေနဲ့ ဒီအရေးအတွက် အဖြေကို ရက် ၁၀၀ အတွင်း ရှာနိုင်ဖို့ ရည်မှန်းထားတယ်လို့ ဇန်နဝါရီ လဆန်းပိုင်းမှာ ဖောက်စ် သတင်းဌာနကို ပြောခဲ့ ပါတယ်။

ရုရှားနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ယူကရိန်းအနေနဲ့ သဘောတူမှသာ အမေရိကန်ဆီက နောက်ထပ် အကူအညီတွေ ရနိုင်မယ်လို့ ပြီးခဲ့တဲ့နှစ် ဧပြီလပိုင်းက စာတမ်းတခုထဲမှာ မစ္စတာ ကယ်လော့က အဆိုပြုထားပါတယ်။

မစ္စတာထရမ့်က ရုရှားသမ္မတပူတင်ဟာ သူ့ကို တွေ့ချင်တယ်၊ အဲဒီအတွက် သူ့အဖွဲ့က "စီစဉ်နေပြီ" လို့ ပြောပါတယ်။

နေတိုး

အမေရိကန်၊ ဗြိတိန်၊ ဂျာမနီ၊ ပြင်သစ်တို့ အပါအဝင် နိုင်ငံပေါင်း ၃၂ နိုင်ငံက စစ်ရေး မဟာမိတ်အဖြစ် ဖွဲ့စည်းထားတဲ့ မြောက်အတ္တလန်တိတ်စာချုပ်အဖွဲ့ - နေတိုး (The North Atlantic Treaty Organization - Nato) ဟာ မစ္စတာထရမ့် စိတ်အနှောင့် အယှက်ဖြစ်စရာတွေထဲက တခုပါ။

နေတိုးရဲ့ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ကာကွယ်ရေးအသုံးစရိတ်ကို နိုင်ငံ့ ဂျီဒီပီရဲ့ ၂% အထိသုံးစွဲကြမယ်ဆိုတဲ့ ရည်မှန်းချက်အတိုင်း ဆောင်ရွက်ဖို့နဲ့ အဲဒါကို ပျက်ကွက် မယ်ဆိုရင် အမေရိကန်အနေနဲ့ နေတိုးကနေ ထွက်မယ်လို့ သူ့ရဲ့ ပထမ သမ္မတ သက်တမ်းအတွင်းမှာ မစ္စတာထရမ့်က ခြိမ်းခြောက်ခဲ့ပါတယ်။ တကယ်လို့ အဖွဲ့ဝင် နိုင်ငံတနိုင်ငံက သူစိုက်ထုတ်ရမယ့် ကိုတာအတိုင်း မပေးဘူးဆိုရင် အဲဒီ အဖွဲ့ဝင်နိုင်ငံ တိုက်ခိုက်ခံရတဲ့အခါ အမေရိကန်က ဝင်ပြီးကာကွယ်ပေးမှာ မဟုတ်ဘူးလို့လည်း သူက ဆိုထားပါတယ်။

နေတိုးအဖွဲ့ဝင် ဥရောပအဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့ သူတို့ရဲ့ ကာကွယ်ရေး အသုံးစရိတ်ကို ၂ ဆ ကျော်တိုးပြီး နိုင်ငံ့ဝင်ငွေရဲ့ ၅% အထိ သုံးစွဲကြဖို့ ၂၀၂၅ ဇန်နဝါရီ လဆန်းမှာ သူက တောင်းဆိုထားပါတယ်။

သူ့ရည်ရွယ်ချက်က နေတိုးရဲ့ ရည်ရွယ်ချက်နဲ့ တာဝန်တွေကို "အခြေခံကျကျ ပြန်သုံးသပ်မယ့်အကြောင်း" မစ္စတာ ထရမ့် မဲဆွယ်ပွဲ ကမ်ပိန်း ဝက်ဆိုက်ဒ်မှာ ရေးထားပါတယ်။

နေတိုး မဟာမိတ်ကနေ သူနုတ်ထွက်မှာနဲ့ပတ်သက်ပြီး ထင်မြင်သုံးသပ်ချက်တွေက အမျိုးမျိုးပါ။ ဒါပေမဲ့ မဟာမိတ်အဖွဲ့ကနေ မထွက်ဘဲ အဖွဲ့ကို လျစ်လျူရှုတာမျိုး လုပ်နိုင်တဲ့ နည်းတွေ ရှိကြောင်း သုံးသပ်သူတွေက ဆိုပါတယ်။

ဥပမာ - ဥရောပကို စေလွှတ်ထားတဲ့ အမေရိကန်တပ်တွေကို လျှော့ချတာမျိုးပါ။

အရှေ့အလယ်ပိုင်း

မစ္စတာထရမ့်ဟာ ဂါဇာ အပစ်အခတ် ရပ်စဲရေးနဲ့ ဓါးစာခံတွေ လွှတ်ပေးရေး သဘော တူညီချက်တွေ အကောင်အထည်ပေါ်လာတော့မယ့် အချိန်မှာ အမေရိကန် သမ္မတ တာဝန်ကို စယူမှာပါ။

ဒီသဘောတူညီမှုဆိုင်ရာ ဆွေးနွေးပွဲတွေထဲ သူ့ရဲ့ အကြံပေး တွေက သမ္မတရာထူးက ဆင်းတော့မယ့် သမ္မတ ဘိုင်ဒန်ရဲ့ အဖွဲ့နဲ့ အတူ (ကာတာနဲ့ အီဂျစ်က ညှိနှိုင်းရေးမှူးတွေနဲ့လည်း အတူ) အလုပ်လုပ်ခဲ့ပါတယ်။

မစ္စတာ ဘိုင်ဒန် ရော မစ္စတာ ထရမ့်ရော ကိုယ်စီကိုယ်စီက ဒီသဘောတူညီချက်ဟာ ငါ့ကြောင့် ဖြစ် လာတာလို့ ဆိုကာ ဂုဏ်ယူကြပါတယ်။

ဒါပေမဲ့ သဘောတူညီချက်ကို အကောင်အထည်ဖော်ရေးအပိုင်းမှာ စိန်ခေါ်မှုတွေ ရှိနေပါတယ်၊ အထူးသဖြင့် (မစ္စတာ ဘိုင်ဒန်ရဲ့ စကားလုံးအတိုင်း ပြောရရင်) နောက်ဆုံးအဆင့်တွေမှာ "ဒီစစ်ပွဲကို ရာသက်ပန် အဆုံးသတ်သွားအောင်" လုပ်ဖို့ ဆိုတဲ့ အပိုင်းပါ။

မစ္စတာ ထရမ့်က သူ့ရဲ့ ပထမသမ္မတ သက်တမ်းအတွင်းမှာ ဂျေရုဆလင်ကို အစ္စရေးရဲ့ မြို့တော်အဖြစ် အသိအမှတ်ပြုတာ၊ တဲလ်အဗီးက အမေရိကန်သံရုံးကို ဂျေရုဆလင်ကို ရွှေ့တာ စတဲ့ အရွေ့တွေအပါအဝင် အစ္စရေးကို လိုလားတဲ့ ပေါ်လစီကို ခိုင်ခိုင်မာမာ လုပ်ဆောင်ခဲ့ပါတယ်။

သူ့အစိုးရဟာ အီရန်အပေါ်ကို တင်းမာတဲ့ လိုင်းချမှတ်ထားပြီး နျူကလီးယားအရေး သဘောတူညီချက်ကနေ ထွက်လိုက်တာ၊ ဆန်ရှင်ချတာတွေကို တိုးမြှင့်လိုက်တာ၊ အီရန်ရဲ့ တန်ခိုးအထွားဆုံး တပ်မှူးဖြစ်တဲ့ ဗိုလ်ချုပ်ကြီး ကာဆန် ဆိုလီမာနီကို တိုက်ခိုက်သတ်ဖြတ်တာ စတာ တွေကိုလည်း လုပ်ခဲ့ပါတယ်။

မစ္စတာ ထရမ့်ရဲ့ ပေါ်လစီတွေဟာ အရှေ့အလယ်ပိုင်း ဒေသတွင်းကို မတည်ငြိမ်စေတဲ့ သက်ရောက်မှုတွေ ဖြစ်စေခဲ့တယ်၊ ပါလက်စတိုင်းတို့ကို ဘေးဖယ်ထားခဲ့တယ် စသဖြင့် ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။

အစ္စရေးနဲ့ ယူအေအီး၊ ဘာရိန်း၊ ဆူဒန်၊ မော်ရိုကို စတဲ့နိုင်ငံတွေအကြား သံတမန်ဆက်ဆံရေးတွေ ပုံမှန်အနေအထား ပြန်ရောက်စေတဲ့ သမိုင်းဝင်စာချုပ် - အီဗရာဟင် သဘောတူညီချက်တွေ ဖြစ်လာဖို့ သူက ကြားဝင် ဆောင်ရွက်ပေးခဲ့ပါတယ်။

ဒါပေမဲ့ အာရပ်နိုင်ငံတွေရဲ့ အရင်ကတည်းက သဘောတူညီချက်ဖြစ်တဲ့ အနာဂတ်မှာ လွတ်လပ်သော ပါလက်စတိုင်း နိုင်ငံ ဖြစ်လာရေးကို (အစ္စရေး နိုင်ငံကတော့ သဘောတူတဲ့အထဲ မပါ) လက်ခံပြီး ဒီစာချုပ်တွေက သဘောတူခဲ့တာပါ။

ဂါဇာ အပစ်အခတ်ရပ်စဲရေး ကြေညာပြီးတဲ့နောက်မှာ မစ္စတာ ထရမ့်က သူ့အနေနဲ့ ဒေသတွင်းမှာ "အင်အားက တဆင့် ငြိမ်းချမ်းရေး" ကို မြှင့်တင်မယ်၊ အီဗရာဟင် သဘောတူစာချုပ်တွေက တဆင့် တည်ဆောက်ယူမယ်လို့ ဆိုခဲ့ပါတယ်။ ဒါက ဆော်ဒီ အာရေးဗီးယားနဲ့ အစ္စရေးကြား သဘောတူညီမှု အသစ်တွေကို လုပ်ဆောင်မယ်လို့ ဆိုလိုတာပါ။

တရုတ်နိုင်ငံ

အမေရိကန်ရဲ့ တရုတ်ကို ချဉ်းကပ်ပုံက ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးနဲ့ ကုန်သွယ်ရေးကို အကြီးအမား သက်ရောက်မှုတွေ ဖြစ်လာတတ်ပါတယ်။

သူ့ ပထမ သမ္မတ သက်တမ်းမှာ မစ္စတာ ထရမ့်က တရုတ်နဲ့ ကုန်သွယ်ရေး စစ်ပွဲကို တူးတူးခါးခါး လုပ်ပါတယ်။ ဒီတခါမှာလည်း တရုတ်ကနေ အမေရိကန်ကို တင်ပို့တဲ့ ကုန်တွေအပေါ် အခွန် ၆၀% ထိ စည်းကြပ်မယ်လို့ သူက ဆိုထားပါတယ်။

နိုင်ငံခြားရေး ဝန်ကြီးအဖြစ် သူရွေးထားတဲ့ မာကို ရုဘီရို နဲ့ အမျိုးသားလုံခြုံရေးအကြံပေးအဖြစ် ရွေးထားတဲ့ မိုက်ခ် ဝေါ့ဇ် တို့ဟာ တရုတ်နဲ့ ပတ်သက်ရင် ရန်လိုသူတွေလို့ သတ်မှတ်ခံထားကြရတဲ့သူတွေဖြစ်သလို အဲဒီ သူတွေကလည်း တရုတ်ဟာ အဓိက ခြိမ်းခြောက်သူလို့ သူတို့ မြင်ထားတဲ့အကြောင်းကို ရှင်းရှင်း လင်းလင်း ပြောထားပါတယ်။

ထိုင်ဝမ်က အရေးကြီးတဲ့ အရေးအဖြစ် ဆက်ရှိနေပါတယ်။ တရုတ်က သူတို့ဆီကနေ ခွဲထွက်သွားတဲ့ ပြည်နယ်အဖြစ်ခံယူထားပြီး တချိန်ချိန် ဘေဂျင်းရဲ့ အုပ်စိုးမှု အောက်မှာ ရှိလာရမယ်လို့ သတ်မှတ်ထားတဲ့ ထိုင်ဝမ်ကို အမေရိကန်က စစ်ရေး ထောက်ပံ့မှုတွေ ဆက်လုပ်နေဆဲပါ။

တရုတ်က ထိုင်ဝမ်ကို ဝင်ကျူးကျော်ရင် သူတို့ ဘယ်လိုလုပ်မလဲ ဆိုတာနဲ့ ပတ်သက်လို့ မစ္စတာ ဘိုင်ဒန်က အမေရိကန်က ကာကွယ်ပေးသွားမယ်လို့ ဆိုထားခဲ့ပေမဲ့ အမေရိကန် အစိုးရ အနေနဲ့ သူ့ သမိုင်းတလျောက်လုံးမှာ ဒီကိစ္စနဲ့ ပတ်သက်လို့ ရှင်းရှင်းလင်းလင်း တခါမှ ပြောမထားဖူးပါဘူး။

ထိုင်ဝမ်အပေါ် ပိတ်ဆို့တာတွေကို တားဆီးဖို့ သူ့အနေနဲ့ စစ်အင်အားတွေ သုံးစရာ မလိုပါဘူးလို့ မစ္စတာ ထရမ့်က သူ့ရွေးကောက်ပွဲကမ်ပိန်းမှာ ပြောခဲ့ပါတယ်။

''သမ္မတ ရှီက ကျွန်တော့်ကိုလေးစားတယ်၊ ကျွန်တော်က ရူးရူးမိုက်မိုက် (crazy) ဆိုတာ သူသိပါတယ် ။ တကယ်လို့ အဲဒါတွေ ဖြစ်လာရင် တရုတ် သွင်းကုန်တွေအပေါ် အခွန်တွေ အကြီးအမားမြှင့်လိုက်မှာပေါ့'' လို့ သူက ဆိုပါတယ်။

ရာသီဥတုပြောင်းလဲမှု

ရွေးကောက်ခံ အမေရိကန် သမ္မတဟာ ရာသီဥတုပြောင်းလဲနေပြီဆိုတဲ့ အရေးနဲ့ ပတ်သက်လို့ မယုံကြည်သူတယောက်ဖြစ်ပြီး အစိမ်းရောင် စွမ်းအင်ထုတ်လုပ်ရေး မြှင့်တင်တဲ့ အားထုတ်မှုတွေဟာ "လိမ်စား" နေကြတဲ့သူတွေလို့ ခေါ်ဝေါ်တဲ့သူပါ။

ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ၂၀၁၅ ပဲရစ် သဘောတူညီချက်ကနေ အမေရိကန်ကို သူက တခါ ပြန်နုတ်ထွက်မယ့်ပုံ ရှိနေပါတယ်။ သူ့ အရင်သမ္မတ သက်တမ်းတုန်းက နုတ်ထွက်ထားခဲ့ပြီး သမ္မတ ဘိုင်ဒန်လက်ထက် ၂၀၂၁ မှာ သဘောတူညီချက်ကို ပြန်လက်ခံထားပါတယ်။

သမ္မတသစ်ကတော့ ''ရေနံ တူးမယ်၊ တူးကြ'' လို့ ဆိုရင်း စျေးပိုသက်သာမယ့် စွမ်းအင် ကို ကတိပေးထားပါတယ်။

မစ္စတာ ဘိုင်ဒန် လုပ်လာခဲ့တဲ့၊ ခွင့်ပြုလာခဲ့တဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး သမားတွေရဲ့ တရားစွဲမှုတွေကို ရပ်ဆိုင်းပစ်မယ်၊ လေစွမ်းအင်တွေအတွက် အမတော် ကြေးပေးတာကို ရပ်မယ်၊ ရေနံ၊ ဓာတ်ငွေ့နဲ့ ကျောက်မီးသွေး ထုတ်လုပ်သူတွေ အပေါ် အခွန်တင်ထားတာတွေ ပြန်လျှော့မယ် စတာတွေကို မစ္စတာ ထရမ့်က ရွေးကောက်ပွဲ မဲဆွယ်တုန်းက ကတိပေးခဲ့ပါတယ်။

မစ္စတာ ထရမ့် သမ္မတဖြစ်လာတဲ့အရေးက ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုရေးရာ လုပ်ဆောင်မှုတွေကို ထိခိုက်သက်ရောက်မှုတွေ ရှိလာမယ်၊ ဒါပေမဲ့ ပြည့်ဖြိုးမြဲ စွမ်းအင်ကို ပြောင်းလဲရေးဟာ အမေရိကန်စီးပွားရေးမှာရော၊ ကမ္ဘာ့စီးပွားရေးမှာပါ တိုးပွားလာလမ့်မယ်လို့ ရာသီဥတုအရေး ကျွမ်းကျင်သူတွေက မြင်ထားပါတယ်။

ရွှေ့ပြောင်းဝင်ရောက်သူများ

အမေရိကန်မှာ အထောက်အထားမဲ့ရောက်နေတဲ့ ရွှေ့ပြောင်းဝင်ရောက်သူ သန်းပေါင်းများစွာကို နိုင်ငံထဲကနေ ပြန်နှင်မယ်လို့ မစ္စတာ ထရမ့်က ကတိပေး ထားပါတယ်။

သူက "အမေရိကန် သမိုင်းမှာ အကြီးမားဆုံးသော ပြည်နှင်ပွဲကြီး" ကို သူ အိမ်ဖြူတော် ရောက်တဲ့ ပထမနေ့မှာပဲ စတင်မယ်လို့ ဆိုထားပါတယ်။

အမေရိကန်မှာ အထောက်အထားမဲ့နေထိုင်နေကြတဲ့ ရွှေ့ပြောင်းဝင်ရောက်သူပေါင်း ခန့်မှန်းခြေ ၁၁ သန်းလောက် ရှိပြီး သူတို့ထဲက အများအပြားဟာ အမေရိကန်မှာ နေထိုင် အလုပ်လုပ်လာတာ နှစ်ပေါင်းများစွာ ရှိနေပါပြီ။

သူက အဲဒီပြန်ပို့ တာတွေကို "ရာဇဝတ်သမားတွေ"နဲ့ စတင်မယ်လို့ ဆိုထားပြီး အသေးစိတ်တော့ ဘာမှ မပြောခဲ့ ပါဘူး။ ဒီမှာ မွေးဖွားလို့ နိုင်ငံသားဖြစ်ခွင့်ရှိတယ်ဆိုတဲ့ အလိုအလျောက် နိုင်ငံသား ဖြစ်ခွင့်ကိုလည်း အဆုံးသတ်မယ်လို့ မစ္စတာထရမ့်က ရည်ရွယ်ထား ပါတယ်။

ရွေးကောက်ပွဲ မဲဆွယ်စဉ်က မစ္စတာ ထရမ့်ဟာ နယ်စပ် လုံခြုံရေးတွေကို ဘယ်လို တိုးလိုက်မယ်၊ တချို့နိုင်ငံတွေ (အဲဒီနိုင်ငံတွေထဲက အများအပြားဟာ မွတ်ဆလင် နိုင်ငံတွေဖြစ်) က လူတွေကို ပြည်ဝင်ခွင့်ပေးတာ ပိတ်ပင်မယ် စသဖြင့် ကျယ်ကျယ် လောင်လောင် ပြောခဲ့ပါတယ်။

ဒါပေမဲ့ မစ္စတာ ထရမ့် အဲဒါတွေ လုပ်မယ်ဆိုရင် ဥပဒေအရ၊ လုပ်ငန်း ဆောင်ရွက် နိုင်ခြေ အရ၊ ဘဏ္ဍာရေးအရ၊ နိုင်ငံရေးအရ စိန်ခေါ်မှု များစွာကို တွေ့ရလိမ့်မယ်လို့ ရွှေ့ပြောင်းဝင်ရောက်မှုအရေးဆိုင်ရာ ကျွမ်းကျင်သူတွေက ငြင်းချက် ထုတ်ထား ပါတယ်။

ဂရင်းလန်းနဲ့ ပနားမား တူးမြောင်း

''ဂရင်းလန်းကို ဝယ်လိုတယ်၊ ပနားမား တူးမြောင်းကို ထိန်းချုပ်လိုတယ်'' စတဲ့ စကား တွေ ပြောရင်း ရွေးကောက်ခံ သမ္မတဟာ ရှုပ်ရှုပ်ထွေးထွေးတွေ ဖြစ်လာအောင် အစပျိုး ခဲ့ပါတယ်။

ဇန်နဝါရီလဆန်းပိုင်းက သူ့ကို ဒီ ရည်မှန်းချက်တွေ ရောက်ဖို့ စစ်ရေး၊ စီးပွားရေး အင်အားတွေကို မသုံးဘဲလုပ်မှာလား ဆိုပြီး မေးတော့ သူက "အဲဒါတွေ မသုံးဘူးလို့ ကျွန်တော် အာမမခံဘူး" လို့ ဖြေခဲ့ပါတယ်။

ဒိန်းမတ် ပိုင်နက်နယ်မြေဖြစ်တဲ့ ဂရင်းလန်းဟာ လူဦးရေ အနည်းအပါးသာ ရှိပြီး အမေရိကန်ရဲ့ အာကာသ ဆိုင်ရာ ဌာနတွေ အကြီးအမား ရှိပါတယ်၊ နောက်ပြီး ဒီနယ်မြေက နေရာတချို့ဟာ ဘက်ထရီတွေ ထုတ်လုပ်ရေး၊ အဆင့်မြင့် နည်းပညာ ပစ္စည်းတွေ ထုတ်လုပ်ရေး စတာတွေမှာ လိုအပ်တဲ့ မြေရှား ဓာတ် သတ္တုတွေ အများ အပြားရှိရာ နေရာတွေလို့လည်း သိထားကြတာပါ။ ဒိန်းမတ်ဝန်ကြီးချုပ်က ''ဂရင်းလန်းဟာ ရောင်းရန်မဟုတ်''လို့ ပြောထားပါတယ်။

ပနားမား တူးမြောင်းဖြတ်ခက "အဆမတန်အောင် စျေးများပြီး၊ မမျှတဘူး" လို့ ဒီဇင်ဘာလ အတွင်းမှာ ထရမ့်က ပြောခဲ့ပါတယ်။ စျေးတွေ မလျှော့ရင် အမေရိကန်က ပြန်ထိန်းချုပ်ဖို့ လုပ်ရလိမ့်မယ်လို့ သူက ဆိုပါတယ်။

ပနားမားမှာ ရင်းနှီးမြှုပ်နှံမှုတွေ အကြီးအမားလုပ်ထားပြီး အဲဒီ တူးမြောင်းကို မကြာခဏ သုံးနေတဲ့ တရုတ်နဲ့ ပတ်သက်ပြီးလည်း သူက စိုးရိမ်ကြောင်း ပြောပါတယ်။ ဒီတူးမြောင်းဟာ သူတို့ရဲ့ အချုပ်အခြာ အာဏာအောက်မှာ ရှိပြီး ဒီအပေါ် "ဆွေးနွေးစရာမရှိ" လို့ ပနားမားနိုင်ငံက ဆိုထားသလို ဒီတူးမြောင်းနဲ့ ပတ်သက်ပြီး "တရုတ်ရဲ့ လွှမ်းမိုးမှု မရှိဘူး" လို့ ပြောထားပါတယ်။

ဒီနယ်မြေနဲ့ ဒီတူးမြောင်းကို အမေရိကန်က ထိန်းချုပ်လာမယ် ဆိုတာမျိုးကို မမှန်းကြပေမဲ့ ထရမ့်ရဲ့ ပြောဆိုချက်တွေကို ကြည့်ရင် "အမေရိကန်သာ ပထမ" ဆိုတဲ့ သူ့ရဲ့ ရည်မျှော်ချက်ထဲမှာ အမေရိကန်ရဲ့ အင်အားကို နိုင်ငံနယ်နမိတ် ပြင်ပမှာ ပြမယ် ဆိုတာကို ထည့်သွင်းထားတဲ့ပုံပါ။