ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ထရမ့်နဲ့ ဆက်ပြီး လုပ်ကိုင်သွားမယ်လို့ ဘိုင်ဒန်နဲ့နောက်ဆုံးတွေ့ဆုံမှုမှာ ရှီကျင့်ဖျင်ပြော
နောက်တက်လာမယ့် အမေရိကန် သမ္မတ ထရမ့်နဲ့ အတူအလုပ်လုပ်သွားပါမယ်လို့ တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်က လက်ရှိ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ကို ပြောကြားလိုက်ပါတယ်။
ဒါပေမဲ့ တရုတ်အစိုးရရဲ့ ရည်ရွယ်ချက်တွေကို နောက်တက်မယ့် အမေရိကန်အစိုးရနဲ့ ဒေါ်နယ်ထရမ့် ဆီကို မစ္စတာရှီက သတင်းစကား တရပ်ပါး လိုက်ပါသေးတယ်။
စစ်အေးတိုက်ပွဲသစ်တရပ် မဖော်ဆောင်ဖို့နဲ့ ဖော်ဆောင်ရင်လည်း အောင်မြင်မှာမဟုတ်ဘဲ တရုတ်ကို ထိန်းချုပ်ဖို့ကြိုးစားတာဟာ အမျှော်အမြင်ရှိတဲ့ လုပ်ရပ်၊ လက်ခံသင့်လုပ်ရပ်မဟုတ်ဘဲ အောင်မြင်နိုင်မှာ မဟုတ်ဘူးလို့ မစ္စတာရှီက ထောက်ပြ ပြောဆိုခဲ့တယ်လို့ တရုတ်အစိုးရ ပြောကြောင်း အစည်းအဝေး အပြီး ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် တရုတ်နဲ့ အမေရိကန်ကြား တည်ငြိမ်တဲ့ ဆက်ဆံရေးဟာ နှစ်ဦးနှစ်ဘက်စလုံးနဲ့ ကမ္ဘာကြီးအတွက် အရေးပါ လှတယ်လို့ မစ္စတာရှီက ပြောပါတယ်။
ပီရူးနိုင်ငံမှာ ကျင်းပနေတဲ့ အာရှ ပစိဖိတ် စီးပွားရေး နှစ်စဉ် ညီလာခံမှာ ပြီးခဲ့တဲ့ စနေနေ့က တွေ့ဆုံရာမှာ ဘိုင်ဒန်အစိုးရ လက်ထက် ၄ နှစ်တာ ကာလအတွင်း ကောင်းတာတွေ ရှိခဲ့သလို အဆိုးတွေလည်း ရှိခဲ့တာကို နှစ်နိုင်ငံ သမ္မတတွေ အသိအမှတ်ပြုခဲ့ကြပါတယ်။
လီမာမြို့က တရုတ်သမ္မတ ရှီ တည်းခိုရာ ဟော်တယ်မှာ ပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာ တရုတ်နဲ့ အမေရိကန်ဟာ ပြိုင်ဘက်တွေ ဒါမှမဟုတ် ရန်သူတွေလို တဖက်နဲ့တဖက် သဘောထား ဆက်ဆံနေရင် ပြိုင်ဆိုင်မှု ပြင်းထန် လာပြီး အပြန်အလှန် အန္တရာယ် သာကြုံရနိုင်တယ်၊ တရုတ် အမေရိကန် ဆက်ဆံရေးလည်း တိုးတက်မှု မရှိဘဲ ဆုတ်ယုတ်မှုသာ ရှိလာလိမ့်မယ်လို့ တရုတ်ခေါင်းဆောင်က ပြောပါတယ်။
တရုတ်အစိုးရ ရည်ရွယ်ချက်က နှစ်နိုင်ငံကြား တည်ငြိမ်တဲ့ ဆက်ဆံရေး တည်ဆောက်လိုပြီး နောက်တက်လာမယ့် အစိုးရသစ်နဲ့ အတူ အလုပ်လုပ်သွားမယ်၊ ဆက်သွယ်ပြောဆိုမှုတွေ ဆက်လက် ထိန်းသိမ်းကာ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်မယ့်အပြင် သဘောကွဲမှုတွေကို ဖြေရှင်းသွားမယ်လို့ မစ္စတာရှီက ထပ်လောင်း ပြောသွားခဲ့ပါတယ်။
တချိန်တည်းမှာ ကမ္ဘာ့ အင်အားကြီး နှစ်နိုင်ငံကြား ဗျူဟာမြောက်တဲ့ ပြိုင်ဆိုင်မှုတွေကနေ စစ်အသွင်မဖန်တီးသင့်ဘူးလို့ မစ္စတာ ဘိုင်ဒန်က ပြောပါတယ်။
''ကျွန်တော်တို့ နှစ်နိုင်ငံကြား ပြိုင်ဆိုင်မှုကနေ ပဋိပက္ခအသွင် မဖန်တီးသင့်ဘူး၊ ဒါဟာ ကျွန်တော်တို့ တာဝန်ပဲ၊ လွန်ခဲ့တဲ့ ၄ နှစ်အတွင်း ဆက်ဆံရေးက သက်သေပြခဲ့ပါတယ်'' လို့ မစ္စတာ ဘိုင်ဒန်က ရှင်းပြခဲ့ပါတယ်။
ကုန်သွယ်ရေးနဲ့ ထိုင်ဝမ်ကျွန်း ကိစ္စတွေမှာ တင်းမာမှု လျော့ချဖို့ကို နှစ်နိုင်ငံ ခေါင်းဆောင်တွေက ထောက်ပြခဲ့ကြပါတယ်။
လေ့လာသုံးသပ်သူတွေကတော့ လာမယ့် နှစ်လအတွင်း ထရမ့် အာဏာရလာတဲ့အခါ တရုတ်သွင်းကုန်တွေအပေါ် အခွန်တိုးကောက်မယ့် ကတိအပါအဝင် တခြားအကြောင်းအရာတွေကြောင့် တရုတ် အမေရိကန် ဆက်ဆံရေးဟာ ဒီထက် ပိုဆိုးလာနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။
မစ္စတာထရမ့်ဟာ တရုတ်ကနေ သွင်းလာတဲ့ ကုန်ပစ္စည်းအားလုံးကို အခွန် ၆၀ ရာခိုင်နှုန်း ကောက်ဖို့ ကတိပေးထားပြီး တရုတ်နဲ့ ဆက်ဆံရေးမှာ သဘောထား တင်းမာမှုရှိသူတယောက်ကို နိုင်ငံခြား ရေးရာနဲ့ ကာကွယ်ရေးလို အရေးကြီးတဲ့ ရာထူးကြီးတွေ ခန့်ဖို့ လျာထားလျက် ရှိပါ။
ထရမ့်ဟာ အရင် သမ္မတ သက်တမ်းတုန်းက တရုတ်အစိုးရကို ဗျူဟာမြောက်တဲ့ ပြိုင်ဘက်လို့ ခေါ်ဝေါ် ခဲ့တာပါ။ ကပ်ဘေး ကာလအတွင်း ကိုဗစ် ရောဂါပိုးကို “Chinese virus” လို့ ခေါ်ခဲ့တာကြောင့် နှစ်နိုင်ငံ ဆက်ဆံရေး ဆိုးရွားလာခဲ့ပါတယ်။
ဘိုင်ဒန် အစိုးရ တက်လာတဲ့အခါမှာလည်း တရုတ်ဘက်က လွှတ်တင်လိုက်တဲ့ သူလျှိုမိုးပျံပူဖောင်းတွေ ကိစ္စနဲ့ ထိုင်ဝမ်ကို အမေရိကန် အဆင့်မြင့် အရာရှိတယောက် သွားရောက်ခဲ့မှုအပေါ် တရုတ်စစ်တပ်က အင်အားပြခဲ့မှုတွေအပါအဝင် နှစ်နိုင်ငံ ဆက်ဆံရေး အဖုအထစ်တွေ ပိုမိုဆိုးရွားလာခဲ့ပါတယ်။
သူတို့ဘာသာ အုပ်ချုပ်နေတဲ့ တိုင်ဝမ်ကျွန်း အရေးကိစ္စဟာ သူတို့အတွက် သည်းမခံနိုင်စရာပဲလို့ တရုတ်အစိုးရက ပြောပါတယ်။
ဒါပေမယ့် ထရမ့်အစိုးရ ဆင်းသွားပြီးနောက် ဘိုင်ဒန်အစိုးရ လက်ထက်မှာ တရုတ်နဲ့ အပြိုင်အဆိုင် ပြင်းထန်မှုကို တာဝန်သိသိ ကိုင်တွယ်ဖို့ ကြိုးစားခဲ့ပါတယ်။
တရုတ်အစိုးရဟာ ရွေးကောက်ခံ အမေရိကန် သမ္မတရဲ့ ကြိုခန့်မှန်းမရတဲ့ အနေအထားတွေကို အကြီးအကျယ် စိုးရိမ်ပုံ ရပါတယ်။
တရုတ်ဘက်က ထရမ့်အစိုးရနဲ့ အပြန်အလှန် ဆောင်ရွက်မှုတွေ လုပ်နိုင်အောင် ကနဦးဆွေးနွေးမှုတွေ လုပ်ဖို့ ၊သဘောတူညီချက်တွေ ချမှတ်နိုင်အောင် ဆွေးနွေးဖို့ အသင့်ဖြစ်နေပြီလို့ ဂျာမန် မာရှယ် ရန်ပုံငွေအဖွဲ့ရဲ့ အင်ဒို ပစိဖိတ် အစီအစဉ်ဆိုင်ရာ ဦးဆောင် ညွှန်ကြားရေးမှူး ဘော်နီ ဂလေဆာက ပြောပါတယ်။
တချိန်တည်းမှာ ထရမ့်က တရုတ်သွင်းကုန်တွေအပေါ် အခွန်တိုးကောက်မယ့်ကိစ္စ အခိုင်အမာ ဆက်ပြောနေရင် လက်တုံ့ပြန်ဖို့ အသင့်ဖြစ်နေပြီလို့လည်း သူက ဆိုပါတယ်။
တရုတ်အနေနဲ့ ထရမ့်မူဝါဒတွေကို လွှမ်းမိုးနိုင်ဖို့ စိတ်ချရတဲ့လမ်းကြောင်း မရှိဖြစ်နေတာကို စိုးရိမ်ကောင်း စိုးရိမ်နေပုံရတယ်လို့လည်း သူက ထပ်လောင်း ပြောသွားခဲ့ပါတယ်။
တရုတ်သမ္မတ ရှီနဲ့ အမြဲ သဘောကွဲချက် ရှိတာကို မစ္စတာ ဘိုင်ဒန်က ပြီးခဲ့တဲ့ စနေနေ့က အသိအမှတ်ပြု ပြောကြားခဲ့ပေမဲ့ သူတို့နှစ်ယောက် ပြောဆိုမှုတွေဟာ ရင်းနှီးပြီး အပြုသဘောဆောင်တယ်လို့ ဆိုပါတယ်။
မစ္စတာဘိုင်ဒန် အိမ်ဖြူတော်မှာ တာဝန် ထမ်းဆောင်ခဲ့တဲ့ ကာလအတွင်း တရုတ်ခေါင်းဆောင်နဲ့ သုံးကြိမ်တိုင် မျက်နှာချင်းဆိုင် ဆွေးနွေးမှု ရှိခဲ့ရာမှာ မနှစ်က ဆန်ဖရန်စစ္စကိုမှာ ကျင်းပတဲ့ အရေးကြီး ညီလာခံတခုမှာ တွေ့ဆုံမှုလည်း အပါအဝင် ဖြစ်ပြီး မူးယစ်ဆေးဝါးနဲ့ ရာသီဥတု ပြောင်းလဲမှု ကိစ္စရပ်တွေကို အတူတိုက်ဖျက်ဖို့ သဘောတူခဲ့ကြပါတယ်။
ဒါပေမယ့် ဘိုင်ဒန်ရဲ့ အစိုးရဟာ ထရမ့်လက်ထက်က ချမှတ်ခဲ့တဲ့ တရုတ်သွင်းကုန်အပေါ် အခွန်တိုးကောက်တဲ့ ကိစ္စကို ဆက်လက် ကျင့်သုံးတဲ့အပြင် တရုတ်လျှပ်စစ်ကား ၊ ဆိုလာပြားနဲ့ စတီးတွေအပေါ် ပစ်မှတ်ထားကာ ပြီးခဲ့တဲ့ မေလတုန်းက သွင်းကုန်ခွန် ကောက်ခံခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် အာရှနဲ့ ပစ္စဖိတ် ဒေသမှာ တရုတ်က စစ်အင်အား တိုးချဲ့လာတာကို တန်ပြန်တဲ့အနေနဲ့ စစ်ရေးတည်ဆောက်မှုတွေလည်း မစ္စတာ ဘိုင်ဒန် လက်ထက်မှာ လုပ်ဆောင်ခဲ့ပြီး တရုတ်က တိုင်ဝမ်ကို ကျူးကျော်လာရင် အမေရိကန်က ကာကွယ်ပေးမယ်လို့ ရာထူးက ဆင်းပေးရတော့ အမေရိကန် သမ္မတက ပြောကြားခဲ့ဖူးပါတယ်။