တရုတ်ကို ဖိနှိပ်လိုက်ရုံနဲ့ အမေရိကန် ကြီးကျယ်ခမ်းနားလာမှာ မဟုတ်ဘူးလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးပြော

တရုတ်-အမေရိကန် ဆက်ဆံရေးဟာ ဆိုးဆိုးရွားရွား လွဲချော်နေပြီ လို့ ပဋိပက္ခဖြစ်နိုင်ခြေကို တရုတ်နိုင်ငံခြားရေးဝန်ကြီးက သတိပေးလိုက်ပါတယ်။

"ထိန်းချုပ်မှုနဲ့ ဖိနှိပ်မှုတွေက အမေရိကန်ကို ပြန်ကြီးကျယ်ခမ်းနားလာအောင် လုပ်နိုင်မှာ မဟုတ်ဘူး။ ဒါတွေက တရုတ်ရဲ့ တိုးတက်သစ်လွင်လာမှုကို ရပ်တန့်နိုင်မှာ မဟုတ်ဘူး" လို့ ချင့်ကန်က ပြောပါတယ်။

မစ္စတာချင့်က အရင်က တရုတ်ရဲ့ အမေရိကန်ဆိုင်ရာ သံအမတ်ကြီး ဖြစ်ပြီး သူ့ရဲ့ ပထမဆုံး နိုင်ငံခြားရေးဝန်ကြီးအဖြစ် သတင်းစာရှင်းလင်းပွဲကို အင်္ဂါနေ့မှာ ပြုလုပ်ခဲ့တာပါ။

လတ်တလောမှာ အင်အားကြီး နိုင်ငံကြီးနှစ်ခုကြား ဆက်ဆံရေးတိုးတက်ကောင်းမွန်အောင် ကြိုးစားနေပေမဲ့ စပိုင်ပူဖောင်းပြဿနာက တင်းမာမှုတွေ မြင့်တက်လာစေခဲ့ပါတယ်။

"တရုတ်ကို အမေရိကန်ရဲ့ အဓိက ပြိုင်ဘက်နဲ့ အကြီးဆုံး နောက်ဆက်တွဲ ပထဝီနိုင်ငံရေး စိန်ခေါ်မှု အဖြစ် စသတ်မှတ်တာက အမေရိကန်ပါ။ အဲဒါက ရှပ်အင်္ကျီ ကြယ်သီး ထိပ်ဆုံးအလုံး တပ်တာ လွဲသလို စလွဲတော့တာပါပဲ" လို့ မစ္စတာ ချင့်က ပြောပါတယ်။

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ပြီးခဲ့တဲ့လက ပြောခဲ့တဲ့ အမေရိကန်က တရုတ်ကို ကောင်းကောင်း ယှဥ်ပြိုင်မှာ ဖြစ်ပြီး ပဋိပက္ခတွေတော့ မဖြစ်ချင်ဘူး ဆိုတာကိုလည်း သူက ပြန်ညွှန်းပြောခဲ့ပါတယ်။

"အမေရိကန်က လမ်းလွဲအတိုင်း မရပ်ဘဲ ဆက်သွားနေမယ်ဆိုရင် ဘယ်လို အတားအဆီးတွေကမှ လမ်းချော်နေတာကို ရပ်နိုင်မှာ မဟုတ်ဘူး။ နောက်ကြောင်းလည်း ပြန်လှည့်နိုင်မှာ မဟုတ်ပါဘူး။ ပြီးတော့ အဲဒါက ပဋိက္ခနဲ့ ထိပ်တိုက်တွေ့တာတွေပဲ ဖြစ်ကုန်မှာပါ။ ဒီနောက်ဆက်တွဲ ပြဿနာကြီးကို ဘယ်သူ တာဝန်ယူမှာလဲ" လို့ သူက ပြောပါတယ်။

သံသယဖြစ်ဖွယ် စပိုင်ပူဖောင်းဟာ အမေရိကန် အချုပ်အခြာအာဏာကို ရှင်းရှင်းလင်းလင်း ကျူးကျော်တာပဲလို့ အမေရိကန် ဘက်က ပြောထားပါတယ်။

တရုတ်ဘက်ကတော့ သူတို့ ပူဖောင်းလို့ ဝန်ခံပေမဲ့ ဒါဟာ အရပ်ဘက်သုံး ဘောလုံးဖြစ်တယ်လို့ ပြောထားပါတယ်။

နှစ်နိုင်ငံဆက်ဆံရေးဟာ အရင် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် လက်ထက်မှာ ဆိုးရွားလာခဲ့ပြီး ၂၀၁၈ မှာ ကုန်သွယ်ရေး စစ်ပွဲကို စခဲ့ပါတယ်။ အင်အားကြီး နှစ်နိုင်ငံဟာ တခြား ကိစ္စတွေမှာလည်း ပြဿနာတွေ ဖြစ်ခဲ့ပါတယ်။ ထိုင်ဝမ်အရေး၊ တောင်တရုတ်ပင်လယ်ထဲက တရုတ်ရဲ့ စစ်ရေးဆောင်ရွက်ချက်တွေနဲ့ ကိုဗစ်ရဲ့ မူလအစ ပြဿနာတွေမှာ ထိပ်တိုက်တွေ့ခဲ့ကြပါတယ်။

တနင်္လာနေ့မှာ တရုတ်သမ္မတ ရှီကျင့်ဖျင်က မပြောစဖူး အမေရိကန်ကို တိုက်ရိုက် ထိုးနှက်မှု အပြီးမှာ မစ္စတာချင့်က အခုလိုတွေ ပြောခဲ့တာပါ။

"အမေရိကန်ဦးဆောင်တဲ့ အနောက်နိုင်ငံတွေက တရုတ်ကို နည်းမျိုးစုံနဲ့ ထိန်းချုပ်၊ ဝိုင်းပိတ်ပြီး ဖိနှိပ်ဖို့ လုပ်နေကြတယ်။ ဒါတွေက စိန်ခေါ်မှု ကြီးကြီးမားမား ဖြစ်လာစေတယ်"လို့ မစ္စတာရှီက ပြောပါတယ်။

ယူကရိန်းစစ်ပွဲကို နောက်ကွယ်က ကြိုးကိုင်နေသူ ရှိနေတယ်လို့လည်း အင်္ဂါနေ့မှာ မစ္စတာချင့်က ဆိုပြီး ဘယ်နိုင်ငံဆိုတာကိုတော့ ထုတ်မပြောသွားပါဘူး။

ဒါ့အပြင် တရုတ်က ယူကရိန်းနဲ့ရုရှား ဘယ်ဘက်ကိုမှ လက်နက်ထောက်ပံ့ မနေဘူးလို့ ပြောပြီး ငြိမ်းချမ်းရေဆွေးနွေးမှုတွေ ပြန်စဖို့ ပြောခဲ့ပါတယ်။

ဒါပေမဲ့ သူက ဆက်ပြီး အမေရိကန်က ထိုင်ဝမ်ကိုကျတော့ လက်နက်တွေ ရောင်းနေပြီး တရုတ်ကို ကျမှ ရုရှားကို လက်နက် မရောင်းဖို့ ပြောနေရတာလဲလို့ မေးခွန်း ထုတ်ခဲ့ပါတယ်။

ယူကရိန်း စစ်ပွဲက အရေးကြီးတဲ့ လမ်းဆုံလမ်းခွ ရောက်နေပြီလို့လည်း သူက ပြောပါတယ်။

"အပစ်ရပ်ပြီး စစ်ကို အဆုံးသတ်မလား၊ ငြိမ်းချမ်းရေး ပြန်ထိန်းသိမ်းပြီး နိုင်ငံရေး သဘောတူညီချက် လမ်းကြောင်းပေါ်ကို သွားမလား ဒါမှဟုတ် မီးထိုးပြီး စစ်ပွဲကို ပိုကြီးလာအောင် လုပ်၊ ထိန်းမနိုင် သိမ်းမရ ချောက်ထဲ ဆွဲချကြမလား " လို့ သူက ပြောပါတယ်။

အသက် ၅၆ နှစ် အရွယ် မစ္စတာချင့်ဟာ ၂၀၂၂ ဒီဇင်ဘာမှာ တရုတ် နိုင်ငံခြားရေး ဝန်ကြီး အဖြစ်ခန့်အပ်ခံရပြီး တရုတ်သမိုင်းမှာ ဒီရာထူးကို အသက်အငယ်ဆုံး ရခဲ့သူတွေထဲက တစ်ယောက်ပါ။ သူဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ နိုင်ငံခြားရေး ဝန်ကြီးရာထူးကနေ တရုတ်ကွန်မြူနစ်ပါတီရဲ့ ပေါ်လစ်ဗျူရို အဖွဲ့ထဲကို ရာထူး တိုးမြှင့်ခံခဲ့ရတဲ့ မစ္စတာ ဝမ်ယီနေရာမှာ အစားထိုး ခန့်အပ်ခံခဲ့ရတာ ဖြစ်ပါတယ်။

တရုတ် သမ္မတ ရှီကျင့်ဖျင်ရဲ့ ယုံကြည်စိတ်ချရတဲ့ လက်ထောက် တစ်ဦးဖြစ်တဲ့ မစ္စတာ ချင့်ဟာ ပြတ်ပြတ်သားသား ပြောတတ်တဲ့ သံတမန်တစ်ဦး အဖြစ် လူသိများပါတယ်။