တရုတ်ရဲ့ စီးပွားရေးပြန်နာလန်ထူရေး စီမံကိန်းတွေ ထရမ့်ကြောင့် ပျက်စီးသွားနိုင်မလား

    • ရေးသားသူ, ဂျောင်အို ဒါ ဆေလ်ဗာ
    • ရာထူးတာဝန်, ဘီဘီစီ စီးပွားရေး သတင်းထောက်

အမေရိကန် သမ္မတအဖြစ် ဒေါ်နယ် ထရမ့် ဒုတိယအကြိမ် ရွေးကောက်ခံလိုက်ရချိန်မှာပဲ တရုတ်အစိုးရက ကျဆင်းလာနေတဲ့ သူတို့ရဲ့ စီးပွားရေး ပြန်ဦးမော့လာစေရေး စီမံကိန်းတွေကို ထုတ်ဖော်ကြေညာလိုက်ပါတယ်။

တရုတ်စီးပွားရေး တိုးတက်မှု အဟန့်အတားဖြစ်နေတာကို တားဆီးဖို့အတွက် ဒေသန္တရ အစိုးရတွေကို ဒေါ်လာ ဘီလျံပေါင်းများစွာ ထောက်ပံ့ပေးမယ်လို့ တရုတ်အစိုးရက ပြောပါတယ်။

တရုတ်နိုင်ငံထုတ် ကုန်ပစ္စည်းတွေအပေါ် အခွန် ၆၀ ရာခိုင်နှုန်းလောက်အထိကို ချမှတ်တာမျိုးအပါအဝင် သွင်းကုန်ခွန်တွေ တိုးကောက်မယ်ဆိုပြီး ထရမ့်က ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုတွေမှာ ကတိပြုခဲ့ပါတယ်။

အခု ထရမ့် အနိုင်ရသွားပြီ ဖြစ်တဲ့အတွက် တရုတ်နိုင်ငံကို နည်းပညာ အင်အားကြီးနိုင်ငံတစ်ခုအဖြစ် အသွင်ပြောင်းဖို့ ရှီကျင့်ဖျင်ရဲ့ အစီအစဉ်တွေကို အဟန့်အတား ဖြစ်လာမယ့်ပုံ ရှိနေပြီး ကမ္ဘာ့အကြီးဆုံး စီးပွားရေးအင်အားကြီး နိုင်ငံနှစ်နိုင်ငံအကြား နောက်ထပ် ဆက်ဆံရေးတွေ တင်းမာလာမယ့်ပုံ ရှိနေပါတယ်။

အိမ်ခြံမြေစျေးကွက် ကျဆင်းမှု၊ အစိုးရကြွေးမြီ တိုးလာမှု၊ အလုပ်လက်မဲ့ ပေါများလာမှုနဲ့ ဝယ်ယူသုံးစွဲမှု ပမာဏ လျော့ကျလာမှုတွေကြောင့် ကိုဗစ်ကပ်ဘေး ပြီးသွားကတည်းကစလို့ တရုတ်စီးပွားရေး နှေးကွေးလာခဲ့တာ ဖြစ်ပါတယ်။

ဒါ့ကြောင့် တရုတ်နိုင်ငံရဲ့ ဥပဒေရေးဆွဲရေး အမှုဆောင်အဖွဲ့ ဖြစ်တဲ့ တရုတ်အမျိုးသား ပြည်သူ့ ကွန်ဂရက် ကော်မတီ (NPC) ရဲ့ အခုနောက်ဆုံး ထုတ်ပြန်လိုက်တဲ့ ကြေညာချက်အပေါ် ထိခိုက်မှုတွေ အများကြီး ရှိလာနိုင်ပါတယ်။

ထရမ့်ရဲ့ သမ္မတ ပထမသက်တမ်းအတွင်းတုန်းက တရုတ်သွင်းကုန်တွေကို ၂၅ ရာခိုင်နှုန်းအထိ အခွန်တိုးမြှင့် သတ်မှတ်ခဲ့ပါတယ်။

ထရမ့်အနေနဲ့ သူ့ရဲ့ အခွန်စီမံကိန်းသစ်တွေနဲ့ ပတ်သက်လို့ သူပြောခဲ့သလို လုပ်လာနိုင်တယ်လို့ တရုတ်အရေးကျွမ်းကျင်သူ ဘေလ် ဘစ်ရှော့ပ် က ပြောပါတယ်။

"အခွန်ကိစ္စမှာ သူပြောခဲ့တဲ့အတိုင်း လုပ်လိမ့်မယ်လို့ထင်ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ သူ့ရဲ့ ကုန်သွယ်ရေး သဘောတူချက်ကို တရုတ်က ဆန့်ကျင်နေတယ်၊ တရုတ်နဲ့ ကိုဗစ်ကြောင့် ၂၀၂၀ ရွေးကောက်ပွဲကို သူရှုံးခဲ့ရတယ်လို့ ထရမ့်က ယူဆနေလို့ပါ"

၂၀၂၁ ခုနှစ်မှာ အိမ်ဖြူတော်ကနေ ထရမ့် ထွက်ပေးခဲ့ရပေမဲ့ တရုတ်အပေါ် အမေရိကန်အစိုးရဆီက ဖိအားပေးမှုတွေက လျော့ကျမသွားခဲ့ပါဘူး။ နောက်တက်လာတဲ့ ဘိုင်ဒန်အစိုးရက ထရမ့်ရဲ့ အစီအစဉ်တွေကို အကောင်အထည်ဖော်ခဲ့ပြီး တချို့နေရာတွေမှာ ပိုတိုးချဲ့ လုပ်ဆောင်ခဲ့ပါတယ်။

ထရမ့်ရဲ့ ပထမအသုတ် အခွန်တိုးမြှင့်မှုတွေကြောင့် တရုတ်နိုင်ငံကို အကြီးအကျယ် ထိခိုက်ခဲ့ရပြီး အခုချိန်မှာ ပိုပြီးတောင် ခံနိုင်ရည်စွမ်း နည်းပါးနေပါတယ်။

တင်းကျပ်တဲ့ ကိုဗစ် ကန့်သတ်မှုတွေ ရုတ်တရက် ပြန်ရုပ်သိမ်းခဲ့တဲ့ လွန်ခဲ့တဲ့ နှစ်နှစ်ကကစလို့ တရုတ်စီးပွားရေးဟာ ကိုဗစ်မတိုင်ခင်က တိုးတက်မှုနှုန်းကို ပြန်ရောက်နိုင်ဖို့ မနည်းကြိုးစားနေရပါတယ်။

အများ မျှော်လင့်နေကြသလို စီးပွားရေး အမြန်နှုန်းနဲ့ ပြန်နာလန်ထူလာပြီ ဆိုပြီး ထုတ်ဖော် ကြေညာနိုင်ရမယ့်အစား တရုတ်နိုင်ငံရဲ့ စီးပွားရေးဟာ စိတ်ပျက်စရာ အခြေအနေတွေနဲ့ပဲ ကြုံနေခဲ့ရပါတယ်။

ရွေးကောက်ပွဲမှာ ထရမ့် အနိုင်မရခင်ကတည်းက နဲ့ စက်တင်ဘာလတုန်းက တရုတ်က သူ့ရဲ့ စီးပွားရေးကို ထောက်ကူဖို့ စီမံကိန်းတွေ စရေးဆွဲခဲ့အပြီးမှာ IMF နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ က တရုတ်နိုင်ငံအတွက် နှစ်စဉ် စီးပွားရေး တိုးတက်မှု သတ်မှတ်နှုန်းကို လျှော့ချပေးခဲ့ရပါတယ်။

အခုအခါ IMF က တရုတ်အစိုးရ ရည်မှန်းထားတဲ့ စီးပွားရေးတိုးတက်မှုနှုန်း ၅ ရာခိုင်နှုန်းထက် အောက်နှိမ့်ပြီး ၂၀၂၄ ခုနှစ်မှာ ၄ ဒဿမ ၈ ရာခိုင်နှုန်းအထိပဲ တိုးနိုင်တယ်လို့ မျှော်လင့်ထားပါတယ်။ လာမယ့်နှစ်မှာတော့ တရုတ်ရဲ့ စီးပွားရေး နှစ်စဉ်တိုးတက်မှုနှုန်းဟာ ၄ ဒဿမ ၅ ရာခိုင်နှုန်းအထိ ပိုကျဆင်းနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

အခုနောက်ဆုံး ချမှတ်ခဲ့တဲ့ စီမံကိန်းထဲမှာ မရေမတွက်နိုင်လောက်အောင် ကြွေးမြီတွေတိုးပွားလာနေတဲ့ ဒေသန္တရ အစိုးရတွေကို အကူအညီပေး မတည်ဖို့အတွက် အခုချိန်ကစလို့ ၂၀၂၆ ခုနှစ်အတွင်း နောက်ထပ် တရုတ်ယွမ်ငွေ ၆ ထရီလျံ ( အမေရိကန်ဒေါ်လာ ၈၄၀ ဘီလျံ) ထောက်ပံ့ရေး ပါဝင်ပါတယ်။

ဒေသန္တရ အစိုးရတွေက ငွေကြေးပမာဏ အများကြီး ချေးငှားပြီး နိုင်ငံတဝန်း စီးပွားရေး တိုးတက်လာအောင် ဆယ်စုနှစ်ပေါင်းများစွာ ကူညီဆောင်ရွက်ပေးခဲ့ကြပြီး ချေးငွေ အများစုကို အခြေခံအဆောက်အအုံ စီမံကိန်းတွေအတွက် သုံးခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အိမ်ခြံမြေလုပ်ငန်း ကျဆင်းခဲ့မှုကြောင့် မြို့ကြီးမြို့ငယ်တချို့က သူတို့ရဲ့ငွေတွေ ပြန်မဆပ်နိုင်ဘဲ ဖြစ်ခဲ့ကြရပါတယ်။

ဒါပေမဲ့ ဆယ်စုနှစ်ပေါင်းများစွာ စီးပွားရေး အလျင်အမြန်တိုးတက်နေမှု ဆုံးခန်းတိုင်သွားခဲ့တာကို တရုတ်အစိုးရခေါင်းဆောင်တွေက လုံးဝ သတိမမူ ဖြစ်ခဲ့ကြပါတယ်။

၂၀၁၇ ခုနှစ်မှာ သမ္မတ ရှီကျင့်ဖျင်က သူ့နိုင်ငံဟာ "စီးပွားရေး အလျင်အမြန် တိုးတက်နေမှုကနေ အရည်အသွေးမြင့်တဲ့ ဖွံ့ဖြိုးတိုးတက်မှု အဆင့်တစ်ခုဆီ ပြောင်းလဲလာဖို့ "စီစဉ်နေတယ်ဆိုပြီး ထုတ်ဖော် ပြောခဲ့ပါတယ်။

အဲဒီကတည်းကစလို့ "အဆင့်မြင့် ကုန်ထုတ်လုပ်မှု၊ သဘာဝပတ်ဝန်းကျင် မထိခိုက်စေတဲ့ ကုန်ထုတ်လုပ်မှုတွေကြောင့် တိုးတက်လာမယ့် စီးပွားရေးစနစ်အကြောင်း" ဖော်ညွှန်းပြောဆိုတိုင်းမှာ ဒီအသုံးအနှုန်းကို တရုတ်အစိုးရ တာဝန်ရှိပုဂ္ဂိုလ်တွေက အကြိမ်ကြိမ် သုံးစွဲ ပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့လည်း တရုတ်အစိုးရဟာ ဒုက္ခနွံထဲကနေ သူ့ကိုယ်သူ ဆွဲမထုတ်နိုင်ခဲ့ဘူးလို့ စီးပွားရေးပညာရှင်တချို့က သုံးသပ်ပါတယ်။

၁၉၉၀ ပြည့်လွန်နှစ်ပိုင်းတွေအတွင်း စတော့ခ်ရှယ်ယာနဲ့ အိမ်ခြံမြေစျေးတွေ ထိုးကျသွားခဲ့အပြီး ဂျပန်နိုင်ငံ ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ ဆယ်စုနှစ်နဲ့ချီ စီးပွားရေး တုံ့ဆိုင်းနေမှု ပုံစံမျိုး တရုတ်နိုင်ငံ ကြုံလာရနိုင်တယ်လို့ Morgan Stanley Asia ကုမ္ပဏီ ဥက္ကဋ္ဌဟောင်း စတီဖန် ရုတ်ချ် က ပြောပါတယ်။

ဒီလို မဖြစ်အောင် တရုတ်အစိုးရအနေနဲ့ မတို့မထိရသေးတဲ့ ဝယ်ယူစားသုံးသူတွေရဲ့ လိုအပ်ချက်ပေါ်မှာ အာရုံစိုက် လုပ်ဆောင်သင့်ပြီး ပို့ကုန်နဲ့ ရင်းနှီးမြှုပ်နှံမှုက ရလာမယ့် စီးပွားရေးတိုးတက်မှုမျိုးကို ရှောင်ရှားသင့်တယ်လို့ သူက ပြောပါတယ်။

ဒါဟာ ပိုတည်တံ့ခိုင်မြဲတဲ့ စီးပွားရေးတိုးတက်မှုမျိုး ဖြစ်လာစေရုံတင်မက ကုန်သွယ်ရေးတင်းမာမှုတွေနဲ့ ပြင်ပက ရိုက်ခတ်လာမှုအပေါ် တရုတ်ရဲ့ ခံနိုင်ရည်အား နည်းပါးမှုကို လျော့ကျစေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ထရမ့် အာဏာပြန်ရလာခဲ့တဲ့အတွက် ကျရောက်လာမယ့် ခြိမ်းခြောက်လာမှုမျိုးကို ကာကွယ်ရာမှာ ဒီလို ပိုတက်ကြွတဲ့ စီးပွားရေးပုံစံမျိုးက တရုတ်အစိုးရအတွက် အထောက်အကူဖြစ်စေနိုင်ပါတယ်။

စီးပွားရေးသစ်၊ ပြဿနာဟောင်းများ

ဒါပေမဲ့ ကုန်ကျစရိတ်နည်းနည်းနဲ့ ကုန်ပစ္စည်း ထုတ်လုပ်နိုင်တဲ့ နိုင်ငံအဖြစ် ကာလတာရှည် ရပ်တည်လာခဲ့တဲ့ တရုတ်နိုင်ငံဟာ အရင်ကလို ခေတ်မီနည်းပညာ ထုတ်ကုန်တွေ အောင်အောင်မြင်မြင် ပြန်ထုတ်လုပ်နိုင်အောင် ကြိုးစားနေပါတယ်။

တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ဆိုလာပြားတွေ ၊ လျှပ်စစ်ကား (EV) တွေနဲ့ လစ်သီယမ် ဘက်ထရီတွေ ဦးဆောင် ထုတ်လုပ်နေတဲ့ နိုင်ငံဖြစ်ပါတယ်။

အခုအခါ ကမ္ဘာ့ ဆိုလာပြား ထုတ်လုပ်မှုအားလုံးရဲ့ အနည်းဆုံး ၈၀ ရာခိုင်နှုန်းကို တရုတ်က ထုတ်လုပ်နေတယ်လို့ နိုင်ငံတကာ စွမ်းအင်အေဂျင်စီ (IEA) က ဆိုပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံဟာ လျှပ်စစ်ကား (EV) တွေကိုရော၊ အဲဒီကားတွေမှာ သုံးတဲ့ ဘက်ထရီတွေကိုပါ အများဆုံး ထုတ်လုပ်တဲ့ နိုင်ငံဖြစ်ပါတယ်။

သန့်ရှင်းစွမ်းအင်အတွက် တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုဟာ ကမ္ဘာတစ်ခုလုံး ရင်းနှီးမြှုပ်နှံမှုရဲ့ ၃ ပုံ ၁ ပုံ ရှိပြီး ပြည့်ဖြိုးမြဲစွမ်းအင် ထုတ်လုပ်ရာမှာ အံမခန်း တိုးတက်မှုတွေ ဆက်လုပ်နိုင်ခဲ့တယ်လို့ IEA က မနှစ်က ပြောခဲ့ပါတယ်။

တရုတ်နိုင်ငံမှာ ခေတ်မီ နည်းပညာ ထုတ်လုပ်မှုတွေကို အားပေးတဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေ လုပ်နေတာ သေချာတယ်လို့ လန်ဒန်အခြေစိုက် Chatham House လေ့လာအကြံပေးရေးအဖွဲ့ ရဲ့ အကြီးတန်း သုတေသီ ဒေးဗစ် လူဘင်က ပြောပါတယ်။

"ဒီဆောင်ရွက်မှုတွေက တကယ့်ကို အောင်မြင်ပါတယ်" လို့ သူက ဆိုပါတယ်။

တရုတ်နိုင်ငံမှာ လျှပ်စစ်ကားတွေ၊ လစ်သီယမ် ဘက်ထရီတွေနဲ့ ဆိုလာပြားတွေ ထုတ်လုပ်တင်ပို့မှုက ၂၀၂၃ ခုနှစ်မှာ ၃၀ ရာခိုင်နှုန်း တိုးလာခဲ့ပြီး ပထမဆုံးအကြိမ် ယွမ်ငွေတစ်ထရီလီယမ် (ဒေါ်လာ ၁၃၉ ဘီလီယမ်)ဘိုး ထုတ်လုပ်နိုင်ခဲ့ပါတယ်။ တရုတ်ဟာ ကမ္ဘာမှာ ဒီထုတ်ကုန်လုပ်ငန်း တစ်ခုချင်းစီအပေါ် ကြီးစိုးထားနိုင်မှု ခိုင်မာအောင် ဆက်လုပ်နိုင်ခဲ့ပါတယ်။

အဲဒီတင်ပို့မှုနှုန်း တိုးလာမှုကြောင့် တရုတ်ရဲ့ အိမ်ခြံမြေအကျပ်အတည်း စီးပွားရေးပြဿနာရဲ့ ရိုက်ခတ်မှုဒဏ်ကနေ သက်သာရာ ရအောင် ထောက်ကူပေးနိုင်ခဲ့ပါတယ်။

"တရုတ်ရဲ့ လုပ်နိုင်စွမ်းအားက နောက်ထပ် ပိုတိုးလာမယ်ဆိုတာကို သံသယ ဖြစ်စရာ မရှိပါဘူး။ သူတို့မှာ တခြား တိုးတက်မှု အရင်းအမြစ် ဆိုတာ မရှိပါဘူး။" လို့ Natixis ရင်းနှီးမြှုပ်နှံမှုဘဏ်ရဲ့ အာရှပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေးပညာရှင်ချုပ် အလက်ဆီယာ ဂါဆီယာ ဟာရာရို က ပြောပါတယ်။

ဒါပေမဲ့ ဒီလို ပို့ကုန်တွေ တိုးလာတာနဲ့အတူ တရုတ်နိုင်ငံအပေါ် အမေရိကန်တင်မက တခြား အနောက်အုပ်စုနိုင်ငံတွေဆီက မကျေနပ် ကန့်ကွက်မှုတွေကလည်း တိုးလာနေပါတယ်။

ပြီးခဲ့တဲ့လကတင် ဥရောပသမဂ္ဂက တရုတ်နိုင်ငံထုတ် လျှပ်စစ်ကားတွေကို အခွန်နှုန်း ၄၅ ရာခိုင်နှုန်းအထိ တိုးမြှင့် သတ်မှတ်ခဲ့ပါတယ်။

"အခုဖြစ်နေတဲ့ ပြဿနာက ဥရောပနဲ့ အမေရိကန် အပါအဝင် ဒီပို့ကုန်တွေကို အများဆုံး ဝယ်ယူတင်သွင်းနေတဲ့ နိုင်ငံတွေက ဝယ်ယူတင်သွင်းဖို့ တစ်နေ့တခြား ဝန်လေးလာနေတာ ဖြစ်ပါတယ်။"လို့ Moody's Analytics လေ့လာရေးအဖွဲ့ရဲ့ သုတေသီညွှန်ကြားရေးမှူး ကက်ထရီနာ အယ်လ် က ပြောပါတယ်။

အခုအခါမှာတော့ ထရမ့်က တရုတ်ပို့ကုန်တွေကို ထုချေ ဖျက်ဆီးပစ်မယ်ဆိုတဲ့ ကတိစကားနဲ့အတူ အိမ်ဖြူတော်ကို ပြန်လာဖို့ ရှိနေရာမှာ တရုတ်အစိုးရအနေနဲ့ သူ့ရဲ့ နှေးကွေးလာနေတဲ့ စီးပွားရေးကို မြှင့်တင်နိုင်ရေးမှာ အခုနောက်ဆုံးထုတ်ပြန်လိုက်တဲ့ စီမံကိန်းတွေက လုံလောက်ပါ့မလားဆိုတာကို ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ရဖို့ ရှိနေပါတယ်။