ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တရုတ်နိုင်ငံရဲ့ စီးပွားရေးအကျပ်ကိုင်မှုကို စက်မှုထိပ်သီး ၇ နိုင်ငံဘယ်လို တုံ့ပြန်မလဲ
တက်ဆာဝေါင်း၊ဘီဘီစီ သတင်း၊ ဟီရိုရှီးမား
ယူကရိန်းခေါင်းဆောင် ဗလာဒီမာဇာလန်းစကီးကို ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့ကို ဖိတ်ကြားပြီး G7 ခေါင်းဆောင်တွေက ရုရှားကို ပြင်းထန်တဲ့ သတိပေးစကားပြောကြားတာနဲ့အတူ တရုတ်နိုင်ငံ ကကမ္ဘာကြီးအတွက် ခြိမ်းခြောက်မှုတွေ ရှိလာနေတဲ့အချက်ကိုလည်း ထောက်ပြခဲ့ကြပါတယ်။
ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးနဲ့ ကမ္ဘာကြီးသာယာဝပြောရေးနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံက "ကျွန်တော်တို့ခေတ်ရဲ့ အကြီးမားဆုံးစိန်ခေါ်မှု" ဖြစ်လာနေပြီလို့ ယူကေ ဝန်ကြီးချုပ် ရစ်ရှီဆူးနက်က ပြောခဲ့ပါတယ်။
ကမ္ဘာ့အချမ်းသာဆုံး ဒီမိုကရေစီနိုင်ငံတွေရဲ့ ခေါင်းဆောင်တွေက အင်ဒို-ပစိဖိတ်နဲ့ ထိုင်ဝမ်တို့လို မတူကွဲပြားတဲ့ဒေသတွေက ပြဿနာတွေအတွက် တရုတ်နိုင်ငံနဲ့ ပတ်သက်တဲ့ သူတို့ရဲ့ သဘောထား ရပ်တည်ချက်ကို ကြေညာချက်နှစ်ခုမှာ ရှင်းရှင်းလင်းလင်း ထုတ်ပြောခဲ့ကြပါတယ်။
ဒါပေမဲ့ သူ တို့ ပြောတဲ့ သတင်းစကားတွေထဲမှာ အရေးကြီးဆုံးစကားက တရုတ်ကို "စီးပွားရေး အကျပ်ကိုင်"တဲ့သူလို့ သုံးနှုန်းခဲ့တာပါ။
ဒီလိုထုတ်ပြောလိုက်တာဟာ G7အဖွဲ့ အတွက် ခက်ခဲတဲ့ ထိန်းကျောင်း လုပ်ဆောင်မှုတစ်ခုလို့ ပြော နိုင်ပါတယ်။ ကုန်သွယ်မှုကတစ်ဆင့် သူတို့ရဲ့ စီးပွားရေးတွေဟာ တရုတ်နိုင်ငံအပေါ် လုံးလုံး လျားလျား မှီခိုအားထားနေရပေမဲ့ တစ်ဖက်မှာလည်း တရုတ်နိုင်ငံနဲ့ ပြိုင်ဆိုင်မှုတွေ မြင့်တက်လာသလို လူ့အခွင့်အရေးကိစ္စတွေ အပါအဝင် ပြဿနာများစွာမှာလည်း သဘောထားကွဲလွဲမှုတွေ ရှိခဲ့ပါတယ်။
အခုတော့ ဓားစာခံတွေလို တရုတ်ရဲ့ အချုပ်အနှောင်ခံရမှာကို သူတို့ စိုးရိမ်နေကြပါပြီ။
မကြာသေးခင်နှစ်တွေအတွင်းကလည်း တရုတ်ဟာ သူတို့ မကြိုက်တဲ့ နိုင်ငံတွေကို စီးပွားရေးပိတ်ဆို့မှုတွေလုပ်ဖို့ လက်မနှေးခဲ့ပါဘူး။တောင်ကိုရီးယားမှာ အမေရိကန် ဒုံးကျည်ကာကွယ်ရေး စနစ်ကို တပ်ဆင်ခဲ့တဲ့အချိန် သြစတြေးလျနိုင်ငံနဲ့ အေးစက်တဲ့ လတ်တလော ဆက်ဆံရေး တွေရှိနေတဲ့အချိန်မှာ သူတို့လုပ်ခဲ့တာတွေကြည့်ရင် သိနိုင်ပါတယ်။
ဘောလ်တစ်ဒေသ နိုင်ငံတစ်ခုဖြစ်တဲ့ လစ်သူရေးနီးယားက သူတို့နိုင်ငံမှာ ထိုင်ဝမ်ကို သံရုံးကို တရားဝင်ဖွင့်ခွင့်ပေးလိုက်နောက်ပိုင်း လစ်သူယေးနီးယားနိုင်ငံက ပို့ကုန်တွေကို တရုတ်က ပိတ်ဆို့လိုက်တဲ့အတွက် ဥရောပသမဂ္ဂက အထူးစိုးရိမ်ထိတ်လန့်မှုတွေ ဖြစ်လာခဲ့ပါတယ်။
ဒါကြောင့် G7အဖွဲ့က တရုတ်ကို "တဖက်နိုင်ငံတွေရဲ့ စီးပွားရေး အားနည်းချက်တွေကို တရုတ်နိုင်ငံ က လက်နက်အဖြစ်အသုံးပြုနေတာကို ရှုတ်ချကန့်ကွက်နေတဲ့ကိစ္စက အံ့သြစရာ မဟုတ်ပါဘူး။
တရုတ်ရဲ့ စီးပွားရေး အကျပ်ကိုင်မှုဟာ “ G7 အဖွဲ့ဝင်နိုင်ငံတွေနဲ့ ကမ္ဘာတစ်ဝန်းက မိတ်ဖက် အဖွဲ့အစည်း နိုင်ငံတွေရဲ့ နိုင်ငံခြားရေးနဲ့ ပြည်တွင်းမူဝါဒ ရပ်တည်ချက်တွေ ကို ထိခိုက်စေအောင် ကြိုးပမ်းနေတာ”လို့ သူတို့က စွပ်စွဲကြပါတယ်။
G7 ထိပ်သီးစည်းဝေးပွဲကို တက်ရောက်နေတဲ့ ဥရောပကော်မရှင်ဥက္ကဌ မစ္စ ဖွန်ဒါလီယန်ရဲ့ “ပိုပျော့ပျောင်းတဲ့” မူဝါဒကို ချမှတ်လုပ်ဆောင်ဖို့ တောင်းဆိုခဲ့ကြပါတယ်။
အဲဒါက ပိုမိုတင်းမာတဲ့ သံတမန်ဆက်ဆံရေး ပြောဆိုမှုတွေနဲ့အတူ မတူကွဲပြားတဲ့ ကုန်သွယ်မှုအရင်းအမြစ်တွေရှာဖို့၊ ကုန်သွယ်မှုနဲ့ နည်းပညာကို အကာအကွယ်ပေးဖို့ လုပ်ဆောင်တဲ့ အမေရိကန်ရဲ့ မူဝါဒနဲ့မတူတဲ့ အလယ်အလတ် မူဝါဒ တစ်ခု ဖြစ်ပါတယ်။
အကျပ်ကိုင်မှုကို တန်ပြန်ဖို့ ဖွံ့ဖြိုးဆဲနိုင်ငံတွေနဲ့ လက်တွဲလုပ်ဆောင်ဖို့အတွက် "ညှိနှိုင်းရေး မူဝါဒလမ်းကြောင်း " တစ်ခုအကောင်အထည်ဖော်လုပ်ဆောင်မယ်လို့ လည်း ထုတ်ပြန်ခဲ့ပါတယ်။
အဲ့ဒီလမ်းကြောင်းကို ဘယ်လိုအကောင်အထည်ဖော်မလဲဆိုတာ တိတိကျကျမသိရပေမဲ့ တရုတ် နိုင်ငံက ချမှတ်ထားတဲ့ ပိတ်ဆို့တားဆီးမှုတွေကို ရင်ဆိုင်တုံ့ပြန်ဖို့ နိုင်ငံအချင်းချင်း ကုန်သွယ်မှု တိုးမြင့်တာ ဒါမဟုတ် ရန်ပုံငွေတွေ ကူညီထောက်ပံ့တာတွေ တွေ့လာရဖွယ် ရှိပါတယ်။
G7အဖွဲ့ကလည်း သတ္တုတွင်းထွက်ပစ္စည်းတွေ၊ တစ်ပိုင်းလျှပ်ကူးပစ္စည်းလို အ ရေးကြီးတဲ့ ပစ္စည်းတွေအတွက် ထောက်ပံ့ရေးကွင်းဆက်တွေပို အားကောင်းလာစေဖို့နဲ့ နည်းပညာတွေ ဖြတ်တောက် ခိုးယူခံရတာတွေကနေ ကာကွယ်နိုင်ဖို့ ဒစ်ဂျစ်တယ် အခြေခံအဆောက်အအုံကို အဆင့်မြှင့်တင်ဖို့ စီစဉ်ထားပါတယ်။
ဒါပေမဲ့ အဲဒီလိုလုပ်မယ့်အစီအစဥ်မှာ သူတို့ အဓိကကိုင်ဆောင်ရမှာက နိုင်ငံပေါင်းစုံ ပို့ကုန် ထိန်းချုပ်မှုဖြစ်ပါတယ်။ ဆိုလိုတာက သူတို့ရဲ့ နည်းပညာတွေ အထူးသဖြင့် စစ်ဘက်နဲ့ ထောက်လှမ်းရေးမှာ အသုံးပြုတဲ့ နည်းပညာတွေ "အန္တရာယ်ရှိတဲ့ သူတွေလက်ထဲ” မရောက်သွားဖို့ ဖြစ်ပါတယ်။
အမေရိကန်က လက်ရှိပြုလုပ်နေတဲ့ ချစ်ပ်နဲ့ ချစ်ပ်နည်းပညာတွေတရုတ်ကိုတင်ဖို့တာကို ပိတ်ပင်တားဆီးနေတဲ့ကိစ္စကို ဂျပန်နှင့် နယ်သာလန်တို့ ကလည်း ပူးပေါင်း ထားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး တရုတ်ဘက်က ကန့်ကွက်မှုတွေလုပ်နေပေမယ့် သူတို့ လုပ်ဆောင်မှုကို G7နိုင်ငံတွေက တိုးပြီးလုပ်ဆောင်နေပါတယ်။
သုတေသနလုပ်ငန်းတွေတဆင့် မျှဝေနေတဲ့ "မသင့်တော်တဲ့ နည်းပညာလွှဲပြောင်းမှုတွေ" ကို ဆက်လက်နှိမ်နင်းတားဆီးသွားမယ်လို့လည်း အတည်ပြုပြောကြားထားပါတယ်။
အမေရိကန်နဲ့ တခြားနိုင်ငံအများအပြားက စက်မှုလုပ်ငန်းသူလျှိုလုပ်ခံရတာနဲ့ပတ်သက်လို့ စိုးရိမ်ပူပန်မှုတွေရှိနေပြီး တရုတ်နိုင်ငံကို နည်းပညာလျှို့ဝှက်ချက်တွေ ခိုးပြီးပို့ပေးနေတယ်လို့ စွပ်စွဲခံထားရသူတွေကိုလည်း ဖမ်းဆီးထောင်ချတာတွေ လုပ်ခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ G7 ခေါင်းဆောင်တွေက တရုတ်နဲ့ဆက်ဆံကို လုံးဝဖြတ်ပစ်တာမျိုး မလုပ်ချင်ဘူးလို့ ပြောနေကြပါတယ်။သူတို့ပြောနေတဲ့ စီးပွားရေး အကျပ်ကိုင်တယ်ဆိုတဲ့စကားထဲမှာလည်း တရုတ်နိုင်ငံကို ထည့်မပြောကြသလို သံတမန်ရေးကြိုးပမ်းမှုတစ်ခုအနေနဲ့ တရုတ်ကို တိုက်ရိုက် လက်ညှိုးထိုးတာတွေ မလုပ်ခဲ့ကြပါဘူး။
တရုတ်အကြောင်း ပြောတဲ့အခါမှာလည်း သူတို့ရပ်တည်ချက်ကို မသိမသာ သိမ်သိမ်မွေ့မွေ့ပဲ ဖော်ပြကြပါတယ်။
ပြီးတော့ သူတို့မူဝါဒတွေက"တရုတ်ကို အန္တရာယ်ပြုဖို့လုပ်ထားတာမဟုတ်သလို တရုတ်နိုင်ငံ စီးပွားရေးတိုးတက်မှုနဲ့ဖွံ့ဖြိုးတိုးတက်မှုကိုဟန့်တားဖို့ကြိုးပမ်းတာလည်း မရှိကြောင်း" တရုတ်အစိုးရ ကျေနပ်စေအောင် ပြောနေကြပါတယ်။
ဒါပေမယ့် တစ်ဖက်မှာလည်း နိုင်ငံတကာ စည်းမျဥ်းစည်းကမ်းတွေအရ တစ်ကမ္ဘာလုံး အကျိုးစီးပွား အတွက် ပူးပေါင်းဆောင်ရိုက်ဖို့ တရုတ်ကို ဖိအားပေးနေတာရှိပါတယ်။
အခြေအနေတွေတင်းမာတာတွေ လျော့ကျသွားဖို့ ဆက်သွယ်ရေးလမ်းကြောင်းတွေ ဆက်ဖွင့်ထားဖို့နဲ့ သူတို့စိုးရိမ်နေတာတွေ တိုက်ရိုက်ပြောနိုင်ဖို့ ပွင့်လင်းတဲ့ ဆက်ဆံရေးတွေ တည်ထောင်ဖို့ တောင်းဆိုနေပါတယ်။
တရုတ်ခေါင်းဆောင်တွေနဲ့ သံတမန်တွေက G7 အဖွဲ့ရဲ့ သတင်းစကားကို ဘယ်လို လက်ခံတုံ့ပြန် မလဲဆိုတာ မသိသေးပါဘူး။ ဒါပေမဲ့အရင်တုန်းကတော့ တရုတ်အစိုးရပိုင်မီဒီယာတွေက သူတို့ရဲ့ စီးပွားရေး မိတ်ဖက်ဆက်ဆံမှု အသီးအပွင့်တွေကို ခံစားနေတဲ့ သူတွေဆိုပြီး အနောက်နိုင်ငံတွေကို ပြန်လည်ဝေဖန်တိုက်ခိုက်ခဲ့ပါတယ်။
အခုအချိန်မှာတော့ တရုတ်က အရင်တုန်းကလို သူတို့ မကြိုက်နှစ်သက်တာကို လူသိရှင်ကြား တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။
တရုတ်က G7က ထုတ်ပြန်ချက်တွေကို ကြိုမျှော်လင့်ထားပြီး ထိပ်သီးအစည်းအဝေးလုပ်မယ့် နေ့တွေမှာ တရုတ်အစိုးရပိုင်မီဒီယာနဲ့ တရုတ်သံရုံးတွေက အမေရိကန်ဟာ သူတို့ရဲ့ စီးပွားရေးကို အကျပ်ကိုင်တဲ့သူ၊ သူတော်ကောင်းယောင်ဆောင်တဲ့ သူလို့ ဖော်ပြခဲ့ကြပါတယ်။
စနေနေ့ညနေပိုင်းကလည်း G7အဖွဲ့ က တရုတ်နိုင်ငံကို အပုပ်ချတိုက်ခိုက်နေတယ်လို့ စွပ်စွဲခဲ့ပြီး ထိပ်သီးအစည်းအဝေးအိမ်ရှင် ဂျပန်ကိုလည်း ဝေဖန်ခဲ့ပါတယ်။
တခြား G7 နိုင်ငံတွေကိုလည်း အမေရိကန်ရဲ့ "စီးပွားရေးအကျပ်ကိုင်မှုမှာ ကြံရာပါတွေ" မဖြစ်စေဖို့ တိုက်တွန်းခဲ့ပြီး "သီးသန့်အစုအဖွဲ့တွေဖွဲ့ပြီး အခြားနိုင်ငံတွေကို တိုက်ခိုက်တာတွေလုပ်နေတာတွေ ရပ်တန့်ဖို့ တောင်းဆိုခဲ့ပါတယ်။
အခုကိစ္စမှာ သတိထားသင့်တဲ့အချက်က G7 ထိပ်သီးအစည်းအဝေး စတင်တဲ့အချိန်မှာ တရုတ်နို င်ငံက ဗဟိုအာရှနိုင်ငံတွေကိုဖိတ်ခေါ်ပြီး အပြိုင်အစည်းအဝေးတစ်ခုကို လက်ခံကျင်းပခဲ့တာပါ။
G7 ရဲ့ အစီအစဥ်က အလုပ်ဖြစ်မဖြစ် ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ဒါပေမယ့် တရုတ်နိုင်ငံရဲ့ ကျူးကျော်သိမ်းပိုက်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ရှင်းရှင်းလင်းတဲ့ မဟာဗျူဟာ တစ်ရပ်ချဖို့ ကိစ္စကတော့ ကြိုဆိုလက်ခံကြဖွယ်ရှိပါတယ်။
အင်ဒို-ပစိဖိတ်ဒေသနဲ့ တရုတ်နိုင်ငံဆိုင်ရာ ကျွမ်းကျင်သူ Andrew Small က အဲဒီ ထုတ်ပြန် ချက်ဟာ G7 ရဲ့ "ဗဟိုချက်”သဘောထားလို့ ပြောခဲ့ပြီး အများဆန္ဒကို ထင်ဟပ်တဲ့ သဘောတူ ညီချက်ဖြစ်တယ်လို့ ချီးကျူးခဲ့ပါတယ်။
"ပိုပျော့ပျောင်းတဲ့မူဝါဒ ဆိုတာနဲ့ပတ်သက်ပြီး ထိလွယ်ရှလွယ် နည်းပညာ ပို့ကုန်ကန့်သတ်ချက်တွေ ကို ဘယ်အထိ လုပ်ဆောင်သင့်သလဲ၊ စီးပွားရေးအရ အကျပ်ကိုင်တာကို ဆန့်ကျင်ဖို့ စုပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့ ဘယ်လို လုပ်ဆောင်မလဲ ဆိုတဲ့ အရေးကြီးတဲ့ ဆွေးနွေးငြင်းခုန်မှုတွေ ရှိတယ်” German Marshall Fund က အကြီး တန်းပညာရှင် ဒေါက်တာ Smallကပြောပါတယ်၊
“ဒါပေမဲ့ အခုအချိန်မှာတော့ တရုတ်နိုင်ငံနဲ့ ခေတ်မီစက်မှုနိုင်ငံတွေကြား စီးပွားရေးနဲ့ပတ်သက်တဲ့ ဆက်ဆံရေးကို ထိန်းညှိဖို့ ဘယ်လိုသဘောထားမယ် ဆိုတဲ့ အခြေခံအချက်က ရှင်းရှင်း လင်းလင်းရှိလာနေပါပြီ။”