ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အမေရိကန်ရေတပ်သား တရုတ်အတွက် သူလျှိုလုပ်မှုနဲ့ ထောင်ဒဏ်ချမှတ်ခံရ
တရုတ်နိုင်ငံဘက်ကို အကဲဆတ်တဲ့စစ်ရေးသတင်းတွေပေးခဲ့တယ်လို့ ဝန်ခံခဲ့တဲ့ အမေရိကန် ရေတပ်အရာရှိတစ်ဦးဟာ ထောင်ဒဏ် ၂ နှစ်ကျော် ချမှတ်လိုက်ရပါတယ်။
အသက် ၂၆ နှစ်အရွယ် ဝမ်ဟောင်းကျောင်းဟာ ပြီးခဲ့တဲ့အောက်တိုဘာလအတွင်းက တရုတ်ထောက်လှမ်းရေးကို အမေရိကန်ရဲ့ သတင်းအချက်အလက်တွေပေးပို့ပြီး လာဘ်စားခဲ့တာကို အပြစ်ရှိတယ်လို့ ဝန်ခံခဲ့ပါတယ်။
မစ္စတာကျောင်းဟာ ကယ်လီဖိုးနီးယားက ရေတပ်အခြေစိုက်စခန်းမှာ အလုပ်လုပ်နေတဲ့ ရေတပ် တပ်ကြပ်တစ်ဦးဖြစ်ပါတယ်။
သူဟာ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အတွင်း စစ်ရေးလေ့ကျင့်မှုတွေ၊ လေ့ကျင့်မှုပိုင်းအမိန့်တွေနဲ့ အရေးပါတဲ့အခြေခံအဆောက်အအုံတွေနဲ့သက်ဆိုင်တဲ့အချက်အလက်တွေကို လွှဲပြောင်းခဲ့တာလို့ အမေရိကန်အရာရှိတွေက ပြောပါတယ်။
အထူးသဖြင့် သူဟာ အင်ဒို-ပစိဖိတ်ဒေသအတွင်းမှာပြုလုပ်တဲ့ အမေရိကန်ရေတပ်ရဲ့ စစ်ရေးလေ့ကျင့်မှုကြီးတွေအကြောင်း သတင်းတွေအပြင် ဂျပန်နိုင်ငံထဲက အိုကီနာဝါကျွန်းမှာ အခြေစိုက်တဲ့ အမေရိကန်စစ်တပ်စခန်းရဲ့ ရေဒါစနစ်အတွက် သရုပ်ဖော်ပုံကြမ်းတွေနဲ့ အသေးစိတ် ပုံစံစာရွက်တွေလည်း ပေးခဲ့တာဖြစ်ပါတယ်။
အိုကီနာဝါမှာရှိတဲ့ အဲဒီအမေရိကန်ရေတပ်စခန်းဟာ အာရှမှာရှိတဲ့သူ့ရဲ့စစ်ဆင်ရေးတွေအတွက် အရေးပါပါတယ်။ အမေရိကန်ကတော့ ‘‘အင်ဒို-ပစိဖိတ်’’ ဒေသဟာ လုံခြုံရေးဦးစားပေးဖြစ်ပြီး တရုတ်ကတိုးမြှင့်လုပ်လာတဲ့စစ်ဘက်ရေးရာတည်ရှိမှုကို တန်ပြန်ဖို့ မဟာမိတ်တွေနဲ့ ပူးပေါင်း မှုတွေလည်း ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ပြုလုပ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာတော့ အာရှ-ပစိဖိတ်ဒေသတွင်းမှာ မဟာမိတ်တွေနဲ့ ရေတပ်စစ်ရေးလေ့ကျင့်မှုကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ထားပါတယ်။ ဒါပေမဲ့ အမေရိကန် အာဏာပိုင်တွေကတော့ တခြားနိုင်ငံတွေရဲ့ရေတပ် စစ်ရေးလေ့ကျင့်မှုတွေလည်း ပေါက်ကြားကုန်လားဆိုတာတော့ ရည်ညွှန်းပြောဆိုတာမျိုး မရှိသေးပါဘူး။
မစ္စတာကျောင်းဟာ လုံခြုံရေးနဲ့နောက်ကြောင်းရှင်းလင်းသူအဖြစ် ရေတပ်စခန်းအခြေစိုက် ဆိပ်ကမ်း ဟွာနေမီ ကောင်တီမှာ ရေတပ်စခန်းမှာ အလုပ်လုပ်နေခဲ့သူဖြစ်ပါတယ်။
သူဟာ ကန့်သတ်ထားတဲ့ စစ်ဘက်နဲ့ ရေတပ်စခန်းတွေက သတင်းအချက်အလက်တွေကို စုဆောင်းမှတ်တမ်းတင်ဖို့အတွက် အထူးပြုဝင်ရောက်ခဲ့တဲ့ရေတပ်ဝန်ထမ်းဖြစ်တယ်လို့ အမေရိကန်တရားရေးဌာနက ပြောထားပါတယ်။
သူဟာ တရုတ်ဘက်ကို သတင်းအချက်အလက်ပေးပို့ဖို့ ‘‘ခေတ်မီထူးခြားတဲ့ ကုဒ်စနစ်နဲ့ လျှို့ဝှက်ဆက်သွယ်ရေးနည်းလမ်း’’ တွေကိုအသုံးပြုခဲ့တယ်လို့ ပြောထားပါတယ်။
သူပေးပို့တဲ့သတင်းအချက်အလက်အထောက်အထားတွေကို ဖျက်ဆီးခဲ့ပြီး တရုတ်သူလျှိုတစ်ဦးနဲ့ သူ့ရဲ့ ဆက်ဆံရေးကို ဖုံးကွယ်ဖို့ကြိုးပမ်းခဲ့တယ်လို့ဆိုပါတယ်။
၂၀၂၁ ခုနှစ် သြဂုတ်လ ကနေ ၂၀၂၃ မေလကြားမှာ လာဘ်ပေးလာဘ်ယူမသမာမှု ၁၄ ခုထက်မနည်း အကြိမ်ကြိမ်ပြုလုပ်ထားပြီး အဲဒီပမာဏဟာ စုစုပေါင်း အနည်းဆုံး အမေရိကန်ဒေါ်လာ တစ်သိန်းလေးသောင်းကျော်အထိ ရှိတယ်လို့ ဆိုပါတယ်။
မစ္စတာကျောင်းမှာ တရုတ်နိုင်ငံမှာ မွေးဖွားခဲ့တဲ့ အမေရိကန် နိုင်ငံသားဖြစ်ပြီး သူဟာ ၂၀၀၉ ခုနှစ်မှာ အမေရိကန်ကို ပြောင်းရွှေ့နေထိုင်ခဲ့ကာ ၂၀၁၂ ခုနှစ်မှာ နိုင်ငံသားဖြစ်ခဲ့ပြီး ငါးနှစ်အကြာမှာ ရေတပ်မှာ တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။
သူ့ကို ပြီးခဲ့တဲ့ သြဂုတ်လက ကယ်လီဖိုးနီးယားပြည်နယ်မှာ ဖမ်းဆီးခဲ့ပြီး အောက်တိုဘာလမှာတော့ သူလျှိုလုပ်တယ်ဆိုတဲ့ စွဲချက်တွေကို အပြစ်ရှိကြောင်း သူကဝန်ခံခဲ့ပါတယ်။
သူဟာ အမြင့်ဆုံးပြစ်ဒဏ် အနှစ် ၂၀ ကျော် ချမှတ်နိုင်တဲ့ ပုဒ်မနဲ့ တရားရင်ဆိုင်ခဲ့ရပြီး ဇန်နဝါရီ ၈ ရက် တနင်္လာနေ့မှာတော့ ကယ်လီဖိုးနီးယားခရိုင်တရားရုံးကနေ သူ့ကို ထောင်ဒဏ် ၂၇ လ ( ၂ နှစ်ကျော်) ချမှတ်ခဲ့ပါတယ်။
သူရဲ့ မှတ်ချက်ကို ဘယ်စုံစမ်းစစ်ဆေးရေးအစီရင်ခံစာမှ မတွေ့ရသလို အာဏာပိုင်တွေကလည်း ငွေကြေးယူငင်ထားတယ်ဆိုတာကလွဲလို့ သူဘာကြောင့် သစ္စာဖောက်တယ်ဆိုတဲ့ အကြောင်းဖော်ပြထားတာမရှိပါဘူး။
အောက်တိုဘာလမှာ မစ္စတာကျောင်းက ပြစ်ဒဏ်လျော့ပေါ့စေဖို့ အတွက် သူ့မှာ အပြစ်ရှိကြောင်းဝန်ခံခဲ့ပြီး အမေရိကန် တရားရေးဌာန လက်ထောက်ရှေ့နေချုပ် မက်သရူးအိုစလန်က တရုတ်ရဲ့ ထောက်လှမ်းရေးဌာနတွေက “အမေရိကန်စစ်တပ်အတွင်းမှာလုံခြုံရေးနဲ့ နောက်ကြောင်းရှင်းလင်းရေး စစ်ဆေးတဲ့သူတွေကို ပစ်မှတ်ထား'' ပြီး အရေးကြီးတဲ့ အစိုးရအချက်အလက်တွေ ပေးဖို့ သူတို့ကို ငွေကြေးနဲ့ ဆွဲဆောင်ဖို့ ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။
တနင်္လာနေ့မှာပဲသူက ထပ်ပြီးသတိပေးခဲ့ပါတယ်။ ‘‘မစ္စတာကျောင်ရဲ့ နိုင်ငံကိုသစ္စာဖောက်တဲ့လုပ်ရပ်က အမေရိကန်စစ်တပ်မှာ တာဝန်ထမ်းနေတဲ့တခြားသူတွေကို အန္တရာယ်ဖြစ်စေတယ်’’ လို့ မက်သရူးအိုစလန်က ပြောပါတယ်။ အိုစလန်က ‘‘ကျွန်တော်တို့နိုင်ငံရဲ့ လုံခြုံရေးကို ပျက်ပြားစေဖို့ တရုတ်အစိုးရရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို တိုက်ဖျက်ဖို့ကတိပြုထားတယ်’’ လို့ ထပ်ဖြည့်ပြောပါတယ်။
မစ္စတာကျောင်းလိုပဲ တခြားအမေရိကန်ရေတပ်အဖွဲ့ဝင်တချို့လည်း အရင်နှစ်တွေက သူလျိုလုပ်မှုနဲ့ တရားစွဲဆိုခံခဲ့ရပါတယ်။
ဂျင်ချာဝေ အသက် ၂၂ နှစ်အရွယ်ကလည်း အမေရိကန်နိုင်ငံသားဖြစ်ပြီး တရုတ်အေးဂျင့်တစ်ဦးကို နိုင်ငံတော်ကာကွယ်ရေးအချက်အလက်တွေပေးဖို့ပဲ ပူးပေါင်းကြံစည်တယ်လို့ စွပ်စွဲခံထားရပါတယ်။
မစ္စတာဝေဟာ ကုန်းရေနှစ်သွယ် ချေမှုန်းရေး သင်္ဘော USS Essex မှာ တာဝန်ထမ်းဆောင်ခဲ့ပြီး သင်္ဘောတွေရဲ့ လည်ပတ်မှုနဲ့ သူတို့ရဲ့ စနစ်တွေကို အသေးစိတ်ဖော်ပြတဲ့ စာရွက်စာတမ်းတွေ၊ ဓာတ်ပုံတွေနဲ့ ရုပ်သံမှတ်တမ်း ဒါဇင်ပေါင်းများစွာကို တရုတ်နိုင်ငံကို လွှဲပြောင်းပေးခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။
သူတို့နှစ်ဦးစလုံးကို တရုတ်အေးဂျင့်တစ်ဦးတည်းက ဆက်သွယ်ခဲ့တာ ရှိ၊ မရှိဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းမသိရပါဘူး။
မစ္စတာကျောင်းရဲ့ အမှုကိစ္စ အသေးစိတ်ကို မသိရှိဘူးလို့ ဝါရှင်တန်ရှိ တရုတ်သံရုံးက တနင်္လာနေ့မှာ တုံ့ပြန်ပြောကြားခဲ့ပါတယ်။
အမေရိကန် အစိုးရနဲ့ မီဒီယာတွေက သူလျှိုလုပ်တဲ့ကိစ္စတွေကို စွပ်စွဲခဲ့ပြီး အများစုမှာ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေအပေါ် အခြေခံတယ်လို့ ပြောပါတယ်။