ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တရုတ်အတွက်သူလျှိုမှုနဲ့ အမေရိကန်ရေတပ်သားနှစ်ဦးကို ဖမ်း
ထိရှလွယ်တဲ့ စစ်ရေးသတင်းတွေ တရုတ်ကို ပေးတယ်ဆိုတဲ့ စွဲချက်နဲ့ အမေရိကန် ကယ်လီဖိုးနီးယားမှာရှိတဲ့ ရေတပ် သင်္ဘောသားနှစ်ဦး ဖမ်းဆီးလိုက်ပါတယ်။
ကာကွယ်ရေးဆိုင်ရာ သတင်းတွေကို တရုတ် ထောက်လှမ်းရေးကို ပေးရာမှာ ပူးပေါင်းကြံစည်တယ် ဆိုပြီး အမေရိကန် နိုင်ငံသား ခံယူထားတဲ့ အသက် ၂၂ နှစ် ကျင်းချောင်ဝေ စွပ်စွဲခံထားရပါတယ်။
ဒါ့အပြင် အသက် ၂၆ နှစ် ရေတပ် တပ်ကြပ်ကြီး ဝမ်ဟုန်ကျောက်ကို ထိရှလွယ်တဲ့ ဓာတ်ပုံနဲ့ ရုပ်သံတွေအတွက် ငွေကြေးလက်ခံမှုနဲ့ ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။
ဒီနှစ်ယောက်လုံးကို တရုတ် ထောက်လှမ်းရေးတစ်ဦးတည်းက ဆက်သွယ်ခဲ့တာလား ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရပါဘူး။
သြဂုတ် ၂ ရက်နေ့က ကယ်လီဖိုးနီးယားမှာ ဒီအမျိုးသား နှစ်ဦးလုံးကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ အဖမ်းခံရချိန် မစ္စတာ ဝေက ဆန်တီယာဂို အခြေစိုက် ရေတပ် စခန်းကို သွားနေတာ ဖြစ်ပါတယ်။
သြဂုတ် ၃ ရက်နေ့ ဆန်တီယာဂိုမှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အမေရိကန် အစိုးရ တရားလိုရှေ့နေတွေက ဒီစွဲဆိုမှုနဲ့ပတ်သက်ပြီး ကြေညာခဲ့တာ ဖြစ်ပါတယ်။
ယူအက်စ်အက်စ် အက်စ်ဆက် သင်္ဘောမှာ မစ္စတာဝေက စက်ပြင်ဆရာ အကူအဖြစ် တာဝန် ထမ်းဆောင်နေတာ ဖြစ်ပြီး သင်္ဘောနဲ့ ပတ်သက်တဲ့ အရေးကြီးတဲ့ အချက်အလက်တွေကို ဝင်ရောက်အသုံးပြုနိုင်တဲ့ လုံခြုံရေးကင်းလွတ်ခွင့် ရှိသူ ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံသား ဖြစ်ဖို့ လုပ်ဆောင်နေစဥ် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ တရုတ်ထောက်လှမ်းရေးတစ်ဦးက သူ့ကို ချဥ်းကပ်ခဲ့တာ ဖြစ်ပါတယ်။
သင်္ဘောနဲ့ ပတ်သက်တဲ့ အသေးစိတ်ပုံစံ၊ နည်းပညာဆိုင်ရာ လက်စွဲ၊ ရုပ်ပုံနဲ့ ရုပ်သံတွေအတွက် တရုတ်ထောက်လှမ်းရေးက ပက်ထရစ်ဝေ ခေါ် မစ္စတာဝေကို ဒေါ်လာ ထောင်ချီ ပေးတယ်လို့ စွဲဆိုချက်မှာ ဖော်ပြပါတယ်။
ရေပြင်မှာ လေ့ကျင့်နေတဲ့ အမေရိကန် မရိန်းတပ်ဖွဲ့နဲ့ ပတ်သက်တဲ့ အသေးစိတ်ကိုလည်း မစ္စတာဝေက ပေးခဲ့တယ်လို့ တရားရေး ဌာန တာဝန်ရှိသူတွေက ပြောပါတယ်။
“စစ်သား ဒါမှမဟုတ် သင်္ဘောသားတွေက နိုင်ငံထက် ငွေကို ရွေးပြီး အမျိုးသား ကာကွယ်ရေး ဆိုင်ရာ သတင်းအချက်အလက်တွေကို သစ္စာဖောက်တဲ့အနေနဲ့ ပေးလိုက်ရင် ကျွန်တော်တို့ အရေးယူရမှာပါ” လို့ အမေရိကန် ရှေ့နေ ရန်ဒီ ဂရိုစ့်မန်းက ပြောပါတယ်။
ဒီစွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး တရုတ်ဘက်က ငြင်းဆိုပါတယ်။
“အမေရိကန်အစိုးရနဲ့ မီဒီယာတွေက မကြာခဏဆိုသလို တရုတ်နဲ့ပတ်သက်တဲ့ သူလျှိုမှုတွေဆိုပြီး ချဲ့ကား ဖော်ပြကြတယ်” လို့ ဝါရှင်တန်မှာရှိတဲ့ တရုတ်သံရုံး ပြောခွင့်ရ လျှို ဖုန်ယီက ဝေါလ်စထရိ ဂျာနယ်ကို ပြောပါတယ်။
“အမေရိကန်ဘက်က တရုတ်ကို အခြေအမြစ်မရှိ သွားပုပ်လေလွင့် ပြစ်တင် ပြောဆိုတာကို တရုတ်က ခိုင်ခိုင်မာမာ ကန့်ကွက်ပါတယ်” လို့ သူက ပြောပါတယ်။
သောမတ်စ် ကျောက် ခေါ် မစ္စတာ ကျောက်က လော့စ်အိန်ဂျယ်လ်လိစ်နားက ဗန်တူရာ ကောင်တီ ရေတပ်အခြေစိုက်စခန်းမှာ အလုပ်လုပ်တာ ဖြစ်ပါတယ်။
ရင်းနှီးမြှုပ်နှံဖို့အတွက် သတင်းအချက်အလက်ရှာဖွေတဲ့ သုတေသီတဦးအဖြစ် ဟန်ဆောင်ထားတဲ့ တရုတ် ထောက်လှမ်းရေးက ၂၀၂၁ ခုနှစ်က သူ့ကို ချဥ်းကပ်ခဲ့တယ်လို့ ဆိုပါတယ်။
ဂျပန်နိုင်ငံ အိုကီနာဝါမှာ အခြေစိုက်တဲ့ အမေရိကန် ရေတပ်စခန်းက ရေဒါစနစ်နဲ့ ပတ်သက်တဲ့ အသေးစိတ်အစီအစဥ်နဲ့ အတူ ဓာတ်ပုံ၊ ရုပ်သံနဲ့ ဇယားတွေ အတွက် တရုတ်ကိုယ်စားလှယ်က မစ္စတာ ကျောက်ကို ဒေါ်လာ ၁၅,၀၀၀ ပေးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
အပြစ်ရှိကြောင်း ထင်ရှားတယ်ဆိုရင် မစ္စတာ ဝေက ထောင်ဒဏ် နှစ် ၂ဝကနေ တသက်တကျွန်း ကျခံရမှာ ဖြစ်ပြီး မစ္စတာကျောက်က အမြင့်ဆုံး ထောင်ဒဏ် ၂၀ အထိ ကျခံရဖွယ်ရှိနေပါတယ်။
နှစ်ဦးစလုံးကို သီးခြား အမှုတွေနဲ့ စွဲဆိုထားတယ်လို့လည်း ဆိုပါတယ်။
ဒီသူလျှိုမှုက အမေရိကန်ရဲ့ စစ်ရေး လျှို့ဝှက်ချက်တွေကို တရုတ်က ရရှိအောင် ကြိုးစားမှု ဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဒီနှစ်အစောပိုင်းက အမေရိကန်မှာ ပျံဝဲခဲ့တဲ့ တရုတ်ရဲ့ သူလျှို မီးပျံပူဖောင်းကြောင့် အမေရိကန်နဲ့ တရုတ်တို့ အကြား ဆက်ဆံရေး တင်းမာခဲ့ပါတယ်။ ဒါပေမဲ့ ဒီမီးပျံပူဖောင်းက ထိရှလွယ်တဲ့ သတင်းတွေကို စုဆောင်းတာ မရှိဘူးလို့ အမေရိကန် တာဝန်ရှိသူတွေက ပြောပါတယ်။
“တရုတ်ရဲ့ ခြိမ်းခြောက်မှုကို ပြန်လည် တန်ပြန်ဖို့နဲ့ သူတို့ကို အကူအညီပေးတဲ့ ဥပဒေ ချိုးဖောက်သူ တွေ အပါအဝင် အမျိုးသား လုံခြုံရေးကို ခြိမ်းခြောက်တဲ့သူတွေကို တားမြစ်ဖို့ လုပ်နိုင်တာအားလုံး တရားရေးဌာနက ဆက် အသုံးပြုသွားမှာပါ” လို့ လက်ထောက် ရှေ့နေချုပ် မက်သရူးအိုလ်ဆန်က ပြောပါတယ်။
မစ္စတာဝေနဲ့ မစ္စတာကျောက်တို့က သူတို့ကို ကိုယ်စားပြုနိုင်မယ့် ရှေ့နေ ငှားရမ်းသလားဆိုတာကို ရှင်းရှင်းလင်းလင်း မသိရပါဘူး။