မျောက်ကျောက်ကို အမြင့်ဆုံးအဆင့် သတိပေးချက် WHO ကြေညာ

မျောက်ကျောက်ျ

ဓာတ်ပုံ ရင်းမြစ်, Getty Images

မျောက်ကျောက်ရောဂါ ကူးစက်ပြန့်ပွားမှုကို ကမ္ဘာ့ကျန်းမာရေးအရေးပေါ် အခြေအနေအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ကြေညာခဲ့ပါတယ်။ 

ဒီလို သတ်မှတ်မှုဟာ WHO ရဲ့ အမြင့်ဆုံး သတိပေးချက် အဆင့်ဖြစ်ပြီး ကမ္ဘာတစ်ဝန်းမှာ ကူးစက်မှု မြင့်တက်မှုတွေရဲ့ နောက်ဆက်တွဲ ဖြစ်ပါတယ်။

ဒီကြေညာချက်ဟာ WHO ရဲ့ အရေးပေါ် ကော်မတီက ဒီဗိုင်းရပ်စ်အတွက် ဒုတိအကြိမ် အစည်းအဝေးအပြီး ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

အခုဆိုရင် နိုင်ငံပေါင်း ၇၅ နိုင်ငံမှာ ကူးစက်မှု တစ်သောင်းခြောက်ထောင်ကျော် ရှိနေပြီလို့ WHO ရဲ့ ညွှန်ကြားရေးမှူးချုပ် တက်ဒရို့စ်အဒ်နွန် ဂါဘရေရယ်စုက ပြောပါတယ်။

ကူးစက်မှုကြောင့် အခုချိန်ထိ သေဆုံးသူ ငါးဦး ရှိပြီလို့လည်း သူက ပြောပါတယ်။

လတ်တလော တခြား ကျန်းမာရေး အရေးပေါ် အခြေအနေနဲ့ ရှိနေတာ နောက်ထပ် နှစ်ခုပဲ ရှိပြီး အဲဒါတွေကတော့ ကိုရိုနာကပ်ရောဂါနဲ့ ဆက်လက်လုပ်ဆောင်နေတဲ့ ပိုလီယိုရောဂါ တိုက်ဖျက်ရေး အစီအစဥ်တို့ ဖြစ်ပါတယ်။

အရေးပေါ် ကော်မတီအနေနဲ့ မျောက်ကျောက်ကို ကမ္ဘာ့ကျန်းမာရေး အရေးပေါ် အခြေအနေအဖြစ် သတ်မှတ်နိုင်ရေးမှာ အားလုံးက တစ်ညီတစ်ညွတ်တည်း သဘောတူ ဆုံးဖြတ်နိုင်တဲ့ အခြေအနေကိုတော့ မရောက်ခဲ့ဘူးလို့ ဒေါက်တာ တက်ဒရို့စ်က ပြောပါတယ်။

ဒါပေမဲ့ ကူးစက် ပြန့်ပွားမှုက ကမ္ဘာမှာ လျင်လျင်မြန်မြန် ဖြစ်နေပြီး ဒါက နိုင်ငံတကာအတွက် အမှန်တကယ် စိုးရိမ်စရာ ဖြစ်ကြောင်း သူဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါဟာ ဘယ်လို ကူးစက်ပြန့်ပွားနေတယ်ဆိုတာကို အတော်နည်းနည်းလောက်ပဲ သိနိုင်သေးတယ်လို့လည်း ပြောပါတယ်။

"WHO ရဲ့ သုံးသပ်ချက်ကတော့ ကူးစက်မှု မြင့်မားနေတယ်လို့ WHO ကသုံးသပ်ထားတဲ့ ဥရောပဒေသကလွဲရင် ကမ္ဘာတစ်ဝန်း မျောက်ကျောက် ကူးစက်မှုက အသင့်အတင့်လို့ သတ်မှတ်တယ်" လို့ သူက ပြောပါတယ်။

 ဒီလို သတ်မှတ်ကြေညာချက်ကြောင့် ကာကွယ်ဆေးရှာဖွေထုတ်လုပ်တာနဲ့ ဗိုင်းရပ်စ်ကူးစက်မှု တားဆီးရေးနည်းလမ်းတွေ ချမှတ်တာတွေ အရှိန်မြင့်လာဖို့ အထောက်အကူဖြစ်စေလိမ့်မယ်လို့ သူက ဆိုပါတယ်။

မျောက်ကျောက်ရောဂါကို အာဖရိကတိုက်မှာ ၁၉၅၀ ခုနှစ်တွေမှာ စတွေ့ခဲ့တာ ဖြစ်ပါတယ်။