မျောက်ကျောက် - ဗိုင်းရပ်စ်ကူးစက်မှု မြန်မာအတွက် စိုးရိမ်စရာရှိလား

ကျောက်ကြီးရောဂါနဲ့ ပုံစံတူပေမယ့် ကူးစက်ပျံ့နှံ့မှု နှေးကွေး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကျောက်ကြီးရောဂါနဲ့ ပုံစံတူပေမယ့် ကူးစက်ပျံ့နှံ့မှု နှေးကွေး

မြန်မာ လူမှုကွန်ရက်စာမျက်နှာတွေမှာ မေလ ၂၂ ရက်နေ့က ဧရာဝတီတိုင်း ဖျာပုံမြို့မှာနေတဲ့ ကလေးငယ်တစ်ဦး အဖုအပိမ့်တွေ ထွက်နေတဲ့ ပုံတစ်ပုံ ပျံ့နှံ့နေပြီး မျောက်ကျောက်ဗိုင်းရပ်စ် မြန်မာနိုင်ငံမှာ ကူးစက်မှုတွေ ရှိနေပြီလားဆိုကာ လူတွေအကြား စိုးရိမ်မှုတွေရှိနေကြပါတယ်။

ဒီကလေးငယ် ရောဂါဖြစ်ပွားနေတာကို ပုံမှာမြင်ရတဲ့ လက္ခဏာတွေအရ သူဟာ မျောက်ကျောက်ရောဂါ မဖြစ်နိုင်ဘဲ အခြားဗိုင်းရပ်စ်တမျိုးကြောင့် ပေါက်တဲ့အနီအစက် အဖုအပိမ့်တွေ ဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရသူ ညွှန်ကြားရေးမှုး ဒေါက်တာသန်းနိုင်စိုးက ပြောပါတယ်။

"မြန်မာနိုင်ငံကို မရောက်သေးပါဘူး၊ မျောက်ကျောက်ရောဂါနဲ့ ပတ်သက်တဲ့ ရာဇဝင်လည်း မရှိသေးပါဘူး"လို့ သူက ပြောပါတယ်။

အခုတော့ ဗြိတိန်အပါအဝင် ကမ္ဘာ့ နိုင်ငံပေါင်း ၁၁ နိုင်ငံမှာ မျောက်ကျောက်ရောဂါ ဗိုင်းရပ်စ်ပိုးတွေ့ အတည်ပြုလူနာ ၈၀ နီးပါးလောက် ရှိနေပြီဖြစ်ပြီး ယူကေ မှာတော့ ရောဂါကူးစက်ခံရသူ ၂၀ ရှိနေပြီလို့ ယူကေကျန်းမာရေးဝန်ကြီးဌာနဘက်က ပြောပါတယ်။

မြန်မာ လှုမှုကွန်ရက်တွေမှာ မြင်ရတဲ့ ဖုအပိမ့်တွေ ခန္ဓာကိုယ်အနှံ့ ထွက်နေတဲ့ပုံဟာ ဖျာပုံမြို့က ကလေးငယ်ဖြစ်ပြီးတော့ အပူကြီးပြီးဖျားနာကာ အဖုတွေ ထွက်လာတာလို့ ဓာတ်ပုံလူမှုကွန်ရက်မှာ တင်ထားသူက ရေးပါတယ်။

မျောက်ကျောက် ဗိုင်းရပ်စ်ကူးစက်မှုကြောင့် မြန်မာအပါ အဝင် နိုင်ငံတကာက စိုးရိမ်မှုတွေရှိလာပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, မျောက်ကျောက် ဗိုင်းရပ်စ်ကူးစက်မှုကြောင့် မြန်မာအပါ အဝင် နိုင်ငံတကာက စိုးရိမ်မှုတွေရှိလာပါတယ်။

နိုင်ငံပေါင်း ဆယ်ချီမှာ ကူးစက်မှု ရှိလာတယ်ဆိုတဲ့ မျောက်ကျောက် ဗိုင်းရပ်စ် ကူးစက်မှုကြောင့် မြန်မာအပါ အဝင် နိုင်ငံတကာက စိုးရိမ်မှုတွေ ရှိလာနေပါတယ်။

မြန်မာနိုင်ငံမှာလည်း အလားတူ ကူးစက်မှုမျိုးဆိုကာ ဆိုရှယ်မီဒီယာတွေပေါ်မှာ ထင်ယောင်ထင်မှား ဖြန့်‌ဝေမှုတွေ ရှိလာပါတယ်။

အာဖရိက အနောက်ပိုင်းနဲ့ အလယ်ပိုင်းက မိုးသစ်တောတွေထဲက တချို့သူတွေ၊ ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရတဲ့ သတ္တဝါတွေနဲ့ ထိတွေ့ပြီး အဲဒီဗိုင်းရပ်စ်ပိုးဟာ တခြားမျိုးစိတ်တွေကို ပျံ့နှံ့လာတာ ဖြစ်ပါတယ်။

ပိုးကူးစက်ခံရတဲ့ သူတွေရဲ့ အသားအရည်ဟာ အရည်ကြည်ဖုတွေ ပေါက်လာပြီး နောက်ပိုင်းမှာ အနာတွေ ထွက်လာကာ အရေပြားမှာ အဖုအပိမ့် အနီကွက်တွေ ထလာမှာ ဖြစ်ပါတယ်။

ဗိုင်းရပ်စ်ပိုးဟာ အပြင်ဘက်မှာ ရှိနေပြီး ဆက်လက်ကူးစက် ပျံ့နှံ့ဖို့အတွက် အနီးကပ်ထိတွေ့ဆက်ဆံမှု အကြာကြီး လိုအပ်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာပြည်မှာ ကျောက်ရောဂါနဲ့ သေသူ တသောင်းကျော် ခဲ့ပေမယ့် ၁၉၆၄ မှာ တိုက်ဖျက်ရေး စီမံကိန်း စပြီးနောက် ကျဆင်းလာခဲ့

ဓာတ်ပုံ ရင်းမြစ်, BETTMANN

ဓာတ်ပုံ ပုံစာ, မြန်မာပြည်မှာ ကျောက်ရောဂါနဲ့ သေသူ တစ်သောင်းကျော် ခဲ့ပေမယ့် ၁၉၆၄ မှာ တိုက်ဖျက်ရေး စီမံကိန်း စပြီးနောက် ကျဆင်းလာခဲ့

ကျောက်ရောဂါကာကွယ်ဆေးကို ထိုးထားကြတဲ့ သူအများစုမှာတော့ အခု မျောက်‌ကျောက် ဗိုင်းရပ်စ်ကို ၈၅ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်တယ်လို့ မြန်မာနိုင်ငံ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ယူဆထားပါတယ်။

အဲဒါကြောင့် နိုင်ငံအတွင်းက ကာကွယ်ဆေးထိုးထားပြီးသူ ၄၀အရွယ် အသက်အပိုင်းအခြားရှိသူတွေမှာ ကူးစက်နိုင်မှု အရမ်းနည်းတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရသူ ညွှန်ကြားရေးမှူး ဒေါက်တာ သန်းနိုင်စိုးက ဘီဘီစီကို ပြောပါတယ်။

လက်ရှိမှာ နိုင်ငံအတွင်း မျောက်ကျောက် ကူးစက်မှုရယ်လို့ မတွေ့ရသေးကြောင်းနဲ့ ထိတ်လန့်စရာကောင်းတဲ့ အခြေအနေမျိုးမဟုတ်သေးဘူးလို့ လည်းပြောပါတယ်။

မျောက်ကျောက်ရဲ့ အဓိကလက္ခဏာတွေကတော့ အားအင်ကုန်ခမ်းသလို ခံစားရတာ၊ အဖျားရှိတာ၊ ခေါင်း တအားကိုက်တာ၊ ခန္ဓာကိုယ်ကိုက်ခဲတာ၊ ကြွက်သားရောင်ရမ်းတာတွေဖြစ်တယ်လို့ သူကပြောပါတယ်။

ဖျားတာ ကိုက်တာ နာကျင်တာနဲ့ ပါးကျိတ်တွေရောင် လာရင် သတိထားဖို့နဲ့ လက်ကို စနစ်တကျဆေးဖို့ အရည်ကြည်ဖုထွက်နေသူတွေနဲ့ ခပ်ခွာခွာနေဖို့ လို့တယ်လို့ လည်းဆိုပါတယ်။

အရည်ကြည်ဖုတွေ ပေါက်လာပြီး နောက်ပိုင်းမှာ အနာတွေထွက်လာကာ အရေပြားမှာ အဖုအပိမ့် အနီကွက်တွေ ထလာ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မျောက်ကျောက်ရောဂါဟာ အရည်ကြည်ဖုတွေ ပေါက်လာပြီး နောက်ပိုင်းမှာ အနာတွေထွက်လာ

အထူးသဖြင့်တော့ ရက်ပိုင်းအတွင်း လိင်ပိုင်းဆိုင်ရာထိတွေ့မှု နောက်ခံအကြောင်းရှိခဲ့ဖူးတဲ့ အသက် ၃၀ အောက်အမျိုးသားတွေမှာ အဖု၊ အကျိတ်ပုံစံတွေ တွေ့လာတာအပြင် ခုနကပြောခဲ့တဲ့ လက္ခဏာတွေ ရှိလာရင်တော့ နေရာဒေသမရွေးက ကျန်းမာရေးဌာနကို အမြန်ဆုံးဆက်သွယ်ပြီး စစ်ဆေးမှုခံယူဖို့ ဒေါက်တာသန်းနိုင်စိုးက တိုက်တွန်းပါတယ်။

မျောက်ကျောက် ကူးစက်မှု ဟုတ်မဟုတ်ကိုတော့ ကိုဗစ်စစ်ဆေးတဲ့နည်းနဲ့ ဆင်တူတဲ့ PCR စနစ်နဲ့ စမ်းသပ် စစ်ဆေးပြီးမှ အတည်ပြုနိုင်တာလို့လည်း သူကဆိုပါတယ်။

လူမှုကွန်ရက်ပေါ် ပျံနှံ့တဲ့ ကလေးငယ်ပုံတွေကတော့ ဗိုင်းရပ်စ်တမျိုးကြောင့် ကလေးငယ်တွေ ပါးစပ်၊ လက်၊ ခြေထောက်အပါအဝင် နေရာအများအပြားမှာ ပေါက်တဲ့ အနီအစက် ပြည်အဖုအပိမ့် ထွက်တဲ့ ပုံစံမျိုးသာ ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနနဲ့ ဘီဘီစီတို့ ဆက်သွယ်မေးမြန်းနိုင်ခဲ့တဲ့ မေလ ၂၃ရက်နေ့ နေ့လယ် ၁၂နာရီအထိတော့ မြန်မာနိုင်ငံအတွင်း မျောက်ကျောက်ရောဂါ ကူးစက်ခံထားရတယ်လို့ အတည်ပြုထားတာ မရှိသေးဘူလို့ သိထားရပါတယ်။