ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
၂၀၂၄ သန်းခေါင်စာရင်း - အပြန်အလှန်ဖမ်းဆီးသတ်ဖြတ်မှုတွေ
မြန်မာနိုင်ငံမှာ သန်းခေါင်စာရင်းကောက်တဲ့ အောက်တိုဘာ (၁) ရက်ကနေ (၁၅) ရက်အတွင်း နိုင်ငံတဝန်းမှာ နှစ်ဖက်အပြန်အလှန်ဖမ်းဆီးမှုတွေသာမက စာရင်းကောက်သူတွေ တိုက်ခိုက်ခံရတာ၊ စာရင်းကောက်ဖို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလို့ စစ်ရှောင်အရေအတွက်တိုးလာတာတွေကို ဘီဘီစီက စုံစမ်းသိရှိရ ပါတယ်။
နိုင်ငံတဝန်း တိုက်ပွဲတွေဖြစ်နေချိန်မှာ နိုင်ငံရေးထွက်ပေါက်တစ်ခုအနေနဲ့ စစ်ကောင်စီက ရွေးကောက်ပွဲပြုလုပ်ဖို့ အတွက် သန်းခေါင်စာရင်းကောက်ခံတဲ့အပေါ် တော်လှန်ရေးအင်အားစုတွေက ကန့်ကွက်ထားကြပါတယ်။
ဒီလို ကန့်ကွက်သံတွေကြားမှာ စစ်ကောင်စီက သန်းခေါင်စာရင်းကောက်ခဲ့ပြီး ညောင်ဦးမြို့နယ်က ပုဂံမြို့သစ်မှာ အုပ်ချုပ်ရေးမှူးပစ်သတ်ခံရတာအပါအဝင် နှစ်ဖက်အပြန်အလှန် ဒရုန်းနဲ့တိုက်ခိုက်တာ၊ မိုင်းဆွဲတိုက်ခိုက်တာတွေပါ နိုင်ငံတဝန်းမှာ ဆက်တိုက်ဖြစ်ခဲ့ပါတယ်။
အဲဒီဖြစ်စဉ်တွေထဲက သန်းခေါင်စာရင်းကောက်သူတွေအဖမ်းခံရတဲ့ လောင်းလုံး၊ လေကြောင်းနဲ့ ဗုံးကြဲလို့ အရပ်သားသေဆုံးခဲ့ရတဲ့ ဂန့်ဂေါနဲ့ လူငယ်ဒါဇင်နဲ့ချီအဖမ်းခံခဲ့ရတဲ့ ရန်ကုန် စတဲ့ ဖြစ်ရပ် ၃ ခုကတော့ စာရင်းကောက်ယူတဲ့ကာလအတွင်း အလှုပ်ခတ်ဆုံးပါ။
လူငယ်ဒါဇင်နဲ့ချီ အဖမ်းခံရတဲ့ ရန်ကုန်
ဘီဘီစီက မေးမြန်းခွင့်ရတဲ့ ရန်ကုန်အခြေစိုက် တော်လှန်ရေးအဖွဲ့တွေရဲ့ အပြောအရ သန်းခေါင်စာရင်း မကောက်မီ စက်တင်ဘာလ နှောင်းပိုင်းကတည်းက စစ်ကောင်စီတပ်က ဖမ်းဆီးမှုတွေ ခပ်စိပ်စိပ်လုပ်ခဲ့တာ လို့ ပြောကြပါတယ်။
ကွင်းဆက်လိုက် ဖမ်းဆီးမှုတွေကစလို့ သန်းခေါင်စာရင်း ကောက်ယူတဲ့ကာလတွေမှာပါ ရန်ကုန်မြို့အနှံ့က သံသယရှိတဲ့ နေအိမ်တွေကို တပြိုင်နက်တည်း ဝင်ရောက်စီးနင်းခံရတာကနေ အခုလိုဖမ်းဆီးခံခဲ့ရတာပါ။
စက်တင်ဘာလလယ်ကစလို့ အောက်တိုဘာလလယ်အထိ တစ်လနီးပါးကာလအတွင်း သပိတ်လှုပ်ရှားသူ၊ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေသာမက အမည်မဖော်ဘဲ နိုင်ငံရေးလှုပ်ရှားသူတွေအပါ လူငယ်အယောက် ၃၀ ကနေ ၄၀ ကြား ဖမ်းဆီးခံခဲ့ရတယ်လို့ တော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။
ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂ (တကသ) ကျောင်းသားဟောင်းများအင်အားစုနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းမှာတင် ဆန္ဒပြသပိတ်လှုပ်ရှားတဲ့ လူငယ်အနည်းဆုံး ၁၀ ဦး အဖမ်းခံခဲ့ရပါတယ်။
အဲဒီထဲမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု (Anti-Junta Alliance Yangon – AJAY) ဦးဆောင်သူ ကိုပိုင်ဖြိုးမင်း (ခ) ကိုဒီရေအပါအဝင် ကိုရှိန်းဝေအောင်နဲ့ သူ့ တစ်မိသားစုလုံးကို သာကေတမြို့နယ်က နေအိမ်တစ်လုံးထဲမှာ စစ်တပ်က အောက်တိုဘာလ ၉ ရက်မှာ ဖမ်းဆီးခဲ့ပါတယ်။
“ရှေ့ရက်က သန်းခေါင်စာရင်းကောက်ပြီးပြီ။ နောက်ရက်မှ ဧည့်စာရင်းဆိုပြီး အိမ်ကို ညဘက်ဝင်စီးပြီး ဖမ်းတာပါ” လို့ ဖမ်းဆီးခံရတဲ့အခြေအနေကို တကသကျောင်းသားဟောင်းများအင်အားစု ဦးဆောင်သူ ကိုနန်းလင်းက ပြန်ပြောပြပါတယ်။
သန်းခေါင်စာရင်း ကောက်တဲ့ကာလမရောက်မီ စက်တင်ဘာ ၁၉ ရက်မှာ တကသကျောင်းသားဟောင်းများ အင်အားစုက ကိုဇော်လင်းထွဋ် (ခ) ကိုဖိုးသား၊ လူငယ်သပိတ်ကော်မတီ (YSC) က ကိုအောင်မင်းခိုင်(ခ) မဲကြီး၊ မမြမဥ္ဇူနဲ့ နိုင်ငံရေးအကျဉ်းသူဟောင်း မနှင်းအိခိုင်တို့လို သပိတ်လှုပ်ရှားသူတွေ ဖမ်းဆီးခံခဲ့ရပါတယ်။
မြို့ပြပြောက်ကျားလှုပ်ရှားသူတွေလည်း ဆက်တိုက်ဖမ်းဆီးခံနေရပြီး စက်တင်ဘာ ၂၈ ရက်နေ့တုန်းက Anonymous Force (ရန်ကုန်စစ်ဒေသခွဲ - PRF) တစ်ဖွဲ့တည်းကတင် ၁၂ ဦးအထိ အများဆုံးအဖမ်းခံခဲ့ရပါတယ်။
ဆက်တိုက်ဖမ်းဆီးမှုတွေအပြင် သန်းခေါင်စာရင်းကောက်ယူမှုကြောင့်ပါ တော်လှန်ရေးအင်အားစုတွေဘက်က မြို့တွင်းရှောင်တိမ်းနည်းပုံစံ ပြောင်းလဲခဲ့သလို စစ်ကောင်စီတပ်ဘက်ကလည်း သံသယရှိနေရာတွေ သာမက တော်လှန်ရေးလှုပ်ရှားမှုနဲ့ မဆက်စပ်တဲ့ အရပ်သားနေအိမ်တွေကိုပါ အလုံးအရင်းနဲ့ ဝင်ရောက် စီးနင်းတဲ့ပုံစံကို အသုံးပြုလာပါတယ်။
“အဖမ်းအဆီးအများကြီး လုပ်ပြတာမျိုးပေါ့။ သာမန်အရပ်သားတွေပါ ဘယ်လောက်ဖမ်းခံလိုက်ရလဲဆိုတာ လိုက်နိုင်ဖို့ ခက်တယ်” လို့ ကိုနန်းလင်းက ဆက်ပြောပါတယ်။
ဖမ်းဆီးခံရသူအများစုဟာ ရဲစခန်း၊ အချုပ်ထောင်တွေဆီ မရောက်လာကြသေးဘဲ ဘယ်နေရာတွေမှာ စစ်ဆေးခံနေရလဲဆိုတာပါ စုံစမ်းလို့မရနိုင်ဖြစ်နေတယ်လို့ ရန်ကုန်မြို့ပြပြောက်ကျားလှုပ်ရှားသူတစ်ဦး ကလည်း ဘီဘီစီကို ပြောပြပါတယ်။
စစ်ကောင်စီက သန်းခေါင်စာရင်းကောက်ယူတဲ့ရက်ကို အောက်တိုဘာ (၃၁) ရက်အထိ ဆက်တိုးထားတာကြောင့် ရန်ကုန်မှာ တော်လှန်ရေးလှုပ်ရှားသူတွေအတွက် မလုံခြုံမှုပိုများလာပြီး နေရေးထိုင်ရေး ပိုခက်ခဲလာနေတယ်လို့ ဘီဘီစီ စကားပြောခွင့်ရခဲ့တဲ့ တော်လှန်ရေးလူငယ်တွေက ပြောပါတယ်။
သန်းခေါင်စာရင်းကောက်သူတွေ အဖမ်းခံရတဲ့ လောင်းလုံး
စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်မှု အားကောင်းတဲ့ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်က မြို့နယ်လေးခုစလုံးမှာ သန်းခေါင်စာရင်း မကောက်မီ တစ်ပတ်အလိုကတည်းက စစ်ကောင်စီတပ်ဘက်က အင်အားအလုံးအရင်း ဖြည့်တင်းပြီး ရွာအချို့မှာပါ တပ်စွဲခဲ့ပါတယ်။
သန်းခေါင်စာရင်း ကောက်တဲ့ရက်မှာလည်း အရှေ့က စစ်တပ်စစ်ကြောင်းထိုးပြီးမှ အနောက်က ကောက်ခံသူတွေ လိုက်ပါတဲ့ပုံစံနဲ့ ဘုန်းတော်ကြီးကျောင်း ဒါမှမဟုတ် စာသင်ကျောင်းတွေကို အရပ်သားပြည်သူတွေကို တစ်အိမ်တစ်ယောက် ခေါ်ယူစုဆောင်းပြီး စာရင်းကောက်ယူခဲ့တာပါ။
ဒီလို လုံခြုံရေးတင်းကြပ်ပြီး စာရင်းကောက်ယူတာ ၆ ရက်မြောက်နေ့မှာပဲ ထားဝယ်ခရိုင်၊လောင်းလုံးမြို့နယ်ထဲက သန်းခေါင်စာရင်းကောက်ယူသူ ၉ ဦးကို လောင်းလုံးပြည်သူ့ကာကွယ်ရေးအဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။
စစ်ကောင်စီဘက်ကလည်း ရေဖြူကျေးရွာအုပ်စုက ရေဖြူ၊ ဂေါ့အင်းနဲ့ ဂဒက်ထိန်ငယ် စတဲ့ရွာ စာသင်ကျောင်းတွေက ဆရာမတွေနဲ့ ရပ်/ကျေးစာရေးအမျိုးသမီး အဖမ်းခံရကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
ဘီဘီစီက သတင်းမေးမြန်းတဲ့ အောက်တိုဘာ ၁၉ ရက်နေ့အထိ သူတို့တွေ ပြန်မလွတ်လာသေးပါဘူး။
“မေးမြန်းစရာရှိလို့ ခဏလိုက်ခဲ့ပါဆိုပြီးခေါ်သွားတာပါ။ ခေါ်သွားတဲ့အချိန် အိမ်မှာရှိတဲ့ လက်ကိုင်ဖုန်းတွေအကုန် စာရွက်စာတမ်းတွေကအစ ရွှေငွေတွေပါ သိမ်းသွားတယ်လို့ ပြောပြတယ်။”
ရေဖြူရွာမှာနေထိုင်တဲ့ ရပ်/ကျေးစာရေး ဒေါ်သီတာ အဖမ်းခံလိုက်ရတဲ့နေ့ကဖြစ်စဉ်ကို မျက်မြင်မိသားစုဝင်တွေဆီက တဆင့်သိခဲ့ရတဲ့အကြောင်း ရွာခံတစ်ဦးက ပြန်ပြောပြပါတယ်။
ရွှေငွေအသိမ်းခံရတာနဲ့ပတ်သက်လို့ ဘီဘီစီက သီးခြားအတည်မပြုနိုင်ဘဲ ဒီလူ ၉ ဦးကို ဥပဒေအရ အရေးယူဖို့ လောင်းလုံးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆောင်ရွက်နေတယ်လို့သာ စုံစမ်းသိရှိရပါတယ်။
တနင်္သာရီပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲ့ အစောပိုင်း ဘီဘီစီကို ဖြေကြားချက်အရတော့ စစ်ဆေးမေးမြန်းပြီးရင် ပြန်လွှတ်ပေးမယ်လို့ ပြောခဲ့ပါတယ်။
အခုဆို ဖမ်းဆီးထားတဲ့ သီတင်းပတ်နှစ်ပတ်တိတိ ကြာမြင့်နေပြီ ဖြစ်တာကြောင့် သူတို့ ၉ ဦးရဲ့ နောက်ဆုံးရ အခြေအနေအပါအဝင် ဖမ်းဆီးချိန် ရွှေ၊ ငွေယူဆောင်သွားတယ်လို့ ဒေသခံရဲ့ အပြောနဲ့ပတ်သက်ပြီးပါ တုံ့ပြန်ချက်ရနိုင်ဖို့ လောင်းလုံးမြို့နယ် ပကဖ ကိုရော၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)နဲ့ပါ တိုက်ရိုက်မေးမြန်းနိုင်ဖို့ ဘီဘီစီက ကြိုးစားနေပါတယ်။
အခုလို သန်းခေါင်စာရင်းကောက်ခံသူတွေ အဖမ်းခံရပြီး နောက်တစ်ရက်မှာပဲ လောင်းလုံးမြို့တောင်ဘက်မှာရှိတဲ့ ရေဖြူကျေးရွာအုပ်စုကို စစ်ကောင်စီတပ် အလုံးအရင်းလိုက် ရောက်ရှိလာရာကနေ နှစ်ဖက်ထိတွေ့မှုတွေ ဖြစ်လာပါတယ်။
ဒီစစ်ကြောင်းအပြင် ထားဝယ်ကနေ လောင်းလုံးဘက်လာတဲ့ ကညောကွင်းတံတားအဆင်းက ကျေးရွာတကြောမှာလည်း စစ်ကောင်စီက စစ်ကြောင်းထိုးလို့ ထိတွေ့မှုတွေရှိနေပါတယ်။
လောင်းလုံးမြို့နယ်ထဲက နှစ်ဖက်တိုက်ခိုက်မှုတွေထဲ ဒရုန်းနဲ့ပါ အပြန်အလှန်တိုက်ခိုက်ခဲ့ကြတဲ့အကြောင်း ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက အခုလိုပြောပါတယ်။
“သူတို့စစ်ကြောင်းကို ကျွန်တော်တို့က ဒရုန်းနဲ့ အရင်တိုက်ခိုက်ခဲ့တယ်။ နောက်ရက်မှာပဲ သူတို့က ကျွန်တော်တို့ရှိမယ်ထင်တဲ့နေရာတွေကို ဒရုန်းနဲ့ပြန်လာတိုက်လို့ လူနေအိမ်တစ်လုံး ပျက်စီးခဲ့တယ်။”
စစ်ကောင်စီတပ်က ဖျက်အားပြင်း တိုက်ခိုက်ရေးဒရုန်းတွေကိုပါ အသုံးပြုခဲ့တယ်လို့ သူက ဆက်ပြော ပါတယ်။
အခုလိုထိတွေ့မှုတွေကြောင့် ပြည်သူတွေတိမ်းရှောင်ကြရပြီး ရေဖြူကျေးရွာအုပ်စုက စစ်ဘေးရှောင် အများဆုံးပါ။
“ရွာထဲရှိနေသေးတယ်ကြားလို့ မပြန်ရဲဘူးလေ၊ အလုပ်တွေလည်းမလုပ်ရဘူး” လို့ ရေဖြူရွာသားတစ်ဦးက ပြောပါတယ်။
ထားဝယ်မြို့ပေါ်က အစောပိုင်း သန်းခေါင်စာရင်းကောက်ယူတာကို စစ်ကောင်စီပြည်နယ်ဝန်ကြီးချုပ် ကိုယ်တိုင် လိုက်ကြည့်ရှုခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
ဒါပေမဲ့ ထားဝယ်ခရိုင်တစ်ခုလုံးက စစ်ရေးတင်းမာမှုတွေကြောင့် စစ်ကောင်စီအနေနဲ့ မြို့ပေါ် နဲ့ မြို့နားနီးစပ်က ကျေးရွာအချို့မှာသာ သန်းခေါင်စာရင်းကောက်ယူနိုင်တဲ့အခြေအနေလို့လည်း သိရပါတယ်။
စာရင်းကောက်သူတွေ မရောက်လာဘဲ ဗုံးဆံတွေရောက်လာတဲ့ ဂန့်ဂေါ
ပြည်သူ့စစ်ရွာကြီးတွေလို့ သတင်းတွေမှာဖော်ပြခံရတဲ့ မြောက်ခင်ရန်း၊ ဟံသာဝတီ စတဲ့ ရွာတွေရှိရာ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာတော့ မြို့မြောက်ပိုင်းက ကျေးရွာတွေကို အောက်တိုဘာ ၁၄ ရက်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ရုတ်တရက် ဗုံးကြဲခဲ့ပါတယ်။
လေကြောင်းတိုက်ခိုက်တာဟာ ဂန့်ဂေါမြို့ပေါ်မှာ သန်းခေါင်စာရင်းကောက်ယူဖို့ပြင်ဆင်နေတဲ့ စစ်ကောင်စီတပ် အခြေစိုက်ရာရုံးတွေကို အောက်တိုဘာ ၁၀ ရက်နေ့တုန်းက တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့်လို့ ဒေသခံတွေက ယူဆနေကြပါတယ်။
ဂန့်ဂေါမြို့မြောက်ပိုင်းမှာရှိတဲ့ လာပို့၊ ကန်သာနဲ့ ဘော်ပြင်း စတဲ့ရွာတွေ လေကြောင်းကနေ ဗုံးကြဲခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူ ၁၀ ဦးနဲ့ သေဆုံးသူ ၂ ဦးရှိခဲ့ပါတယ်။ လာပို့ရွာ တရွာတည်းမှာတင် ထိခိုက်ဒဏ်ရာရသူ ၈ ဦး ရှိပါတယ်။
“ဘုန်းကြီးကျောင်းအနောက်ကို ကျပြီး အဲဒီနားက ဈေးဝယ်သူတွေ ထိခဲ့တာပါ” လို့ ဒီဖြစ်စဉ်တွေကို သိရှိသူ ရွာခံတစ်ဦးက ပြောပါတယ်။
“နဂိုတည်းက ရွာက စစ်ကြောင်းထိုးခံရ ပျူစောထီး (ပြည်သူ့စစ်) တွေလာလို့ တစ်ရွာလုံးရှောင်နေရတာကို ရွာထဲကျန်တဲ့သူတွေ အခုလို ထပ်ထိတာလေ” လို့ သူဆက်ပြောပါတယ်။
မြို့နဲ့နီးကပ်နေတဲ့ ဒီရွာတွေကို သန်းခေါင်စာရင်းကောက်မယ့်အဖွဲ့တွေ လာဖို့ရှိတယ်လို့ သတင်းတွေထွက်ပေါ် နေပြီး ဒီအဖွဲ့တွေနဲ့အတူ မြောက်ခင်ရန်း၊ ဟံသာဝတီ စတဲ့ ကျေးရွာကြီးတွေက ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေ လိုက်ပါလာမှာကို ရွာခံတွေ စိုးရိမ်နေကြပါတယ်။
ဒီလိုစိုးရိမ်နေချိန်မှာပဲ စစ်ကောင်စီတပ်က ရုတ်တရက်လေကြောင်းနဲ့တိုက်ခိုက်ခဲ့ပါတယ်။
“မြို့ပေါ်မှာလည်း အင်အားနည်းနည်းပဲရှိတာ၊ အဓိကက ကလေး - ဂန့်ဂေါလမ်းပေါ်က ပျူရွာ (ပြည်သူ့စစ်) ရွာတွေ အားကောင်းတာလေ” လို့ ဂန့်ဂေါမြို့ခံ တစ်ဦးက ပြောပါတယ်။
ဘီဘီစီက မေးမြန်းကြည့်ချက်အရ ဂန့်ဂေါမြို့ပေါ်က ရပ်ကွက်တချို့မှာသာ သန်းခေါင်စာရင်းကောက်ခံနိုင်ပြီး ကလေး - ဂန့်ဂေါလမ်းမကြီးတကြောပေါ်က ကျေးရွာတွေဘက်တော့ မကောက်ယူ သေးဘူးလို့သိရပါတယ်။
ဒီလမ်းမကြီးဟာ တော်လှန်ရေးတပ်တွေရော ပြည်သူ့စစ်အဖွဲ့တွေ နေရာအလိုက် စိုးမိုးထားတာကြောင့် အသွားအလာမရှိသလောက် နည်းပါးပါတယ်။
အခုလို ဂန့်ဂေါက အရပ်သားတွေ ထိခိုက်တယ်ဆိုတာကို စစ်ကောင်စီသတင်းမှန်ပြန်ကြားရေးအဖွဲ့က ငြင်းဆိုထားပြီး ဒေသခံပြည်သူတွေရဲ့ တိကျတဲ့သတင်းပေးပို့မှုကြောင့် ပစ်မှတ်အတိအကျကိုသာ အကြမ်းဖက်နှိမ်နင်းခဲ့တာလို့ အောက်တိုဘာ ၁၈ ရက်မှာထုတ်ပြန်ထားပါတယ်။
ပစ်ခတ်ခံရတဲ့ အုပ်ကြီးတွေ
ရန်ကုန်၊ လောင်းလုံး နဲ့ ဂန့်ဂေါ က လူသိများတဲ့ဖြစ်စဉ် (၃) ခုအပြင် မန္တလေးတိုင်းက ပုဂံမြို့သစ်၊ ပဲခူး နဲ့ မကွေးက မြို့နယ်တချို့မှာ သန်းခေါင်စာရင်းကောက်ယူသူတွေ ပစ်ခတ်ခံရတဲ့ ဖြစ်စဉ်တွေ ခပ်စိပ်စိပ် ဖြစ်ပွားနေတာကို ဒေသအခြေစိုက်မီဒီယာတွေရဲ့ ရေးသားမှုအရ ထင်သာမြင်သာတွေ့ရပါတယ်။
မန္တလေးတိုင်း၊ ပုဂံမြို့သစ်၊ အနော်ရထာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးနိုင်နိုင်ထွန်း(ခ) ဆော်လီ ပစ်ခတ်ခံရတဲ့ဖြစ်စဉ်မှာလည်း သန်းခေါင်စာရင်းကောက်ယူရာမှာ မပူးပေါင်းဖို့ သတိပေးချက်ကို ဂရုမစိုက်ခဲ့တာကြောင့်လို့ ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်က အောက်တိုဘာ ၁၄ ရက်မှာ ထုတ်ပြန်ပါတယ်။
အဲဒီနေ့ မနက် ၁၀ နာရီခွဲခန့်မှာ ပစ်ခတ်ခဲ့ပြီး နေရာမှာတင် သေဆုံးခဲ့တဲ့အကြောင်း “နောက်လူတွေလည်း မလိုက်နာရင် ဆော်လီ နောက်လိုက်ရမယ်” လို့ ပြည်သူ့ကာကွယ်ရေးတပ်ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာဖြစ်တဲ့ Bagon Ogre Force မှာ ရေးသားခဲ့တာပါ။
သန်းခေါင်စာရင်းကောက်ယူရာမှာပါဝင်တဲ့ အုပ်ချုပ်ရေးမှူးတွေဟာ စစ်အာဏာရှင်တွေအတွက် လူထုနဲ့ ဆန့်ကျင်ဘက်မှာ ရပ်တည်နေကြသူတွေလို့ တော်လှန်ရေးအစုအဖွဲ့အသီးသီးက သဘောထားထုတ်ပြန်ခဲ့ ကြပါတယ်။
“ဧည့်စာရင်း၊ စစ်မှုထမ်း၊ သန်းခေါင်စာရင်း ... တဆင့်ချင်း တဆင့်ချင်း လူထုနဲ့ ဆန့်ကျင်ဘက်ကို ရောက်လာတာ သတိထားမိလား” ဆိုပြီး သန်းခေါင်စာရင်းမကောက်ခံမီ ရက်ပိုင်းအလိုကစတင်တဲ့ အုပ်ကြီးကမ်ပိန်းက ကြွေးကြော်ထားပါတယ်။
“သန်းခေါင်စာရင်းကောက်တာနဲ့အတူ ဒလန် (သတင်းပေး) တွေရဲ့ စောင့်ကြည့်မှု၊ သတင်းပေးနိုင်တာကို ပိုပြီး အားကောင်းလာတယ်” လို့ ရန်ကုန်မြို့ပြပြောက်ကျားလှုပ်ရှားသူတစ်ဦးက မြို့အခြေအနေနဲ့ပတ်သက်လို့ ဘီဘီစီကို ပြောပါတယ်။
တစ်ဖက်က စစ်ကောင်စီထောက်ခံသူတွေကြားမှာလည်း သန်းခေါင်စာရင်းကောက်ခံသူတွေရဲ့ လုံခြုံရေးနဲ့ ပတ်သက်လို့ စစ်တပ်ကို မေးခွန်းထုတ်လာကြပါတယ်။
စစ်ကောင်စီကတော့ သန်းခေါင်စာရင်းကောက်ယူသူတွေအတွက် လိုအပ်တဲ့လုံခြုံရေး တိုးမြှင့်ပေးနေတယ်လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။
ဒါပေမဲ့ စစ်ကောင်စီကို ထောက်ခံတဲ့သတင်းတွေဖော်ပြလေ့ရှိတဲ့ တယ်လီဂရန်ချန်နယ်တွေမှာပါ သန်းခေါင်စာရင်းကောက်ခံတဲ့ အုပ်ချုပ်ရေးမှူးတွေအသတ်ခံနေရတဲ့အကြောင်း ဒီရက်ပိုင်းအတွင်း ဆက်တိုက်ရေးသားနေကြပြီး သူတို့တွေရဲ့ လုံခြုံရေးကို အလေးထားပေးဖို့ စစ်ကောင်စီကို တိုက်တွန်းနေကြပါတယ်။