စစ်ကောင်စီကောက်တဲ့သန်းခေါင်စာရင်း ဘယ်လောက်မှန်နိုင်လဲ

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအပြီး ၁၀ နှစ်အကြာ ၂၀၂၄ သန်းခေါင်စာရင်းကောက်ချိန်က နိုင်ငံကို စစ်တပ်အာဏာသိမ်းထားချိန်ဖြစ်နေပါတယ်။

၂၀၂၄ ဇူလိုင်လအထိ နိုင်ငံတဝန်း မြို့နယ်ပေါင်း ၃၃၀ မှာ မြို့နယ်ပေါင်း ၂၃၃ ခုထက်မနည်း (၇၀ ရာခိုင်နှုန်းကျော်) မှာ တိုက်ပွဲ အကြိမ်ရေ ၁၅,၀၀၀ နီးပါးဖြစ်ပွားထားပါတယ်။

ဒေသအများစုမှာ တိုက်ပွဲတွေရှိသလို စစ်တပ်ပိုင်ပိုင်နိုင်နိုင်ထိန်းချုပ်နိုင်တဲ့နယ်မြေ ၅၀ ရာခိုင်နှုန်းတောင်မရှိချိန်မှာ အောက်တိုဘာ ၁ ရက်ကနေ ၁၅ ရက်အထိ အချိန်ယူကောက်မယ်လို့ ပြောပါတယ်။

ဒါကြောင့် တွေ့တဲ့နေရာမှာ တွေ့တဲ့သူကို တစ်ရက်အတွင်း လျှပ်တပြက်ကောက်မှ အကောင်းဆုံးဖြစ်တဲ့ သန်းခေါင်စာရင်းကောက်ယူရတဲ့လုပ်ငန်းသဘာဝ ပျောက်သွားပါတယ်။

၂၀၁၄ နဲ့ ၂၀၂၄ သန်းခေါင်စာရင်း ကွာခြားချက် ၅ ချက်

နံပါတ် ၁ ကွာခြားချက်က နိုင်ငံတကာအကူအညီပါ။ ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်းအတွက် ဦးသိန်းစိန်အစိုးရလက်ထက်က အမေရိကန် ဒေါ်လာ ၇၅ သန်း ကုန်ကျခဲ့ပါတယ်။ သန်း ၆၀ ကို နိုင်ငံတကာက စိုက်ထုတ်ခဲ့ပြီး ၁၅ သန်းကို အဲဒီအချိန်က မြန်မာအစိုးရက စိုက်ထုတ်ကုန်ကျခဲ့ပါတယ်။

၂၀၂၄ ခုနှစ် သန်းခေါင်းစာရင်းကောက်ယူမှုက နိုင်ငံတကာအကူအညီမပါခဲ့ပါဘူး။ စစ်တပ်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ အကူအညီပေးဖို့ ကမ်းလှမ်းတဲ့နိုင်ငံတွေရှိပေမဲ့ မယူခဲ့တာလို့ ဖြေထားပါတယ်။

စစ်ကောင်စီထုတ်ပြောတဲ့ စာရင်းအရ ခန့်မှန်းအိမ်ထောင်စု ၁၃ သန်းနီးပါးက ခန့်မှန်းလူဦးရေ ၅၆ သန်းကျော်ကို စာရင်းကောက်ကွက်ပေါင်း ၁၁၀,၀၀၀ ခန့်နဲ့ ကောက်ယူမှာပါ။

ဒါကြောင့် ဒီကောက်ကွက်ပေါင်း ၁ သိန်းကျော်အတွက် ကုန်ကျစရိတ်က နိုင်ငံတော်ဘတ်ဂျက်ငွေထဲက ထုတ်သုံးရမှာမျိုးဖြစ်ပါတယ်။

စစ်ကောင်စီကတော့ ၂၀၂၄ သန်းခေါင်စာရင်းအတွက် ကုန်ကျငွေကို ကျပ်ငွေသန်းပေါင်း ၅ သောင်း ၆ ထောင်ကျော် အကုန်အကျခံ ကောက်ယူမယ်လို့ ထုတ်ပြောပါတယ်။

''စစ်ဘေးနဲ့ ရေးဘေးသင့်နေတဲ့အခြေအနေမှာ လူတွေက ပြန့်ကျဲနေတယ်။ ပြီးတော့ တစ်ရက်တည်း တနိုင်ငံလုံး တပြိုင်နက်တည်း ကောက်နိုင်တာမဟုတ်တဲ့အတွက် စာရင်းမှန်ဖို့ မသေချာဘူး။ ဒါဆိုရင် ဒီအတွက်စိုက်ထုတ်သုံးစွဲရတဲ့ နိုင်ငံတော်ဘတ်ဂျက်က သဲထဲရေသွန်ဖြစ်သွားမယ်'' လို့ ၂၀၁၄ ခုနှစ်က သန်းခေါင်စာရင်းကောက်ယူမှုကို လေ့လာခဲ့တဲ့ အရပ်ဘက်အဖွဲ့တစ်ခုက သုတေသနသမားတစ်ဦးက သုံးသပ်ပါတယ်။

နံပါတ် ၂ အချက်ကတော့ သန်းခေါင်စာရင်းကောက်ယူချိန် မေးမြန်းတဲ့မေးခွန်းတွေ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ကြေညာချက်မှာ စာရင်းစစ်/စာရင်းကောက်သူ ၄ သောင်းကျော်နဲ့ မေးခွန်း ၆၈ ခုကို တစ်အိမ်တက်တစ်အိမ်ဆင်း ကောက်ယူသွားမယ်လို့ ပြောထားပါတယ်။

၂၀၁၄ ခုနှစ်က ကောက်ယူခဲ့တဲ့ သန်းခေါင်စာရင်းမှာ မေးခွန်း (၄၁) ခုသာရှိပြီး ၂၀၂၄ ခုနှစ်မှာ မေးခွန်းပေါင်း ၆၈ ခုအထိ ရှိလာတာကြောင့် မေးခွန်း ၂၇ ခု တိုးလာပါတယ်။

ထပ်တိုးမေးခွန်းတွေထဲမှာ နိုင်ငံခြားရောက်မိသားစုဝင်တွေအကြောင်းလည်း ထည့်မေးထားသလို ကိုယ်ရေးကိုယ်တာနဲ့ ပုဂ္ဂိုလ်ရေးဆန်တဲ့မေးခွန်းတွေပါတယ်လို့ လူထုက ဝေဖန်ပါတယ်။

ကိုယ်ရေးအချက်အလက်၊ ကိုးကွယ်တဲ့ဘာသာ၊ ပြောဆိုတဲ့ဘာသာစကားအပြင် ပြည်ပ ရွှေ့ပြောင်းသွားလာသူရှိ မရှိ၊ လျှပ်စစ်မီတာသုံးစွဲမှု၊ အိမ်သာသုံးစွဲမှု၊ သောက်သုံးရေရရှိမှုစတဲ့ အချက်အလက်တွေလည်းပါပါတယ်။

စစ်ကောင်စီကတော့ သန်းခေါင်စာရင်းကောက်ယူတာကနေ သိရတဲ့ ပိုင်ဆိုင်မှုတွေကို အခွန်ကောက်ခံတာနဲ့ အရေးယူတာမလုပ်ဘူးလို့ တုံ့ပြန်ပါတယ်။

ဒါအပြင် သန်းခေါင်စာရင်းမှာ မေးခွန်းမေးမြန်းထားတဲ့ နိုင်ငံခြားကိုရောက်ရှိနေကြတဲ့ အိမ်ထောင်စုဝင်တွေအတွက်လည်း စိုးရိမ်ဖို့ မလိုသလို အရေးယူမှုလည်းရှိမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

ထပ်တိုးမေးခွန်းတွေထဲမှာ ကျောင်းဆက်မတက်ရတဲ့အကြောင်းအရင်း၊ အမှိုက်စွန့်ပစ်မှုပုံစံနဲ့ သန့်ရှင်းရေးစနစ်တွေအထိပါမယ်လို့ဆိုပြီး ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကဏ္ဍတို့မှာ ဖြည့်ဆည်းပေးဖို့မှာ လိုအပ်တဲ့မေးခွန်းတွေ ဖြစ်တယ်လို့ဆိုပါတယ်။

အိမ်အကြောင်းအရာနဲ့ ပတ်သက်တဲ့အသေးစိတ်အချက်အလက်တွေ မေးမြန်းတာက နိုင်ငံအတွင်း လူနေမှုစနစ်ကို သိရှိနိုင်အောင် မေးမြန်းတာလို့ စစ်ကောင်စီ ရဲ့ လဝက ဝန်ကြီးဦးမြင့်ကြိုင်က တုံ့ပြန်ပါတယ်။

နေအိမ်တွင်း အိမ်ခန်းအရေအတွက်က အစကောက်ယူရတာဟာ ကူးစက်ရောဂါတစ်ခုခုဖြစ်လာရင် ကြိုတင်စီစဥ်တွက်ချက်နိုင်အောင်လို့ ပြောပါတယ်။

လဝက ဝန်ကြီးက အခုလိုအာမခံပြောပေမဲ့ မြေပြင်မှာတော့ စစ်မှုထမ်းစုဆောင်းနေမှု၊ ပြည်ပကို ထွက်ခွာမှုတွေကို တင်းကျပ်ထားတာတွေရှိနေတာကြောင့် အိမ်ထောင်စုတွေအတွင်း တိကျတဲ့ ကိုယ်ရေးအချက်အလက်တွေကိုပေးဖို့ စိုးရိမ်နေရတယ်လို့ ရန်ကုန်မြို့ခံတစ်ဦးက ပြောပါတယ်။

''စာရင်းကောက်တဲ့သူတွေက အိမ်ရှိလူဦးရေနဲ့ အသက်အရွယ်၊ ကျောင်းနေအရွယ် ရှိ မရှိ၊ မျက်မှန်တပ်ရခြင်းရှိ မရှိ၊ ထမင်းစားခန်း၊ အိပ်ခန်းအရေအတွက်၊ အိမ်ထောင်ကျတဲ့ကာလနဲ့ ကလေးရတဲ့အချိန်တွေကို မေးတယ်။ တစ်ယောက်က တက်ဘလက်မှာ ထည့်သွင်းပြီး တစ်ယောက်က စာအုပ်မှာ ထည့်မှတ်တယ်'' လို့ ရန်ကုန်တိုင်း ဗဟန်းမြို့နယ်မှာ နေထိုင်သူတဦးက သန်းခေါင်စာရင်းကောက်ခံရတဲ့ပုံစံကိုရှင်းပြပါတယ်။

စစ်ကိုင်းတိုင်း၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်းအတွင်းမှာ နေထိုင်တဲ့ ဒေသခံတချို့ကို ဘီဘီစီက မေးမြန်းကြည့်တဲ့အခါ တော်လှန်ရေးအဖွဲ့အစည်းထဲ ရောက်ရှိနေသူတွေရဲ့ မိသားဝင်တွေနဲ့ CDM အသိုင်းအဝန်းကတော့ သန်းခေါင်စာရင်း ကောက်ယူမှုအပေါ် စိုးရိမ်မှု ရှိနေကြပါတယ်။

''တော်လှန်အ‌ရေးအဖွဲ့ထဲရောက်နေသူတွေကို သိရင် အိမ်ချိပ်ပိတ်တာ ဖိအားပေးလာမှာကို စိုးရိမ်တယ်။ အလုပ်အကိုင်တွေကို မေးမြန်းလို့ CDM မှန်းသိမှာလည်း စိုးရိမ်နေတယ်'' လို့မော်လမြိုင်ဒေသခံတစ်ဦးက ပြောပါတယ်။

၂၀၁၃ ခုနှစ် သန်းခေါင်စာရင်း ဥပဒေမှာတော့ သန်းခေါင်စာရင်းက ကောက်ယူရရှိတဲ့အချက်အလက်တွေကို အရေးယူတဲ့ကိစ္စတွေအပါအဝင်အခြားနေရာတွေမှာ အသုံးပြုခွင့်မရှိဘူးလို့ ပြဌာန်းထားပါတယ်။

ဒါပေမဲ့ စစ်တပ်အာဏာသိမ်းထားပြီး ပုံစံမျိုးစုံနဲ့ ဖမ်းဆီးခံရမှုတွေရှိနေချိန်မှာတော့ ပုဂ္ဂိလ်ရေးဆန်တဲ့ မေးခွန်းတွေကို လူထုက စိုးရိမ်ကြပါတယ်။

နံပါတ် ၃ ကွာခြားချက်ကတော့ သန်းခေါင်းစာရင်းကို မဲစာရင်းအတွက်ပါသုံးမယ်ဆိုတဲ့စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ပြောဆိုချက်ပါ။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းကို ထဲထဲဝင်ဝင်လေ့လာခဲ့တဲ့ အရပ်ဘက်အဖွဲ့အစည်းတချို့က သုတေသနသမားတချို့ကတော့ ရွေးကောက်ပွဲမဲစာရင်းမှန်ဖို့ သန်းခေါင်စာရင်းကောက်တာဟာ သက်ဆိုင်မှုမရှိဘူးလို့ မှတ်ချက်ပြုပါတယ်။

''မဲစာရင်းက အဆင်သင့်ပဲလို့ ပြီးခဲ့တဲ့လက ရွေးကောက်ပွဲကော်မရှင်နဲ့ ပါတီတွေတွေ့တော့ ရွေး/ကော်ဘက်ကပြောတယ်လို့ ပါတီတချို့က ပြန်ပြောထားတယ်လေ။ ဒါဆို သန်းခေါင်စာရင်းက အခုမှကောက်မှာဆိုတော့ မဲစာရင်းနဲ့ဘယ်လိုမှမပတ်သက်ဘူးလို့ပဲပြောရမယ်။ သန်းခေါင်စာရင်းရဲ့အဓိကအချက်က လည်း အိမ်ထောင်စုရယ်၊ လူဦးရေ အကြောင်းအရာအတွက်ပဲလေ'' လို့ သုတေသနသမား တစ်ဦးက ထောက်ပြပါတယ်။

သန်းခေါင်စာရင်းက နိုင်ငံတဝန်းက လူဦးရေ၊ အမျိုးသား၊ အမျိုးသမီး အရေအတွက်၊ လူမျိုး၊ ဘာသာ၊ စီးပွားရေး၊ လူမှုရေး စတာတွေနဲ့ ချိတ်ဆက်ကောက်ယူတဲ့ အချက်အလက်ဖြစ်ပြီး ရွေးကောက်ပွဲအတွက် မဲစာရင်းက ဆန္ဒမဲပေးပိုင်ခွင့်ရှိသူကိုသာစာရင်းပြုစုတဲ့လုပ်ငန်းဖြစ်ပါတယ်။

''အလုံးစုံတော့ သက်ဆိုင်မနေဘူး။ ဒါပေမဲ့ ပထမဆုံးမဲပေးခွင့်ရမယ့် ၁၈နှစ်ပြည့်စာရင်းတော့ ထွက်လာနိုင်တာပေါ့။ ဒါပေမဲ့ တစ်နိုင်ငံလုံးကောက်နိုင်မလားဆိုတာ ပြန်မေးရမယ်'' လို့ နိုင်ငံရေးအကဲခတ်တစ်ဦးက ပြောပါတယ်။

ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌလည်းဖြစ်သလို စစ်ကောင်စီရဲ့ လဝကဝန်ကြီးလည်းဖြစ်တဲ့ဦးမြင့်ကြိုင်ကတော့ မဲစာရင်းတင်မက ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းတွေအတွက် လိုအပ်တဲ့အညွှန်းကိန်း တွေရမှာဖြစ်သလို ကိုဗစ်-၁၉ နောက်ဆက်တွဲအကျိုးဆက်ပြောင်းလဲလာတဲ့ လူမှုရေးနဲ့ စီးပွားရေးအခြေအနေကို သုံးသပ်နိုင်မယ်လို့ ပြောထားပါတယ်။

ဒီ ၃ ချက်တင်မက စစ်အာဏာသိမ်းထားလို့ နိုင်ငံတဝန်းပဋိပက္ခတွေ ပြင်းထန်နေတာ၊ နယ်မြေဒေသအလိုက်တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိန်းချုပ်နယ်မြေတွေဖြစ်လာတွေက ၂၀၁၄ နဲ့ ၂၀၂၄ ကွာခြားချက်တွေဖြစ်ပါတယ်။

စစ်ဘေး/ရေဘေးကြားက မြေပြင်စာရင်းဘယ်လောက်မှန်နိုင်လဲ

နံပါတ် ၄ ကွာခြားချက်က နိုင်ငံတဝန်းရဲ့ လုံခြုံရေးအခြေအနေပါ။ ၂၀၁၄ သန်းခေါင်စာရင်းတုန်းကလည်း လုံခြုံရေးကြောင့် မကောက်ခဲ့ရတဲ့ ဒေသတွေရှိခဲ့ပေမဲ့ တစ်နိုင်ငံလုံး အနေအထားနဲ့ ၉၈ ရာခိုင်နှုန်းလောက်ကို စာရင်းကောက်နိုင်ခဲ့တယ်လို့ ၂၀၁၄ သန်းခေါင်စာရင်း အစီရင်ခံစာက ဖော်ပြထားပါတယ်။

၂၀၁၄ မှာ ရခိုင်၊ ကရင်နဲ့ ကချင်က ဒေသအချို့မှာသာ ကောက်ယူလို့မရခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ရာနှုန်းပြည့်နီးပါးကောက်နိုင်ခဲ့တယ်လို့ နားလည်ရပါတယ်။

စစ်တပ်အာဏာသိမ်းထားချိန် ၄ နှစ်နီးပါးအရောက် ၂၀၂၄ မှာတော့ နိုင်ငံတဝန်းက တိုင်းစစ်ဌာနချုပ် ၁၄ ခုရှိတဲ့အထဲ ၁၀ ခုမှာ လက်နက်ကိုင်တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

မြို့နယ်ပေါင်း ၃၃၀ မှာ ၂၃၃ ခုထက်မနည်း (၇၀ ရာခိုင်နှုန်းကျော်)မှာ တိုက်ပွဲတွေရှိနေတာကို မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) ရဲ့ ဇူလိုင်အထိ စစ်တမ်းမှာ တွေ့ရပါတယ်။

ကယား (ကရင်နီ)၊ ရခိုင်၊ကရင်၊ ကချင်၊ ချင်း၊ ရှမ်း(မြောက်)နဲ့ စစ်ကိုင်းတို့မှာ ဒေသတစ်ခုလုံးနီးပါး တိုက်ပွဲတွေရှိနေသလို မြို့အများစုကို တော်လှန်ရေးအင်အားစုတွေက ထိန်းချုပ်ထားပါတယ်။

တနင်္သာရီ၊ မွန်၊ မန္တလေး၊ ပဲခူး၊စစ်ကိုင်းနဲ့ မကွေးတို့မှာတော့ မြို့နယ်အချို့မှာ နေ့စဥ်နီးပါးတိုက်ပွဲတွေရှိနေပါတယ်။

လက်နက်ကိုင်တိုက်ပွဲများအတွင်း မြို့ပေါင်း ၇၀ နီးပါးနဲ့ တိုင်းစစ်ဌာနချုပ်တခုကို တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်ထားပါတယ်။

တော်လှန်ရေးအင်အားစုတွေ အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ထားတဲ့မြို့၊ စစ်ကောင်စီတပ်များ မြို့ပေါ်သာထိန်းချုပ်ထားနိုင်တဲ့မြို့ ဆိုပြီးရှိသလို အစိုးရဝန်ထမ်းတွေနဲ့ အုပ်ချုပ်ရေးယန္တရားတွေ ပျက်သွားတဲ့ မြို့တွေ ရှိနေတာဖြစ်ပါတယ်။

'' အစိုးရရုံးတွေမရှိတော့တဲ့ မြို့တွေဆယ်နဲ့ချီမက ရှိနေတာ တိကျတဲ့ သန်းခေါင်စာရင်းရဖို့ဆိုတာ အတော်ခက်ပါတယ်'' လို့ အကဲခတ်တစ်ဦးက ပြောပါတယ်။

လက်နက်ကိုင်တိုက်ပွဲတွေရှိနေပြီး စစ်ရေးပြင်းထန်နေတဲ့ ဒေသတွေကိုဘယ်လိုကောက်မလဲလို့ ဘီဘီစီက စစ်ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး ဦးမြင့်ကြိုင် ကို မေးခွန်းထုတ်ခဲ့ပါတယ်။

'' နိုင်ငံအတွင်းက ပဋိပက္ခဖြစ်ပွားနေတဲ့နေရာတွေကိုတော့ အချိန် ၃ လလောက်ယူပြီး လုံခြုံရေးစစ်ကြောင်း၊ ကျန်းမာ‌ရေးစစ်ကြောင်းလို စစ်ကြောင်းတွေနဲ့ ကောက်ယူသွားမယ်'' လို့ ဦးမြင့်ကြိုင် ကဖြေပါတယ်။

ကုလသမဂ္ဂရဲ့ စာရင်းအရမြန်မာမှာ စစ်ဘေးကြောင့် နေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်သူ ၃ ဒသမ ၄ သန်းရှိနှင့်ပြီ ဖြစ်တယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီကထုတ်ပြန်ထားပါတယ်။

တိုက်ပွဲကြောင့် စစ်ရှောင်စခန်းမှာ ခိုလှုံနေရတဲ့သူတွေနဲ့ ပတ်သက်လို့ လဝက ဝန်ကြီး ဦးမြင့်ကြိုင်ကတော့ နည်းစနစ် ၂ မျိုးနဲ့ ကောက်သွားမယ်လို့ ဘီဘီစီကိုပြောပါတယ်။

“တချို့က စစ်ရှောင်စခန်းမှာ ကိုယ့်မိသားစုနဲ့ကိုယ်နေတယ်၊ တချို့စစ်ရှောင်စခန်းမှာတော့ အမျိုးသား၊ အမျိုးသမီး သီးသန့်ထားတာရှိတယ်။ ကိုယ်ပိုင်တဲထိုးပြီးနေတဲ့ အိမ်ထောင်သည်တွေကိုတော့ အိမ်ထောင်စု မေးခွန်းပုံစံအတိုင်းကောက်ပြီးတော့ သီးသန့်နေရတဲ့သူတွေကိုတော့ အဖွဲ့အစည်းမေးခွန်းပုံစံအတိုင်း ကောက်တာပေါ့” လို့ သူက ဖြေကြားပါတယ်။

အဖွဲ့အစည်းမေးခွန်းပုံစံမှာတော့ အချက် (၁၈) ချက်ပါဝင်ပြီး အိမ်ပိုင်ဆိုင်မှုနဲ့ပတ်သက်တဲ့ မေးခွန်းတချို့ မပါဝင်တော့ဘူးလို့ သိရပါတယ်။

ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့ခံတစ်ဦးရဲ့ အပြောအရ သန်းခေါင်စာရင်းကောက်ယူတဲ့ ပညာရေးဝန်ထမ်း ဆရာ/ဆရာမတွေကိုယ်တိုင်လည်း ကြောက်စိတ်တွေရှိနေတယ်လို့ ဆိုပါတယ်။

စစ်တပ်က လုံခြုံရေးပြည့်နဲ့ ကောက်ယူတာကို မလုပ်နိုင်တဲ့မြို့နယ်တွေမှာတော့ ဆရာ/ဆရာမကသာ အိမ်ထဲဝင်ပြီး စာရင်းကောက်တာမျိုးမှာ အိမ်ရှင်တွေကို ပြန်ကြောက်ကြတာမျိုးလည်း ရှိနေတာပါ။

'' သူက ပြန်ပြောသွားတယ်။ ဦးလေးကြီးရယ် ကျွန်မကိုပြန်တော့ မရစ်ပါနဲ့ တချို့အိမ်တွေက မေးခွန်းတွေကို ပြန်ရစ်တော့ ကျွန်မတို့လည်း ဖြေရခက်တယ်။ သူတို့ စိတ်ဆိုးပြီး တခုခုတုံ့ပြန်မှာလည်းကြောက်ရတယ်'' လို့ ရန်ကုန်၊မြောက်ဒဂုံမြို့ခံတစ်ဦးက သူ့အတွေ့အကြုံကိုပြောပြပါတယ်။

နိုင်ငံတကာသံရုံးတွေရဲ့ သက်ဆိုင်ရာနိုင်ငံက သံရုံးဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေကလွဲလို့ ဗီဇာနဲ့နေထိုင်တဲ့ နိုင်ငံခြားသား‌တွေ သာသနာ့အနွယ်ဝင်ဘုန်းကြီးတွေ၊ မယ်သီလရှင်တွေအပါအဝင် နိုင်ငံတွင်းမှာရှိတဲ့ လူဦးရေအားလုံးကို စာရင်းကောက်ယူသွားမယ်လို့ စစ်ကောင်စီကကြေညာထားပါတယ်။

ဘီဘီစီရဲ့ စုံစမ်းရရှိထားတဲ့အချက်အလက်တွေအရ မြို့ကြီးဖြစ်တဲ့ ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ အောက်တိုဘာ ၁ ရက်ကတည်းက စာရင်းကောက်ယူတာတွေရှိသလို အောက်တိုဘာ ၉ ရက်အထိ သန်းခေါင်စာရင်းမကောက်တဲ့ မြို့နယ်တွေလည်းရှိနေပါတယ်။

စစ်ကောင်စီရဲ့ လဝက ဝန်ကြီး ဦးမြင့်ကြိုင်ကတော့ တွေ့တဲ့နေရာမှာ စာရင်း‌ကောက်ယူတဲ့နည်းလမ်း (Defacto) စနစ်နဲ့ ကောက်ယူသွားမှာလို့ပြောပြီး တိုက်ပွဲဖြစ်ပွားတဲ့ ဒေသတွေမှာလုံခြုံရေးအင်အားတိုးကောက်မယ်လို့ ဘီဘီစီကိုဖြေပါတယ်။

“လုံခြုံရေးမတည်ငြိမ်တဲ့ဒေသတွေမှာ လုံခြုံရေးအင်အားတွေ ထပ်ဖြည့်ပြီးတော့မှ အချိန်ကိုတိုးမြှင့်ပြီး ကောက်သွားမယ်”

တဖက်မှာလည်း အာဏာသိမ်းထားချိန်ကောက်တဲ့ သန်းခေါင်စာရင်းဖြစ်လို့ စာရင်းကောက်တဲ့ ပညာရေးဝန်ထမ်းတွေအပြင် ရဲနဲ့ စစ်တပ်လို စစ်ကောင်စီရဲ့ လုံခြုံရေးတပ်ဖွဲ့တွေပါလိုက်ပါတဲ့ မြို့နယ်တွေလည်းရှိပါတယ်။

ရန်ကုန်၊ ဆင်ခြေဖုံး မြို့နယ်တွေမှာဆိုရင် ပျုစောထီးနဲ့ ပြည်သူ့စစ်အဖွဲ့ဝင်တွေလည်း စာရင်းကောက်တဲ့အဖွဲ့ထဲလိုက်ပါတာတွေ့ရပါတယ်။

ဒီလို ပုံစံကောက်ယူမှုကြောင့်ပဲ ဘီဘီစီမေးမြန်းခွင့်ရတဲ့ အရပ်သားတွေကတော့ ဖိအားပေးကောက်တယ်လို့ ထင်ကြသလို စိုးရိမ်စိတ်လည်းရှိကြပါတယ်။

'' ဒီသန်းခေါင်စာရင်းက မှန်ဖို့ တော်တော်ခက်မယ်။ နှစ်ဖက်လုံးက အကြောက်တရားနဲ့ ကောက်နေရတဲ့ စာရင်းဗျာ။ဘယ်လိုမှန်မလဲ။ ဘယ်လောက်မှန်မလဲ။ စဥ်းစားကြည့်ရင်ပဲ မြင်ပါတယ်'' လို့ ရန်ကုန်မြို့၊ မြောက်ဒဂုံ မြို့ခံက သူ့ အမြင်အရ စာရင်းကောက်ခံသူ လူထုဘက်ရော၊ ကောက်ရတဲ့ ပညာရေးဝန်ထမ်းဘက်တွေပါ အကြောက်တရားရှိနေတာကို ရှင်းပြပါတယ်။

နံပါတ် ၅ ကွာခြားချက်ကတော့ သဘာဝဘေးကြုံခဲ့ရချိန်ဖြစ်နေတာပါ။ ၂၀၁၄ သန်းခေါင်စာရင်းကာလမှာ သဘာဝဘေးမရှိခဲ့ဘဲ ၂၀၁၄ မတ်လ ၃၀ ကနေ ဧပြီ ၁၀ ရက်အထိ ၁၂ ရက်ကြာကောက်ခဲ့ပါတယ်။

၂၀၂၄ မှာ သန်းခေါင်စာရင်းကောက်ဖို့ စစ်တပ်ဆော်သြနေချိန် စက်တင်ဘာလလယ်ပိုင်းမှာ တောင်တရုတ်ပင်လယ်မှာဖြစ်ခဲ့တဲ့ မုန်တိုင်း ယာဂိရဲ့ အကြွင်းအကျန် မုတ်သုံမိုးသည်းထန်စွာရွာခဲ့တာကြောင့် မြန်မာက မြို့နယ်ပေါင်း ၃၃၀ ထဲက မြို့နယ်ပေါင်း ၇၀ မှာ အဆိုးရွားဆုံး ရေကြီးရေလျှံတာတွေဖြစ်ခဲ့ပါတယ်။

ကုလသမဂ္ဂရဲ့ စက်တင်ဘာ ၂၆ ရက်အထိ ထုတ်ပြန်ချက်အရ ရေဘေးသင့်သူ လူဦးရေ ၁ သန်းခန့် ရှိပြီး လူဦးရေ ၃၆၀ ကျော် ရေနစ်သေဆုံးခဲ့သလို ၁၀၀ ဦးထက်မနည်း ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ သန်းခေါင်စာရင်းကောက်မယ့် အောက်တိုဘာ ၁ ရက်မတိုင်ခင်မှာ ရေဘေးသင့်သူ အားလုံးအိမ်ပြန်ရောက်ရေး အဓိကလုပ်ဖို့ ပြောခဲ့ပါတယ်။

ဒါပေမဲ့ စက်တင်ဘာ ဒုတိယပတ်က ပထမရေကြီးမှုမပြီးခင် ပြန်လည်ထူထောင်ရေးလုပ်နေချိန်မှာပဲ စက်တင်ဘာနောက်ဆုံးပတ်နဲ့ အောက်တိုဘာပထမပတ်ထဲမှာ နောက်ထပ်မိုးများလို့ ရေကြီးရေလျှံတာတွေထပ်ဖြစ်ခဲ့ပါတယ်။

ဒါအပြင်အောက်တိုဘာ ပထမပတ်အထိ ပထမရေကြီးမှုကြောင့် ရေအလုံးစုံမကျသေးတဲ့ ဒေသတွေလည်းဆက်ရှိနေပါတယ်။

''ရှမ်းတောင် ကလော၊ လွိုင်လင်နဲ့ အင်းလေးဆို လမ်းတွေပြို၊ နုန်းတွေ အများကြီးကျန်တယ်။ လမ်းတွေ တောင်ထပ်ပြိုလို့ ပျက်နေတယ်။ ပိတ်နေတယ်။ သူတို့ ဘယ်လိုကောက်မလဲ။ ကိုယ့်အိမ်တောင် ကိုယ်မနေရသေးတဲ့သူ အများကြီး အိမ်လိုက်ပါသွားတဲ့သူလည်း အများကြီး။ သူတို့လည်း လာမကောက်နိုင်သေးဘူး'' လို့ ရှမ်းပြည်နယ်၊ တောင်ပိုင်း ကလောမြို့က လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောပါတယ်။

ဝန်ကြီးဦးမြင့်ကြိုင်ကတော့ ရေဘေးသင့်လို့ ရေဘေးကယ်ဆယ်ရေးစခန်းမှာနေနေရဆဲသူတွေကိုလည်း အဖွဲ့အစည်းမေးခွန်းပုံစံအတိုင်းပဲ ကောက်မယ်လို့ ပြောပါတယ်။

“ရေကြီးလို့ အိမ်ပါသွားတာကြောင့် အိမ်ပိုင်ဆိုင်မှုနဲ့ ပတ်သက်တဲ့မေးခွန်းတွေ မပါတော့ဘူး”လို့ သူက ဆိုပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ စာရင်းကောက်ယူလို့ရတဲ့နေရာကောက်ယူပြီး ကောက်ယူလို့မရတဲ့နေရာတွေကိုတော့ ရှိနှင့်ပြီးသား အချက်အလက်တွေအပေါ် မူတည်ပြီး ခန့်မှန်းကောက်ယူသွားမယ်လို့ ဘီဘီစီကို ဖြေထားပါတယ်။

စစ်တပ်လက်လွှတ်လိုက်ရတဲ့နယ်မြေတွေက သန်းခေါင်စာရင်းကောက်ယူမှု

၁၀၂၇ စစ်ဆင်ရေး ၂ ကျော့ အပြီး မြောက်ပိုင်းညီနောင် ထိန်းချုပ်ထားတဲ့ ဒေသတွေမှာတော့ အောက်တိုဘာ ပထမပတ်အထိသန်းခေါင်စာရင်းကောက်ယူတာတွေ မရှိသေးပါဘူး။

လဝကဝန်ကြီး ဦးမြင့်ကြိုင်ကတော့ သန်းခေါင်စာရင်းကို ပဋိပက္ခဖြစ်နေတဲ့ဒေသတွေမှာလည်း မဖြစ်မနေ ကောက်ယူသွားမှာဖြစ်သလို နယ်ခြေအခြေအနေတွေကြောင့် ကောက်တဲ့အချိန် (၃) လတိုးပြီး အပြီးကောက်သွားမယ်လို့ ဘီဘီစီကို ပြောပါတယ်။

ပြီးခဲ့ စက်တင်ဘာလဆန်းတုန်းက စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူ့ရဲ့ လွိုင်ကော်ခရီးစဉ်မှာ ကယားပြည်နယ်ကို ပုံမှန်အခြေအနေပြန်ဖြစ်အောင် ဆောင်ရွက်ပြီး သန်းခေါင်စာရင်းကောက်တာတွေ အောင်မြင်အောင်လုပ်မယ်လို့ ပြောခဲ့ပါတယ်။

စစ်ကောင်စီပြန်လည်ထိန်းချုပ်ထားနိုင်တဲ့ မြို့တော်လွိုင်ကော် တစ်ခုတည်းသာ သန်းခေါင်စာရင်းကောက်နိုင်တယ်လို့ မြို့ခံတချို့ကပြောပါတယ်။

“လွိုင်ကော်ကို ထိန်းချုပ်ထားတယ်ဆိုပေမယ့် ရာနှုန်းပြည့် ထိန်းချုပ်နိုင်တာ မဟုတ်ဘူး၊ စိုးမိုးထားတာ မဟုတ်ဘူး၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စစ်တပ်ထဲကထွက်ပြီး ရပ်ကွက်ထဲ ဝင်ရင်တောင် အပစ်ခံရတာတွေရှိတယ်၊ သန်းခေါင်စာရင်းဆိုတာကလည်း စိတ်ကူးယဉ်မှု တစ်ခုပဲဖြစ်မယ်၊ ကရင်နီလိုနေရာမျိုးမှာတော့ ရာနှုန်းပြည့် သန်းခေါင်စာရင်းကောက်နိုင်မှာမဟုတ်ဘူး”လို့ လွိုင်ကော်ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

နောက်ပြီး ကချင်လွတ်လပ်ရေးတပ် (KIA) နဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေဆက်ရှိနေတဲ့ ကချင်ပြည်နယ်မှာလည်း မြစ်ကြီးနားမြို့ အပါအဝင် စစ်ကောင်စီထိန်းချုပ်နေဆဲ မြို့တွေမှာ သန်း‌ခေါင်စာရင်းလာကောက်တာ မရှိသေးဘူးလို့ KIA ပြောခွင့်ရ ဗိုလ်ချုပ်မှူးကြီး နော်ဘူက ဘီဘီစီကို ဖြေဆိုထားပါတယ်။

ဒါအပြင် ချင်းပြည်နယ်က မြို့နယ် ၇ မြို့နယ်မှာ ဟားခါးနဲ့ဖလမ်း မြို့ပေါ်လောက်သာ သန်းခေါင်စာရင်းကောက်ဖို့ စစ်တပ်က ကြိုးစားနေရပြီး ကျန်တဲ့မြို့နယ်အများစုမှာ ကောက်ယူနိုင်တာမရှိဘူးလို့ ချင်းကာကွယ်ရေးတပ်တွေဘက်က ပြောထားပါတယ်။

ချင်းပြည်နယ် ဟားခါးမြို့မှာဆိုရင် အောက်တိုဘာ ၁ ရက်က စစ်တပ်နဲ့ သန်းခေါင်စာရင်းကောက်တဲ့အဖွဲ့ သန်းခေါင်စာရင်း ကောက်ယူနေချိန် တိုက်ခိုက်ခံခဲ့ရပါတယ်။ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF) ဟားခါးအဖွဲ့ကတော့ အဲဒီတိုက်ခိုက်မှုကို သူတို့လုပ်တာလို့ထုတ်ပြောထားပါတယ်။

သန်းခေါင်စာရင်းကို ဘယ်လိုပုံစံကောက်နေလဲ

အောက်တိုဘာ ၁ ရက် ကစပြီး သန်းခေါင်စာရင်းကောက်မယ်လို့ စစ်ကောင်စီက ကြေညာထားပေမယ့် တကယ့်မြေပြင်မှာတော့ စက်တင်ဘာလကုန်ပိုင်းကတည်းက ရပ်ကွက်တချို့မှာ အကြောင်းကြားစာတွေဝေပြီး ဆော်ဩနေတာပါ။

လူမှုကွန်ရက်ပေါ်မှာလည်း သန်း‌ခေါင်စာရင်းနဲ့ပတ်သက်တဲ့ အကြောင်းကြားစာတွေ ပြန့်နှံ့ခဲ့ပါတယ်။

ရန်ကုန်တိုင်းက မြို့နယ်တချို့မှာ စစ်ကောင်စီရဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးအပါအဝင် လဝကဝန်ထမ်း (၃) ဦးနဲ့ တစ်အိမ်တက်ဆင်း လိုက်ကောက်တာရှိသလို အိမ်ထောင်စုအလိုက် အိမ်ထောင်ဦးစီးတစ်ယောက်တည်းကပဲ ရပ်ကွက်ရုံးအထိ သွားပြီး စာရင်းပေးရတာတွေလည်း ရှိပါတယ်။

“တိုက်အောက်အထိ ယူနီဖောင်းဝတ်စုံဝတ်ထားတဲ့ သူ ၃ ဦး စာရင်း လာကောက်တယ်။ အိမ်အောက်ဆင်းပြီး မေးတဲ့အချက်အလက်တွေ ဖြည့်ရတယ်၊ ဘယ်နှစ်ယောက်နေလဲ၊ အိမ်ငှားလား၊ အိမ်ပိုင်လား။ အိမ်ငှားဆိုရင်တော့ ဧည့်စာရင်းပြရတယ်” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

နောက်ထပ်မြို့နယ်တစ်ခုမှာတော့ “ရပ်ကွက်ရုံးကို သွားရတယ်။ ပြည်ပရောက်နေတဲ့သူတွေရှိလား မေးတယ်။ ရှိတယ်ပြောရင် ဖုန်းပါခေါ်ခိုင်းတယ်၊ ပြည်ပမှာ ဘာအလုပ်လုပ်လဲဆိုတာကအစ အသေးစိတ်မေးတယ်” လို့ မြို့ခံတစ်ဦးက ထပ်ပြောပါတယ်။

အိမ်အကြောင်းအရာတွေ ဖြေပေးနိုင်မယ့်သူတစ်ဦး အိမ်မှာရှိဖို့ စစ်ကောင်စီရဲ့ ရပ်ကွက်ရုံးတွေကနေ တိုက်တွန်းခဲ့တယ်လို့ ဘီဘီစီမေးမြန်းခွင့်ရတဲ့ မြို့ခံတွေက ဖြေပါတယ်။

သန်းခေါင်စာရင်းကောက်တဲ့အခါမှာလည်း တစ်နေရာနဲ့တစ်နေရာ မတူညီတဲ့ ပုံစံတွေနဲ့ စာရင်းကောက်ယူနေတာကို မြို့ခံတွေကတဆင့် ဘီဘီစီက စုံစမ်းသိရှိရပါတယ်။

လုံခြုံရေးအစောင့်အရှောက်တွေနဲ့ ကောက်ယူသလို စစ်တပ်ထိန်းချုပ်နိုင်တဲ့ ရန်ကုန်အပါအဝင်မြို့ကြီးတချို့မှာတော့ စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင် သုံးဦးကနေ ငါးဦး ခန့်အထိ လုံခြုံရေးယူပြီး ကောာက်ယူနေတာပါ။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ သေနတ်ကိုင်ဆောင် ကောက်ယူတာဖြစ်လို့ သန်းခေါင်စာရင်းမေးခွန်းတွေကို စိုးရိမ်စိတ်၊ကြောက်စိတ်တွေနဲ့ ဖြေကြရတယ်လို့ ဘီဘီစီမေးမြန်းခွင့်ရတဲ့ ရန်ကုန်မြို့ခံ ၅ ဦးထက်မနည်းကပြောပါတယ်။

''စစ်သားနဲ့ ရဲတင် မကဘူး။ ပလေကပ် ပုဆိုးအကွက်ကြီးတွေဝတ်တဲ့ ပျူစောထီးတွေရော၊ စစ်ဝတ်စုံအပေါစားအသားတွေ ဝတ်ထားတဲ့ ပြည်သူ့စစ်တွေလို အဖွဲ့တွေရော ပါတယ်။ ပါဝါပြပြီး ကောက်ကြတာ'' လို့ ရွှေပြည်သာမြို့နယ်မှာ နေထိုင်သူတစ်ဦးကပြောပါတယ်။

အခုစစ်ကောင်စီကောက်တဲ့ သန်းခေါင်စာရင်းမှာ လူဦးရေနဲ့ဆိုင်တဲ့ မေးခွန်း ၁၁ ခု၊ ပြည်တွင်းရွှေ့ပြောင်းသွားလာမှုနဲ့ဆိုင်တဲ့ မေးခွန်း ၆ ခု၊ ပညာရေးနဲ့ဆိုင်တဲ့ မေးခွန်း၆ ခု၊ လုပ်သားအင်အားနဲ့ဆိုင်တဲ့ မေးခွန်း ၇ ခု၊ မွေးဖွားမှုနဲ့ဆိုင်တဲ့ မေးခွန်း ၉ ခု ၊ မသန်စွမ်းနဲ့ဆိုင်တဲ့ မေးခွန်း ၁ ခု၊ ပြည်ပရွှေ့ပြောင်း သွားလာမှုနဲ့ဆိုင်တဲ့ မေးခွန်း ၈ ခု ၊ အိမ်အကြောင်းအရာ မေးခွန်း ၁၃ ခု၊ သေဆုံးမှု၊ ကိုယ်ဝန်ဆောင်မှုနဲ့ မိခင်သေဆုံးမှုနဲ့ ဆိုင်တဲ့ မေးခွန်း ၇ ခု ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းမှာပါတဲ့ လူမျိုးနဲ့ပတ်သက်တဲ့ မေးခွန်းအစား အိမ်မှာပြောဆိုတဲ့ ဘာသာစကားဆိုပြီးပြောင်းလဲ ထည့်သွင်းထားပါတယ်။

အလားတူ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (ရက္ခိုင့်တပ်တော် အေအေ)တို့ကြား တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မှာလည်း စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြို့တချို့လောက်မှာပဲ စစ်ကောင်စီက သန်းခေါင်စာရင်းကောက်နိုင်တဲ့အခြေအနေလို့ ဘီဘီစီသတင်းရင်းမြစ်က ပြောပါတယ်။

“စစ်တွေ၊ ကျောက်ဖြူ၊ အမ်း၊ မာန်အောင်၊ ဂွမြို့တွေမှာပဲ သန်းခေါင်စာရင်းကောက်နိုင်တာ၊ အေအေထိန်းချုပ်ထားတဲ့မြို့တွေမှာ စစ်ကောင်စီက ကောက်လို့မရပါဘူး” လို့ သူက ဆက်ပြောပါတယ်။

ကောက်လို့ရတဲ့ မြို့တွေမှာလည်း မြို့ပေါ်ဧရိယာလောက်ကိုပဲ စာရင်းကောက်နိုင်ပြီး အဲဒီမြို့တွေမှာလည်း မြို့ပေါ်နေ လူဦးရေ ၄ ပုံ ၁ ပုံလောက်ပဲ ကောက်နိုင်တာလို့ ဆိုပါတယ်။

“တိုက်ပွဲတွေဖြစ်တော့ မြို့ပြင်နဲ့ ရွာတွေဘက် စစ်ရှောင်နေကြတဲ့သူတွေရှိသလို မြို့ကြီးတွေဘက် စစ်ရှောင်သွားကြလည်းရှိတယ်၊ ရွာတွေနဲ့ မြို့ပြင်ဆင်ခြေဖုံး ဒေသ၊ ရပ်ကွက်တွေမှာ အေအေက ထိန်းချုပ်ထားလို့ စာရင်းကောက်မရဘူး”လို့ သတင်းရင်းမြစ်က ရှင်းပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို သန်းခေါင်စာရင်းကောက်လား

အကျဉ်းချခံထားရတဲ့ ဒေါ်အောင်ဆန်းဆုကြည်ကိုလည်း သန်းခေါင်စာရင်းကောက်လားဆိုတာကို ဘီဘီစီက စစ်ကောင်စီရဲ့ လူဝင်မှုကြီးကြပ်‌ရေး(လဝက) နဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်ကို မေးမြန်းခဲ့ပါတယ်။

“အကျဉ်းဦးစီးဌာနမှာဆိုရင်တော့ အကျဉ်းဦးစီးဌာနရဲ့ သင်တန်းပေးထားတဲ့ အရာထမ်း၊ အမှုထမ်းတွေကပဲ စာရင်းကောက်တယ်” လို့ သာဖြေပြီး ဒေါ်အောင်ဆန်းစုကြည်ကို သန်းခေါင်စာရင်းကောက်ယူမှုကိုတော့ တိတိကျကျဖြေတာမရှိပါဘူး။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေဟာ စစ်တပ်အာဏာ သိမ်းပြီးကတည်းက ပျယ်ပြယ်ခဲ့တာကြောင့် ဒီဥပဒေကိုအသုံးပြုပြီး ရွေးကောက်ပွဲအပါအဝင် စစ်တပ်ဖော်ဆောင်မယ့် ဘယ်လိုနိုင်ငံရေးလမ်းကြောင်းကိုမှ လက်မခံတဲ့အကြောင်း အောက်တိုဘာ ၁ ရက်မှာ ထုတ်ပြန်ကြေညာထားပါတယ်။

ဒါအပြင် ထားဝယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Dawei Defense Team-DDT) ၊မွန်ပြည်တော်လှန်‌ရေးတပ်(MSRF)၊ ချင်းဒေသကာကွယ်ရေး CDF (ဟားခါး)၊ ချင်းညီနောင်တပ်ဖွဲ့တွေ အပါအဝင် တော်လှန်ရေးအင်အားစုအများစုကတော့ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းစဥ်မှာ မပါဖို့နဲ့ ပါဝင်သူတွေကို အရေးယူမယ်လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။