ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စစ်မှုထမ်းအမိန့်နဲ့ ဖရိုဖရဲဘဝတွေ
အရွယ်ရောက်သူတိုင်း စစ်မှုမထမ်းမနေရအမိန့် အသက်ဝင်ပြီး စစ်ကောင်စီက တပ်သားသစ်စုဆောင်းမှု လုပ်ခဲ့တာ ခြောက်ကြိမ်ရှိပါပြီ။ ပထမဆုံး စစ်သင်တန်းအပတ်စဥ် ၁ ကို ဧပြီလ ၈ ရက်နေ့မှာ ဖွင့်ခဲ့တာကြောင့် အောက်တိုဘာ ၈ မှာ ခြောက်လ ပြည့်ခဲ့ပါတယ်။ ပြည်တွင်းစစ်ဖြစ်နေတဲ့တိုင်းပြည်မှာ စစ်မှုမထမ်းမနေရစနစ်ဟာ သွေးချောင်းစီးစေပြီး ပဋိပက္ခကို ပိုနက်ရှိုင်းတဲ့အခြေအနေကို တွန်းပို့စေလိမ့်မယ်လို့ စောင့်ကြည့်သူတွေက သတိပေးကြပါတယ်။
ဒါကြောင့် စစ်မှုထမ်းအသက် အကျုံးဝင်သူလူငယ်တွေဟာ စစ်မှုထမ်းခြင်းကနေ ရှောင်ရှားဖို့ နည်းလမ်းမျိုးစုံနဲ့ကြိုးပမ်းကြသလို တချို့လည်း ရှောင်လွှဲမရလို့ စစ်သင်တန်း ရောက်ရ၊ အဲဒီကမှ ရှေ့တန်းပို့ခံရတာတွေ ရှိနေပါတယ်။
ဒီခြောက်လအတွင်း စစ်မှုထမ်းအကျုံးဝင်သူတွေရဲ့ဘဝတွေလည်း အပြောင်းအလဲတွေရှိခဲ့ပြီး တချို့ဆို သူတို့တစ်ခါမှမတွေးထားဖူးတဲ့ ဘဝအခြေအနေဆီ တွန်းပို့ခံခဲ့ရပါတယ်။ အဲဒီလို ဖရိုဖရဲဖြစ်ရတဲ့ မိသားစုဝင်တွေ၊ ကာယကံရှင်တွေ ၇ ဦးထက်မနည်းနဲ့ ဘီဘီစီက စကားပြောခွင့်ရခဲ့ပါတယ်။
စစ်မှုထမ်းမိန့်ကြောင့် မုဆိုးမ ဖြစ်ရသူ
စစ်မှုထမ်းအမိန့်ကြောင့် ဘဝတစ်ခုလုံး ကပြောင်းကပြန်ဖြစ်သွားရသူတွေထဲမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ မုဆိုးမ ဖြစ်ခဲ့သူ အသက် ၂၅ နှစ်အရွယ် မချောစု (အမည်လွှဲ) လည်း ပါဝင်ပါတယ်။
ဆင်းရဲချို့တဲ့ပြီး တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့၊ အရွယ်မရောက်သေးတဲ့ ကလေးသုံးယောက်နဲ့ အိမ်ထောင်စုလေးမှာ အရင်ကတော့ အားကိုးရာခင်ပွန်းသည် ရှိလို့ အသက်ရှူချောင်ခဲ့ပါတယ်။
ဒါပေမဲ့ ကြမ္မာဆိုးက မချောစုတို့အိမ်တံခါးဝကို ဒီနှစ် မတ်လမှာ ရောက်လာခဲ့ပါတယ်။
ရန်ကုန်မြို့စွန်က ကျေးရွာတစ်ခုမှာ စစ်မှုထမ်းမဲနှိုက်တဲ့အချိန် မချောစုရဲ့ ခင်ပွန်း ကိုကျော်ဝင်း (အမည်လွှဲ) နဲ့ ကျန်တစ်ဦးတို့ မဲပေါက်ခဲ့ပါတယ်။ ကျန်တစ်ဦးကတော့ ထွက်ပြေး တိမ်းရှောင်သွားပေမဲ့ ကိုကျော်ဝင်း ကတော့ စစ်သင်တန်းအပတ်စဥ် ၁ ကို တက်ရောက်ခဲ့ရပါတယ်။
စစ်မှုထမ်းမဲပေါက်ကာစမှာ အရပ်ထဲက ကျန်တဲ့ မဲမပေါက်တဲ့အိမ်တွေဆီကနေ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ကောက်ခံပြီး ပေးတဲ့ ပိုက်ဆံ ခုနစ်သောင်း၊ ဆန်တစ်အိတ်၊ ဆီငါးပိဿာ တစ်ပုံးရခဲ့ပါတယ်။
ဒါပေမဲ့ လုပ်ကိုင်ရှာဖွေကျွေးတဲ့ ခင်ပွန်းဖြစ်သူ စစ်သင်တန်းပါသွားပြီးကတည်းက ဘာဝင်ငွေမှမရှိဘဲ အရပ်ထဲမှာ ကြုံရာကျပန်းလုပ်ပြီး ဝမ်းစာရှာခဲ့ရပါတယ်။
စစ်သင်တန်းတက်တာနဲ့ လစာပေးမယ်ဆိုပြီး စစ်ကောင်စီက ပြောပေမဲ့ ကိုကျော်ဝင်း ဆီက သင်တန်းသုံးလတက်ရတဲ့ အတောအတွင်း ဘာအဆက်အသွယ်မှမရခဲ့သလို လစာ လွှဲပို့လာတာလည်းမရှိခဲ့ပါဘူး။
ဇူလိုင်လဆန်းပိုင်းမှာတော့ ခင်ပွန်းဆီက ပထမဆုံး ဖုန်းဆက်လာပါတယ်။ သူ့ခင်ပွန်း ပြောတဲ့ သတင်းစကားက ‘ရှေ့တန်းထွက်ရမယ်’ ဆိုတာပါ။
“သူပြောတာတော့ (ကရင်ဘက်က) တပ်ရင်းမှာ တာဝန်ကျနေတယ်တဲ့။ ဘယ်တပ်ရင်းလဲ တော့ သူမသိဘူး။ အဲဒီတပ်ဆီ စစ်တပ်က ကားနဲ့ခေါ်သွားတာတဲ့။ ခုနစ်လပိုင်းကုန်ရင် ရှေ့တန်းသွားရမယ်။ နှစ်ပတ်ကြာမယ်တဲ့။ ရှမ်းမြောက်ကို သွားရမယ်လို့ ပြောသွားတယ်။ အဲဒီစစ်ကြောင်းထွက်ချိန် သူ့ဆီ ဖုန်းမဆက်နဲ့တဲ့။ စစ်ကြောင်းနှစ်ပတ်ပြန်လာမှ သူဆက်လိုက်မယ်တဲ့။ အဲဒီလိုပြောပြီးတော့ သူထွက်သွားတာ” လို့ မချောစုက ပြောပြပါတယ်။
ခင်ပွန်းဖြစ်သူနဲ့ စကားပြောခွင့်ရတာ ဒီတစ်ကြိမ်နောက်ဆုံးဖြစ်သွားမယ်လို့ မချောစု မထင်ခဲ့ပါဘူး။ ဇူလိုင် ၃၀ ရက်နေ့မှာတော့ သူ့ခင်ပွန်း တပ်ရင်းက ဗိုလ်ကြီးတစ်ဦးက မချောစုဆီ ဖုန်းဆက် လာခဲ့ပါတယ်။
“ဇူလိုင် ၃၀ ရက်နေ့ ညနေစောင်းမှာ အဲဒီဗိုလ်ကြီးက ကိုကျော်ဝင်း ရှေ့တန်းမှာ တိုက်ပွဲကျသွားလို့ဆိုပြီး ဖုန်းဆက်ပြောလာပါတယ်။ ကျွန်မ ဘာပြန်ပြောရမှန်းမသိဘူး။ အဲဒီဖုန်းကြားကြားချင်းပဲသတိလစ်သွားတယ်။ ရွာက လူတွေက ဆရာဝန် ပင့်ပေးပြီး ဆေးထိုးမှ သတိရတယ်တဲ့။ သူများတွေပြန်ပြောပြတာပါ။ အဲဒီဗိုလ်ကြီးကတော့ ကျွန်မကိုဖုန်းထဲမှာ နှစ်သိမ့်စကားတွေတော့ ပြောတယ်။ ကျွန်မဘဝတော့ သွားပြီလို့ သိလိုက်တယ်" လို့ မချောစုက ပြောပြပါတယ်။
မိသားစုကိုအဓိကလုပ်ကိုင်ရှာဖွေ ကျွေးမွေးနေတဲ့ခင်ပွန်းကို အပြီးတိုင်ဆုံးရှုံးလိုက်ရတဲ့နောက် မချောစုမှာ အသက် ၈ နှစ်၊ ၅ နှစ်နဲ့ ၂ နှစ်ကျော် ကလေးငယ်သုံးဦးနဲ့အတူ နေ့စဥ် စားဝတ်နေရေးအတွက် ခက်ခက်ခဲခဲ ရုန်းကန်နေရပါတယ်။
“ကလေးတွေကလည်း ဘာမှ လုပ်နိုင်ကိုင်နိုင်တဲ့အရွယ် မဟုတ်သေးဘူး။ လောလောဆယ်မှာ ကိုယ့် တအားပဲရှိတာ။ ရှိတဲ့အလုပ်ကလည်းနေ့စား။ တစ်နေ့မှ ခုနစ်ထောင်ပဲရတာလေ။ တစ်ခါတလေကျရင် တစ်နေ့စာတောင် မလောက်ဘူး။ ပြောမပြတတ်လောက်အောင် ခက်ခဲတာပေါ့။ တော်တော်ကို ရုန်းကန်ရတယ်။”
အသက် ၂၉ နှစ်အရွယ် ကိုကျော်ဝင်းရဲ့ ရုပ်အလောင်းတောင်ပြန်မရဘဲ သေဆုံးကြောင်း စစ်တပ်က အကြောင်းကြားတဲ့ရက်ရဲ့ နောက်တစ်ရက် ဇူလိုင် ၃၁ မှာ ရက်လည်ဆွမ်းသွတ်ခဲ့ပါတယ်။ ဒါပေမဲ့ ကိုကျော်ဝင်း သေဆုံးပြီး နှစ်လကျော်တဲ့အထိ စစ်တပ်က ပေးမယ်လို့ ပြောထားတဲ့ နစ်နာကြေးနဲ့ အသက်အာမခံကြေးတွေ မရသေးပါဘူး။
“စစ်သားတွေ ဘက်ကနေပြီးတော့ ကိုကျော်ဝင်း ရဲ့ နစ်နာကြေးတွေ၊ အသက်အာမခံကြေးတွေ လုပ်ပေးမယ် လို့တော့ပြောတယ်။ ဒါပေမဲ့ နည်းနည်းတော့ကြာမယ်တဲ့။ ပင်စင်တွေ ဘာတွေလည်း ရမယ်လို့လည်း ပြောတယ်။ စာရွက်စာတမ်းတွေအားလုံး ပင်မရုံးချုပ်ကို လွှဲပြောင်းထားပြီးပြီ။ အဲဒီကနေ ဖုန်းဆက်ပြီးမှ ခေါ်လိမ့်မယ်တဲ့။ ဘယ်လောက်ပေးမယ်ဆိုတာတော့ မပြောဘူး။”
မချောစု ကြုံနေရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်မေးကြည့်တဲ့အခါ သူက ပြည်သူ့စစ်မှုထမ်းအဖြစ် ဆင့်ခေါ်ခံရပြီး ကျဆုံးရင် တန်းပြည့်စစ်သည်တွေလို ပင်စင်၊ သေဆုံးမှုဆုကြေးနဲ့ ကျန်ရစ်မိသားစုဟာလည်း စစ်မှုထမ်းဟောင်းတစ်ဦးရဲ့မိသားစုဝင်လို ခံစားခွင့်ရှိတယ်လို့ ပြောပါတယ်။
အခုလို ရသင့်ရထိုက်တာတွေ ကြန့်ကြာတာဟာ အမွေစားအမွေခံမှာ တချို့က ‘မိဘ’ လို့ ဖြည့်ပြီး တချို့က ‘အိမ်ထောင်ဖက်’ ကို ထည့်ထားလေ့ရှိလို့ ကျဆုံးသူဟာ ခင်ပွန်းဖြစ်ကြောင်း အထောက်အထားနဲ့တင်ပြလာရင် မှန်ကန်မှုရှိမရှိ ပြန်စိစစ်၊ အမွေးစားအမွေခံမှန်ရင် တစ်လအတွင်းပြီးမြောက်တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုပါတယ်။
ဒါပေမဲ့ မချောစုဆီကိုတော့ သူ့ခင်ပွန်းသေဆုံးပြီးနှစ်လကျော်တဲ့အထိ ဘယ်ခံစားခွင့် ဆုကြေးမှ ရောက်မလာသေးပါဘူး။
ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ခံရသူတွေကို ရှေ့တန်းမပို့ဘူးဆိုတဲ့ မူဝါဒမပြောင်းပေမဲ့ တပ်သားတစ်ဦးရဲ့ ပညာအရည်အချင်းအလိုက် သက်ဆိုင်ရာ လက်ရုံးတပ်၊ ဝန်ထမ်းတပ်၊ ခြေလျင်ခြေမြန် တပ်တွေကို ပို့ဆောင်တာဖြစ်ပြီး ခြေလျင်ခြေမြန်တပ်ကို ရောက်ရင်လည်း ရှေ့တန်းကိုတိုက်ရိုက်မပို့ဘူးလို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
“ရှေ့တန်းနယ်မြေတော့ ရောက်ချင်ရောက်သွားလိမ့်မယ်။ သို့သော် သူ့ရဲ့ကျွမ်းကျင်မှုအတွက် ထပ်ပြီးလေ့ကျင့်ပြီးမှ တိုက်ခိုက်ရေးတပ်မှာ အသုံးပြုမှာဖြစ်ပါတယ်”လို့ သူက ဆိုပါတယ်။
ဒါက စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က မူလထုတ်ပြန်ထားတဲ့ မိမိရပ်ရွာမှာပဲ ပြန်လည်တာဝန်ချထားပေးမယ်ဆိုတဲ့ ထုတ်ပြန်ချက်နဲ့တော့ ကွဲလွဲနေတာ တွေ့ရပါတယ်။
စစ်မှုထမ်းက တွန်းပို့လို့ PDF ဖြစ်လာကြသူတွေ
ရန်ကုန်မြို့က ရပ်ကွက်တစ်ခုမှာနေထိုင်တဲ့ အသက် ၂၀ မပြည့်သေးတဲ့ ကိုကံထူးလွင်ဟာ စစ်အာဏာသိမ်းမှုကို လက်မခံတဲ့ သာမန်လူငယ်တစ်ဦးပါ။ ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ဖူးပေမဲ့ လက်နက်ကိုင် တော်လှန်ရေးတပ် PDF တပ်ဖွဲ့ဝင် တစ်ဦး ဖြစ်လာဖို့အထိ စိတ်ဆန္ဒမပြင်းပြခဲ့ပါဘူး။
ဒါပေမဲ့ ဒီနှစ်မတ်လမှာ စစ်မှုထမ်း အပတ်စဥ် ၁ အတွက် စုဆောင်းခံရပါတယ်။
စစ်သင်တန်းပြီးဆုံးလို့ ရှေ့တန်းပို့တဲ့လမ်းမှာ ထွက်ပြေးလွတ်မြောက်ခဲ့တဲ့နောက် သူ အရင်က မမျှော်လင့်ခဲ့တဲ့ PDF တပ်သားတစ်ဦး ဖြစ်လာခဲ့ပါတယ်။
“လာခေါ်တုန်းက ကျွန်တော်မလိုက်ချင်ဘူး ငြင်းတယ်။ မရဘူး။ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ လိုက်သွားရတာ။ မင်း သွေးစစ်ရမယ်။ မနက်ဖြန်ဆို ပြန်လာရမယ် ဆိုပြီး အဲဒီတိုင်းပြောပြီး ခေါ်သွားတာ။ ပြီးတော့ သွေးလည်းမစစ်ဘဲ တစ်ခါတည်း သင်တန်းကျောင်းကို ပို့လိုက်တာ။ ကျွန်တော်နဲ့အတူ ရပ်ကွက်ထဲက အယောက် ၃၀ လောက်ပါတယ်။ ကျွန်တော့်သူငယ်ချင်းတွေလည်းပါတယ်” လို့ ကိုကံထူးလွင်က ပြောပါတယ်။
စစ်သင်တန်းကျောင်းရောက်ရောက်ချင်း ဖုန်းတွေ သိမ်းလိုက်ပြီး စစ်ရေးပြလမ်းလျှောက်တာ လေ့ကျင့်ရသလို သေနတ်ပစ်သင်ရပါတယ်။ တစ်ပတ်တစ်ရက်သာ နားရပြီး ပြင်းထန်တဲ့ စစ်ရေး လေ့ကျင့်ခန်းတွေကို စိတ်မပါပေမဲ့ မိသားစုတွေနဲ့ခြိမ်းခြောက်ခံရလို့ ဇွတ်မှိတ်လုပ်ခဲ့ရတယ်လို့ ကိုကံထူးလွင်က ပြောပါတယ်။
"ကျွန်တော်တို့ သင်တန်းထဲရောက်သွားမှ တော်တော်ကို မုန်းသွားတာ။ အချင်းချင်း ရန်ဖြစ်ရင် သူတို့ကကြားထဲကနေ ဝင်ပြီး ရိုက်နှက်တာတွေ။ မင်းတို့ထွက်ပြေးရင် မင်းတို့အိမ်တွေကို မီးရှို့မှာတွေ အဲဒီလိုတွေ ပြောလို့ ပိုပြီးမုန်းလာတယ်" လို့ ကိုကံထူးလွင်ကပြောပါတယ်။
စစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်း ကတော့ အပတ်စဥ် ၁ မှာ ကိုယ်တိုင်စစ်မှု ထမ်းဆောင်လိုကြောင်း ဆန္ဒပြုသူတွေအများစု ပါဝင်တယ်လို့ ပြောထားပါတယ်။
ကိုကံထူးလွင်ကတော့ အပတ်စဥ် ၁ တိုက်ကြီးသင်တန်းကျောင်းမှာ သင်တန်းသား အယောက် ၇၀၀, ၈၀၀ လောက်ရှိပြီး အဲဒီထဲမှာ သူ့လို သွေးစစ်ပြီး နောက်ရက်ပြန်ပို့မယ်လို့ ပြောခေါ်လာသူတွေပါသလို စစ်ပြေးတွေကို ပြန်ဖမ်းပြီး ပို့လာတဲ့သူတွေ ပါကြောင်းနဲ့ အများစုက မိမိသဘော ဆန္ဒမပါဘဲ အဓမ္မ စုဆောင်းခံရတာလို့ ပြောပါတယ်။
စစ်သင်တန်းသုံးလ ပြီးဆုံးချိန် ဇွန်လ ၂၉ ရက်မှာတော့ ကိုကံထူးလွင်တို့ သင်တန်းသားတွေ ရှေ့ တန်း ပို့ဆောင်ခံရပါတယ်။ စစ်ကား အစီး ၂၀ လောက်နဲ့ စစ်သင်တန်းပြီးဆုံးသူတွေကို နေရာတွေခွဲလွှတ်ပြီး အဲဒီထဲက ကားကိုးစီးလောက်က ရှမ်းပြည်တောင်ပိုင်း ညောင်ရွှေကို ဦးတည်ပြီး ကျန်တဲ့ကားတွေက ရခိုင်ကို ဦးတည်တယ်လို့ ကိုကံထူးလွင်က ပြောပါတယ်။ ညောင်ရွှေမရောက်ခင် လမ်းခုလတ်က နားခိုရေးစခန်းတစ်ခုမှာ ခဏနားတုန်း သူနဲ့အကြံတူ နောက်ထပ်သုံးဦးနဲ့အတူ ထွက်ပြေးခဲ့ပါတယ်။
“ညနေ ခြောက်နာရီ မထိုးခင် လူတန်းစီစစ်တုန်းက နေလိုက်သေးတယ်။ ၆ နာရီထိုးခါနီးလောက်မှာ စပြေးရော။ နည်းနည်းအမှောင်လေး ဝင်လာတာနဲ့ စပြေးတာ။ ည ၉ နာရီထိ တောက်လျှောက် ကား လမ်းမကြီးအတိုင်း ပြေးလာတာ။ အောင်ပန်းနားရောက်တော့ ဆင်းပြီးမှ ဒီတော်လှန်ရေးတပ်တွေ ရှိတဲ့ဘက်ကို ပြေးလာခဲ့တာ။”
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြတုန်းကလည်း စစ်တပ်က ပစ်ခတ်နှိမ်နင်းဖြိုခွဲလို့ အဲဒီကတည်းက မခံချင်စိတ်နဲ့ မုန်းတီးမှုတွေရှိပေမဲ့ ဒါက PDF တပ်ဖွဲ့ဝင်ဖြစ်လာဖို့အထိ မပြင်းပြခဲ့ပါဘူး။ ခုတော့ စစ်သင်တန်းအတင်းအဓမ္မ ပို့ဆောင်ခံခဲ့ရပြီး အဲဒီမှာ သင်တန်းသားတွေကို ရိုက်နှက် အပြစ်ပေးတာ၊ မိသားစုနဲ့ အကျပ်ကိုင်ပြီးခြိမ်းခြောက်တာတွေကြောင့် စစ်တပ်ကို ပိုပြီး မုန်းတီးလာတယ်လို့ ကိုကံထူးလွင်က ပြောပါတယ်။
မရည်ရွယ်ဘဲ ပီဒီအက်ဖ် စစ်သားဖြစ်လာပေမဲ့ တော်လှန်ရေးအောင်မြင်တဲ့အထိ တိုက်ပွဲဝင်မှာဖြစ်ပြီး တော်လှန်ရေးပြီးတဲ့တစ်နေ့မှာ မိသားစုနဲ့ ပြန်ဆုံချင်တယ်လို့ ပြောပါတယ်။
စစ်ကောင်စီရဲ့စစ်မှုမထမ်းမနေရ အမိန့်မှာ အသက် ၁၈ ကနေ ၂၇ နှစ်အထိ အိမ်ထောင်မရှိတဲ့ အမျိုးသမီးတွေလည်း ပါဝင်ပါတယ်။
ဒါကြောင့် အမျိုးသမီးတွေ အိမ်ထောင်ပြုပြီး စစ်မှုထမ်းက ကင်းလွတ်အောင် လုပ်ဖို့ တချို့က ပြောကြပေမဲ့ ဒါဟာ အမျိုးသမီးတွေအတွက် သင့်တော်တဲ့ဖြေရှင်းနည်းမဟုတ်သလို အမျိုးသမီးအခွင့်အရေးကိုလည်း ထိပါးတာဖြစ်တယ် လို့ အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူတွေရော ကာယကံရှင်အမျိုးသမီးငယ်တချို့ကပါ ထုတ်ဖော်ပြောဆိုတာတွေ ရှိပါတယ်။
အသက် ၂၀ ကျော်အရွယ် မဇူးဟာ အိမ်ထောင်ပြုတဲ့နည်းကိုလည်းမရွေး၊ ပြည်ပကို ထွက်ပြေးတိမ်းရှောင်ဖို့လည်း မစဥ်းစားဘဲ ပီဒီအက်ဖ် ရဲမေ ဖြစ်ဖို့ နည်းလမ်းကိုသာ ရွေးချယ်ခဲ့ပါတယ်။ အမျိုးသမီးတွေကို စစ်မှုထမ်းဖို့ လောလောဆယ်မခေါ်သေးဘူးလို့ စစ်ကောင်စီကပြောပေမဲ့ အချိန်မရွေးအိမ်ပေါက်ဝ ရောက်လာနိုင်မယ့် ဒီဖြစ်စဥ်ကို ရဲဘော်ဇူးကတော့ ပီဒီအက်ဖ် တပ်ထဲဝင်တဲ့နည်းနဲ့ ကြိုတင်ဖြေရှင်းခဲ့ပါတယ်။
ဒေသပြည်သူ့ကာကွယ်ရေးတပ်တစ်ခုဖြစ်တဲ့ တောင်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့ (Special Operation Force-SOF) ကို ဆက်သွယ်ဝင်ရောက်ပြီး SOF တပ်ခွဲ ၁ က ရဲဘော် ဇူး ဖြစ်လာခဲ့ပါတယ်။ ရဲဘော်ဇူး ဟာ တရုတ်စာသင်ပြီး တရုတ်စကားပြန်လုပ်မယ့် သူ့ဝါသနာနဲ့ ရည်မှန်းချက်ကို စွန့်လွှတ်ခဲ့ရပါတယ်။ ဒါ့အပြင် မိသားစုနဲ့အတူ စီးပွားရေးလုပ်ငန်းငယ်တစ်ခု အစပြုတည်ထောင်ပြီး မိသားစုနဲ့အေးအေးချမ်းချမ်းနေမယ့် အနာဂတ်အိပ်မက်ကိုလည်း ထားခဲ့ရပါတယ်။ မိသားစုကိုလည်း သူ အဆက်အသွယ်မလုပ်တော့ပါဘူး။
စစ်သင်တန်းက ကြမ်းတမ်းခက်ခဲမှုတွေနဲ့ အမျိုးသားတွေနဲ့တန်းတူ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုတွေရဖို့ ရုန်းကန်နေရပေမဲ့ ရင်ဆိုင်ကျော်လွှားပြီး သူ့အနာဂတ်ရည်မှန်းချက်ကိုတော့ ပြောင်းလဲလိုက်ပါတယ်။
“အခု ကျွန်မရဲ့အနာဂတ်ရည်မှန်းချက်က စစ်အစိုးရကြောင့် ပေးဆပ်နေရတဲ့ မိသားစုဘဝတွေကို အေးအေးချမ်းချမ်း ဖြစ်စေချင်တယ်။ ဒီစစ်အာဏာရှင်စနစ် ခေတ်ဆိုးစနစ်ဆိုးကြီးကို ကျွန်မတို့မျိုးဆက်မှာ အပြီးသတ်မယ်။"
စစ်မှုထမ်းကြောင့် အားကိုးရာမဲ့ရသူ
ရန်ကုန်တိုင်းထဲက ကျေးရွာတစ်ရွာမှာနေထိုင်တဲ့ အသက် ၆၀ ခန့်အရွယ် မုဆိုးမ ဒေါ် စိုးစိုးအေးဟာ သားတွေချည်းပဲ ငါးယောက်မွေးထားသူပါ။ သားအကြီးနဲ့ နောက်ထပ်သားနှစ်ယောက်တို့ကတော့ စစ်မှုထမ်းမိန့်မထွက်ခင်တည်းက မိဘနဲ့ခွဲပြီး ရေကြည်ရာမြက်နုရာ အိမ်ကနေ အဝေးထွက်သွားကြပါပြီ။
ဒုတိယသား အသက် ၂၅ နှစ်အရွယ် ကိုဦး(အမည်လွှဲ) နဲ့ အသက် ၁၃ နှစ်အရွယ် သားငယ်ကိုရင်၊ အသက် ကိုးနှစ်အရွယ် အငယ်ဆုံး သမီး တို့နဲ့ ရရစားစားနေထိုင်နေရပြီး ကိုနောင်ကြီး လုပ်စာတစ်ခုတည်းကို မှီခိုနေရတဲ့မုဆိုးမ မိသားစုလည်းဖြစ်ပါတယ်။
သားအလတ် ကိုဦး ဟာ စစ်မှုထမ်း မဲမပေါက်ပေမဲ့ သူတို့ရွာမှာ မဲပေါက်သူတွေကိုယ်စား စစ်ကောင်စီရဲ့ စစ်မှုထမ်း အပတ်စဥ် ၁ မှာ လိုက်ပါသွားပါတယ်။
လစာတစ်လ လေးသိန်းခွဲနဲ့ စစ်တပ်ထဲမှာ ကောင်းကောင်းနေရမယ်ဆိုပြီး ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့အဖွဲ့က လာခေါ်သွားခဲ့တာပါ။ ဆင်းရဲကျပ်တည်းပြီး မုဆိုးမ ဘဝနဲ့မို့ လစာပုံမှန်ရမှာကို မျှော်ကိုးပြီး သားတစ်ယောက် စစ်ထဲဝင်သွားတာကို ခွင့်ပြုလိုက်ပေမဲ့ ခု ခြောက်လကြာတဲ့အထိ ငွေတစ်ကျပ်မှ မရသလို သားဖြစ်သူဆီကလည်း ဘာအဆက်အသွယ်မှ မရခဲ့ပါဘူး။ ဆက်သွယ်စရာဖုန်းလည်းမရှိလို့ ရွာထဲက စစ်မှုထမ်းခေါ်ခံရသူတွေရဲ့ မိဘတွေဆီ သူ့သားရဲ့ အခြေအနေသိရဖို့ မကြာခဏ သွားမေးလေ့ရှိပါတယ်။
"အစက သူ့မှာ စစ်မှုထမ်းလိုတဲ့ စိတ်တစ်ခုမှ မရှိဘူး။ အမေ့ကို ဝန်ထုပ်ဝန်ပိုးမဖြစ်အောင် ကျွန်တော်ဝင်တော့မယ်တဲ့။ ဒီမှာနေရင် ဘာမှလုပ်စားလို့မရဘူးတဲ့။ မအေကို လုပ်ကျွေးမယ်ဆိုပြီး ဝင်သွားတာ။ လွှတ်လိုက်ရတာ နောင်တရတယ်။ သူအခုဟိုရောက်နေတာ ဒုက္ခတွေရောက်နေပြီလား ဘာဆိုဘာမှကို မသိရတော့ဘူးလေ” လို့ဒေါ်စိုးစိုးအေးက ငိုပြီးပြောပါတယ်။
ရတဲ့အလုပ်လုပ်ပြီး ရှာကျွေးနေတဲ့ သူ့သားဆီက စာမလာသတင်းမကြား၊ လစာလည်းမရတဲ့နောက် သွေးတိုးရောဂါရှိပေမဲ့ ကျန်ရစ်တဲ့ လူမမယ် သူ့သမီးအငယ်ဆုံးနဲ့ သူ့အတွက် ရွာထဲမှာ ကြုံရာ ကျပန်းလုပ်ကိုင်ရှာဖွေစားသောက်ရပါတယ်။ အသက်ကြီးမှ အားကိုးရာမဲ့ရပြီး သားဖြစ်သူကိုပဲ ပြန်လိုချင်တယ်လို့ တဖွဖွ ပြောနေပါတယ်။
“ကျွန်မသားလေး နဲ့ ပဲ တွေ့ချင်ပါတယ်။ ဒါကြီးကို ရင်ဆိုင်ဖို့ အင်အားလည်း မရှိတော့ပါဘူး။”
စိုးတထိတ်ထိတ် ဘန်ကောက်နေ့ရက်များ
စစ်မှုထမ်းဥပဒေကြောင့် အိမ်နီးချင်းထိုင်းနိုင်ငံကို တရားဝင်နည်းလမ်းအတိုင်း ရှောင်ထွက်လာခဲ့ပြီး မြန်မာကို မပြန်ရရေးအတွက် ထိုင်းမှာ တရားဝင်အထောက်အထားနဲ့ ဆက်နေထိုင်နိုင်ဖို့ ရုန်းကန်နေတဲ့အထဲ ကိုမင်းမင်းတစ်ယောက်လည်း အပါအဝင်ပါ။
စစ်သင်တန်းအပတ်စဥ် ၁ စဖွင့်ချိန် ဒီနှစ် ဧပြီလမှာပဲ ကိုမင်းမင်းက ထိုင်းနိုင်ငံကို ထွက်လာခဲ့ပါတယ်။
“ရပ်ကွက်ထဲက ၂ ယောက်ကို စစ်မှုထမ်းဖို့ လာခေါ်သွားတယ်။ ကျွန်တော်တို့ ရပ်ကွက်လူကြီးကလည်း စစ်ကောင်စီအတွက် စစ်သားစုဆောင်းဖို့ကို တက်တက်ကြွကြွ အကောင်အထည်ဖော်တဲ့သူမျိုး၊ အဲတော့ ဆက်ပြီးမနေရဲတော့ဘူးပေါ့” လို့ ကိုမင်းမင်းက ပြောပြပါတယ်။
ထိုင်းမှာ ကာလတစ်ခုကြာကြာ ဆက်နေနိုင်ဖို့ ပညာရေးဗီဇာလို့ခေါ်တဲ့ (ED Visa) လျှောက်ပြီး နေထိုင်နေပါတယ်။
“ED Visa က ၃ လ သက်တမ်းရတယ်၊ ၃ လပြည့်ရင် ပွဲစားကိုပိုက်ဆံပေးပြီး ချိတ်ဆက်လိုက်ရင် နောက်ထပ် ၁၂ လ ( ၁ နှစ်) ထပ်ရတယ်။ ၁၅ လ (၁ နှစ်ကျော်) တောင် အထောက်အထားနဲ့ ဆက်နေလို့ရမှာဆိုတော့ အသက်ရှူချောင်တာပေါ့” လို့ သူက ရင်ဖွင့်ပါတယ်။
ဒီ ၁ နှစ် ၃ လ အချိန်ကုန်သွားမှာကိုလည်း ကိုမင်းမင်းက တော်တော်စိတ်ပူနေပါတယ်။
ကိုမင်းမင်း ထိုင်းမှာ တက်နေတဲ့အတန်းက ဒီပလိုမာအတန်းဖြစ်တဲ့အတွက် ဒီပလိုမာရပြီးသွားရင်တော့ ဘက်ချလာဘွဲ့ (ဒီဂရီ) အထိ ဆက်တက်လို့ရတယ်လို့ သူက ပြောပါတယ်။
ဘက်ချလာအတန်းတက်ခွင့်ရပြီဆိုရင်တောင် စာသင်နှစ်သက်တမ်းက ၄ နှစ် အနည်းဆုံးကြာမှာဖြစ်သလို အဲဒီ ၄ နှစ်အတွက် ကာလရှည် နေထိုင်ခွင့်ဗီဇာကိုလည်း ရရှိမှာဖြစ်ပါတယ်။
ဒီအခွင့်အရေးကို ဖမ်းဆုပ်ချင်ပေမယ့် ထိုင်းမှာကုန်ကျတဲ့ စားသောက်နေထိုင်စရိတ်တွေနဲ့ အထွေထွေစရိတ်တွေက များလွန်းတာကြောင့် ဘက်ချလာအတန်း ကျောင်းလခနဲ့ နေထိုင်စရိတ်တွေအတွက် ပိုပြီးခက်ခဲလာမယ်ဆိုတဲ့အကြောင်း သူကရှင်းပြပါတယ်။
“ဒီနှစ်အတွက်ကတော့ ဒီပလိုမာကျောင်းလခရော၊ စရိတ်အားလုံးရော အိမ်က ထောက်ပံ့ပေးထားတယ်။ ကျပ်တည်းပေမယ့် တောင့်ခံရတာပေါ့။ ဒါပေမဲ့ နောက်နှစ် ဘက်ချလာ ဆက်ပြီးတက်ဖို့ကိုတော့ အိမ်က ထောက်နိုင်တော့မှာ မဟုတ်ဘူး” လို့ သူက ဖွင့်ဟပြောပါတယ်။
အသက် ၂၈ နှစ်အရွယ် ကိုမင်းမင်းဟာ အာဏာမသိမ်းခင် တစ်နှစ်အလို ၂၀၂၀ ခုနှစ်ကမှ အင်ဂျင်နီယာဘွဲ့နဲ့ ကျောင်းပြီးထားတဲ့သူပါ။
“ဘွဲ့ရတဲ့အချိန်တုန်းက ကိုဗစ်တွေဖြစ်တယ်၊ ဘွဲ့ရပြီး တစ်နှစ်နေတော့ စစ်အာဏာသိမ်းတယ်၊ ရတဲ့ ဘွဲ့နဲ့ အလုပ်တောင် တစိုက်မတ်မတ်လုပ်ခွင့်မရှိခဲ့ဘူး” လို့ ရှင်းပြပါတယ်။
အလားတူ ထိုင်းနိုင်ငံရောက်ပြန်တော့လည်း ကိုမင်းမင်းလို ED Visa နဲ့ နေထိုင်နေတဲ့သူအတွက် တရားဝင် အလုပ်လုပ်ခွင့်က မရှိနေပါဘူး။
ထိုင်းမှာ White Collar ခေါ် ကုမ္ပဏီ၊ ရုံးအလုပ်တွေပဲ လုပ်ရတဲ့အလုပ်နဲ့ Blue Collar ခေါ် လုပ်အားကိုသုံးရတဲ့ အခြေခံ အလုပ်ရုံ၊ စက်ရုံအလုပ်တွေဆိုပြီး ၂ မျိုးရှိပါတယ်။
ကိုမင်းမင်းအနေနဲ့ ထိုင်းမှာ ရေရှည်နေနိုင်အောင် မြန်မာကရလာတဲ့ အင်ဂျင်နီယာအလုပ်နဲ့ White Collar ရအောင် ကြိုးစားနေပေမယ့် လက်တွေ့မှာ အရမ်းခက်ခဲတယ်လို့ ဆိုပါတယ်။
“မြန်မာတွေ အများကြီးလည်း ဝင်လာတော့ ယှဉ်ပြိုင်ပြီးတိုးဝင်ရတာ ခက်ခဲတယ်၊ ပြီးတော့ ထိုင်းက White Collar အလုပ်တော်တော်များများကို ထိုင်းနိုင်ငံသားတွေကိုပဲ ဦးစားပေးပြီး နိုင်ငံသားတွေရဲ့ အခွင့်အရေးကို ကာကွယ်ထားတာပါ” လို့ဆိုပါတယ်။
တစ်ဖက်မှာလည်း ထိုင်းမှာ White Collar အလုပ်လိုချင်တယ်ဆိုရင် ထိုင်းဘာသာစကား ရေးတတ်၊ ပြောတတ်ဖို့လည်းလိုတယ်လို့ ထိုင်းမှာ White Collar နဲ့ IT ကုမ္ပဏီမှာ အလုပ်လုပ်နေသူတစ်ဦးက ပြောပါတယ်။
“လုပ်ငန်းပိုင်း ကျွမ်းကျင်တာချင်းတူရင်တောင် ထိုင်းဘာသာစကားတတ်တဲ့သူကို ဦးစားပေးတယ်” လို့ဆိုပါတယ်။
ဒီလိုအခြေအနေတွေကြောင့် အင်ဂျင်နီယာဘွဲ့ရ ကိုမင်းမင်းအနေနဲ့ White Collar ထက် လုပ်အားသုံးရတဲ့ Blue Collar အလုပ်ကိုပဲလုပ်ဖို့ မေးမြန်းစူးစမ်းတာတွေလုပ်နေပြီလို့ သူက ပြောပြပါတယ်။
Blue Collar လို အခြေခံ နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ထိုင်းအစိုးရက ထုတ်ပေးတဲ့ ပန်းရောင်ကတ်သက်တမ်းက ၄ နှစ်ဖြစ်ပြီး ၂ နှစ်တစ်ကြိမ် သက်တမ်းထပ်တိုးရပါတယ်။
ED Visa နဲ့ တရားမဝင် အလုပ်လုပ်နေတဲ့သူတွေအပေါ်မှာလည်း ထိုင်းလုပ်ငန်းရှင်တွေဘက်က လုပ်ခလစာ ခေါင်းပုံဖြတ်တယ်လို့ သူကပြောပါတယ်။
“တရားမဝင်တော့ ခံရတာပေါ့။ နောက်တစ်ခုက ထိုင်းမှာ မြန်မာတွေ အလုပ်လုပ်တယ်ဆိုရင် ထိုင်းလူမျိုးတွေက ရွှေ့ပြောင်းသမားလို့ပဲ ထင်ကြတော့တာ။ လစာပေးရင်လည်း White Collar မှာ တရားမဝင်လုပ်နေတဲ့ မြန်မာအင်ဂျင်နီယာတွေကိုလည်း Blue Collar ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ လစာအတိုင်း ထိုင်းဘတ်ငွေ ၁၂,၀၀၀ ဝန်းကျင်အထိပဲ ပေးတာမျိုးလည်း တွေ့ခဲ့ရတယ်” လို့ ဆိုပါတယ်။
ကိုမင်းမင်းအနေနဲ့ လက်ရှိနေနေတဲ့ ED Visa သက်တမ်းလည်း ကုန်သွားမယ်၊ ဒီဂရီအတွက်လည်း ထပ်ပြီးမတက်နိုင်တော့ဘူးဆိုရင်တော့ Blue Collar ဖြစ်တဲ့ အလုပ်ကြမ်းပဲ ဆက်လုပ်ဖို့ ရွေးချယ်သွားမယ်လို့ သူကပြောပါတယ်။
“အင်ဂျင်နီယာဘွဲ့ရထားလည်း ဒီအချိန်မှာ မေ့လိုက်ရမှာပဲ။ ဆေးစက်ကျရာ အရုပ်ထင် ဆိုသလိုပေါ့၊ ဖောက်ထားတဲ့လမ်းကို ဆက်ပြီးပေါက်အောင် လျှောက်ရမှာပဲ”လို့ သူက ဖွင့်ဟခဲ့ပါတယ်။