ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ချန်းကျီ - ဒေါ်လာ ၁၄ ဘီလျံ ခရစ်ပတိုငွေကြေးလိမ်လည်မှုနောက်ကွယ်ကလူ
အသက် ၃၇ နှစ်သာရှိသေးတဲ့ ချန်းကျီဟာ အပူစာအပေါ် အခြေတည်ထားတဲ့ ဆိုက်ဘာလိမ်လည်မှုအင်ပါယာနောက်ကွယ်က ဉာဏ်ကြီးရှင်လို့ စွပ်စွဲခံထားရပါတယ်။
မုတ်ဆိတ်မွေးစစ၊ ကလေးသူငယ်လို ဖြူစင်တဲ့ မျက်နှာသွင်ပြင်နဲ့ ချန်းကျီဟာ သူ့အသက်ထက် ပိုနုတဲ့ပုံပေါက်နေပါတယ်။
သူဟာ နေ့ချင်းညချင်း ချမ်းသာလာပြီး ကြွယ်ဝမှုကလည်း တိုးတိုးလာပါတယ်။
ကမ္ဘာတစ်ဝန်းက လူများစွာဆီက ခရစ်ပတိုငွေကြေး ဘီလျံပေါင်းများစွာ လိမ်လည်သွားတဲ့ လုပ်ငန်းများစွာကို ကမ္ဘောဒီးယားမှာဖွင့်လှစ်ထားမှုနဲ့ အမေရိကန်တရားရေးဝန်ကြီးဌာနက လွန်ခဲ့တဲ့အပတ်က သူ့ကို စွပ်စွဲထားပါတယ်။
သူနဲ့ဆက်စပ်တယ်လို့ ယူဆရတဲ့ ဒေါ်လာ ၁၄ ဘီလျံတန်ဖိုးရှိ ဘစ်ကွိုင်တွေကို အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက သိမ်းဆည်းရမိခဲ့ပြီး ဒါဟာ ခရစ်ပတိုငွေကြေးစနစ်နဲ့ပတ်သက်လို့ အများဆုံး သိမ်းဆည်းရမိတာလည်းဖြစ်ပါတယ်။
သူ့ကုမ္ပဏီဖြစ်တဲ့ ကမ္ဘောဒီးယားပရင့်အုပ်စုက သူတို့ရဲ့ဝက်ဘ်ဆိုက်မှာ သူ့ကို လူသူလေးစားခံရတဲ့ စွန့်ဦးလုပ်ငန်းရှင်နဲ့ နာမည်ကျော်ပရဟိတသမားအဖြစ်ဖော်ပြထားပါတယ်။
သူ့ရဲ့ အမျှော်အမြင်နဲ့ ခေါင်းဆောင်မှုကြောင့် ပရင့်အုပ်စုကို ကမ္ဘောဒီးယားရဲ့ ဦးဆောင်ခေါင်းရွက်လုပ်ငန်းတစ်ခုအဖြစ် ပြောင်းလဲခဲ့ပြီး ဒီလုပ်ငန်းဟာနိုင်ငံတကာစံနှုန်းတွေကိုလည်း လိုက်နာထားတယ်လို့ လည်း ဖော်ပြထားပါတယ်။
ဘီဘီစီက ပရင့်အုပ်စုကို တစ်စုံတရာမှတ်ချက်ပေးဖို့ ဆက်သွယ်ခဲ့ပါတယ်။
ဆိုတော့ ဒီလိုငွေကြေးလိမ်လည်တဲ့ အင်ပါယာတည်ထောင်သူအဖြစ် ကျော်ကြားတဲ့ ချန်းကျီနဲ့ပတ်သက်လို့ ဘယ်လောက်သိထားပြီးပြီလဲ။
မျက်စိတစ်မှိတ်အတွင်း တောက်ကြွားလာတဲ့ဘဝ
တရုတ်နိုင်ငံအရှေ့တောင်ပိုင်းက ဖူချန်းခရိုင်မှာ ကြီးပြင်းခဲ့တဲ့သူဟာ ဘဝကို မူးပဲနဲ့စတင်ခဲ့ပြီး သူလုပ်ခဲ့တဲ့ အင်တာနက်ဂိမ်းကုမ္ပဏီမှာ သိပ်ပြီးအောင်မြင်မှုမရခဲ့ပါဘူး။
ဒါကြောင့် ၂၀၁၀၊ ၂၀၁၁ ခုနှစ်ဝန်းကျင်မှာ ကမ္ဘောဒီးယားကို ရွှေ့ပြောင်းခဲ့ပြီး အိမ်ခြံမြေလုပ်ငန်းကို စတင်လုပ်ကိုင်ခဲ့ပါတယ်။
သူရောက်လာတဲ့အချိန်ဟာ ကမ္ဘောဒီးယားမှာ အိမ်ခြံမြေဈေးကွက်ဈေးကစားတာ တွင်ကျယ်ချိန်နဲ့ ကိုက်နေပါတယ်။
ဩဇာကြီးပြီး နိုင်ငံရေးအရ အဆက်အသွယ်ကောင်းတဲ့သူတွေ မတရားသိမ်းယူထားတဲ့ မြေတွေ အများကြီးရှိတာရယ်၊ တရုတ်က အရင်းအနှီးတွေ တရဟောဝင်လာတာရယ်ကြောင့် အိမ်ခြံမြေဈေးကွက်ဟာ ကြီးထွားလာခဲ့ပါတယ်။
တရုတ်သမ္မတရှီကျင့်ဖျင်ရဲ့ ခါးပတ်နဲ့လမ်းကြောင်းစီမံကိန်းရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ တရုတ်လုပ်အခြေခံအဆောက်အအုံတွေ ပြည်ပကိုတင်ပို့မှုကလည်း ကမ္ဘောဒီးယားမှာ အိမ်ခြံမြေဈေးကွက်တွင်ကျယ်စေဖို့ အားပေးသလိုရှိခဲ့ပါတယ်။
တရုတ်ရဲ့ ငွေရှိသူတိုင်း စုပြုံတိုးနေတဲ့ အိမ်ခြံမြေဈေးကွက်နေရာမှာ အစားထိုးနိုင်မယ့် တန်ဖိုးသင့်တင့်နည်းလမ်းတွေရှာဖွေနေတဲ့ တရုတ်ရင်းနှီးမြှုပ်နှံသူတွေကြောင့်လည်းပါပါတယ်။
ကမ္ဘောဒီးယားကို လာရောက်တဲ့ တရုတ်ခရီးသွားဦးရေကလည်း တဖြည်းဖြည်းနဲ့ များပြားလာခဲ့ပါတယ်။
ဖနွင်ပင်ရဲ့ ကောင်းကင်မျဉ်းဟာလည်း လုံးဝကိုပြောင်းလဲသွားခဲ့ပါတယ်။ မုန့်ညှင်းရောင် ပြင်သစ်ကိုလိုနီအိမ်ကြီးအိမ်ကောင်းတွေနဲ့ လူမျိုးစုံ၊ အထပ်နိမ့်မြို့ပြပုံစံဟာ မှန်သား၊ သံမဏိတို့နဲ့တည်ဆောက်ထားတဲ့ အထပ်မြင့်အဆောက်အအုံတွေအဖြစ် ပြောင်းလဲလာခဲ့ပါတယ်။
တစ်ချိန်က ငြိမ်သက်အေးဆေးတဲ့ ပင်လယ်ကမ်းခြေအပန်းဖြေမြို့လေးဖြစ်တဲ့ သီဟာနုဗီးလ်ဟာ အခြားနေရာတွေထက်တောင် ပိုလို့ဖွံ့ဖြိုးလာခဲ့ပါတယ်။
အဲဒီကို တရုတ်အပန်းဖြေခရီးထွက်သူတွေနဲ့ အိမ်ခြံမြေဈေးကစားလိုသူတွေသာ စုပြုံတိုးရုံမကဘဲ တရုတ်မှာ တားမြစ်ထားတဲ့ လောင်းကစားလုပ်ငန်းကို လုပ်လိုသူ ကြေးကြီးလောင်းကစားသမားတွေလည်း ရောက်ရှိလာခဲ့ပါတယ်။
ကာစီနိုရုံသစ်တွေနဲ့အတူ ဇိမ်ခံဟိုတယ်တွေ၊ လူကုံတန်တိုက်ခန်းတွေပါ အလျှိုလျှိုပေါ်လာခဲ့ပါတယ်။ ငွေရှာတတ်မယ်ဆိုရင် ငွေတွေအများကြီးရှာနိုင်တဲ့နေရာဖြစ်လာခဲ့ပါတယ်။
ဒီလိုအခြေအနေမှာ ချန်းကျီရဲ့ ဘဝအခြေအနေက အံ့သြစရာကောင်းလောက်အောင် မြင့်တက်လာပါတယ်။
၂၀၁၄ ခုနှစ်မှာတော့ သူဟာ တရုတ်နိုင်ငံသားအဖြစ်ကို စွန့်လွှတ်ပြီး ကမ္ဘောဒီးယားနိုင်ငံသားဖြစ်လာခဲ့ပါတယ်။ ဒါကြောင့် အိမ်ခြံမြေတွေကို သူ့နာမည်နဲ့ ဝယ်ယူနိုင်ခဲ့ပါတယ်။ အနည်းဆုံးရင်းနှီးမြှုပ်နှံမှု သို့မဟုတ် အစိုးရကိုလှူဒါန်းငွေ ဒေါ်လာ ၂၅၀,၀၀၀ တော့ ပေးဆောင်ရပါတယ်။
ချန်းကျီ ငွေတွေဘယ်ကရတယ်ဆိုတာ ဘယ်သူမှမသိပါဘူး။
၂၀၁၉ ခုနှစ်မှာ အိုင်းစ်အော့ဖ်မန်းမှာ ဘဏ်စာရင်းဖွင့်ဖို့ လျှောက်ထားတဲ့အခါ ၂၀၁၁ ခုနှစ်မှာ ပထမဆုံးအိမ်ခြံမြေကုမ္ပဏီတည်ထောင်ဖို့အတွက် အမည်မဖော်လိုတဲ့ ဦးလေးတစ်ဦးက ဒေါ်လာ နှစ်သန်း မတည်ပေးခဲ့တယ်လို့ သူက ပြောခဲ့ပါတယ်။ ဒါပေမဲ့ ဒါနဲ့ပတ်သက်လို့ အထောက်အထားဘာမှ မပြခဲ့ပါဘူး။
ချန်းကျီဟာ ပရင့်အုပ်စုကို ၂၀၁၅ ခုနှစ်မှာတည်ထောင်ခဲ့ပြီး အိမ်ခြံမြေတည်ဆောက်ရေးကို ဦးစားပေးလုပ်ခဲ့ပါတယ်။ အဲဒီအချိန်မှာ သူဟာ အသက် ၂၇ နှစ်သာရှိပါသေးတယ်။
သူဟာ ပရင့်ဘဏ်ကို တည်ထောင်ဖို့အတွက် ၂၀၁၈ ခုနှစ်မှာ ဘဏ်လုပ်ငန်းလိုင်စင်ရခဲ့ပါတယ်။ အဲ့ဒီနှစ်မှာပဲ သူဟာ အနည်းဆုံးရင်းနှီးမြှုပ်နှံမှုအဖြစ် ဒေါ်လာ ၂ ဒသမ ၅ သန်း ထည့်ဝင်ခဲ့တဲ့အတွက် ဆိုက်ပရက်နိုင်ငံကူးလက်မှတ်ရရှိခဲ့ပြီး အကျိုးဆက်အဖြစ် ဥရောပသမဂ္ဂမှာ စီးပွားရေးလုပ်ဖို့ လမ်းကြောင်းပွင့်ခဲ့ပါတယ်။ သူဟာ နောက်ပိုင်းမှာ ဗာနူအာတူးနိုင်ငံသားအဖြစ်လည်း ခံယူခဲ့ပါသေးတယ်။
သူဟာ ကမ္ဘောဒီးယားရဲ့ တတိယမြောက်လေကြောင်းလိုင်းကို တည်ထောင်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်မှာတော့ စတုတ္ထမြောက်လေကြောင်းလိုင်းကို စီမံဖို့ အသိအမှတ်ပြုလက်မှတ်ရရှိခဲ့ပါတယ်။ ပရင့်အိမ်ခြံမြေလုပ်ငန်းခွဲက တည်ဆောက်ထားတဲ့ ဇိမ်ခံဈေးဝယ်စင်တာတွေ ဖနွမ်ပင်မှာရှိနေပါတယ်။ သီဟာနုဗီးလ်မှာတော့ ကြယ်ငါးပွင့်ဟိုတယ်တွေနဲ့ အလင်းရောင်ပင်လယ်အော် လို့ ခေါ်တဲ့ ဒေါ်လာ ၁၆ ဘီလီယံတန်ဖိုးရှိ ဂေဟ-မြို့ပြ တည်ဆောက်ဖို့ဆိုတဲ့ ရည်မှန်းချက်ကြီးတဲ့ စီမံကိန်းလည်းရှိနေပါတယ်။
၂၀၂၀ ပြည့်နှစ်မှာတော့ ချန်းကျီဟာ ကမ္ဘောဒီးယားဘုရင်က ချီးမြှင့်တဲ့ နိခ် အုတ်န်ဟာ ဆိုတဲ့ အမြင့်ဆုံးဘွဲ့တံဆိပ်ကိုရရှိခဲ့ပါတယ်။ ဒီလိုရရှိဖို့အတွက် အစိုးရကို ဒေါ်လာ ၅၀၀,၀၀၀ ခန့် လှူဒါန်းဖို့လိုအပ်ပါတယ်။
သူဟာ ၂၀၁၇ ခုနှစ်ကစလို့ ပြည်ထဲရေးဝန်ကြီး ဆာခန်းရဲ့ တရားဝင်အကြံပေးဖြစ်ခဲ့ပြီး ဆာခန်းရဲ့သား ဆာ ဆောခနဲ့လည်း စီးပွားရေးလုပ်ဖက်ဖြစ်ခဲ့သလို ကမ္ဘောဒီးယားရဲ့ ဩဇာအကြီးဆုံးပုဂ္ဂိုလ် ဟွန်ဆန်၊ ၂၀၂၃ ခုနှစ်မှာ ဝန်ကြီးချုပ်ရာထူးကို အဖေဆီက လွှဲပြောင်းရယူတဲ့ ဟွန် မာနက်တို့ရဲ့ တရားဝင်အကြံပေးဖြစ်ခဲ့ပါတယ်။
ဒေသခံမီဒီယာတွေမှာတော့ ချန်းကျီကို ပရဟိတသမားအဖြစ် ဂုဏ်ပြုဖော်ပြခဲ့ကြပါတယ်။ သူဟာ ဝင်ငွေနည်းမိသားစုတွေက ကျောင်းသားတွေကို ပညာသင်ဆုပေးတာ၊ ကမ္ဘောဒီးယားမှာ ကိုဗစ်ကူးစက်ရောဂါကိုကိုင်တွယ်ဖို့အတွက် ငွေကြေးအမြောက်အများလှူဒါန်းတာတွေလုပ်ခဲ့ပါတယ်။
ဒါပေမဲ့ သူဟာ လူမြင်ကွင်းရှေ့သိပ်ထွက်လေ့မရှိသလို လူသိရှင်ကြားထုတ်ပြန်ချက်တွေ များများစားစားမလုပ်သူဖြစ်လို့ လျှို့ဝှက်သူတစ်ဦးအဖြစ်ရှိနေဆဲပါ။
"သူနဲ့တိုက်ရိုက်အလုပ်လုပ်ဖူးသူတွေ၊ သူနဲ့တစ်ခန်းထဲအတူရှိနေဖူးသူတွေတိုင်းကို စကားပြောကြည့်တဲ့အခါ သူတို့က ချန်းကျီဟာ အင်မတန်ကို စကားအပြောအဆိုအနေအထိုင်ထိန်းထိန်းသိမ်းသိမ်းရှိတယ်၊ အင်မတန်ကို တည်ငြိမ်တယ်တယ်လို့ ပြောကြတယ်"လို့ ချန်းကျီနဲ့ပတ်သက်လို့ သုံးနှစ်ကြာ လေ့လာခဲ့တဲ့ သတင်းသမား ဂျက် အဒါမိုဗစ် ဒေဗီစ်က ပြောခဲ့ပါတယ်။ သူ့ရဲ့လေ့လာမှုကို လွတ်လပ်တဲ့ အာရှအသံ( RFA) က မနှစ်က ဖော်ပြခဲ့ပါတယ်။
"သူဟာ လူတွေပြောတတ်ရေးတတ်တဲ့ ပရိသတ်သည်းခြေကြိုက် သောက်သောက်စားစားလူ့မင်းသားမဟုတ်ပါဘူး၊ သူနဲ့မပတ်သက်ချင်တော့တဲ့သူတွေကတောင် သူ့ကို တည်ငြိမ်ပြီး လူချစ်လူခင်ပေါသူရယ်လို့ ပြောကြတယ်" လို့ ဒေဗီစ်ကဆိုပါတယ်။
ဒါပေမဲ့ သူ့ရဲ့ကြွယ်ဝမှုတွေနဲ့ ဩဇာအာဏာ ဘယ်ကနေရလာတာလဲ။
နိုင်ငံဖြစ်ကျော်မှုခင်း တစ်သီတစ်တန်း
၂၀၁၉ ခုနှစ်မှာ သီဟာနိုဗီးက အိမ်ခြံမြေဈေးကွက်ပြိုလဲခဲ့ပါတယ်။ အွန်လိုင်းလောင်းကစားလုပ်ငန်းကြောင့် တရုတ်ရာဇဝတ်ဂိုဏ်းတွေရောက်လာပြီး တစ်ဂိုဏ်းနဲ့တစ်ဂိုဏ်း ပြိုင်ကြဆိုင်ကြပါတယ်။ ခရီးသွားတွေ လန့်ဖြန့်ကုန်ကြပါတယ်။
တရုတ်ရဲ့ဖိအားပေးမှုကြောင့် အဲဒီအချိန်တုန်းက ဝန်ကြီးချုပ်ဟွန်ဆန်ဟာ အဲဒီနှစ် ဩဂုတ်မှာ အွန်လိုင်းလောင်းကစားလုပ်ငန်းကို ပိတ်ပင်ခဲ့ပါတယ်။ အဓိကစီးပွားရေးပြိုလဲသွားတာမို့ တရုတ် ၄၅၀,၀၀၀ လောက် မြို့ကနေထွက်ခွာခဲ့ကြပါတယ်။ ပရင့်အုပ်စုရဲ့ လူနေတိုက်ခန်းအများစုမှာ လူမရှိတော့ပါဘူး။
ဒါပေမဲ့ ချန်းကျီဟာ သူ့စီးပွားရေးအကျိုးစီးပွားတွေကို ဆက်လက်ချဲ့ထွင်နိုင်ခဲ့ပြီး ငွေကို ရက်ရက်ရောရောသုံးစွဲခဲ့ပါတယ်။
၂၀၁၉ ခုနှစ်မှာ သူဟာ လန်ဒန်မြောက်ပိုင်းမှာ ဒေါ်လာ ၁၂ သန်းတန် စံအိမ်ကြီးတစ်လုံးနဲ့ မြို့ရဲ့စီးပွားရေးလုပ်ငန်းတွေရှိတဲ့ ရပ်ကွက်မှာ ဒေါ်လာ ၉၅ သန်းတန် ရုံးလုပ်ငန်းဖွင့်ဖို့တိုက်ခန်းတွဲဝယ်ယူခဲ့တယ်လို့ ဗြိတိန်အာဏာပိုင်တွေရဲ့စာရင်းအရသိရပါတယ်။ သူနဲ့သူ့လုပ်ငန်းတွဲဖက်လုပ်ကိုင်သူတွေဟာ နယူးယောက်မှာ အိမ်ခြံမြေတွေ၊ ပုဂ္ဂလိကဂျက်လေယာဉ်တွေ၊ စူပါရွက်သင်္ဘောကြီးတွေနဲ့ ပီကာဆိုပန်းချီလက်ရာတစ်ခုတို့ကို ဝယ်ယူခဲ့တယ်လို့ အမေရိကန်အစိုးရက ပြောပါတယ်။
ချန်းကျိဟာ အာရှမှာ အမြတ်အစွန်းအရဆုံးလုပ်ငန်းဖြစ်တဲ့ အွန်လိုင်းလိမ်လည်မှု၊ လူကုန်ကူးမှုနဲ့ ငွေမည်းခဝါချမှုတို့ကနေ ကြွယ်ဝလာတာလို့ အမေရိကန်နဲ့ဗြိတိန်တို့က ပြောပါတယ်။
အမေရိကန်နဲ့ ဗြိတိန်တို့ဟာ ချန်းကျိ၊ပရင့်အုပ်စုတို့နဲ့ဆက်စပ်တဲ့ ကုမ္ပဏီ ၁၂၈ ခု၊ သူ့ရဲ့လိမ်လည်မှုအင်ပါယာကို ကူညီပြီး လည်ပတ်ပေးနေတဲ့ နိုင်ငံခုနစ်နိုင်ငံက လူ ၁၇ ဦးတို့အပေါ်လည်း ပိတ်ဆို့မှုတွေ ချမှတ်ခဲ့ပြီး အမေရိကန်နဲ့ ဗြိတိန်တို့က ချန်းကျိနဲ့ဆက်စပ်တဲ့ ပိုင်ဆိုင်မှုတွေကိုလည်း ပိတ်သိမ်းခဲ့ပါတယ်။
အယောင်ပြဖွင့်ထားတဲ့ ကုမ္ပဏီတွေနဲ့ ငွေစီးဆင်းရာ အရင်းအမြစ်ကို ဖုံးကွယ်ထားတဲ့ ခရစ်ပတိုငွေကြေးစနစ်တို့ဟာ ချည်ငင်လို လိမ်ပတ်ယှက်နွှယ်နေတယ်လို့ ပိတ်ဆို့မှုထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ပရင့်အုပ်စုနိုင်ငံဖြတ်ကျော်ရာဇဝတ်ဂိုဏ်းဟာ အရွယ်မရောက်သေးသူတွေကို နာမည်ဖျက်ခြိမ်းခြောက်ပြီး ငွေတောင်းခံမှု၊ ငွေမည်းခဝါချမှု၊ လိမ်လည်မှုမျိုးစုံ၊ အကျင့်ပျက်ခြစားမှု၊ တရားမဝင်အွန်လိုင်းလောင်းကစားမှုနဲ့ စီးပွားရေးလုပ်ငန်းကြီးအဆင့်ရှိ လူကုန်ကူးမှု၊ နှိပ်စက်ညှဉ်ပန်းမှု၊ ကမ္ဘောဒီးယားမှာရှိတဲ့ ငွေလိမ်ခြံဝင်းတွေက ကျွန်ပြုခံလုပ်သားတွေကို ငွေညှစ်မှုအစရှိတဲ့ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတစ်သီတစ်တန်းကျူးလွန်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
လိမ်လည်မှု အင်ပါယာ
တရုတ်ဟာ ၂၀၂၀ ပြည့်နှစ်ကစလို့ ပရင့်အုပ်စုကို လျှို့ဝှက်စုံစမ်းနေခဲ့ပါတယ်။ ကုမ္ပဏီကို အွန်လိုင်းလိမ်လည်မှုနဲ့ တရားစွဲဆိုထားတဲ့ အမှုတွေအတော်များများရှိနေပါတယ်။
ကမ္ဘောဒီးယားမှာ အခြေစိုက်တဲ့ နိုင်ငံဖြတ်ကျော်အွန်လိုင်းလိမ်လည်ဂိုဏ်းကြီးဖြစ်တဲ့ ပရင့်အုပ်စုကို စုံစမ်းစစ်ဆေးဖို့ ပေကျင်းစည်ပင်သာယာအများပြည်သူလုံခြုံရေးဗြူရိုက အထူးအဖွဲ့ကိုတည်ထောင်ခဲ့ပါတယ်။
အဲ့ဒါတွေရဲ့ဗဟိုချက်ကတော့ ဗီယက်နမ်နယ်စပ်နားက ချရေးသွမ်မှာ ပရင့်အုပ်စုတည်ဆောက်ထားတဲ့ ဂိုးဒင်းဖော်ကျွန်းသိပ္ပံနဲ့နည်းပညာပန်းခြံလို စီးပွားရေးလုပ်ငန်းတွေပဲဖြစ်တယ်လို့ အမေရိကန်နဲ့ဗြိတိန်တို့က စွပ်စွဲထားပါတယ်။
အရင်တုန်းကဆိုရင်တော့ ပရင့်အုပ်စုဟာ လိမ်လည်မှုတွေပါဝင်တာမရှိဘူးလို့ ငြင်းခဲ့ပါတယ်။ ဂိုးဒင်းဖော်ကျွန်းနဲ့ဆက်လက်ပတ်သက်မှုမရှိတော့ဘူးလို့ ပြောထားပါတယ်။
ဒါပေမဲ့ သူတို့ကြားပတ်သက်မှုရှိနေဆဲပဲလို့ အမေရိကန်နဲ့ဗြိတိန်စုံစမ်းစစ်ဆေးမှုတွေအရသိရပါတယ်။
မစ္စတာ အဒါမိုဗစ် ဒေဗီစ်ဟာ ချန်းကျီကိုစုံစမ်းစစ်ဆေးဖို့အတွက် ဂိုးဒင်းဖော်ကျွန်းနားမှာ အလုပ်လုပ်ကိုင်ဖူး၊ နေထိုင်ဖူးသူတွေအတော်များများကို တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ အွန်လိုင်းလိမ်လည်မှုတွေလုပ်ဖို့ အတင်းအကျပ်ခိုင်းစေခံရပြီး ထွက်ပြေးဖို့ကြိုးစားတဲ့ တရုတ်၊ ဗီယက်နမ်နဲ့ မလေးရှားသားတွေ ရက်ရက်စက်စက်ရိုက်နှက်ခံခဲ့ရတယ်လို့ သူတို့ကပြောပါတယ်။
"လုပ်ငန်းက ကြီးမားကျယ်ပြန့်လွန်းတာမို့ ချန်းကျီရဲ့လုပ်ရပ်တွေဟာ အခြားသူတွေနဲ့ကွဲပြားနေတာဖြစ်ပါတယ်၊ အခုအချိန်မှာရင်ဆိုင်နေရတဲ့ ရာဇဝတ်မှုစွဲချက်တွေကြည့်ရင် ပရင့်အုပ်စုဟာ အာဏာပိုင်တွေသတိမထားမိစေဘဲ ကမ္ဘာလုံးဆိုင်ရာခြေရာလက်ရာတွေတည်ဆောက်နိုင်ခဲ့တာဟာ အံ့ဩတုန်လှုပ်စရာကောင်းလှတယ်" လို့ ဒေဗီစ်ကပြောပါတယ်။
"လူအတော်များများ စိတ်မသက်မသာဖြစ်စေတဲ့အချက်ကတော့ ချန်းကျိဟာ စင်ကာပူ၊ လန်ဒန်နဲ့ အမေရိကန်ပြည်ထောင်စုတို့မှာ အဲဒီပိုင်ဆိုင်မှုတွေကို ဘယ်တုန်းကမှ ပိုင်ဆိုင်ခွင့်မရှိခဲ့သင့်တာဆိုတဲ့အချက်ပဲ၊ ရှေ့နေတွေ၊ စာရင်းကိုင်တွေ၊ အိမ်ခြံမြေပွဲစားတွေ၊ ဘဏ်လုပ်ငန်းရှင်တွေအားလုံးက ဒီလုပ်ငန်းကို သုံးသပ်ကြပြီး ဒီလိုမဖြစ်သင့်ဘူးလေ လို့ဆိုကြတယ်" လို့ သူကဆက်လက်ပြောဆိုခဲ့ပါတယ်။
ဒီနေ့မှာတော့ အမေရိကန်နဲ့ဗြိတိန်တို့ရဲ့ပိတ်ဆို့မှုတွေကြောင့် လူသိရှင်ကြားဖြစ်လာပြီးနောက်မှာ စီးပွားရေးလုပ်ငန်းတွေဟာ ပရင့်အုပ်စုနဲ့ မသက်ဆိုင်တော့ကြောင်း ပြဖို့ ကြိုးစားလာခဲ့ကြပါတယ်။
ငွေစုရှင်တွေဟာ ပရင့်ဘဏ်ကနေ သူတို့ရဲ့စုငွေတွေကို ထုတ်ယူနိုင်စေရမယ်လို့ ကမ္ဘောဒီးယားဗဟိုဘဏ်က ထုတ်ပြန်ထားပါတယ်။ ကိုရီးယားဘဏ်တွေထဲမှာရှိတဲ့ ပရင့်အုပ်စု စုငွေ ဒေါ်လာ ၆၄ သန်းကို ကိုရီးယားအာဏာပိုင်တွေက ပိတ်သိမ်းထားပါတယ်။
စင်ကာပူနဲ့ ထိုင်းအစိုးရတွေကလည်း သူတို့ရဲ့တရားစီရင်ခွင့်ပိုင်နက်အတွင်းက ပရင့်လုပ်ငန်းခွဲတွေကို စုံစမ်းစစ်ဆေးမယ်လို့ ကတိပြုထားပါတယ်။ ဒီလူတွေမှာ အမေရိကန်နဲ့ဗြိတိန်တို့က ပစ်မှတ်ထားတဲ့ လူပုဂ္ဂိုလ် ၁၈ ဦးပါဝင်ပြီး အဲဒီထဲက သုံးဦးဟာ စင်ကာပူနိုင်ငံသားတွေဖြစ်ကြပါတယ်။
ကမ္ဘောဒီးယားအစိုးရကတော့ အမေရိကန်နဲ့ဗြိတိန်အာဏာပိုင်တွေအနေနဲ့ စွပ်စွဲတဲ့အတိုင်း အထောက်အထားခိုင်လုံပါစေလို့ တိုက်တွန်းရုံကလွဲလို့ ထုတ်ပြန်ပြောဆိုတာ သိပ်မရှိသေးပါဘူး။
ဒါပေမဲ့ ချန်းကျိနဲ့ နှစ်များစွာ ပတ်သက်လာခဲ့တာမို့ ကမ္ဘောဒီးယားအထက်တန်းလွှာတွေဟာ သူနဲ့ခပ်ကင်းကင်းနေဖို့ ခက်ခဲပါလိမ့်မယ်။ ကမ္ဘောဒီးယားဟာ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေကို လက်ခံထားတာကြောင့် ဖိအားတွေရင်ဆိုင်နေရပါတယ်။ ကမ္ဘာတစ်ဝန်းအွန်လိုင်းလိမ်လည်မှုလုပ်ငန်းအားလုံးရဲ့ထက်ဝက်ဟာ ကမ္ဘောဒီးယားမှာရှိနေတာဖြစ်ပါတယ်။
ဒါဖြင့် ချန်းကျိရောဘာဆက်ဖြစ်မလဲ။
ပိတ်ဆို့မှုတွေ ချမှတ်လိုက်တဲ့ လွန်ခဲ့တဲ့အပတ်ကစလို့ သူနဲ့ပတ်သက်လို့ ဘာသတင်းမှမကြားရသေးပါဘူး။ ကမ္ဘောဒီးယားမှာတစ်ချိန်တုံးက ဩဇာအကြီးဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး နားလည်ရခက်တဲ့ လုပ်ငန်းရှင်ဟာ ပျောက်ချင်းမလှပျောက်နေပါတယ်။