ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အလုပ်တု၊ ရုံးတုနဲ့ ပိုက်ဆံအစစ် - အလုပ်ရှိဟန်ဆောင်ကြတဲ့အလုပ်လက်မဲ့တရုတ်လူငယ်တွေ
- ရေးသားသူ, စလီဗီယာ ချမ်
- ရာထူးတာဝန်, ဘီဘီစီ တရုတ်ဘာသာဌာန
- ရေးသားပေးပို့သည့်နေရာ, ဟောင်ကောင်
လစာမရတဲ့အလုပ်၊ အဲဒီထက်ဆိုးတာက သူဌေး မရှိတဲ့အလုပ်ကို ဘယ်သူမှလိုချင်မှာ မဟုတ်ပါဘူး။
ဒါပေမဲ့ လူငယ်အလုပ်လက်မဲ့နှုန်းမြင့်နေတဲ့တရုတ်မှာ အလုပ်သွားဟန်ဆောင်ပေးရင် ငွေရတဲ့အလုပ်ဟာ တရုတ်လူငယ်တွေကြား ရေပန်းစားလာနေပါတယ်။ တစ်ဖက်မှာလည်း ဒါဟာ အလုပ်ဖြစ်မြောက်မှုဆိုတဲ့အပိုင်းမှာ စိတ်ကိုလှည့်စားဖို့ ကူညီပေးတဲ့ ကုမ္ပဏီတွေ တိုးလာရတဲ့ အကြောင်းရင်းဖြစ်လာစေပါတယ်။
တရုတ်စီးပွားရေးနဲ့ အလုပ်အကိုင်စျေးကွက် နှေးကွေးနေချိန်မှာပဲ အခုလိုအခြေအနေ ထွက်ပေါ် လာတာဖြစ်ပါတယ်။ တကယ့်အလုပ်အကိုင်တွေရရှိဖို့ ခက်ခဲလာချိန်မှာ လူအချို့ဟာ အိမ်မှာပဲ သောင်တင်နေတာထက် အလုပ်သွား ငွေရတာမျိုးကို လိုချင်နေကြတာပါ။
အသက် ၃၀ အရွယ် ရွှီကျောင်းဟာ စပ်တူလုပ်တဲ့ သူ့ရဲ့ အစားအသောက် လုပ်ငန်းငယ်ကို ပြီးခဲ့တဲ့နှစ်မှာ လက်လွှတ်ခဲ့ရသူပါ။ အခုတော့ ဒီနှစ် ဧပြီလကစပြီး ဟောင်ကောင်မြို့မြောက်ပိုင်း ၇၁ မိုင်အကွာက ဒွန်ဂွမ်မြို့မှာ Pretend To Work Company (အလုပ်လုပ်ဟန်ဆောင်ကုမ္ပဏီ) လို့ ခေါ်တဲ့လုပ်ငန်းတစ်ခုက ဖွင့်ထားတဲ့ ရုံးခန်းအတုအယောင်ကို တစ်နေ့သွားရင် တရုတ်ယွမ် ငွေ ၃၀ ပေးရတဲ့အလုပ်ကို စလုပ်ပါတယ်။
အဲဒီမှာ သူ့လိုပဲလုပ်နေတဲ့ "လုပ်ဖော်ကိုင်ဖက်" ငါးဦးလည်း ရှိပါတယ်။
"ကျွန်တော် ပျော်တယ်လို့ ခံစားရတယ်" လို့ ကျောင်း ပြောပါတယ်။ "အစုအဖွဲ့ တစ်ခုလိုမျိုး ကျွန်တော်တို့ အတူတူအလုပ်လုပ်ကြတဲ့ပုံစံမျိုးပေါ့''
ရှန်ကျန်း၊ ရှန်ဟိုင်း၊ နန်ကျင်း၊ ဝူဟန်၊ ချန်ဒူ၊ ကူမင်းတို့အပါအဝင် တရုတ်ရဲ့အဓိကမြို့ကြီးတွေထဲမှာ အဲဒီလို လုပ်ငန်းတွေဟာ ပေါ်ပေါက်နေပါတယ်။ အများစုကတော့ တကယ့်ကိုအပြည့်အဝလည်ပတ်နေတဲ့ ရုံးခန်းတွေပုံ ပေါက်နေပြီး ကွန်ပျူတာတွေ၊ အင်တာနက်၊ အစည်းအဝေးခန်းတွေနဲ့ လက်ဖက်ရည်သောက်ဖို့ အခန်းတွေနဲ့ ဖွဲ့စည်းထားတာပါ။
ရုံးတက်တဲ့သူတွေဟာ ထိုင်နေတာထက် အလုပ်ရှာဖို့ ဒါမှမဟုတ် သူတို့ရဲ့ကိုယ် ပိုင်စွန့်ဦးတီထွင် စီးပွားရေးတွေကို ကြိုးစားလုပ်ဆောင်ဖို့ ကွန်ပျူတာတွေကို သုံးနိုင်ပါတယ်။
တစ်ခါတစ်ရံမှာတော့ ရုံးခန်း တစ်နေ့ သုံးစွဲခက ယွမ် ၃၀ ကနေ ၅၀ ကြားရှိပါတယ်။ အဲဒီထဲမှာ နေ့လယ်စာ၊ မုန့်နဲ့ သောက်စရာဖိုးလည်း အပါအဝင်ပါ။
တရုတ်လူငယ် ၁၄ ရာခိုင်နှုန်းကျော်အထိ အလုပ်လက်မဲ့နှုန်း အဆမတန်တက်နေချိန်မှာ အခုလို ရုံးတက် ပိုက်ဆံပေးတဲ့အလုပ်တွေ လူသိများကျော်ကြားလာတာပါ။
တဖက်မှာလည်း ဒါဟာ အဆင့်မြင့်တက္ကသိုလ်ကြီးတွေကနေ ဘွဲ့ရတဲ့သူတွေတောင်မှာ အလုပ်ရှာဖို့ အတွက် ခက်ခက်ခဲခဲရုန်းကန်နေရတယ်ဆိုတာကို ပြသနေပါတယ်။
အဲဒီလိုဘွဲ့ရမျိုးတွေ အလုပ်အကိုင်စျေးကွက်ထဲကို ဝင်ရောက်မှုဟာ ဒီနှစ်အတွင်းမှာ ၁၂.၂၂ သန်းအထိ ရှိတယ်လို့ တရားဝင်အချက်အလက်တွေအရ သိရပြီး အမြင့်ဆုံးပမာဏလည်းဖြစ်ပါတယ်။
နယူးဇီလန်နိုင်ငံ၊ ဝယ်လင်တန်စီမံခန့်ခွဲမှုကျောင်း၊ ဗစ်တိုးရီးယားတက္ကသိုလ် အကြီးတန်းကထိက ဒေါက်တာခရစ္စ ယိုဟာ တရုတ်စီးပွားရေးဆိုင်ရာ ကျွမ်းကျင်သူ တစ်ယောက်ဖြစ်ပါတယ်။
"အလုပ်လုပ်ပုံမျိုး ဟန်ဆောင်တဲ့ဖြစ်စဥ်တွေ အခုအရမ်းကို အတွေ့များပါတယ်" လို့ သူက ပြောပါတယ်။
"စီးပွားရေး အသွင်ပြောင်းလာတာ၊ ပြီးထားတဲ့ပညာရေးနဲ့ အလုပ်အကိုင်စျေးကွက်မှာ လိုအပ်နေတာ ကွာဟချက်ကြောင့် လူငယ်တွေဟာ ဒီလိုရုံးခန်းတွေကို သူတို့အတွက် ခြေလှမ်းတစ်ရပ် ဒါမှမဟုတ်လည်း နောက်တစ်ခု မလုပ်ခင်ကြား စပ်ကူးမပ်ကူး ကာလကို ကျော်ဖြတ်တဲ့နေရာအဖြစ် မှတ်ယူကြတယ်''
"အလုပ်ရှိဟန်ဆောင်ကုမ္ပဏီတွေဟာ စပ်ကူးမပ်ကူး ကာလ ဖြေရှင်းမှုတွေထဲက တစ်ခုပါ"
မစ္စတာကျောင်းဟာ ဒီလိုကုမ္ပဏီကို တရုတ်လူမှုကွန်ရက် ရှောင်ဟုန်ရှုကို သုံးရင်း တွေ့ခဲ့တာပါ။
တကယ့် အလုပ်ရုံးခန်းတစ်ခုလို တုပထားတဲ့ရုံးခန်းတစ်ခုရဲ့ ပတ်ဝန်းကျင်ဟာ သူ့ တစ်နေ့တာကို အချိန် သတ်သတ်မှတ်မှတ်နဲ့ဖြတ်သန်းဖို့ ဖြစ်စေလိမ့်မယ်လို့ သူခံစားခဲ့တဲ့အကြောင်း ကျောင်းက ပြောပါတယ်။
အခုဆို သူ အဲဒီ ရုံးခန်းကို သွားတာ ၃ လတောင် ရှိနေပါပြီ။
ရုံးထဲမှာရိုက်ထားတဲ့ဓာတ်ပုံတွေကို သူ့မိဘတွေဆီကို ပြသပါတယ်။ အလုပ်လက်မဲ့ဖြစ်တာမျိုး မရှိတော့တဲ့အကြောင်း ပြနိုင်လို့ ပိုပြီး စိတ်သက်သာရာ ရမိတဲ့အကြောင်းလည်း သူက ဆိုပါတယ်။
ရုံးတက်တဲ့သူတွေဟာ သူတို့ ကြိုက်တဲ့အချိန် ရုံးတက် ရုံးဆင်းပြုလုပ်နိုင်ပါတယ်။ မစ္စတာကျောင်းကတော့ မနက်ဆို ၈ နာရီနဲ့ ၉ နာရီကြားမှာ ရုံးကို အရောက်သွားပါတယ်။ တစ်ခါတလေ ည ၁၁ နာရီထိကို ရုံးကနေ မပြန်ပါဘူး။ ရုံးက မန်နေဂျာ ရုံးဆင်းသွားမှ သူပြန်ပါတယ်။
အလုပ်က တခြားလူတွေနဲ့ သူလည်း သူငယ်ချင်းတွေတောင် ဖြစ်ကြပြီလို့ သူက ပြောပါတယ်။ သူတို့တွေဟာ အလုပ်ရှာချိန်မှာ အသည်းအသန်ရှာကြသလို အားတဲ့အချိန်ရောက်မှပဲ စကားစမြည်ပြော၊ ရီကြ မောကြ၊ ဂိမ်းတွေ ကစားကြတယ်လို့ ဆိုပါတယ်။ အလုပ်ချိန် ပြီးရင် ညစာအတူစားကြတာမျိုးတောင်ရှိတယ်လို့ ဆိုပါတယ်။
ကျောင်းကတော့ ဒါဟာ ရုံးခန်းထဲ အလုပ်လုပ်ကြသူတွေကြား အသင်းအဖွဲ့စိတ်ဓာတ်ဖြစ်အောင် တည်ဆောက်တဲ့ပုံစံမျိုးဖြစ်ပြီး သူ အဲဒီအလုပ်ကို ဝင်သွားတဲ့အချိန်မှာ ပိုပြီး ပျော်ရွှင်ခဲ့ရတယ်လို့ ဆိုပါတယ်။
ရှန်ဟိုင်းမြို့က ရှောင်တန်ကတော့ အလုပ်ခန်းဟန် ရုံးခန်းတစ်ခုကို အခုနှစ်အစောပိုင်းမှာ ငှား ရမ်းခဲ့ပါတယ်။ အသက် ၂၃ နှစ်အရွယ် ရှောင်ဟာ မနှစ်တုန်းက ဘွဲ့ရတာဖြစ်ပြီး အခုအချိန်အထိ အချိန်ပြည့်အလုပ်တစ်ခု ရှာလို့ မတွေ့သေးပါဘူး။
သူတက်ခဲ့တဲ့တက္ကသိုလ်မှာ ကျောင်းသားတွေဟာ ကျောင်းပြီးတဲ့တစ်နှစ်အတွင်း အလုပ်သင်လုပ်တယ်ဆိုတဲ့သက်သေ ပြနိုင်မှ ဒါမှမဟုတ် အလုပ်ရတဲ့စာချုပ် ချုပ်နိုင်မှ ဒီပလိုမာ ရမယ်ဆိုတဲ့ အလွတ်သဘော စည်းကမ်းချက်ထားရှိပါတယ်။
သူ အလုပ်သင်ဝင်တယ်ဆိုတာကို ပြသနိုင်ဖို့ သူ ငှားရမ်းဖွင့်ခဲ့တဲ့ ဟန်ဆောင်ရုံးခန်းမြင်ကွင်းကို သက်သေအဖြစ် ကျောင်းကို တင်ပြပါတယ်။ တကယ်တော့ နေ့စဥ်ကြေး သူပေးရသလို အပိုဝင်ငွေရအောင် ရုံးမှာပဲ အွန်လိုင်းဝတ္တုတွေကို သူရေးပါတယ်။
"အလုပ်ရတဲ့ပုံစံမျိုး အတုအယောင်လုပ်ပြီဆိုရင်တော့ သဏ္ဍာလုပ် သရုပ်တူအောင် လုပ်ရမှာပဲ'' လို့ မစ္စတန်က ပြောပါတယ်။
တရုတ်ရဲ့ဟန်ဆောင်အလုပ်လုပ်ကြခြင်းဟာ အလုပ်အကိုင်အခွင့်အလမ်း နည်းပါးတာနဲ့ ပတ်သက်လို့ "အားမလိုအားမရဖြစ်တာနဲ့ လုံးဝမတတ်နိုင်တော့တဲ့အခြေအနေ ခံစားမှု" ကနေ ဖြစ်လာတာဟာ ဂျာမနီ The Max Planck အင်စတီကျူ၊ လူမှုမနုဿဗေဒဆိုင်ရာ ဒါရိုက်တာ ဒေါက်တာ ပေါက်ရှင်းက ပြောပါတယ်။
"ဟန်ဆောင်အလုပ်လုပ်တာဟာ လူငယ်တွေအတွက်တော့ ဟန်ကိုယ့်ဖို့လေး ကြိုးပမ်းမှုပေါ့'' ''ပင်မ လူ့အဖွဲ့အစည်းနဲ့ ခပ်ကွာကွာလေးဖြစ်အောင်လုပ်ပြီး သူကိုယ့်ဘာသာ ရပ်ဝန်းလေး တစ်ခု ဖန်တီးတာမျိုးဆိုလည်း မမှားပါဘူး''
ဒေါင်ဂွမ်းမြို့ထဲက အလုပ်ပုံစံ ဟန်ဆောင်ထားတဲ့ကုမ္ပဏီပိုင်ရှင်က အသက် ၃၀ အရွယ် ဖေးယု (အမည်လွှဲ)ဆိုသူပါ။ "ကျွန်တော် အခုလုပ်နေတာက အလုပ်ခန်းတစ်ခန်းဖွင့်ထားတယ်၊ လာလုပ်ကြပါ ဆိုပြီး ကုန်ပစ္စည်းတစ်ခုရောင်းသလို စျေးဗန်းခင်းနေတာ မဟုတ်ဘူး။ (အလုပ်လက်မဲ့ဖြစ်လို့) လူပို ဆိုတဲ့စိတ် မဖြစ်သွားအောင် အဖတ်ဆယ်တာမျိုးပေါ့'' လို့ သူက ပြောပါတယ်။
အရင်က သူကိုယ်တိုင်လည်း အလုပ်လက်မဲ့ပါ။ လက်လီ စီးပွားရေးလုပ်ငန်း တစ်ခုကို သူပိုင်ဆိုင်ခဲ့ပေမယ့် ကိုဗစ်ကြောင့် ပိတ်ခဲ့ရပါတယ်။ "အရမ်းကို စိတ်ညစ်ခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် ပျက်စီးရာ ပျက်စီးကြောင်း လမ်းပေါ်တောင် လျှောက်ခဲ့မိတယ်" " အခြေအနေကို ပြောင်းလဲချင်ခဲ့ပေမဲ့ မတတ်သာခဲ့ဘူး''
ဒီနှစ် ဧပြီလအတွင်းမှာတော့ ဟန်ဆောင်အလုပ်ရုံးခန်းကို စတင်ပြီးတော့ ကြော်ငြာခဲ့ပါတယ်။ ပြီးတော့ တစ်လအတွင်းမှာပဲ အလုပ်နေရာတွေဟာ ပြည့်သွားခဲ့ပါတယ်။ အသစ်လာချင်တဲ့သူတွေဆိုရင် လာဖို့ လျှောက်ရတာမျိုးတောင်ဖြစ်လာပါတယ်။
လက်ရှိ သူ့ရဲ့ ဟန်ဆောင်အလုပ်နေရာကို လာကြသူရဲ့ ၄၀ ရာခိုင်နှုန်းဟာ တက္ကသိုလ်ဘွဲ့ကို ပူပူနွေးနွေး ရရှိထားသူတွေဖြစ်ပြီး သူတို့ရဲ့အလုပ်သင်အတွေ့အကြုံ သက်သေအတွက် ဓါတ်ပုံရိုက်ယူပြီး သူတို့ရဲ့ဆရာတွေဆီ ပြန်ပို့ဖို့ လာကြသူတွေဖြစ်တယ်လို့ ဖေးယုက ပြောပါတယ်။
ဒီထဲမှာ အလုပ်လက်မဲ့ဖြစ်လို့ မိဘဖြစ်သူတွေဆီကနေ ရတဲ့ဖိအားကို လွတ်ရာလွတ်ကြောင်း ရှောင်ဖို့ လာကြသူ အနည်းအကျဥ်းပဲရှိတယ်လို့ သူက ပြောပါတယ်။
အခြားသော ၆၀ ရာခိုင်နှုန်းကတော့ အလွတ်တန်း အလုပ်လုပ်သူတွေဖြစ်ပြီး သူတို့ထဲက အများစုဟာ အွန်လိုင်းစီးပွားရေးလုပ်ငန်းကြီးတွေအတွက် အလုပ်လုပ်ကြသူတွေ၊ အွန်လိုင်းစာရေးဆရာတွေ အပါအဝင် ဒစ်ဂျစ်တယ်အကြောင်းအရာ ဖန်တီးသူတွေဖြစ်ပါတယ်။
ပျမ်းမျှအားဖြင့် အသက် ၃၀ ရှိသူတွေဖြစ်ကြပြီး အငယ်ဆုံးအသက်ကတော့ ၂၅ ပါ။
တရားဝင်အခေါ်နဲ့ဆိုရင်တော့ ဒီလိုလုပ်သားတွေကို "ပြုလွယ်ပြောင်းလွယ်တဲ့ အလုပ်အကိုင်ကျွမ်းကျင်သူတွေ" လို့ စုစည်းပြီး ခေါ် ကြပါတယ်။ အငှားကားမောင်းသူတွေနဲ့ ထရပ်ကားမောင်းသူတွေကိုလည်း ဒီလိုစုပြီး ခေါ်လေ့ရှိပါတယ်။
အချိန်ကြာလာတာနဲ့အမျှ အဲဒီစီးပွားရေးက အကျိုးအမြတ်ကျန်မှာလားဆိုတာက မေးစရာဖြစ်တယ်လို့ ဖေးယုက ပြောပါတယ်။ အဲဒီအစား လူမှုရေး စမ်းသပ်မှုတစ်ခုလို ပိုပြီးမြင်တယ်လို့ ပြောပါတယ်။
"လူရိုသေရှင်ရိုသေဖို့ဖြစ်ဖို့ လိမ်တယ်လို့ ပြောလို့ရတာပေါ့လေ။ ဒါပေမဲ့ တချို့အတွက်ကြတော့ တကယ့် အမှန်တရားကို ရှာဖွေနိုင်ကြဖို့ ဖြစ်စေတယ်" လို့ သူက ပြောပါတယ်။ '' ရုံးခန်းကို လာသုံးသူတွေရဲ့ဟန်ဆောင်တောင့်ခံနိုင်စွမ်းမှာ ကျွန်တော်တို့က တကယ့်ရုံးခန်းဆိုတာမျိုးဖြစ်အောင် လှည်ဖျားမှု နည်းနည်း ထည့်ပေးလိုက်တာမျိုးပါ''
"သူတို့ တကယ် အလုပ်ဝင်ကြတဲ့အခါ ကြုံလာရနိုင်တဲ့ အခင်းအကျင်းကို အလုပ်နေရာအတုကနေပြီးတော့ စမ်းသပ်မှုတစ်ခုအနေနဲ့ အစပျိုးပေးလိုက်တာမျိုးပေါ့''
မစ္စတာကျောင်းဟာ အခုဆို သူရဲ့အချိန်အများစုကို ဥာဏ်ရည်တု နည်းပညာ (အေအိုင်) နဲ့ပတ်သက်တဲ့စွမ်းရည်တွေ တိုးတက်လာဖို့ သုံးနေပါတယ်။
အချို့ကုမ္ပဏီတွေက အေအိုင်တွေ သုံးတတ်မှု ရှိ မရှိကို ကြည့်ပြီး အလုပ်သမားသစ် ခေါ်ယူတာမျိုးကို တွေ့လာရတယ်လို့ သူက ပြောပါတယ်။
ဒါကြောင့် သူ့မှာ အေအိုင်နဲ့ပတ်သက်ပြီး တတ်ကျွမ်းမှုတွေ ရှိထားမယ်ဆိုရင် အချိန်ပြည့် အလုပ်ရှာတဲ့အခါ ပိုပြီး လွယ်ကူစေလိမ့်မယ်လို့ သူ ယူဆထားပါတယ်။